26 December 2012

Goodbye 2012...


မကြာခင် ရက်ပိုင်းအတွင်းမှာ ၂၀၁၂ ဟာ တကယ်ပဲ နှုတ်ဆက်ထွက်ခွာတော့မှာ ဖြစ်ပါတယ်၊ မနှစ်တုန်းက ဒီလိုအချိန်မှာ စကားပြော ဗီဒီယိုလေးတစ်ခု တင်ခဲ့သလို အခုလည်း နှုတ်ဆက်တဲ့ အထိမ်းအမှတ်နဲ့ တင်လိုက်ပါတယ်၊ မနှစ်က နှစ်ကုန်ပိုင်းလောက်မှာ ဇော်ဂျီနဲ့ ယူနီကုဒ်တို့ရဲ့ အားစမ်းပွဲ ပဋိပက္ခကြောင့် မြန်မာဖောင့်ကို မသုံးဘဲ အသံသက်သက်နဲ့ပဲ စမ်းသပ်တဲ့ဗီဒီယိုလေး လုပ်ဖြစ်ခဲ့တယ်၊ အခု ဒီနှစ်မှာတော့ အဲဒီအစဉ်အလာလေးအတိုင်း ၂၀၁၂ တစ်နှစ်လုံးမှာ ကျနော်ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေထဲက အဆင်ပြေရာကို ရွေးထည့်ပြီး Slideshow ဓါတ်ပုံပြပွဲ သဘောမျိုးလေး လုပ်တဲ့သဘောပါပဲ၊ စကားမစပ် အခု ဒီဗီဒီယိုလေးကို Lightroom 4 ရဲ့ Slideshow function ကို စမ်းသုံးကြည့်ပြီး လုပ်ထားတာပါ၊ တကယ်တမ်းမှာ ဗီဒီယိုကို convert လုပ်လိုက်တော့ အထဲမှာ သုံးထားတဲ့ ဓါတ်ပုံတွေရဲ့ အရည်အသွေးက အတော်လေးကို ကျသွားတာ တွေ့ရတယ်၊ ဒီ function ကို ပထမဦးဆုံး စမ်းသုံးတာဖြစ်လို့ တစ်နေရာရာမှာ setting တစ်ခုခု မှားနေတာလည်း ဖြစ်နိုင်ပါတယ်၊ ဖြစ်ချင်တော့ ကျနော်ကလည်း ဒီရက်ပိုင်းတွေမှာမှ မအားမလပ် ဖြစ်နေတာနဲ့ ဒီဗီဒီယိုလေးကို စိတ်တိုင်းကျ မလုပ်နိုင်ခဲ့သလို ပြန်ပြင်ဖို့လည်း အချိန်မရတော့လို့ ဒီအတိုင်းပဲ တင်လိုက်ရပါတယ်၊ အဲဒါကြောင့် အရည်အသွေး သိပ်မကောင်းတဲ့ ဓါတ်ပုံတစ်ချို့များ တွေ့မိရင် မသိချင် ယောင်ဆောင်ပြီးတော့သာ ကြည့်သွားပါတော့လို့...၊း) (နဂိုကတည်းက ရေးဖို့ ရည်ရွယ်ထားချိန်မှာ ညီမ Blackroze က တဂ်လိုက်တာကြောင့်လည်း ပိုပြီး လုပ်ဖြစ်သွားပါတယ်..)





ဗီဒီယိုဖိုင်တွေ တင်တိုင်း ကွန်နက်ရှင်ကြောင့် ကြည့်ဖို့အဆင်မပြေမယ့် သူတွေကို ကျနော် အားနာမိပါတယ်၊ အဲဒါကြောင့် တတ်နိုင်သလောက် အောက်မှာ အသံဖိုင်တစ်ခုကိုလည်း တင်လိုက်ပါတယ်...၊




ဒီနှစ် နှစ်သစ်ကူးမှာတော့ ကျနော်တို့ လန်ဒန်မှာ ရှိနေမှာဖြစ်လို့ ဒီပို့စ်လေးက ၂၀၁၂ အတွက် နောက်ဆုံးပို့စ်လေး ပါပဲ၊ ဗီဒီယိုနဲ့လည်း နှုတ်ဆက်ခွင့်မရ၊ အသံဖိုင်နဲ့လည်း ပြောခွင့် မကြုံတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုတော့ ဟောဒီ စာကြောင်းတွေနဲ့ပဲ နှုတ်ဆက်လိုက် ပါတယ်...၊ ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် အားလပ်ရက်များနဲ့ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ခင်ဗျား...။



ညီလင်းသစ်
၂၅ ဒီဇင်ဘာ၊ ၂၀၁၂

17 December 2012

ဒီဇင်ဘာရဲ့ သီချင်း


ဟိုတစ်နေ့က နှင်းတွေ သိပ်သိပ်သည်းသည်းကို ကျတယ်၊ ဒီဇင်ဘာလ စကတည်းက ဟိုတစ်ရက်၊ ဒီတစ်ရက် ဆိုသလို ကြိုကြားကြိုကြား ခပ်ဖွဲဖွဲလေး ကျနေပေမယ့် ဒီတစ်ခါတော့ အဆုပ်လိုက်၊ အခဲလိုက်ကို တစ်ညလုံး ကျနေခဲ့တာ...၊ မှန်ပြူတင်းက ကြည့်တော့ ဆိုဒီယမ်လမ်းမီးတိုင်တွေရဲ့ ဝါကျင့်ကျင့် အလင်းအောက်မှာ နှင်းဆုပ်တွေက ဖွေးကနဲ၊ ဖွေးကနဲနဲ့ မရပ်မနားပဲ...၊ မိုးလင်းတော့ မြင်မြင်သမျှ ဝန်းကျင်တစ်ခုလုံးက ပကတိ အဖြူရောင်သက်သက် အောက်မှာ တိတ်ဆိတ်ငြိမ်သက်လို့...၊

ဒီဇင်ဘာဟာ အဲဒီလို အဖြူရောင်အောက်မှာ ရှိနေတတ်သလို မှိုင်းညို့ညို့ တိမ်စိုင်တွေအောက်မှာလည်း ရုတ်တရက် ငိုချလိုက်တော့မယ့် မိန်းမပျိုတစ်ယောက်လို တခါတလေ ညှိုးငယ်ချင် ညှိုးငယ်နေတတ် ပါသေးတယ်၊


ဒီနေ့ နေ့လယ်က အနောက်ဥရောပရဲ့ ကုန်းတွင်းပင်လယ်လို့ တင်စားကြတဲ့ ရေကန်စပ်မှာရပ်ရင်း တစ်ဖက်ကမ်းက တောင်တန်းတွေကို ကျနော် ငေးကြည့်နေဖြစ်တယ်၊ အဲဒီနှင်းဖုံး တောင်တန်းတွေရဲ့ ဟိုးတစ်ဖက်မှာ မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိရပ်ရွာ တစ်ခုရှိတယ်၊ မောင်နှမတွေ အများကြီးရှိတယ်၊ အမေနဲ့အဖေ ရှိတယ်၊ သူငယ်ချင်းတွေ ရှိတယ်၊ ဝိုင်ဝိုင်းကတော့ 'အိမ်လွမ်းသူ' ထဲမှာ ဒီပင်လယ်ကြီးရဲ့ ဟိုးတစ်ဖက်ကမ်း၊ ငါလှမ်းရင်း မှန်းမျှော်ဆဲ...တဲ့၊ ကျနော်ကတော့ မှိုင်းညို့ညို့ ဒီဇင်ဘာ နေ့လယ်ခင်းတစ်ခုထဲ ကုန်းတွင်းပင်လယ်ရဲ့ ကမ်းစပ်မှာ မလှုပ်မယှက်...၊

ဘယ်လိုပုံစံနဲ့ပဲ ရှိနေပါစေ...၊ ဒီဇင်ဘာရဲ့ မြေပေါ်က နှင်းဆုပ်နှင်းခဲတွေ၊ လေထဲမှာ ပျံ့လွင့်နေတဲ့ ခရစ်စမတ်တေးသံတွေ၊ လမ်းမတွေထက်က ရောင်စုံ မီးဆိုင်း၊ မီးပုံးတွေ အောက်မှာ သီချင်းလေးတစ်ပုဒ်က ကျနော့်ရင်ထဲကို အမြဲ ရောက်လာလေ့ ရှိပါတယ်၊ တစ်နှစ်ပတ်လုံး အခြား အချိန်တွေမှာသာ မေ့ချင် မေ့နေမယ်၊ ဒီဇင်ဘာရောက်ရင်တော့ သတိတရနဲ့ အမြဲလိုလို ဆိုညည်းဖြစ်တဲ့ သီချင်းကလေးပါပဲ၊ လွန်ခဲ့တဲ့ ၂ နှစ်တုန်း ကတော့ ဒီသီချင်းကလေးကိုပဲ ဗီဒီယိုကလစ်လေး တစ်ခုလုပ်ခဲ့ ဖူးသေးတယ်၊ နှင်းတွေ သိပ်သိပ်သည်းသည်း ကျနေတာကို မှန်ပြူတင်းကနေ ကြည့်ရင်း ဒီဇင်ဘာအလွမ်းက ကြိုးခြောက်ချောင်းကနေတဆင့် ရင်ဘတ် တစ်ခုလုံးကို တစ်ရစ်ချင်း၊ တစ်ထစ်ချင်း ခပ်တင်းတင်းကို တုပ်နှောင်သွားခဲ့ တော့တယ်...။



ညီလင်းသစ်
၁၇ ဒီဇင်ဘာ၊ ၂၀၁၂

14 December 2012

တရေးနိုးတတ်တဲ့ မြို့ကလေး


အညီအညာ ထိုးထားသော ကုန်းဘောင်ပျဉ်ပြားကြီး နှစ်ချပ်ပေါ်မှနေ၍ ကမ်းနဖူး မြေကြီးပေါ်ကို ခြေချနင်းလိုက်ချိန်မှာ မြို့ကလေးသို့ ရောက်လာခဲ့ပြီ ဆိုသည့်အသိဖြင့် ပေါ့ပါးပျော်ရွှင် သွားခဲ့သည်၊ ကမ်းပေါ်မှာက ကုန်တင်ကုန်ချ လုပ်သားများ၊ သင်္ဘောဆင်း၊ သင်္ဘောတက် ခရီးသည်များ၊ လိုက်ပါပို့ဆောင်သူ၊ လာရောက် ကြိုဆိုသူများဖြင့် စည်ကား၊ ရှုပ်ထွေးလျက် ရှိသည်၊ ထို့ပြင် တစ်နေ့တာလုံး၏ တစ်စီးတည်းသော ဤသင်္ဘောဖြင့် ပါလာမည့် ခရီးသည်တွေကို စိတ်ဝင်တစား လာရောက်စောင့်ကြည့်နေကြသည့် လူကြီး၊ ကလေး အရေအတွက်ကလည်း မနည်းလှ…၊

ဤမြို့ကလေးမှာ အသိမိတ်ဆွေ လုံးဝမရှိသည့်အတွက် လာရောက်ကြိုဆိုသူတော့ မရှိနိုင်ဟု တွက်ထားသော သူသည် ကမ်းနဖူးအတိုင်း ပြေးဆင်းလာကြသော ကလေးတစ်အုပ်ကြီးကို တွေ့လိုက်တော့ အတော်ပင် အံ့သြသွားမိသည်၊ ကလေးများမှာ သုံးလေးနှစ်ခန့်မှ ကိုးနှစ်ဆယ်နှစ်ခန့် အရွယ်များ အပြင် ခါးထစ်ခွင် ချီထားသည့် ဘုစုခရုလေး တစ်ယောက်စ၊ နှစ်ယောက်စလည်း ပါသေးသည်၊ အချို့က ဖုံအလိမ်းလိမ်း၊ အချို့က နှပ်ချေးတွဲလောင်း၊ အချို့က ဖိနပ်မပါ ခြေဗလာဖြင့်…၊ တပျော်တပါးကြီး ပြေးဆင်းလာကြသော ကလေးတို့သည် သူ့အရှေ့ ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ကိုယ်ရှိန်သတ်ပြီး ရပ်လိုက်ကြသည်၊ ထို့နောက် သူ့ကို ခပ်ရှန်းရှန်းသာ တစ်ချက်နှစ်ချက်ကြည့်ပြီး သူ့အနောက်မှာ ရပ်နေသည့် သူမကိုသာ ဝိုင်းပြီး စိုက်ကြည့် နေကြသည်၊ ကလေးတို့၏ မျက်နှာတွေပေါ်မှာက တကယ့်ကို ရိုးရိုးသားသားနှင့် စူးစမ်းသည့် အကြည့်စူးစူးလေးတွေ…၊ သူမက ကင်မရာထုတ်ပြီး ဓါတ်ပုံရိုက်မည့်ဟန် ပြတော့ ကလေးအားလုံးက သွားကလေးတွေ ပေါ်အောင် ပြုံးပြီး ဓါတ်ပုံအရိုက်ခံ ကြသည်၊ သူကတော့ သုတ်ဆေးများ ကွာကျနေသည့် မြို့ကလေး၏ ဆိုင်းဘုတ်ကို လှမ်းကြည့်နေခဲ့ မိသည်၊ အောက်ဖက် ခပ်လှမ်းလှမ်းမှာတော့ ရေဆန်ကို နာရီပေါင်းများစွာ စီးခဲ့ရသည့် နှစ်ထပ်သင်္ဘောကြီးက ရပ်တန့် အမောဖြေလျက်…၊

စင်စစ် သူ့သဘောနှင့်သူ ဆိုလျှင် ဤမြို့ကလေးသို့ လာဖြစ်မည် မထင်ပါ၊ ဤမြို့ကလေးထက် သမိုင်းဆိုင်ရာ အမွေအနှစ်များ၊ ဒေသန္တရ ရိုးရာဓလေ့ ထုံးတမ်းများဖြင့် စိတ်ဝင်စားစရာ ကောင်းလှသည့် မြို့ ရွာများစွာက နိုင်ငံအနှံ့…၊ သို့သော် လည်ပတ်စရာ၊ စိတ်ဝင်စားစရာ အထူးအထွေ မရှိသော ဤမြို့လေးကိုမှ သူမက မြေပုံပေါ်မှာ ရှာတွေ့သွား ခဲ့ခြင်း ဖြစ်သည်၊ သူမသည် တိုးရစ်စ်များ သွားလေ့သွားထ မရှိသော နေရာများကို သွားရောက်လည်ပတ်ဖို့ ပိုပြီး စိတ်ဝင်စားသလို သင်္ဘောဖြင့် တမျှော်တခေါ် သွားရသည့် ရေလမ်းခရီးများကိုလည်း မပျင်းမရိ သွားချင်သူ ဖြစ်သည်၊ ဤမြို့ကလေးက ထိုအချက် နှစ်ချက်စလုံးနှင့် ကိုက်ညီနေခဲ့သည်၊ ပထမတော့ သူမကို အခြားနေရာ တစ်နေရာသို့ သွားရန် တိုက်တွန်းဖို့ သူစဉ်းစားမိသေးသည်၊ သို့သော် သူကိုယ်တိုင်လည်း မရောက်ဖူးသည့် ပတ်ဝန်းကျင် ဖြစ်နေသည်က တစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း၏ ရေလမ်းခရီးကို မသွားဖူးသေးသည်က တစ်ကြောင်းတို့ကြောင့် နောက်ဆုံးမှာ သဘောတူလိုက်တော့သည်၊ ယခုတော့ ဧရာဝတီကို အနောက်ဖက်မှ စီးဝင်သည့် အကြီးဆုံး မြစ်လက်တက်ကို ဆန်တက်ပြီး မြို့ကလေးကို သူတို့ ရောက်လာခဲ့ပြီ…၊

မြို့ခံများ၏ လမ်းညွှန်မှုဖြင့် တစ်မြို့လုံးမှာ တစ်ခုတည်းသာရှိသော တည်းခိုခန်းသို့ ခဏချင်းပင် ရောက်သွားသည်၊ တည်းခိုခန်းသည် ခရီးသွားဧည့်သည်တို့ နားခိုရာ တည်းခိုခန်းထက် ကျောင်းသားဘော်ဒါဆောင် တစ်ခုနှင့် ပိုတူလှသည်၊ အောက်ထပ်မှာ အိမ်ရှင်နေပြီး ဘေးတစ်ဖက်၊ တစ်ချက်လှေကားမှ တက်သွားရသော အပေါ်ထပ် အခန်းများမှာ ဧည့်သည်များအတွက် ဖြစ်သည်၊ တည်းခိုခန်းမှာ ဧည့်ကြိုဌာန မရှိသလို ကြိုဆိုနေသူလည်း တစ်ယောက်မှ ရှိမနေပါ၊ အောက်ထပ် မြေစိုက်ခန်း၏ အလယ်မှာ ကြောင်တောင်တောင်ဖြင့် သူတို့ရပ်နေတုန်း နောက်ဖေးဖက်မှ အမျိုးသမီးတစ်ယောက် ကလေးချီလျက် ထွက်လာသည်၊ အတိုချုံး နှုတ်ဆက်ပြီး အသင့်မိတ္တူ ကူးလာခဲ့သည့် ခရီးသွား အထောက်အထားများကို ပေးလိုက်တော့ အပေါ်ထပ် အခန်းများထဲမှ တစ်ခန်းကို လိုက်ဖွင့်ပေး၏၊ အခန်းလေးထဲမှာ နံရံနှင့်ကပ်လျက် တစ်ယောက်အိပ်ကုတင် တဖက် တစ်လုံးစီနှင့် အလယ်မှာက စားပွဲတစ်လုံး၊ စားပွဲပေါ်မှာတော့ သစ်သားမီးခြစ် တစ်ခု၊ ဖယောင်းတိုင်အချို့နှင့် ပန်ကာတစ်လုံး…၊

“ဒီမှာက ညဆို ပူအိုက်တော့ ဧည့်သည့်တွေအတွက် ပန်ကာ ထားပေးပါတယ်၊ ဒါပေမယ့် မီးတော့ မရှိဘူး၊ ကျမတို့ ကိုယ်ပိုင်မီးစက်ကို ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ မောင်းပေးတယ်၊ ၁၀ နာရီမှာတော့ မီးဖြတ်တယ်ရှင့်…”

ပိုင်ရှင် အမျိုးသမီး ရှင်းပြတာ နားထောင်ရင်း သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် မသိမသာ ကြည့်မိကြသည်၊

“ရေချိုးခန်းနဲ့ အိမ်သာက ဟိုမှာမြင်နေရတဲ့ အဆောင်နှစ်ခုပါ၊ ယောက်ျားနဲ့ မိန်းမ ခွဲထား ပါတယ်…”

အမျိုးသမီးက ဖွင့်ထားသော ပြူတင်းပေါက်မှတဆင့် အပြင်ဖက်ကို လှမ်းပြရင်း ရှင်းပြသည်၊ တည်းခိုဆောင်မှ အနည်းငယ်လှမ်းသော နောက်ဖေးဖက် ကွက်လပ်တွင် အုတ်ဖြင့် ဆောက်ထားသော အဆောင်နှစ်ခုကို တွေ့ရသည်၊ ဒီတစ်ခါတော့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြုံးပြီး ကြည့်မိကြသည်၊ ခရီးသွား လုပ်ငန်းနှင့် ယဉ်ပါးခြင်း မရှိသော မြို့ကလေးသို့ ရောက်လာမှတော့ အိပ်ခန်းမှာ ရေချိုးခန်းတွဲလျက် ပါသည့် ဟိုတယ်မျိုးကို မျှော်လင့်ထား၍ မရမှန်း သူတို့ သိပါသည်၊ အိမ်ရှင်အမျိုးသမီးက လိုတာရှိရင်ပြောပါဟု ဆိုလျက် သူ့ကို အခန်းသော့ ကမ်းပေးပြီး အောက်ထပ်ပြန်ဆင်းဖို့ ခြေလှမ်းပြင်သည်၊ လက်ထဲမှ သော့ကလေးကို ငုံ့ကြည့်လိုက်ရင်း တစုံတခုကို သူ တွေးမိလိုက်သောကြောင့် လှေကားထိပ် ရောက်နေပြီဖြစ်သည့် အမျိုးသမီးကို လှမ်းမေးလိုက်သည်၊

“အစ်မရေ… စကားမစပ် ဒီမှာ ငှက်ဖျားတွေဘာတွေများ ရှိသလားဗျ… ”

“ငှက်ဖျားကတော့ ရှိတတ်တယ်ရှင့်…”

တည်းခိုခန်းပိုင်ရှင် အမျိုးသမီး၏ အဖြေစကားကိုကြားတော့ သူ ခေါင်းနားပန်း ကြီးသွားသည်၊ ငှက်ဖျား ရှိနိုင်သည်-တဲ့…၊ သူတို့မှာလည်း ငှက်ဖျားဆေးမပါ…၊ ပါသည်ပဲ ထားဦး၊ ယခုလို အနီးကပ်မှ သောက်သည့် ငှက်ဖျားကာကွယ်ဆေးသည် အာနိသင် ရှိလိမ့်မည် မထင်ပါ၊ သို့နှင့် အခြားဘာမှ မလုပ်ခင် ခပ်လှမ်းလှမ်းမှ ကုန်စုံဆိုင်ကလေးမှာ ခြင်ဆေးတစ်ခုခု ရလိုရငြား သွားကြည့်ရတော့သည်၊ ဆိုင်ရှင်က အိန္ဒိယ အမှတ်တံဆိပ်နှင့် ခြင်ဆေးထုပ်ကလေးများ ထုတ်ပြတော့ သူတို့အနည်းငယ် စိတ်သက်သာရာ ရသွားသည်၊ မြို့ကလေးသည် အိန္ဒိယ မြန်မာ ကုန်စည်စီးဆင်းမှု လမ်းကြောင်းပေါ်တွင် ရှိသည်ဆိုသော အဖြစ်ကို ညွှန်ပြနေသည့် အိန္ဒိယ ခြင်ဆေးထုပ်များက ဖုန်အလိမ်းလိမ်းနှင့် ဖြစ်သလို အထုပ်ပေါ်မှ ကုန်ဆုံးရက်ကလည်း အတော်ပင် ရက်လွန်နေခဲ့ပြီ…၊ ကိစ္စမရှိ၊ ဘာမှ မရှိတာနှင့် စာလျှင်တော့ တော်သေးသည် မဟုတ်လား…၊

ညနေစောင်းတော့ ရေချိုး၊ ထမင်းစားတာကို ၆ နာရီခွဲမှာ အပြီးအစီး ဖြစ်အောင် လုပ်ရသည်၊ သို့မှသာ မီးရှိနေချိန်မှာ စာလေးဘာလေး ဖတ်ချင်လျှင် ဖတ်နိုင်ပေ လိမ့်မည်၊ ည ၈ နာရီခွဲမှာတော့ အိပ်ရာကိုယ်စီပေါ် သူတို့ ရောက်နေခဲ့ပြီ၊ ထို့နောက် နေ့လယ်က ဝယ်ထားသော အထုပ်ထဲမှ ခြင်ဆေးပျစ်ပျစ်များကို ခန္ဓာကိုယ်အနှံ့မှာ လိမ်းလိုက်သည်၊ အိန္ဒိယထုတ် ခြင်ဆေးသည် တစ်ကိုယ်လုံးကို ကပ်စေးစေး ဖြစ်သွားစေရုံမက အနံ့အသက်မှာလည်း အတော်ပင် ဆိုးရွားလှသည်၊

“ခြင် ပြေးမပြေးတော့ မသိဘူး၊ လူတွေတော့ တစ်ယောက်အနားတစ်ယောက် မကပ်နိုင်ဘဲ ထွက်ပြေးချင်စိတ် ပေါက်တာတော့ သေချာတယ်…”

ကံကောင်းစွာဖြင့် ရထားသော ဆိုင်လက်ကျန် နှစ်ချို့ ခြင်ဆေး၏ ရနံ့ကို သူမ,က ချီးကျူးတော့ သူရယ်နေမိသည်၊ ကြားလေသွေးတောင် မဝေးနိုင်ပါဘူး ဆိုသည့် ရိုမန်တစ် ချစ်သူများ ရှိခဲ့ပါက ၄င်းတို့၏ ချစ်ခြင်းကို စမ်းသပ်ရန် ဤခြင်ဆေးသည် အကောင်းဆုံးပစ္စည်း ဖြစ်ပါ လိမ့်မည်၊ စေးကပ်ကပ် ခြင်ဆေးများ လိမ်းကျံထားပြီး စားပွဲတဖက်တချက်မှ ကုတင်တစ်လုံးစီ ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေသော သူတို့နှစ်ယောက်သည် ဆေးစိမ်ထားသော မံမီရုပ်အလောင်းများနှင့် တူနေနိုင်သည်၊ မီးစက်ဖြင့် လည်နေရသော ပန်ကာကလေး မရပ်မီ ည ၈ နာရီခွဲ အချိန်မှာ အိပ်ပျော်အောင် အတင်းဖြစ်ညှစ် အိပ်နေရသည့် အဖြစ်ကလည်း စိတ်ပင်ပန်းလှသည်၊ အလွန် ပူအိုက်လှသည့် ရာသီဥတုကို တွန်းလှန်ဖို့ ဤပန်ကာလေးတစ်ခု ရှိတာကိုပဲ ကျေးဇူးတင်ရမည်၊ မဟုတ်လို့ကတော့ ကပ်စေးစေး ခြင်ဆေးနှင့် တပြိုက်ပြိုက် ကျနေမည့် ချွေးစက်များအကြားမှာ အိပ်ပျော်ဖို့က မလွယ်…၊

ညဥ့်လယ်မှာတော့ အလွန်တရာ ကျယ်လောင်လှသော အသံကြီးတစ်သံကြောင့် သူတို့နှစ်ယောက်စလုံး လန့်နိုးလာကြသည်၊ မှောင်မည်းနေသော ညထဲမှာ ချွေးတွေ ရွှဲနစ်လျက် ဘယ်နေရာမှာများ ရောက်နေတာလဲဟု ရုတ်တရက် သူ စဉ်းစားမရချေ၊ သို့သော် သိပ်ကြာကြာ မစဉ်းစားလိုက်ရ..၊ လက်ဖျံပေါ်မှ စေးကပ်သော ခြင်ဆေး၏ အထိအတွေ့က အခြေအနေကို ချက်ချင်းသဘောပေါက်သွား စေခဲ့သည်၊ ထိုအခိုက်မှာပဲ အသံကျယ်ကြီးကို ဒုတိယအကြိမ် ကြားလိုက်ရပြန်သည်၊ သည်တစ်ခါတော့ အသံကို သူ ခွဲခြားမိသွားသည်၊ ဥသြသံ…၊ ဟုတ်သည်၊ အသံရှည်ဆွဲလိုက်သော သင်္ဘောဥသြသံ ဖြစ်သည်၊ မရှေးမနှောင်း မှာပဲ သင်္ဘောစက်သံ သဲ့သဲ့ကိုပါ ကြားရသည်၊ နာရီကို ကြည့်လိုက်တော့ မနက် ၂ နာရီခွဲ၊ သင်္ဘောကပ်ချိန်ကလည်း ဒီအချိန်ကြီးမှ တဲ့လား…၊ အိပ်ချင်မူးတူးနှင့် သူ အံ့သြနေမိသည်၊ တည်းခိုခန်းက သင်္ဘောဆိပ်နှင့် မဝေးလှသောကြောင့် ဆိပ်ကမ်းမှ လူသံတွေကိုပါ ကြားနေ ရသည်၊ ညဦးတုန်းက ပန်ကာလေလေးဖြင့် အိပ်ပျော်အောင် ကြိုးစားထားခဲ့ သမျှကို သင်္ဘောဥသြသံက ဖောက်ခွဲဖျက်စီး ပစ်လိုက်သည်၊ ယခုတော့ ချွေးစီးတွေနှင့် ပူစပ်ပူလောင် ဖြစ်ကာ ပြန်အိပ်မရတော့…၊ သတင်းစာ တစ်စောင်ကို တစ်ယောက် တဝက်စီခွဲကာ တဖျပ်ဖျပ် ယပ်ခပ်ရင်း သူတို့နှစ်ယောက် အတွေးကိုယ်စီဖြင့် ငြိမ်သက်နေမိသည်၊ သူကတော့ မနက် ၂ နာရီခွဲမှာ တစ်မြို့လုံးနိုးအောင် ဥသြဆွဲသော သင်္ဘောမာလိန်မှူးကိုပဲ မေတ္တာပို့ချင် နေမိတော့သည်၊

နောက်တစ်နေ့မှာ မြို့ကလေးက ပုံမှန်အတိုင်းပင် နိုးထပြီး သွားလာလှုပ်ရှားလျက် ရှိသည်၊ သူ မြင်ရသလောက် မြို့သူမြို့သားတို့၏ မျက်နှာမှာလည်း အိပ်ရေးမဝသည့်ဟန် မရှိ၊ မနေ့ညနေ ကတည်းက တစ်ပတ်လျှောက်ထားပြီးသည့် လမ်းအတိုင်း သူတို့ ထပ်လျှောက် ကြသည်၊ မြို့သည် အတော်ပင် သေးငယ်ပါသည်၊ ကမ်းနားမှ တက်လာပြီး မြို့လယ်လမ်းဟု ခေါ်နိုင်သော လမ်းမကြီးအတိုင်း ဆယ်မိနစ်ခန့် လျှောက်ပါက မူလကမ်းနားဆိပ်သို့ပင် ပြန်ရောက်သည်၊ လမ်းက မြို့လယ်နေရာကို ဘဲဥပုံသဏ္ဍန် ဝိုင်းပတ်ဖောက်ထား ခဲ့သောကြောင့် ဖြစ်သည်၊ စင်စစ် ဤမြို့ကျဉ်းကျဉ်းလေးမှာ သူတို့အတွက် လုပ်စရာ များများစားစား ရှိမနေပါ၊ လည်ပတ်စရာ နည်းပါးရသည့်အထဲ မြို့ပတ်ဝန်းကျင် အနီးအပါး သို့လည်း သွာလာခွင့် မကြုံခဲ့…၊ ချင်းပြည်နယ်နှင့် ဘာမှမဝေးတော့သည့်အတွက် အဆင်ပြေလျှင် ချင်းပြည်နယ်ထဲကိုပါ သွားမည်ဟု မူလက ရည်ရွယ်ထားသော်လည်း လက်တွေ့မှာတော့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထောက်ခံစာ ပါမလာသော သူမအတွက် မြို့ ပြင်ကို နှစ်မိုင်ထက် ကျော်ပြီး သွားလာခွင့် မရှိ…၊ ဒေါက်ထောက် ကြည့်နေသော မျက်လုံးပေါင်းများစွာတို့ အလယ်မှာ သူကလည်း စပိုင်ရုပ်ရှင် ဇတ်ကားများထဲကလို သူမကို ကားနောက်ခန်းထဲ တာလပတ်ကြီး အုပ်ပြီး စွန့်စွန့်စားစား ခေါ်သွားတာမျိုး လုပ်ဖို့တော့ စိတ်ကူးမရှိပါ၊ သွားခွင့်မရှိလျှင် မသွားရုံသာ ဖြစ်သည်၊ ဤလိုဖြစ်ရပ်မျိုး မကြာခဏ ကြုံဖူးနေပြီ ဖြစ်၍ သူမက ထူးပြီး စိတ်မကောင်း ဖြစ်ပုံမပေါ်၊ အိန္ဒိယ နယ်စပ်မှ ကုန်စည်များ သယ်လာသည့် ဟိုင်းလပ်ကား၊ ဂျစ်ကားများဖြင့် စည်ကားနေသော မြို့ကလေးကတော့ သူတို့အပေါ် ဖော်ရွေရှာပါသည်၊

သွားစရာ၊ ကြည့်စရာ အထူးအထွေ မရှိသောအခါ အပြန်သင်္ဘောလက်မှတ် ဖြတ်ပြီး လက်ဖက်ရည်ဆိုင်မှာပဲ သူတို့ သွားထိုင်နေကြ တော့သည်၊ သူမက သွားလေရာ ယူသွားလေ့ ရှိသည့် သူငယ်တန်း သင်ပုန်းကြီး ဖတ်စာအုပ်ကို ထုတ်ကာ မြန်မာစာ လေ့ကျင့်ခန်း လုပ်သည်၊ လက်ရှိဖတ်နေသည့် သူငယ်တန်း သင်ပုန်းကြီးမှ လေ့ကျင့်ခန်းအားလုံး ပြီးစီးပါက ပထမတန်း မြန်မာဖတ်စာကို တက်ပေးမည်ဟု သူပြောထားခဲ့သဖြင့် အားကြိုးမာန်တက် ဖတ်နေခြင်း ဖြစ်သည်၊ မြို့ကလေး၏ ပူခြစ်သော နေရောင်အောက်မှာ သူတို့က ဂျင်းသုပ်တစ်ပွဲ၊ ရေနွေးကြမ်း တစ်အိုးဖြင့် ‘ညအခါ၊ လသာသာ’ လုပ်နေခဲ့ကြသည်၊

“ဟယ်… ငါတို့ သူငယ်တန်း စာအုပ်ကြီး ဖတ်နေတယ်တော့…”

ယပင့်နှင့် ရရစ် အသုံးများကို ဥပမာများဖြင့် ရှင်းပြနေခိုက် အံ့သြတကြီး ရေရွတ်သံကြား၍ ခေါင်းမော့ကြည့်တော့ ဘယ်အချိန်က ရောက်နေမှန်း မသိသော ကလေးတစ်အုပ်က ဆိုင်အဝမှာ…၊ နှစ်တန်းသုံးတန်းခန့် ရှိနိုင်မည့် အသားညိုညိုနှင့် ကောင်မလေး တစ်ယောက်က နိုင်ငံခြားသူ တစ်ယောက်နှင့် မြန်မာသင်ပုန်းကြီး ဖတ်စာ အတူယှဉ်တွဲ ရှိနေသည့် အဖြစ်ကို ပါးစပ်အဟောင်းသားနှင့် အတော်ပင် အံ့သြနေပုံ ရသည်၊ သူ့ ဘေးနားက နည်းနည်းပိုငယ်သည့် ကလေးတစ်သိုက်ကတော့ သူတို့ ဒိုးဒိုးဒေါက်ဒေါက် ရွတ်ခဲ့သည့် စာသားများကို သူမက တစ်လုံးချင်း စာလုံးပေါင်းဖတ်နေတာ တွေ့လို့ သဘောတွေ ကျနေကြလေသည်၊ ကလေးတို့၏ တီးတိုးစကားလေးများကို သူမ နားလည်အောင် သူ ပြန်ရှင်းပြလိုက်တော့ သူမက ရှေ့ဆုံးမှ ကလေးတစ်ယောက်ကို ...

“စာ အတူတူ သင်မလား…” ဟု မြန်မာလို လှမ်းမေးလိုက်သည်၊

ထိုအခါ အမေးခံရသည့် ကလေးငယ်က ရှက်ကိုးရှက်ကန်းနှင့် ထွက်ပြေးသွားရာ ကျန်ကလေးများက ဝိုင်းရယ်ကြပြန်သည်၊ သူက ကလေးတွေကို တလှည့်၊ သူမကို တလှည့်ကြည့်ရင်း လိုအပ်လျှင် ဝင်ပြီး ရှင်းပြပေးရသည်၊ ခဏအကြာမှာတော့ မြို့ကလေး၏ ကလေးငယ်များနှင့် သူမက တပျော်တပါး အဖွဲ့ကျသွားကာ သူကတော့ စောစောက မူလတန်း ကျောင်းဆရာ အဖြစ်မှ ယခု စကားပြန်အဖြစ်ကို လုံးလုံးလျားလျား ရောက်ရှိသွားရ တော့သည်၊ ဂျပန်တော်လှန်ရေး ရုပ်ရှင်တွေထဲမှာ တွေ့ရလေ့ရှိသည့် ဆီရွှဲနေသည့် ဆံပင်ဗိုလ်ကေ အကျော့စား၊ မျက်မှန်ဝိုင်းကလေး တပ်ပြီး လည်ပင်း မာဖလာပတ်၊ ကုတ်အင်္ကျီ၊ ဘန်ကောက်ပုဆိုး၊ ရှူးဖိနပ်တို့ဖြင့် ပြည်သူ့အချစ်တော် စကားပြန်များကို မျက်စိထဲ ပြေးမြင်မိသေးသည်၊ လက်ဖက်ရည်ဆိုင် ကလေးထဲမှာတော့ မတူညီသည့် အသက်အရွယ်၊ မတူညီသည့် ယဉ်ကျေးမှု၊ မတူညီသည့် ဘာသာစကား တို့ကို သူမနှင့် ကလေးတို့၏ တူညီသော ပျော်ရွှင်ရယ်မောသံများက လွှမ်းမိုး၊ ဖုံးအုပ် ပစ်လိုက် လေသည်၊

ထိုနေ့ညနေ မှာလည်း ကိုယ်လက်သန့်စင်ခြင်း၊ စားသောက်ခြင်း ကိစ္စအဝဝ တို့ကို ၆ နာရီခွဲမှာ အပြီးအစီး လုပ်ရပြန်သည်၊ အနည်းငယ် ညဥ့်နက်လာတော့ မနေ့ကလက်ကျန် အိန္ဒိယခြင်ဆေး နောက်ဆုံးအထုပ်ကို တစ်ဝက်စီ ခွဲလိမ်းလိုက် ကြသည်၊ ဤဒုတိယည မှာတော့ အနံ့ပဲ ယဉ်သွားလို့လား မသိ၊ မနေ့ကလောက် အနံ့မပြင်းတော့ဟု ထင်မိသည်၊ ညတိုင်းသာ ဆက်ပြီး လိမ်းနေရလျှင် မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ် ယူချင်စိတ်တွေတောင် ပေါက်ချင် ပေါက်လာနိုင်သည်၊ အိမ်ရှင် အမျိုးသမီးကိုလည်း လိုလိုမယ်မယ် မနက် ၁ နာရီခွဲခန့်မှာ တစ်ချက်လောက် လာနှိုးပေးဖို့ ပြောထားရ သေးသည်၊ မတော် သင်္ဘောလွတ်သွားမှ အခက်…၊ သူသာ ဤခရီးကို တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လာဖြစ်ခဲ့သည် ဆိုလျှင် ယခုလို သင်္ဘောနှင့် ပြန်မည့်အစား တစ်ဖက်ကမ်း ပြန်ကူးပြီး နာမည်ကြီး မဟာမြိုင်တောကြီးကို ဖြတ်ကာ ကားနှင့် ပြန်ဖြစ်မည် ထင်သည်၊ ယခု သူမနှင့်တော့ ဘယ်လိုမှ မဖြစ်နိုင်..၊

“သင်္ဘောလွတ်သွားမှာတော့ မစိုးရိမ်ပါနဲ့ရှင်…၊ သင်္ဘောဝင်လာရင် သိကိုသိတယ်၊ နောက်ဆုံး မသိဘူး ဆိုရင်တောင်မှ ရေကြောင်းရုံးက ကောင်လေးတွေက လာပြေးခေါ် လိမ့်မယ်…”

တည်းခိုခန်းပိုင်ရှင် အမျိုးသမီးက သူတို့ကို စိတ်မပူဖို့ ပြောသည်၊ ကြည့်စမ်း.. ရေကြောင်းရုံးကတောင် တည်းခိုခန်းအထိ အပြေးလာပြီး ခေါ်ဦးမတဲ့…၊ ဤသို့သော ဝန်ဆောင်မှုမျိုးကို ကမ္ဘာမှာ များများစားစား တွေ့နိုင်လိမ့်မည် မထင်ပါ၊ ထိုနေ့မနက် ၂ နာရီ ခန့်မှာတော့ ‘သင်္ဘောဝင်လာရင် သိကိုသိတယ်’ ဟူသော ပိုင်ရှင်အမျိုးသမီး၏ စကားကို သူအကြွင်းမဲ့ လက်ခံလိုက်ရ လေသည်၊ သူတို့ စီးရမည့် သင်္ဘောသည် မနေ့ညက လိုပင် တဘူးဘူး၊ တဘော်ဘော်နှင့် ဥသြသံ ဆူညံစွာပေးလျက် မြို့ကလေး၏ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာ ခဲ့သည်၊ ညကြီးမင်းကြီး ဆိုတော့ သင်္ဘောက မနေ့ကလို ညတိုင်း ဥသြဆွဲချင်မှ ဆွဲမှာ-ဟု ဖော့တွေးထားခဲ့မိတာက မှားပြန်လေသည်၊ ညဦးကတည်းက အထုပ်အပိုး ပြင်ဆင်ပြီးဖြစ်၍ သိပ်မကြာခင်ပဲ အိမ်ရှင်အမျိုးသမီးကို နှုတ်ဆက်ပြီး သူတို့ သင်္ဘောဆိပ်ကို ဆင်းခဲ့တော့သည်၊

ဆိပ်ကမ်းမှာတော့ အလုပ်သမားများက အပြေးအလွှားဖြင့် ကုန်များ တင်နေကြသည်၊ သို့သော် ထိုအလုပ်သမားများမှ လွဲ၍ ကျန်သင်္ဘော တစ်စင်းလုံးက တိတ်ဆိတ်လို့ နေသည်၊ ကြမ်းပြင်ပေါ်မှာ၊ ခုံတန်းတွေပေါ်မှာ အိပ်နေကြသူတွေက အတုံးအရုံး…၊ သင်္ဘော ဝန်ထမ်းလည်း တစ်ဦးတစ်လေမှ မတွေ့ရ…၊ သူတို့နှစ်ယောက်နှင့် အခြားခရီးသည် သုံးလေးဦးခန့်သာ ဟိုကြည့်သည်ကြည့်ဖြင့် နေရာ ရှာနေကြသည်၊ ကက်ဘင်အခန်းများကို ကြည့်တော့လည်း အားလုံးက ပိတ်ထားကြသည်၊ သို့နှင့် ဟိုနားထိုင်ရ နိုးနိုး၊ သည်နား ရပ်ရနိုးနိုး ဖြစ်နေတုန်းမှာပဲ သင်္ဘောကြီးက စက်အင်ဂျင်ကို လုံးဝ ရပ်လိုက်တော့သည်၊ စောစောက ကုန်တင်နေသည့် အလုပ်သမားများလည်း တစ်ဦးမှ မရှိတော့၊ သည်တော့မှပင် ဆိပ်ကမ်းဝန်းကျင်နှင့် သင်္ဘောတစ်စင်းလုံးက တကယ့်ကို တိတ်ဆိတ် ငြိမ်သက်သွား တော့သည်၊ သူတို့လည်း နေရာရှာရင်း၊ ပူအိုက်လှောင်ပိတ် နေသည့် သင်္ဘောအတွင်းပိုင်းကို ရှောင်ရင်း နောက်ဆုံးမှာ ဆလင်ခန်းရှိရာ သင်္ဘောခေါင်မိုးပေါ်သို့ တက်လာခဲ့သည်၊ ဆလင်ခန်းကလည်း တံခါးပိတ်၊ မီးပိတ် မှောင်အတိကျလျက်…၊ ဆလင်ခန်း ဘေးနားမှာ ကွပ်ပျစ်လေးတစ်လုံး ချထားသည်၊ ထိုနေရာလေးက လေလေး တဖြူးဖြူးနှင့် ဖြစ်သဖြင့် သူတို့လည်း ကွပ်ပျစ်ပေါ်မှာပဲ ထိုင်နေလိုက်ကြသည်၊ ခဏကြာတော့ ဘယ်လိုနေရာမှာ မဆို အိပ်ပျော်နိုင်သည့် သူမက ကွပ်ပျစ်ပေါ်မှာ ခွေခွေလေး အိပ်ပျော်သွားတော့သည်၊ မျက်စိကြောင်နေသည့် သူ့မှာသာ တိတ်ဆိတ်နေသည့် သင်္ဘောကြီးပေါ် တစ်ယောက်တည်း ငေါင်စင်းစင်းနှင့် ထိုင်နေခဲ့မိ သည်မှာ မနက် ၆ နာရီ သင်္ဘော ပြန်ထွက်သည့် အချိန်ထိပင် ဖြစ်လေသည်၊

ယခုအချိန်မှာတော့ အဖြစ်အပျက်တို့က ဟိုးခပ်ဝေးဝေးမှာ မှုန်ဝါးဝါးနှင့် မသဲကွဲတော့၊ မြို့ကလေးကလည်း ကီလိုမီတာပေါင်း ထောင်ချီဝေးကွာသော အရပ်မှာ ကျန်ရစ်ခဲ့သည်၊ ယနေ့အချိန်မှာ ပွင့်လင်းပြောင်းလဲ လာသော အခြေအနေများနှင့်အတူ မြို့ကလေး သည်လည်း ကြီးထွားဖွံ့ဖြိုး လာခဲ့မည်မှာ သေချာပါသည်၊ တချိန်တခါက အစီအစဉ် မကျခဲ့မှုများ၊ ရိုးစင်းစွာ အဆီအငေါ် မတည့်ခဲ့သည့် အကြောင်းများကို ပြန်စဉ်းစားတော့ လွမ်းဆွတ်စွာဖြင့် သူ ရယ်မောချင်မိသည်၊ လူတကာ အိပ်ကောင်းချိန် ညလယ်ခေါင်မှာ သင်္ဘောဥသြသံ ဆူဆူညံညံဖြင့် တရေးနိုးရတတ်သည့် မြို့ကလေးကို တခါတရံ ထူးဆန်းစွာနှင့် ပြင်းပြင်းပျပျ သတိရနေ မိတတ်သည်၊ မြို့ကလေးကို ပြန်သွားချင်သလား-ဟု တစ်စုံတစ်ယောက်က မေးခဲ့မည်ဆိုလျှင်တော့ အချိန်အနည်းငယ်လောက် စဉ်းစားတွေဝေပြီးမှ သွားချင်ပါသည်ဟု ဆုတ်ဆုတ်ဆိုင်းဆိုင်းနှင့် အဖြေပေးမိမည် ထင်ပါသည်။ ။


ညီလင်းသစ်
၁၄ ဒီဇင်ဘာ၊ ၂၀၁၂

03 December 2012

ပက်ဖြန်းလှည့်တော့ ဒီဇင်ဘာ


ဒီဇင်ဘာ...၊ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ၊ အေးချမ်းခြင်း မြူနှင်းတို့နဲ့ လွှမ်းခြုံရစ်သိုင်း ထားတဲ့လ၊ ပွဲတော်တွေနဲ့ လှုပ်ရှားအသက်ဝင် နေတဲ့လ...၊ ကျနော် အချစ်ဆုံးလ...၊

ဒီဇင်ဘာလ ဝင်ရောက်လာတိုင်းမှာ နူးညံ့သိမ်မွေ့တဲ့ ခံစားမှုလေးတွေ ကျနော်ရလေ့ ရှိပါတယ်၊ ငယ်ငယ်တုန်းကဆို နိုဝင်ဘာလ ၃၀ ရက်နေ့ညမှာ သူငယ်ချင်းတွေနဲ့အတူ တစ်ညလုံးလှည့်ပတ်ပြီး 'Sweet December' အော်ခဲ့ကြလေ့ ရှိတယ်၊ တချို့နှစ်တွေမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စာရွက်တွေ၊ ဆော့ဖ်ပင်တွေ ဝယ်ပြီး အဲဒီ ဆွိဒီဇင်ဘာကိုပဲ စာလုံးမျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ရေးလို့ ရင်းနှီးတဲ့ အိမ်တွေမှာ လိုက်ကပ်ကြတယ်၊ လူကလည်းငယ်၊ ခံစားမှုကိုလည်း ဇက်ကုန်ဖွင့်ထားတဲ့ အရွယ်ဖြစ်တော့ကာ ဒီဇင်ဘာကို ကိုယ့်ဟာကိုယ် နှစ်သက်သဘောကျလို့ တစ်ညလုံး မအိပ်ဘဲ ကြိုရတာ အားမရဘဲ အေးအေးချမ်းချမ်း အိပ်နေကြတဲ့ အိမ်တွေကိုပါ နိုးလော့၊ ထလော့ လုပ်ချင်တဲ့စိတ်တွေက အပြည့်နဲ့ရယ်...၊

ဘလော့ဂ်ရေးဖြစ်လာတဲ့ ဒီဖက်နှစ်ပိုင်းတွေမှာလည်း ဒီဇင်ဘာကို ကြိုက်နှစ်သက်တဲ့ ဘလော့ဂါတွေ၊ စာဖတ်သူတွေနဲ့ တွေ့ရပြန်တော့ ဒီဇင်ဘာ အကြောင်းတွေဖတ်ရင်း ကြည်နူးလိုက်၊ ပြုံးပျော်လိုက်နဲ့...၊ ဒီဇင်ဘာများ ရောက်ပြီဆို လူက ရင်ထဲမှာ အေးသလိုလို၊ နွေးသလိုလို၊ နှလုံးခုန်နှုန်းက အခု တစ်မိနစ် ၆၀ ဖြစ်လိုက်၊ အခု ၁၂၀ ဖြစ်လိုက်နဲ့...၊ ပြောချင်တာက ဒီဇင်ဘာဆိုတာ ကျနော့်အတွက် ဘယ်တော့မှ ဘာသိဘာသာ ဖြတ်ကျော်သွားမယ့် လတစ်လ မဟုတ်ပါဘူး..၊

ဒီနှစ်မှာတော့ ဒီဇင်ဘာမဝင်ခင် ကြိုတင်လှုပ်ရှားနေလေ့ ရှိတဲ့ စိတ်တွေက နောက်ကျိညစ်ညူး နေခဲ့တယ်၊ အဖြစ်အပျက်တွေက နားရှိလို့သာ ကြားရ၊ မျက်စိရှိလို့သာ မြင်ရတယ်၊ တယ်ပြီး မယုံနိုင်စရာပါပဲ၊ ဖတ်လေရာ သတင်းတိုင်း၊ ကြည့်နေရာ စာမျက်နှာတိုင်းမှာ ရက်စက်ကြမ်းကြုတ်မှုကိုပဲ မြင်နေရတယ်၊ လူ့တန်ဖိုးကို ပိုပိုပြီး အလေးပေး၊ တန်ဖိုးထားလာကြတဲ့ ဒီနေ့လို ၂၁ ရာစုထဲမှာ လူထက် မြင့်မြတ်စင်ကြယ်တဲ့ ရဟန်း၊ သံဃာတော်တွေဟာ ဒီလိုမျိုး ဆက်ဆံတာ ခံနေရတုန်းပဲလား၊ လူလူချင်း အကြားမှာတောင် လက်ရုံးအားကိုးနဲ့ ဖြေရှင်းတာထက် စကားပြောဆို ညှိနှိုင်းပြီး အဖြေရှာဖို့ သဘောပေါက်လာကြတဲ့ အခြေအနေမှာ သံဃာတော်တွေကို မီးတိုက်ပြီး မောင်းထုတ်သတဲ့လား၊ မီးပျက်တဲ့ တိုင်းပြည်မှာ နေလာကြသူတွေပီပီ လက်ပေါ်ကို ဖယောင်းစက်ကလေး တစ်စက်ကျရင်တောင်၊ လက်ကို ဖယောင်းတိုင်မီးတောက်လေး ဟပ်ရင်တောင် ဘယ်လောက်ပူတယ်ဆိုတာ ကျနော်တို့အားလုံး သိပါတယ်၊ အခု.. ကိုယ်ပေါ်မှာ၊ ခေါင်းပေါ်မှာ မီးညွန့်မီးတောက်တွေ လောင်ကျွမ်းခံခဲ့ကြရတဲ့ အရှင်သူမြတ်တွေခမျာ ဘယ်လောက်များ ပူလောင်လိုက်ကြမလဲ၊ ဘယ်လောက်များ နာကျင်လိုက်ကြမလဲ၊ ဒီအကျပ်အတည်းကို လူစုခွဲပြီး ဖြေရှင်းမယ်ဆိုတာ လူအများစုက နားလည်ပါတယ်၊ ဖြေရှင်းတဲ့ နည်းလမ်းက လူမဆန်လို့၊ လူ့ဂုဏ်သိက္ခာ၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနဲ့ မညီလို့သာ စုတ်တသပ်သပ်၊ တောက်တခေါက်ခေါက်နဲ့ ရင်ထုမနာ ဖြစ်ခဲ့ကြရတာပါ...၊

ဒီလိုအဖြစ်တွေရဲ့ နောက်မှာတော့ ဆေးပေါင်းလည်း မခနိုင်၊ ကျီးလည်း မနိုးနိုင်တော့သလို ဒီဇင်ဘာဟာလည်း ကျနော့်ရင်ထဲကို အပြည့်အဝ ချိုမြိန်စွာနဲ့ ဝင်မလာ နိုင်တော့ဘူး၊ အခုတလောမှာ ရနေတဲ့ ခံစားမှုက ၂၀၀၇ ခုနှစ်အကုန်မှာ ရခဲ့တဲ့ ခံစားမှုမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ၊ အဲဒီတုန်းကတော့ ဝါးရင်းတုတ် တဝင့်ဝင့်မှာ 'ကွဲ' ခဲ့ကြရတာပါ၊ အခုတော့ မီးတောက် တလွင့်လွင့်မှာ 'စွဲ' ခဲ့ကြရ ပြန်ပြီ၊ ၂၀၁၂ ခုနှစ် ကုန်ကာနီး အထိတိုင်အောင် ရှိနေသေးတဲ့ စိတ်မိုက်၊ စိတ်ရိုင်း အလျှံညီးညီးတွေ အပေါ်ကို ဒီဇင်ဘာရဲ့ နှင်းမှုန် ဖြူလွလွတွေက ပက်ဖြန်းငြှိမ်းသတ် နိုင်ပါစေလို့ ကျနော် စိတ်မသက်မသာနဲ့ ဆုတောင်းနေမိပါတယ်...။ ။


ညီလင်းသစ်
၃ ဒီဇင်ဘာ၊ ၂၀၁၂

25 November 2012

ချန်ဂီ၏ တံခါးများသို့ ...


ချန်ဂီ...
မင်းကို ‘ချန်ဂီ’ လို့ပဲ
ကိုယ် ရင်းရင်းနှီးနှီး ခေါ်ပါရစေ...၊

မင်းက ကိုယ့်ကို သိမှာ မဟုတ်ပေမယ့်
ကိုယ်ကတော့ မင်းကို ရင်းနှီးနေခဲ့တယ်..၊
မင်းဆီကို အကြိမ်များစွာ ကိုယ်ရောက်ဖူးသလို
လူတွေ ရင်သပ်ရှုမော ပြောကြရတဲ့
မင်းအလှကိုလည်း ကိုယ်ခံစားဖူးခဲ့တယ်..၊
ကိုယ့်ချစ်တဲ့ နိုင်ငံကလေးဆီ
ပြန်သွားဖြစ်တိုင်း
ကိုယ်တစ်ထောက်နားခိုရာက မင်းရဲ့ ရင်ခွင်ပေါ့၊

ခရီးဆုံးဟာ မင်း မဟုတ်ခဲ့ပေမယ့်
တစ်နေ့မှာတော့ မင်းဆီကို ရောက်အောင် လာမယ်လို့
ကိုယ် အမြဲတွေးခဲ့တယ်၊
ဟုတ်တယ် ချန်ဂီ...၊
မင်းဆီက တံခါးတွေရဲ့ တစ်ဖက်ခြမ်းမှာ
ကိုယ် ချစ်ခင်ရတဲ့ သူတွေရှိတယ်..၊
မင်းက တံခါးမှူး လုပ်နေတဲ့ အဲဒီကျွန်းကလေးပေါ်မှာ
ကိုယ် ဆုံဖူးချင်တဲ့သူတွေ နေထိုင်ကြတယ်၊
ကော်ဖီလေး တစ်ခွက်နဲ့ ဖြစ်ဖြစ်
ဗျစ်ရည်လေး တစ်ကျိုက်နဲ့ ဖြစ်ဖြစ်
အဲဒီလူတွေနဲ့ လက်ရည်တပြင်တည်း
အချိန်တွေကို တမေ့တမော
ကိုယ် သိမ်းပိုက်ချင်မိတယ်...၊

မင်းရဲ့ တံခါးတွေ အရှေ့က ဖြတ်သွားတိုင်း
မမြင်ရတဲ့ ဟိုမှာဖက်ကို လှမ်းမျှော်ရင်း
အချိန်တွေကို ကိုယ်စောင့်ခဲ့တယ်...၊
ကတွတ်ပေါက်မှာ ငါးစောင့်တဲ့ ဗျိုင်းတစ်ကောင်လို
ကိုယ် စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့တယ် ချန်ဂီ...၊
အခုတော့ အဲဒီအချိန်ဟာ
ရောက်လာ ခဲ့ပြီပေါ့...၊
မင်းရဲ့ တံခါးတွေကို ခေါက်ဖို့
ကိုယ် လာခဲ့မယ်၊
မင်းရဲ့ တံခါးတွေကို တွန်းဖွင့်ဝင်သွားဖို့
ကိုယ် လာခဲ့တော့မယ်၊

ညဦးရဲ့ တေးသွားတစ်ပိုဒ်နဲ့
မင်း စောင့်နေပါ ချန်ဂီ...၊
ကိုယ် ဆိုက်ဆိုက်မြိုက်မြိုက်ကို အရောက်လာခဲ့မယ်...။


မင်္ဂလာပါ ခင်ဗျာ...၊ ကျနော့်ကို ခရီးစဉ်လေးတစ်ခုအကြောင်း ပြောခွင့်ပြုပါ၊ လက်တစ်ကမ်းအကွာ အထိရောက်ခဲ့ပြီးမှ ပျက်ပြယ် သွားခဲ့ဖူးတဲ့ ခရီးစဉ်လေး အကြောင်းပေါ့၊း) အခုတော့ အချိန်ကာလတစ်ခု ကြာပြီးတဲ့အခါ၊ တွက်ချက် သုံးသပ်စရာတွေ လွန်မြောက်သွားတဲ့အခါ အဲဒီခရီးစဉ်လေးဟာ ဖြစ်မြောက်လာခဲ့ ပါပြီ...၊း)

ဟုတ်ပါတယ်၊ လာမယ့်ရှေ့နှစ်ဆန်းမှာ စင်္ကာပူကို ကျနော်အလည်လာဖို့ ရှိပါတယ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ သောကြာနေ့ ညနေမှာ ရောက်ပြီးတော့ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ညမှာ ပြန်ဖို့ စီစဉ်ထားပါတယ်၊ ငါးရက်ခွဲလောက် ကြာမယ့် အဲဒီအချိန်လေးအတွင်း အိပ်မက်ထဲမှာ ထည့်မက်ခဲ့ဖူးတဲ့ ခြင်္သေ့ကျွန်းကလေးမှာ ကျနော်ရှိနေမှာပါ၊ ကျွန်းကလေးနဲ့ အတူပဲ အဲဒီကျွန်းပေါ်က အာဂန္တု ကျွန်းသူ၊ ကျွန်းသားတွေကိုလည်း ဖြစ်နိုင်မယ်ဆိုရင် ဆုံတွေ့ချင်ပါတယ်၊ ကျနော့်ကို သိတဲ့၊ ကျနော်က သိတဲ့ ဘလော့ဂ်ရေးဖော် ညီအစ်ကို၊ မောင်နှမတွေရော၊ ခင်မင်ရတဲ့ စာဖတ်သူ မိတ်ဆွေတွေရော... ဘယ်သူနဲ့မဆိုပါ...၊ မျှော်လင့်ကောင်းတယ် ဆိုရင်တော့ အကြမ်းတစ်အိုး၊ လက်ဖက်တစ်ရိုးနဲ့ ဖေဖော်ဝါရီကို ကျနော်တို့ အတူတကွ သိမ်းပိုက်ရအောင်လေ...၊း)

စင်္ကာပူမှာ ရှိတုန်း ဆက်သွယ်ရ လွယ်ကူအောင် Prepaid SIM card တစ်ခုကိုလည်း ကျနော်မှာထား ပါတယ်၊ ဖုန်းနံပါတ်က 862 314 09 ပါ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ သောကြာနေ့ ညနေ ၆ နာရီကနေ ဖေဖော်ဝါရီ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီအထိ ဒီဖုန်းနံပါတ်မှာ ကျနော်ရှိနေမှာပါ၊ ဆန္ဒရှိသလို၊ အဆင်ပြေသလိုသာ ဆက်သွယ်လိုက်ပါ၊ SIM card ပို့ပေးတဲ့ သူငယ်ချင်း ထွန်းထွန်းကိုလည်း ကျေးဇူးတင်ပါတယ်၊ ဖုန်းမဆက်ဘဲ အသံချွေတာချင်တယ် ဆိုရင်တော့ nyilinnthit@gmail.com ကို မေးလ်ပို့လို့လည်း ရပါတယ်၊ လောလောဆယ်မှာတော့ ကျနော့်ရဲ့ ပြက္ခဒိန်လေးမှာ ရေးခြစ်ထားတာ၊ မှတ်သားထားတာ တစ်ခုမှ မရှိသေးပါဘူး...၊း)

အမှန်တော့ ခရီးစဉ်လေးက သုံးလလောက် လိုပါသေးတယ်၊ ဒါပေမယ့် ကိုယ်စီကိုယ်ငှ အငန်းအတာတွေ များလှတဲ့ ဒီနေ့လို ခေတ်ကြီးထဲမှာ လူတိုင်းလိုလိုက ကြိုတင်ပြင်ဆင်မှုတွေ၊ အစီအစဉ်တွေနဲ့ တင်းကျမ်းမဟုတ်လား၊ အာဂျင်ဒါမှာ နေရာလေးတစ်ခု ရဖို့ဆိုတာ ထီပေါက်ဖို့ထက်တောင် ပိုပြီး ခက်ချင်ခက်နေ သေးတော့တာ..၊း) အဲဒါကြောင့် အခုကတည်းက လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ကြားသိစေခြင်း အလို့ငှာ ကြေညာမောင်းခတ် လိုက်ရပါတယ်ခင်ဗျား...။ ။း)


ညီလင်းသစ်
၂၅ နိုဝင်ဘာ၊ ၂၀၁၂

19 November 2012

လူလေးရဲ့ ကြွက်ဧည့်သည်




ခါးသာသာမြင့်သော မူလတန်းကြို ကျောင်းကလေး၏ ဝင်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်နှင့် မြက်ခင်းပေါ်မှာ ဆော့ကစားနေသော သားက ပြေးလာခဲ့သည်၊ ကျနော် လာနေတာကို အဝေးကြီးမှာကတည်းက သူကလှမ်းမြင်နေခဲ့ ပုံရသည်၊ အရှေ့ကို ရောက်တော့ သူ့အရပ်နှင့် ညီသွားအောင် ကျနော်က ဒူးထောက်ထိုင်ချ လိုက်သော်လည်း ခါတိုင်းလို ဘာစကားမှ မဆိုဘဲ ပါးစပ်ကိုစေ့ပိတ်ပြီး ပြုံးစေ့စေ့ လုပ်နေသည်၊ ကျနော်က 'သားသား..နေကောင်းလား' ဟုမေးသည်ကိုပင် ပြန်မဖြေ...၊ စက္ကန့်အနည်းငယ်ကြာမှ သူ့ပါးစပ်ကို အစွမ်းကုန်ဖွင့်လျက် သွားစေ့ပြသည်၊ ထိုအခါမှ ကျနော်သဘောပေါက်သွား ရတော့သည်၊ သွားဖြူဖြူတန်းကလေး နှစ်တန်းအနက် အရှေ့ဖက် အောက်သွားလေး တစ်နေရာမှာ ဟောင်းလောင်းပေါက်ကလေး...၊

"ဟာ...သားရဲ့ သွားကလေး ကျိုးသွားပြီ ဟုတ်လား..."

ဝမ်းသာအားရဖြင့် မျက်လုံးပြူးပြီး မေးမိတော့ သားက အားပါးတရနှင့် ခေါင်းညိတ်ပြသည်၊ သူ့ကို ကြည့်ရတာ ဂုဏ်ယူကျေနပ် နေသည့်ပုံ...၊ ကျနော်တို့ သားအဖ နှစ်ယောက်၏ သွားကျိုးမှု အစီရင်ခံစာ စစ်တမ်းကို သူ့သူငယ်ချင်းလေး များက မျက်လုံးဝိုင်းလေးများဖြင့် ဘေးမှ ကြည့်နေကြသည်၊ ခပ်လှမ်းလှမ်း နောက်ဖက်နားမှာ မူကြိုဆရာမလေး လျှောက်လာတာ မြင်တော့ ကျနော်က မတ်တပ်ပြန်ရပ်ရင်း နှုတ်ဆက်လိုက်ချိန်မှာ သားက အဝေးကို ပြန်ထွက်ပြေး သွားပြန်သည်၊

"ဒီနေ့နေ့လယ် မြက်ခင်းပေါ်မှာ ကစားနေကြရင်းနဲ့ ကျိုးသွားတာ...၊ ကျိုးကျိုးခြင်း သွားက မြေကြီးပေါ်ကို ပြုတ်ကျသွားသေးတယ်တဲ့၊ အဲဒါကို သူကောက်ပြီး လာပြမှပဲ ကျမတို့လည်း သိကြရတာ..."

ဆရာမလေးက ဖြစ်စဉ်ကို ပြန်ရှင်းပြသည်၊

"ဟုတ်တယ်ဗျ၊ အဲဒီသွားကလေးက နဲ့နေတာ သုံးလေးရက် မကတော့ဘူး၊ ဒီရက်ပိုင်းမှာ ကျိုးမှာပဲလို့ ကျနော်တို့လည်း တွက်ထားတာ၊ ဒါနဲ့ သွေးတွေဘာတွေကော ထွက်သေးလား?"

ဒီမနက် သားကို ကျောင်းလာပို့စဉ် မှာပဲ သွားက အတော့်ကို နဲ့နေခဲ့ပြီ ဖြစ်သည်၊ လက်ဖြင့် ခပ်သာသာလေး တွန်းလိုက်လျှင်ပင် ကျိုးသွားနိုင်လောက်သည်၊

"မထွက်ပါဘူးရှင်..၊ အားလုံး အေးအေးဆေးဆေးပါပဲ၊ ကလေးတချို့က ဒါမျိုး မတွေ့ဖူးလို့ အထူးအဆန်းလို ဝိုင်းအုံပြီးတောင် ကြည့်နေကြ သေးတယ်၊ သူ ငယ်သွားလဲတာ နည်းနည်းတောင် စောတယ်နော်၊ မူကြိုမှာ ဒါပထမဦးဆုံးပဲ..."

ဝိုင်းကြည့်နေကြသည့် မျက်လုံးဝိုင်းလေးများ အလယ်မှာ စောစောက သား၏ဂုဏ်ယူ ဝင့်ကြွားဟန်ကို ပြန်မြင်လိုက်သည်၊ အားလုံးထက်စောပြီး သွားတစ်ချောင်း ကျိုးသည့်အဖြစ်က သူ့အတွက် ဂုဏ်ယူကျေနပ်စရာ တစ်ခုဆိုတာ ကျနော် နားလည်နိုင် ပါသည်၊ ကြီးရင့်ခြင်း၏ လှေကားတစ်ထစ်ကို တက်လှမ်းလိုက်နိုင်သည့် သဘော...၊ သူ့ သွားကလေး နဲ့လာသည်ကို စပြီးသတိပြု မိတော့ ငယ်သွားလဲခြင်း ဆိုင်ရာများကို လှန်လှောဖတ်ရှုမိသည်၊ ကလေးအသက် လေးနှစ်ခန့်မှ စပြီး ခြောက်နှစ်၊ ခုနစ်နှစ်၊ ရှစ်နှစ်.. ငယ်သွားလဲသည့် အသက်အပိုင်းအခြားက ကလေးတစ်ယောက်နှင့်တစ်ယောက် မတူကြ၊ သားကတော့ အခု လေးနှစ်ခွဲမှာ ပထမဦးဆုံး သွားကလေး ကျိုးသွားခဲ့တာ ဖြစ်သည်၊ ဆရာမလေး တစ်ယောက်က စက္ကူတစ်ရွက်ဖြင့် ထုပ်ပေးလိုက်သည့် သူ့သွားကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အိမ်အပြန်လမ်းမှာ သားက ပျော်ရွှင်နေခဲ့သည်၊ ထိုပျော်ရွှင်မှုက သူ စာတွေ့သိခဲ့ရသော အကြောင်းအရာ တစ်ခုကို လက်တွေ့သိခွင့် ကြုံရတော့မည့် အတွက်ကြောင့်လည်း ဖြစ်သည်၊

"ပါပါး..ညကျရင် ကြွက်ကလေး တကယ်လာမှာလားဟင်..."

နှစ်ရက်တစ်ခါလောက် ကျနော်တို့ ဖတ်ပြနေရသည့် ပုံပြင်ထဲမှ ကြွက်ကလေးကို သားက သတိရနေခဲ့သည်၊ ပုံပြင်ထဲမှာ ဇာဇာ ဆိုသည့် ကောင်မလေးက ရှေ့သွားလေးတစ်ချောင်း ကျိုးသွားသည်၊ ထိုနေ့ည အိပ်သောအခါ ဇာဇာက သူ့သွားကလေးကို ခေါင်းအုံးအောက်ထဲမှာ ထားပြီး အိပ်သည်၊ ညလယ်မှာတော့ ကြွက်ကလေး ရောက်လာပြီး ဇာဇာရဲ့ သွားကလေးကိုယူကာ ပိုက်ဆံ အကြွေတစ်စေ့ကို သွားအစား ပြန်ထားခဲ့သည့် အကြောင်းဖြစ်သည်၊

အမှန်တော့ ထိုပုံပြင်သည် ဥရောပရှိ မိသားစုများအကြားမှာ ကျင့်သုံးလေ့ရှိသည့် ဓလေ့ထုံးတမ်းတစ်ခုကို အခြေခံလျက် ပြန်ရေးထားခြင်း ဖြစ်သည်၊ မိသားစုထဲမှ ကလေးတစ်ယောက် ပထမဦးဆုံး သွားကျိုးသည့်အခါ ၎င်းသွားကို ခေါင်းအုံးအောက်မှာ ထားအိပ်ရန်၊ ထိုအခါ ညဥ့်လယ်မှာ ကြွက်ကလေးတစ်ကောင် ရောက်လာပြီး အကြွေတစ်စေ့နှင့် သွားကို လဲလှယ်ယူသွားလိမ့်မည် ဆိုသည့်အကြောင်း မိဘများက ကလေးကို ပြောကြလေ့ ရှိသည်၊ တကယ်တမ်း ကလေးအိပ်ပျော်သွားသည့်အခါ အဖေ သို့မဟုတ် အမေ တစ်ယောက်ယောက်က ခေါင်းအုံးအောက်မှ သွားကလေးကိုယူပြီး သူ့နေရာမှာ အကြွေစေ့လေး ထားပေးကြသည်၊ ထိုသို့သောအားဖြင့် မိုးလင်းတော့ ကလေးတိုင်းက သူ့တို့ သွားကလေး အတွက် ရလိုက်သည့် ပိုက်ဆံအကြွေလေးကို ကြည့်ပြီး ဝမ်းသာပျော်မြူး သွားတတ်ကြပါသည်၊

ဤဓလေ့ထုံးစံက ၁၇ ရာစုတုန်းက အစဉ်အဆက် ပြောခဲ့ကြသည့် ပုံပြင်တစ်ပုဒ်မှ ဆင်းသက်လာခဲ့သည်ဟု ဆိုသည်၊ Baronne d'Aulnoy ဆိုသည့် စာရေးဆရာမ တဖြစ်လဲ ပြင်သစ်မြို့စားကတော် ရေးခဲ့သည့် 'သဘောကောင်းသော ကြွက်ကလေး' ဆိုသည့် ပုံပြင်ဖြစ်သည်၊ ပုံပြင်ထဲမှာ နတ်သမီးတစ်ပါးက ကြွက်ကလေးအဖြစ် အသွင်ပြောင်းပြီး ဆိုးညစ်လှသော ဘုရင်ကြီး၏ ခေါင်းအုံးအောက်ထဲ ဝင်ပုန်းရင်း သူ့သွားတွေကို ကျိုးစေခဲ့သည်၊ ၁၇ ရာစု ပုံပြင်ထဲမှ ကြွက်ကလေးက ဒီနေ့ခေတ်မှာတော့ ကျိုးသွားသည့် ငယ်သွားများကို ပိုက်ဆံဖြင့် လဲလှယ်ဆုချသည့် အကျိုးတော်ဆောင် ဖြစ်လို့နေသည်၊ ဒါဖြင့် သည်ဓလေ့ထဲမှာ ပိုက်ဆံအကြွေစေ့က ဘယ်လိုကြောင့် ပါလာခဲ့ရသလဲ၊ ကျိုးသွားခဲ့သော ပထမဦးဆုံး သွားကလေးအတွက် ဝမ်းနည်းထိတ်လန့်စွာဖြင့် အိပ်ရာဝင်သွားရသော ကလေးငယ်များကို နှစ်သိမ့်အားပေးချင်သည့် မိဘများ၏ စိတ်ကူးဥာဏ် ကွန့်မြူးမှုတစ်ခုများ ဖြစ်လေမည်လားဟု ကျနော် တွေးတောကြည့်မိ ပါသည်၊

"အေးပေါ့သားရာ...၊ အတိအကျတော့ မပြောတတ်ဘူးကွ၊ ဒါပေမယ့် ပုံမှန်အတိုင်းဆိုရင်တော့ လာရမှာပဲ..."

ကျနော်က သားကို မတင်မကျ ပြန်ဖြေရင်း တဆက်တည်း ပိုက်ဆံအိတ်ထဲမှာ အကြွေစေ့ ဘယ်လောက်များ ရှိနေနိုင်သလဲဟု တွက်ချက်စဉ်းစား နေမိသည်၊ သားကဆက်ပြီး 'သားသား သွားကျိုးတာကို အဲဒီကြွက်က ဘယ်လိုများ သိသွားတာလဲ' ဟု ကျနော့်ကို မေးသလိုလို၊ သူ့ဟာသူ တစ်ကိုယ်တည်း ပြောသလိုလို လုပ်နေပြန်သည်၊ သည်မေးခွန်းက အင်မတန် အန္တရာယ် များလှသည့်မေးခွန်း...၊ မဖြေတတ်လျှင် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်သည် ဆိုတော့ ကျနော်ကလည်း မကြားသလိုလို လုပ်နေလိုက်ရသည်၊ သားကို ဖတ်ပြရသော ပုံပြင်စာအုပ်မှာ ကျိုးသွားသော ငယ်သွားလေးထည့်ဖို့ စက္ကူဗူးလေး တစ်ခုလည်း ပါသည်၊ စက္ကူဗူးလေးကို စာအုပ်မျက်နှာဖုံးမှာ အပေါက်ဖောက်ပြီး ထည့်ထားခြင်း ဖြစ်သည်၊ ထိုစာအုပ်ကို သူ လေးနှစ်ပြည့်ပြီးသည့် အချိန်လောက်မှာ မအိမ်သူက ဝယ်လာခဲ့ခြင်း ဖြစ်သော်လည်း ရံဖန်ရံခါသာ ဖတ်ပြဖြစ် ခဲ့သည်၊ ယခု သူ့သွားကလေး နဲ့လာသည့် အချိန်မှစ၍ ရက်ခြားဆိုသလို ညအိပ်ရာဝင်တိုင်း ဖတ်ပြဖို့ သားက ပူဆာသည်၊ ဒါက မကြာခင်မှာ သူ မလွဲမသွေ ကြုံလာရမည့် ကြီးထွားခြင်းဖြစ်စဉ် တစ်ရပ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်းဖြစ်လို့ ကျနော်တို့ကလည်း သူ တောင်းဆိုတိုင်း ဖတ်ပြခဲ့ ပါသည်၊ ယခုမူ ပထမဦးဆုံး ငယ်သွားလေးက သူ့လက်ထဲမှာ...၊

ညအိပ်ရာဝင်ချိန် မှာတော့ ပုံပြင်ထဲမှ ဇတ်လိုက်ကျော် ကြွက်ကလေးအကြောင်း တွေးပြီး သားက စိတ်လှုပ်ရှားနေပုံ ရသည်၊ သွားကလေးကို စက္ကူဗူးလေးထဲထည့်၊ စက္ကူဗူးကို ခေါင်းအုံးအောက်မှာ ထားပြီး မေးခွန်းတွေ မေးနေခဲ့သည်၊ ဘယ်အချိန်လာမှာလဲ၊ သူ့သွားလေးကို တွေ့မှတွေ့ပါ့မလား၊ ပိုက်ဆံကော တကယ်ပေးမှာလား၊ တပြိုင်တည်းမှာပဲ အတွေ့အကြုံသစ် အတွက် သူ့မျက်နှာပေါ်မှာ ပျော်ရွှင်ခြင်းတွေကို တွေ့နေရသည်၊ မနက်မိုးလင်းတော့ သားက စက္ကူဗူးလေးကိုင်ပြီး ကျနော်တို့ဆီ ရောက်လာခဲ့သည်၊ မျက်နှာက ပြုံးစေ့စေ့နှင့်...၊

"ကြွက်ကလေး လာသွားလား သား..."

"လာသွားတယ်၊ ပိုက်ဆံတွေ အများကြီး ပေးသွားတယ်"

ပြောပြောဆိုဆိုနှင့် အကြွေစေ့တွေကို ဗူးကလေးထဲမှ ထုတ်ပြီး ရေတွက်ဖို့ ပြင်သည်၊

"Un, deux, trois, ..."

"သား မြန်မာလို ရေလေ..."

ကျနော်က သူပြင်သစ်လို ရေတွက်နေတာကို ဖြတ်ပြောလိုက်၍ တစ်နှစ်သုံးဟု ပြန်ရေသည်၊ ဗူးလေးထဲမှာက အကြွေစေ့လေး ငါးစေ့..၊

"ကြွက်ကလေးက ဘာဖြစ်လို့ ငါးခုတောင် ပေးသွားတာလဲ ပါပါး..."

ဝမ်းသာကျေနပ်ခြင်းနှင့် အတူ နားမလည်နိုင်သည့် အရိပ်အယောင်ကို သားမျက်နှာမှာ တွေ့ရသည်၊ အကြွေစေ့တွေ အများကြီး ရလိုက်တာက သူ့အတွက် ပဟေဠိ ဖြစ်စရာ...၊

"ကြွက်ကလေးက သဘောကောင်းလို့ ထင်တယ်ကွ၊ ဘာပဲဖြစ်ဖြစ် သား ပိုက်ဆံတွေ အများကြီးရတော့ ကောင်းတာပေါ့..."

မျှော်လင့်မထားသော မေးခွန်းမို့ အဆင်ပြေအောင် ကြည့်ဖြေလိုက်ရသည်၊ ညတုန်းက သားလည်းအိပ်၊ မအိမ်သူလည်း အိပ်ရာဝင် သွားချိန်မှာ ကျနော်တစ်ဦးတည်း ကြွက်ယောင်ဆောင်ခဲ့ခြင်း ဖြစ်သည်၊ သူ့ရဲ့ ဝက်ရုပ်စုဗူးလေးထဲမှာ ထည့်စရာ အကြွေတွေ များပါစေတော့ ဟူသည့်စေတနာဖြင့် တစ်ဖရန့်တန် အကြွေငါးစေ့ကို ဗူးကလေးထဲ ကျနော်ထည့်ထား ပေးခဲ့သည်၊ ယခုမူ ကျနော်၏ အကြွေစေ့တွေက ယုတ္တိဗေဒနှင့် ကင်းလွတ်သွားစေပြီလား၊ သား ဟိုဖက်လှည့်သွားချိန်မှာ မအိမ်သူက အနားကပ်ပြီး အသံတိုးတိုးဖြင့်...

"ဘာဖြစ်လို့ အများကြီး သွားထည့်ရတာလဲ၊ တစ်စေ့ဆို တော်ရောပေါ့၊ အခု သားက သူ့စာအုပ်ထဲကလို အကြွေတစ်စေ့ပဲ မဟုတ်လို့ ဇဝေဇဝါ ဖြစ်သွားတာ..."

ခဏနေတော့ သား၏ဇဝေဇဝါ ဖြစ်မှုက ပျောက်သွားပြီး အကြွေစေ့များနှင့်သာ ပျော်နေတော့သည်၊ အဲဒီနေ့ မနက်ခင်းမှာ သားက အကြွေစေ့ငါးစေ့ ရလိုက်သလို ကျနော်ကလည်း မျက်စောင်းတစ်ခု ရခဲ့သည်...၊


                +++++++++++++++++++++++++++++++++++++++++++++++++++++++++





လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်တုန်းက သားရဲ့ ဒုတိယမြောက် ငယ်သွားလေး ကျိုးသွားခဲ့ပြန်သည်၊ ပထမတုန်းကလို အရှေ့ဖက် အောက်သွားလေးပဲ ဖြစ်သည်၊ ဒီတစ်ခေါက်မှာတော့ ညအိပ်ရာဝင်ချိန်မှာ သားက သန္နိဌာန်ချထားပုံဖြင့် ဆိုသည်၊

"ဒီည သားသား မအိပ်တော့ဘူး၊ ကြွက်ကလေး ဘယ်လိုလာသလဲဆိုတာ စောင့်ကြည့်မယ်..."

ပထမပိုင်းမှာ အတော်လေး အားတင်းထားပေမယ့် နောက်ဆုံးမှာတော့ တဖြေးဖြေးနှင့် မှေးစင်းလေးလံ လာသည့် မျက်လုံးများကို မဖွင့်နိုင်တော့ဘဲ သူ အိပ်ပျော်သွားခဲ့သည်၊ ထိုအခါကျမှ ဒုတိယမြောက် ငယ်သွားလေးကို ကြွက်ကလေးက လာယူသွားတော့သည်၊ သည်အခေါက်မှာတော့ ဗူးထဲမှာ ထားခဲ့သည့် အကြွေစေ့က တစ်စေ့တည်း...၊

သား၏ သွားကလေးများကို ကြည့်ရင်း ကျနော်ငယ်စဉ်ကကော ငယ်သွားလဲချိန်မှာ ဘာလုပ်ခဲ့သလဲဟု စဉ်းစားနေမိသည်၊ တစ်ခေါက်မှာတော့ အဖေက သွားကလေးကို အိမ်ခေါင်မိုးပေါ် ပစ်တင်ဖို့ ပြောသည်ထင်၏ ပထမဦးဆုံး ကျိုးသည့်ငယ်သွား အတွက်လား၊ ဒါမှမဟုတ် နောက်ပိုင်း သွားတွေလား၊ ကျနော်ကကော...၊ သွားကလေးကို ပစ်ခဲ့သလား၊ မသေချာပါ၊ 'ကြွက်သွားလေးတွေလို ညီညီညာညာ သွားဖြူဖြူလေးတွေ ပေါက်လာဖို့ ဆုတောင်းပြီးမှ လွှင့်ပစ်ရတယ်'ဟုလည်း အဒေါ်တစ်ယောက်ယောက်က ပြောဖူးသလိုလို...၊ ဒါလည်း မသေချာ...၊ လွန်ခဲ့သော ဆယ်စုနှစ် သုံးခုကျော်မှ သွားကလေးများအကြောင်း ပြန်တွေးရသည်မှာ မှုန်ဝါးဝေသီ လွန်းလှပါသည်၊

သား၏ ပထမဦးဆုံး သွားကလေး မကျိုးခင်က ကျနော်နှင့်မအိမ်သူတို့ တိုင်ပင်ဖြစ်ကြသည်၊ အဆိုပါ ငယ်သွားလေးနှင့် ပတ်သက်ပြီး သား၏ ဘဝထဲကို ကြွက်ကလေးတစ်ကောင် ဝင်လာစေမည်လား၊ ဒါမှမဟုတ် ဒီအတိုင်းပဲ ရိုးရိုးတန်းတန်း ဖြတ်ကျော်သွားမလား..၊ စင်စစ် ကြွက်ကလေး ဇတ်လမ်းသည် လုပ်ကြံဖန်တီးမှု သက်သက်သာ ဖြစ်သောကြောင့် သားအပေါ် လှည့်စားမိသလို ဖြစ်မည်လားဟု ကျနော် အနည်းငယ် စိုးရိမ်မိသေးသည်၊ သို့သော် သူ့ဘဝတစ်ခုလုံးနှင့် ယှဉ်လျှင် ဤအဖြစ်သည် အရေးမကြီးလှပါ၊ သား၏ ရုပ်ခန္ဓာ ပြောင်းလဲသည့် ဖြစ်စဉ်မှာ တွန်းအားပေးသည့် အနေနှင့် ကြွက်ကလေးက အသုံးဝင်နိုင်ပါသည်၊ ပြီးတော့ အခြားသော မိဘများလိုပင် ကျနော်တို့က လှည့်စားဖို့ ရည်ရွယ်သည်မဟုတ်..၊ သား၏ စိတ်ကူးဥာဏ် ကွန့်မြူးစေဖို့ ခဏတာ ဖန်တီးခြင်းသာ ဖြစ်ပါသည်၊ တစ်ချိန်မှာတော့ မလွဲမသွေကို သူသိသွားလိမ့်မည်၊ သူ့ဟာသူ မသိလျှင်လည်း ကျနော်တို့ကပဲ ပြောပြဖြစ်ပါလိမ့်မည်၊ ထိုအခါ သား၏ ခေါင်းအုံးအောက်ကို ကြွက်ကလေးတစ်ကောင် မည်သို့ရောက်လာသည် ဆိုသည့်အကြောင်း ပြန်ပြောင်းပြောရင်း ကျနော်တို့ ရယ်မော မိကြလိမ့်မည် ထင်သည်၊ လောလောဆယ်မှာတော့ သူ့သွားကလေး နှစ်ချောင်းကို သိမ်းထားသည့် ကြွက်ကလေးအကြောင်း သားကို မသိစေချင်ပါ၊ သူ့ပတ်ဝန်းကျင်မှ အခြားကလေးများနည်းတူ ဧည့်သည်ကြွက်ကလေးအကြောင်း လွတ်လပ်ဖြူစင်စွာဖြင့် စိတ်ကူးယဉ်ရင်း အံ့သြဝမ်းသာ နေစေချင်ပါသည်။ ။


ညီလင်းသစ်
၁၈ နိုဝင်ဘာ၊ ၂၀၁၂

11 November 2012

ပြိုင်ဖက်... (Behind the picture)


ပြီးခဲ့တဲ့ ပို့စ်အတွက် သုံးတဲ့ ဓါတ်ပုံကို ဘယ်လိုမျိုး ရိုက်ခဲ့လဲဆိုတာ စိတ်ဝင်စားသူတွေ အတွက် ဝေမျှချင်ပါတယ်၊ အဲဒီပို့စ်ကို စရေးတဲ့ အချိန်မှာပဲ သရုပ်ဖော်ပုံအတွက် ကြက်တောင်နဲ့ဘက်တံ (racket) ကို ဓါတ်ပုံလေးတစ်ပုံ ရိုက်မယ်လို့ တွေးမိတယ်၊ အဲဒီလို တွေးပြီး သရုပ်ဖော်ပုံတော့ ရပြီဆိုပြီး အေးအေးဆေးဆေးပေါ့၊ ဒါပေမယ့် မအားမလပ်နဲ့ ပို့စ်က နှစ်ရက်လောက် ခွဲရေးနေတုန်းမှာ ဓါတ်ပုံနဲ့ ပတ်သက်ပြီး စိတ်ကူးကတစ်မျိုး ပြောင်းသွားတယ်၊ ကြက်တောင်နဲ့ဘက်တံကို ဒီလိုပဲ ကြမ်းပြင်ပေါ်ချ ရိုက်တာနဲ့စာရင် အသွင်တစ်မျိုးနဲ့ စမ်းကြည့်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးပါ၊ ဥပမာ-လေထဲမှာ မြောက်နေတဲ့ ကြက်တောင်ကို ဘက်တံနဲ့ ထိကာနီးဆဲဆဲ ပုံစံမျိုးပေါ့၊ ကြက်တောင်ရော ဘက်တံပါ သီးခြားကင်းလွတ်နေတဲ့အခါ 'အက်ရှင်' ကို ပိုပေါ်လွင်စေမယ်လို့ ထင်တာလည်း တစ်ကြောင်းပါ၊ အဲဒီလိုနဲ့ အောက်က set-up အတိုင်း ရိုက်ခဲ့ပါတယ်...၊


ပထမဦးဆုံး လေထဲက ကြက်တောင်အတွက် ကြက်တောင်ကို အပ်ချည်ကြိုးအမည်းနဲ့ ချည်ပါတယ်၊ အပ်ချည်ရဲ့ အခြားဖက် တစ်စကိုတော့ lightstand ထိပ်မှာတပ်ထားတဲ့ ထီးမှာချည်တယ်၊ ဘက်တံအတွက်ကတော့ လွယ်ပါတယ်၊ ထရိုင်ပေါ့ထ်မှာ ညှပ်ထားလိုက်ရုံပါပဲ၊ ပြီးတော့မှ DIY snoot တပ်ထားတဲ့ flash ကိုသုံးပြီး ဘက်တံနဲ့ကြက်တောင် နှစ်ခုတည်း အပေါ်မှာပဲ ကွက်ကွက်လေး အလင်းပေးပြီး ရိုက်ပါတယ်၊

ကင်မရာ ဆက်တင်အပိုင်းကတော့ manual mode မှာထားပြီး shutter speed ခပ်မြန်မြန်၊ aperture အလင်းတံခါး ခပ်ကျဉ်းကျဉ်းနဲ့ ရိုက်ရုံပါပဲ၊ တကယ်တမ်း ရိုက်ကြည့်တော့ ကျနော်ထင်ထားတာထက် လွယ်တာတွေ့ရတယ်၊ အလင်းပေးပုံကလည်း light source တစ်ခုတည်းနဲ့ ညာဖက်က ပေးထားတာဖြစ်လို့ စတူဒီယို တွေမှာလို ဘယ်ညာ အလင်းချိန်ညှိတာလည်း မလိုပါဘူး၊ ဒီဓါတ်ပုံလေးက စိတ်ဝင်စားစရာ ကောင်းတယ်ဆိုရင်တော့ အဲဒီလို ဖြစ်အောင်လုပ်တဲ့ အဓိကအချက်က ၂ ခုပဲ ရှိပါတယ်၊ ကင်မရာရဲ့ အလင်းတံခါးကို ကျဉ်းကျဉ်းလေးပဲ ဖွင့်တာရယ် flash အလင်းကို နေရာသေးသေးလေးမှာပဲ ပေးထားတာ ဖြစ်ပါတယ်၊ ကင်မရာရဲ့ အလင်းတံခါးက ကျဉ်းလွန်းလို့ ဘေးပတ်ဝန်းကျင်က မဆိုင်တဲ့ အရာတွေကို မမြင်ရတော့တဲ့ အချိန်မှာ flash ရဲ့ အလင်းတန်း ရှည်မျောမျောလေးက ကြက်တောင်နဲ့ဘက်တံကို ရုန်းကြွလာစေခဲ့တာ ဖြစ်ပါတယ်၊


ဒီပုံကတော့ နောက်ဆုံးဇကာတင် အဆင့်ထိ ရောက်လာပြီးမှ ပြုတ်ကျန်ခဲ့တဲ့ ပုံဖြစ်ပါတယ်၊ ဒီပုံကို ကျနော်မရွေးခဲ့တာက ကြက်တောင်က ဘယ်ဖက်လှည့်နေလို့ပါ၊ ဒီပုံတွေကို ရိုက်ဖို့လုပ်နေတုန်း ရယ်စရာကောင်းတာ တစ်ခုက အပ်ချည်ကြိုးနဲ့ ချည်ထားတဲ့ ကြက်တောင်ဟာ တချိန်လုံး လည်နေတာပါ၊ အခန်းထဲမှာ လေလည်းမတိုက်ပါဘဲနဲ့ ကြက်တောင်က မော်ဒယ် မိန်းမပျိုလေးတွေလို ဘယ်လှည့်လိုက်၊ ညာလှည့်လိုက် အိုက်တင်အပြည့်နဲ့ ဓါတ်ပုံအရိုက်ခံနေ ခဲ့တယ်...၊ အဲဒီ ကြက်တောင်စည်းနဲ့ မော်ဒယ်မလေးက flash ဖက်ကို လှည့်လိုက်တဲ့အခါ အလင်းဟာ ကြက်တောင်အထဲထိဝင်ပြီး ကြက်တောင်မွှေးလေးတွေ တစ်ခုနဲ့တစ်ခုထပ်နေတဲ့ အရိပ်လေးတွေပါ ပေါ်စေလို့ (ကျနော့်ရဲ့ အမြင်) ပိုလှပါတယ်၊ 'ပြိုင်ဖက်'ပို့စ်မှာသုံးထားတဲ့ ပုံက အဲဒီလို ပုံမျိုးပါ၊ အခု ဒီအပေါ်ကပုံမှာတော့ ကြက်တောင်က ဘယ်ဖက်လှည့်နေတဲ့အတွက် အဲဒီလို အရိပ်လေးတွေ မတွေ့နိုင်ဘူး၊ ဒါ့ကြောင့်ပဲ ဒီပုံဟာ ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရတာ ဖြစ်ပါတယ်...၊ ဒီပို့စ်က နည်းစနစ်တွေအကြောင်း နည်းနည်းပြောတဲ့ပို့စ် ဖြစ်တာနဲ့အညီ ကင်မရာနဲ့ဖလက်ရှ်ရဲ့ Exif ကိုလည်း ဖော်ပြလိုက်ပါတယ်၊ ပြီးခဲ့တဲ့ ပို့စ်ကပုံနဲ့ ဒီပုံနှစ်ခုလုံးအတွက် Exif က အတူတူပါပဲ...၊

Camera: Canon 5D mark II
Lens: Canon EF 50mm f/1.4 USM
Focal length: 50 mm
Aperture: f/8
Speed: 1/200
ISO: 100
Strobist: Canon Speedlite 580Ex II, snooted, camera right, power 1/8, zoomed to 24mm

ကျနော့်ရဲ့ ကြိုကြားကြိုကြား စာလေးတွေ၊ ပုံလေးတွေကို လာအားပေးကြတဲ့ ဘလော့ဂ်ရေးဖော် ညီအစ်ကိုမောင်နှမ တွေနဲ့တကွ စာဖတ်သူ အယောက်တိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်...။ ။


ညီလင်းသစ်
၁၁ နိုဝင်ဘာ၊ ၂၀၁၂

05 November 2012

ပြိုင်ဖက်...





‘အဆင်ပြေမယ်ဆိုရင် ကျနော်တို့နဲ့ နှစ်ယောက်တွဲပွဲ ကစားလို့ ရမလား...’

လှည့်ကြည့်လိုက်တော့ မကြာခဏ မြင်နေကျ မျက်နှာတစ်ခု...၊ ကျနော်တို့ ကစားလက်စကွင်းမှာ သူတို့ပါ ဝင်ပြီး ကစားနိုင်မလား ဆိုတဲ့သဘော...၊ အဲဒါနဲ့ ကျနော်ပေးရမယ့် ဆားဗစ်ကို မစသေးဘဲ ပိုက်တစ်ဖက်က ဒေါမနစ်ဆီကို လှမ်းကြည့်လိုက်တယ်၊ ဒေါမနစ်က ‘လုပ်လေ’ ဆိုတဲ့ သဘောနဲ့ ခေါင်းဆတ်ပြတယ်၊ ကျနော်ကလည်း ‘ရပါတယ်၊ ဒါပေမယ့် ဒီပွဲတော့ အပြီးဖြတ်လိုက်ဦးမယ်ဗျာ’ လို့ဆိုတော့ ဟိုလူနှစ်ယောက်က ‘ဟာ.. လုပ်ပါ၊ လုပ်ပါ’ ဆိုပြီး ကွင်းဘေးနားမှာ ရပ်နေကြတယ်၊ ကျနော်နဲ့ ဒေါမနစ်နဲ့ ကစားလက်စ တစ်ဦးချင်းပွဲကို ဆက်ကစားတယ်၊ ပွဲပြီးဖို့ သုံးလေးမှတ်လောက်ပဲ လိုတော့တာ ဆိုတော့ ခဏအကြာမှာပဲ ပြီးသွားတယ်၊ ဒီတော့မှ ခုနက ကွင်းဘေးမှာ ရပ်နေတဲ့ ပုဂ္ဂိုလ်နှစ်ယောက်လည်း ကွင်းထဲကို ဝင်လာကြတယ်၊ ပွဲမစမီ သွေးပူလေ့ကျင့်ခန်း အနေနဲ့ ကျနော်တို့ ကြက်တောင်ကို ဟိုဖက်ဒီဖက် အပြန်အလှန်ရိုက်ပြီး စ,လိုက်ကြတယ်...၊

ကျနော်အလုပ်လုပ်တဲ့ နေရာက အားကစားရုံမှာ ကြာသပတေးနေ့၊ နေ့လယ်ထမင်းစားချိန်တိုင်း ကျနော်တို့ ကြက်တောင်ရိုက် ကြပါတယ်၊ တခြား လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ ရှိရင်ရှိသလို တခါတလေ လူများတတ်ပေမယ့် အမြဲပုံမှန်ကတော့ ကျနော်နဲ့ ဒေါမနစ် ပါပဲ၊ သူနဲ့ ကစားတဲ့ အကြောင်းကို တစ်ခါတုန်းက ဒီမှာ ရေးခဲ့ဖူးပါတယ်၊ အားကစားရုံမှာ ကြာသပတေးနေ့ နေ့လယ်က ကြက်တောင်အတွက် သီးသန့်အချိန် ပေးထားပြီး ကွင်း ၁၂ ကွင်းရှိတယ်၊ ဒါပေမယ့် ကြက်တောင်လာရိုက်ကြတဲ့ ကျနော်တို့လို ဝန်ထမ်းတွေ၊ ဆရာတွေ၊ ကျောင်းသားတွေ များလို့ အဲဒီ ၁၂ ကွင်းလည်း ပြည့်တာပါပဲ၊ အစမှာတော့ ကျနော်တို့ တစ်ဦးချင်းပွဲ ကစားလို့ရပေမယ့် နောက်ပိုင်း လူများလာတဲ့အခါ အခုလိုပဲ နှစ်ယောက်တွဲ ပွဲတွေနဲ့ ကွင်းကို မျှပြီး ကစားရပါတယ်၊ အဲဒါဟာ ခုနက လူနှစ်ယောက်ကို သိဖို့ဖြစ်လာတာ ပါပဲ၊

သူတို့နှစ်ယောက် ကစားတာ တော်တော့်ကို ကောင်းတယ်၊ နှစ်ယောက်ထဲမှာမှ အင်္ကျီအပြာနဲ့ လူက ပိုပြီးသွက်တယ်၊ သူ့နာမည်ကို ကျနော် မသိဘူး၊ တွေ့လိုက်ရင် အမြဲတမ်း အဲဒီအင်္ကျီအပြာပဲ ဝတ်လေ့ရှိလို့ ကျနော်က အင်္ကျီအပြာနဲ့လူလို့ ခေါ်တယ်၊ ပုံစံကြည့်ရတာတော့ မာစတာတန်း ဒါမှမဟုတ် ပါရဂူတန်း တက်နေတဲ့ ကျောင်းသားနဲ့ တူတာပဲ၊ သူ့ရဲ့ smash တွေက ပိုပြင်းတယ်၊ ပထမဦးဆုံး ကစားတဲ့ ပွဲမှာပဲ သူတို့ရဲ့ အရည်အချင်းကို ကောင်းကောင်းသိလိုက်ရတယ်၊ ဆားဗစ်ပေးပုံ ပေးနည်း၊ ကြက်တောင်ကို အထောင်ရိုက်ပုံ၊ smash ရိုက်ချပုံ၊ ပိုက်ကျော်ရုံ ချပေးနည်း၊ ခြေထောက် အသိမ်းအနှုတ်၊ အတက်အဆုတ်... အားလုံးက သေသေသပ်သပ်နဲ့ တကယ့်ကို အသားတကျ...၊ အဲဒီအချိန် ကျနော်နဲ့ ဒေါမနစ်ကတော့ သူတို့နဲ့ ဆန့်ကျင်ဖက်...၊ ပညာနဲ့ ကစားဖို့ အသာထား၊ ကလေးတွေ ကစားသလို ကြက်တောင်နောက်ကို အမောတကောနဲ့ ပြေးလိုက်နေရတယ်၊ ဆားဗစ်ပေးပြန်တော့လည်း ကြက်တောင်ကို ဒီလိုပဲ အထောင်ပေးမိလို့ ပိုက်တဖက်က ပြိုင်ဖက်အတွက် ရိုက်ချဖို့ တကယ့်ကို အနေတော်..၊ ဒီကြားထဲ ပိုဆိုးတာက ကျနော်တို့က နှစ်ယောက်အတူ သိပ်မကစားဖူးဘူး၊ ဆိုတော့ အပေးအယူ မျှတယ် ဆိုတာ မရှိဘဲ လွတ်ကွက်၊ ဟာကွက်တွေက အများကြီး..၊ အဲဒီလိုနဲ့ ကစားလိုက်တာ ဘာပြောကောင်းမလဲ၊ တချိန်လုံး တဖုန်းဖုန်းနဲ့ ရိုက်ချ ခံနေရတဲ့အပြင် ကြက်တောင်ဆိုတာလည်း ကျနော်တို့ကွင်းရဲ့ ကြမ်းပြင်ပေါ်ကနေကို မတက်ဘူး...၊

နောက်ပိုင်းကျမှ ဒီလူနှစ်ယောက်က နှစ်ယောက်တွဲပွဲတွေချည်းပဲ လိုက်ကစားလေ့ ရှိတာ သတိထားမိတယ်၊ ကျနော်တို့တင် မကဘဲ တခြားတွေ့သမျှ လူတွေနဲ့ ကစားတယ်၊ အဲဒါကြောင့် သူတို့နှစ်ယောက်က အချိတ်အဆက်မိသလို အတွေ့အကြုံတွေ ရှိနေတာကိုး၊ အဲဒီ ပထမဆုံးပွဲရဲ့ နောက်ပိုင်းမှာလည်း ကြုံရင်ကြုံသလို သူတို့က လာလာကစားတယ်၊ ကစားတိုင်းလည်း ကျနော်တို့ကချည်း အရှုံး..၊ ဘယ်လိုကစား ကစား နိုင်ဖို့ဆိုတာ တစ်ခါမှတောင် အရိပ်အယောင် မမြင်ရဘဲ အရှုံးသက်သက်နဲ့သာ တချိန်လုံး တွေ့နေရတဲ့အခါ နည်းနည်းတော့ စိတ်ဓါတ်ကျသလို ဖြစ်မိတယ်..၊ ကျနော်တို့ ဘယ်လောက်ရှုံးရှုံး၊ အမှတ်ဘယ်လောက်ကွာကွာ၊ ဒီလူနှစ်ယောက်ကတော့ မညှာဘူး၊ ရိုက်ချစရာ ရှိရင် အားမနာစတမ်း smash ပဲ..၊ ဆိုတော့လည်း ရှုံးသူတို့ ပြောလေ့ရှိတဲ့ ‘အရှုံးအနိုင်က ပဓာန မကျပါဘူးကွာ၊ ယှဉ်ပြိုင်ခြင်းသာ အဓိကပါ’ ဆိုတာက ကျနော်တို့ရဲ့ လက်သုံးစကား ဖြစ်လာရတယ်..၊

ဒီလူတွေနဲ့ မတွေ့တာ အတော်ကြာနေပြီ၊ အခုဒီနေ့မှ ပြန်တွေ့တာ...၊ ထုံးစံအတိုင်း ကွင်းတွေအားလုံးကလည်း အပြည့်..၊ အမှန်အတိုင်း ပြောရရင် ကျနော်သူတို့နဲ့ သိပ်မကစားချင်ဘူး၊ ကစားရမယ့် ပြိုင်ဖက်က သူတို့ဖြစ်နေတဲ့ အပြင် ကျနော်ကလည်း ဒီနေ့မှ ခါးနာနေတယ်၊ ဒါပေမယ့် ငြင်းဖို့ကလည်း မကောင်းဘူး၊ ကွင်းတိုင်းမှာ နှစ်ယောက်တွဲပွဲတွေနဲ့ မျှပြီး ကစားနေကြချိန်မှာ ကိုယ်တွေကပဲ တစ်ဦးချင်းပွဲ ကစားနေရင် နည်းနည်း တစ်ကိုယ်ကောင်းဆန်ရာ ကျမှာပေါ့၊ ဒီလိုနဲ့ သွေးပူလေ့ကျင့်ခန်း ပြီးတော့ ပွဲစတယ်၊

ကျနော်တို့က အရင် ဆားဗစ်ရတယ်၊ ဟိုးအရင်အချိန်နဲ့ စာရင်တော့ ကျနော်တို့နှစ်ယောက် နည်းနည်းပိုပြီး အတွေ့အကြုံ ရှိလာပြီလို့ ပြောလို့ရတယ်၊ ကွင်းမှာ လူပြည့်တိုင်း နှစ်ယောက်တွဲပွဲတွေ ကစားနေကြ ရတာကိုး၊ ကျနော်က ကြက်တောင်ကို ပိုက်ကျော်တယ် ဆို ရုံကလေး ကပ်ပြီး ချပေးလိုက်တယ်၊ မျက်နှာချင်းဆိုင် ဓါးလွယ်ခုတ် နေရာမှာ ဆားဗစ်ကို လက်ခံတာက အင်္ကျီအပြာနဲ့လူ..၊ ပိုက်ကျော်ရုံ လေး ကပ်ပြီး ဝင်လာတဲ့ ကြက်တောင်ကို သူက ဆားဗစ်လိုင်း မကျော်ဘူးထင်ပြီး မရိုက်ဘဲ လွှတ်ပေးလိုက်တယ်၊ ဒါပေမယ့် ကြက်တောင်က ဆားဗစ်လိုင်းပေါ် တည့်တည့်ကြီးကျလို့ ကျနော်တို့ ဗွေဆော်ဦး တစ်မှတ်ရသွားတယ်၊ ဒုတိယ ဆားဗစ်အတွက် ကွင်းရဲ့ ဘယ်ဖက်ခြမ်းကို ပြောင်းတယ်၊ အဲဒီ ဒုတိယဆားဗစ်ကို ခုနအတိုင်းပဲ ကျနော် ချပေးလိုက်တယ်၊ အင်္ကျီအပြာနဲ့လူရဲ့ မိတ်ဆွေက ပင့်တင်ပြီး ပြန်ရိုက်တယ်၊ ဒါပေမယ့် ရိုက်ချက်ချော်သွားလို့ ကြက်တောင်က ကျနော့်အနောက်မှာ ရှိနေတဲ့ ဒေါမနစ်ဆီ တန်းတန်းမတ်မတ် ရောက်သွားတယ်၊ ဒေါမနစ်က အဲဒီကြက်တောင်ကို မိမိရရ တခါတည်း ရိုက်ချလိုက်တယ်၊ နှစ်မှတ်...၊ အခုထိ ကျနော်တို့ ဆားဗစ် မသေသေးဘူး၊ တတိယဆားဗစ် ဆက်တယ်၊ ဒီတစ်ခါတော့ ကြက်တောင်က ပိုက်ပေါ်ကျော်ပြီး တဖက်ခြမ်းကို ဝင်လာရုံပဲ ရှိသေး၊ အင်္ကျီ အပြာနဲ့လူက တဟုန်ထိုး ပြေးဝင်ပြီး ရိုက်ချတယ်၊ သူ သတိနဲ့ စောင့်နေပုံပဲ၊ ဒါပေမယ့် စက္ကန့်ဝက်လောက် နောက်ကျသွားတယ်၊ ကြက်တောင်က ကျနော်တို့ဖက် ရောက်မလာဘဲ ပိုက်ထဲတိုးသွားတယ်၊ အဲဒီလို ၃ မှတ်ဆက်တိုက်ရပြီး အဖွင့်ကောင်းကောင်းနဲ့ ကျနော်တို့က အစပိုင်းမှာ ဦးဆောင်ကစားနေ ခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဟိုလူတွေက တဖြည်းဖြည်းနဲ့ ပြန်မှီလာတယ်၊ ပြီးတော့ ကျနော်တို့ထက် အမှတ်သာသွားတယ်၊ အဆုံးသတ်မှာတော့ ငါးမှတ်အကွာနဲ့ သူတို့နိုင်သွားတယ်၊

ကျနော်တို့ ဟိုဖက်ဒီဖက် ကွင်းချိန်းပြီး ဒုတိယပွဲ ဆက်ကစားကြပြန်တယ်၊ ဒီတစ်ခါလည်း ကျနော်တို့က အမှတ်အသာနဲ့ အစကောင်း ပြန်ရော..၊ ဒါပေမယ့် ပွဲရဲ့ အလယ်လောက်ရောက်တော့ သူတို့ပြန်မှီလာတယ်၊ ပထမပွဲတုန်းက ဖြစ်စဉ်အတိုင်းပဲ၊ အဲဒီလို အမှတ်မတိမ်းမယိမ်းနဲ့ သွားနေရင်းက သူက တစ်မှတ်နှစ်မှတ်လောက် ကျောလိုက်၊ ကိုယ်က နှစ်မှတ်လောက် ပြန်ကျောလိုက်နဲ့ အဆုံးကို ရောက်လာတယ်၊ အဲဒီမှာ ကျနော်တို့က နှစ်မှတ်အကွာနဲ့ နိုင်လိုက်တယ်၊ ၂၁ မှတ် - ၁၉ မှတ်...၊ အနိုင်ရဖို့က အနည်းဆုံး နှစ်မှတ်ကွာရမယ်ဆိုတော့ အခု တကယ့်ကို ပွက်ကာသီကာလေး ကပ်နိုင်တာပေါ့..၊

ကျနော်တို့က ဘက်စ်အော့ဖ်သရီး ကစားတာပါ၊ ပထမပွဲ သူတို့နိုင်တယ်၊ ဒုတိယပွဲ ကျနော်တို့နိုင်တယ်၊ အခု တတိယနဲ့ နောက်ဆုံးပွဲက အဆုံးအဖြတ်ပဲ၊ ကျနော်တို့ ကွင်းပြန်ချိန်းကြတယ်၊

'အခုကစားခဲ့တဲ့ ကွင်းဖက်က ကြည့်ရင် ပိုပြီးအလင်းပြန်တယ်နော်...'

အင်္ကျီအပြာနဲ့လူက ကွင်းအချိန်းမှာ လှမ်းပြောတယ်၊ ဟုတ်ပါတယ်၊ မျက်နှာချင်းဆိုင်မှာ မှန်ပြူတင်းပေါက်တွေရှိလို့ အဲဒီဖက်ကွင်းကနေ ကြည့်ရင် ပိုပြီးအလင်းပြန်ပါတယ်၊ သူပြောတာ မမှားပါဘူး၊ ဒါပေမယ့် အခုလို လောလောလတ်လတ် ရှုံးထားကာစ မှာဆိုတော့ သူ့စကားက 'အလင်းပြန်လို့ ငါတို့ ရှုံးရတာပါကွာ' ဆိုတဲ့ အဓိပ္ပါယ်ဆောင်သွားတယ်၊ သူကတော့ အဲဒီလိုသဘောနဲ့ ပြောတာ ဟုတ်ချင်မှလည်း ဟုတ်မှာပါ၊

'ဟုတ်တယ်ဗျ၊ ဒါ့ကြောင့် အဲဒီကွင်းဖက်ကနေ ကစားတိုင်း ရှုံးကြတာ ဖြစ်မယ်... ̕'

အမှတ်တမဲ့နဲ့ ကျနော် လှမ်းနောက်လိုက်မိတယ်၊ အင်္ကျီအပြာနဲ့လူက ကျနော့်ကို တစ်ချက်လှမ်းကြည့်တယ်၊ သူ့မျက်လုံးထဲမှာ အရိပ်တချို့ ဖြတ်ပြေးသွားတာ ကျနော်ကလည်း မြင်ဖြစ်အောင် မြင်လိုက်တယ်၊ တကယ်တော့ ဒီစကားက ရိုးရိုးလေးပါ၊ တစ်ယောက်တစ်ပွဲစီ ရှုံးထား ကြတယ်၊ ရှုံးတာကလည်း အလင်းပြန်တဲ့ ကွင်းဖက်မှာ နေတုန်းက..၊ ဒါပေမယ့် ဒါဟာ တိုက်ဆိုင်မှုပဲ ဖြစ်ဖို့ ပိုများပါတယ်၊ အလင်းက မျက်စိထဲ စူးနေလောက်အောင်လည်း မပြန်ပါဘူး၊ ဒါပေမယ့် သူအမြဲတမ်း အနိုင်ရနေကျ လူတစ်ယောက်ဆီက ဒီစကားမျိုး ထွက်လာတာကို အင်္ကျီအပြာနဲ့လူက သိပ်မဘဝင်ကျဟန် မတူဘူး၊ နိုင်ခြင်းနိုင်ရင် အလင်းပြန်လို့ မဟုတ်ဘဲ သူ့ရဲ့ အရည်အချင်းကြောင့်သာလို့ သူက ဖြစ်ချင်ပုံပါပဲ၊

'ဒါဆို ဒီတတိယပွဲရဲ့ တဝက်မှာ ကျနော်တို့ ကွင်းပြန်ချိန်းကြမလား...'

သူက မျှမျှတတ ဖြစ်ချင်ပုံနဲ့ မေးတယ်၊ ဒါ ကျနော့်အတွက်တော့ မလိုတဲ့ ကိစ္စပါ၊ ကျနော်တို့ရဲ့ နိုင်ခြင်း၊ ရှုံးခြင်းမှာ မှန်ပြူတင်းက ဝင်လာတဲ့ မဆိုစလောက် အလင်းလေးက ဒီလောက် အခရာ မကျပါဘူး၊ ခပ်ပြုံးပြုံးပဲ ပြန်ပြောလိုက်တယ်...၊

'ရပါတယ်ဗျာ၊ အဆင်ပြေမှာပါ...၊ ဒီတစ်ခါတော့ ကျနော်တို့ ဒီကွင်းကို အသားကျလောက်ပါပြီ...'

ဒီလိုနဲ့ တတိယပွဲကို စလိုက်တယ်၊ ပွဲစတာနဲ့ ဆားဗစ်တွေကို အလဟဿ မသေအောင် ကျနော်အထူးသတိထားတယ်၊ အမှတ်ပေး စနစ်သစ်မှာ ဆားဗစ်ကိုပါ ရေတွက်တာဆိုတော့ ကိုယ်အမှားလုပ်ပြီး ကြက်တောင်က ပိုက်ထဲတိုးလည်း ဟိုဖက်က အလကားနေရင်း တစ်မှတ် ရတာကိုး..၊ ဒီတစ်ခါတော့ နှစ်ဖက်စလုံးက အထူးသတိထားပြီး ကစားနေကြတာ သိသာတယ်၊ အမှတ်တွေက တဖက်နဲ့တဖက် သိပ်မကွာဘဲ မတိမ်းမယိမ်း တက်လာကြတယ်၊ အခွင့်အရေးရတာနဲ့ လွတ်မသွားစေဘဲ အမိအရ ယူဖို့လည်း နှစ်ဖက်စလုံးက ကြိုးစားလာကြတယ်၊ ကြက်တောင်က လေထဲမှာ နည်းနည်းလေး မြောက်သွားတာနဲ့ အင်္ကျီအပြာနဲ့လူက ရိုက်ချတော့တာပဲ..၊ ဆိုတော့ ကျနော်တို့က သူအဲဒီလို ရိုက်မချနိုင်အောင် ကြက်တောင်ကို ပိုက်နဲ့ကပ်လျက် နိမ့်နိမ့်လေး ပေးချင်ပေး၊ ဒါမှမဟုတ် ဟိုးနောက်ဖက် စည်းနားအထိ ရောက်အောင် အဝေးကြီး ပို့ပေးရတယ်၊ ဒါဆို သူ smash လုပ်ပေမယ့် အားနည်းနည်းပျော့တာမို့ ပြန်ဆယ်နိုင်မယ်၊

တစ်ကြိမ်မှာ ကြက်တောင်က ကျနော်တို့ကွင်းဖက်ကို ထောင်တက်လာတယ်၊ ပိုက်နဲ့ ၂ မီတာလောက်အကွာ ကျနော့်ရဲ့ အရှေ့တည့်တည့်...၊ ရိုက်ချဖို့ အကောင်းဆုံး အနေအထား..၊ ကျနော်လေထဲကို ခုန်လိုက်ပြီး အားနဲ့ ရိုက်ချလိုက်တယ်၊ ဒါပေမယ့် ကျနော်ခုန်တဲ့ အမြင့်နဲ့ ကြက်တောင်က ကျလာတဲ့အရှိန်က ချိန်သားမကိုက်ဘဲ ဖြစ်သွားလို့ ကြက်တောင်ကို မထိတထိပဲ ရိုက်မိတယ်၊ တဖက်ကွင်းကို အရှိန်နဲ့စိုက်ပြီး ဆင်းရမယ့်ကြက်တောင်က အခုတော့ ပျော့ဖတ်ဖတ်နဲ့ လည်ပြီး ရောက်သွားတယ်၊ အဲဒီမှာ အင်္ကျီ အပြာနဲ့ လူအတွက် အခွင့်အရေး ရသွားတယ်၊ ရိုက်ချလိုက်တာ တစ်ချက်တည်း ဖုန်းကနဲပဲ..၊ ကျနော် ကိုယ့်အမှားအတွက် စိတ်တိုသွားမိတယ်၊ တကယ်ဆို ဘာမှ ခုန်စရာတောင် မလိုဘဲ အပိုင်ရိုက်နိုင်တဲ့ဟာကို..၊ လိုအပ်တာထက် ပိုပြီး အင်အားသုံးမိတဲ့ အမှားပါပဲ၊ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဒေါမနစ်က ဟိုးနောက်စည်းနား အဝေးကြီးကနေ ပိုက်ကိုကျော်တယ် ဆိုရုံလေး ကြက်တောင် ချပေးတဲ့နေရာမှာ အတော်ကောင်းပါတယ်၊ သူနဲ့တစ်ယောက်ချင်း ကစားတဲ့အခါ ကျနော်ဆိုရင် အဲဒီအကွက်မှာ ခဏခဏ အငိုက်မိလို့ သတိထားရတယ်၊ ဒါပေမယ့် သူကလည်း ဒီနေ့မှ တစ်ချက်မှ မမှန်ပြန်ဘူး၊ ကြက်တောင်က ပိုက်မကျော်ဘဲနေလိုက်၊ ကျော်ပြန်တော့လည်း လေထဲမှာ ထောင်သွားလို့ ဟိုဖက်က လူတွေက ရိုက်ချလိုက်နဲ့၊ အမှတ်တွေ မပေးသင့်ဘဲ ကျနော်တို့ ပေးနေရတယ်၊ ဒါပေမယ့် ဒေါမနစ်ကို အပြစ်မပြောမိအောင် ကျနော်သတိထားတယ်၊ ကစားပွဲတစ်ခုမှာ ကိုယ်တစ်ယောက်တည်း မဟုတ်တော့တဲ့အခါ အခုလို စိတ်နဲ့မတွေ့တာမျိုး ဖြစ်တတ်တာ သဘာဝပဲ မဟုတ်လား၊ ကြက်တောင်လို နှစ်ယောက်အသင်း၊ ဘော်လီဘောလို ၆ ယောက်အသင်း၊ ဘော်လုံးလို ၁၁ ယောက်အသင်း... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အမှားကို သူလိုက်ဆယ်ရတာ၊ သူ့အမှားကို ကိုယ်က ပြန်ချေဖျက်ဖို့ ကြိုးစားရတာ၊ ဒါတွေက အမြဲပဲရှိနေမှာပါ၊ အဲဒါတွေကို အပြစ်မမြင်ဘဲ စိတ်ဓါတ်ခိုင်ခိုင်ထားပြီး ရှေ့ဆက်သွားဖို့က အရေးကြီးပါတယ်၊ အဲဒီလိုမှ team spirit ကို ဖော်ဆောင်နိုင်မှာ မဟုတ်လား...၊

ကျနော် စိတ်လှုပ်ရှားပြီး မောနေတာ ကိုယ့်ကိုယ်ကို ပြန်သတိထားမိတယ်၊ ဒီလိုအခြေအနေမှာ စိတ်မတည်ငြိမ်တဲ့လူက တစ်ပန်းရှုံး ပြီးသားပဲ၊ ဒါနဲ့ အသက်ကို အားရပါးရ ရှူသွင်းတယ်၊ ရှူထုတ်တယ်၊ သုံးလေးခါလောက် လုပ်လိုက်တော့ နည်းနည်းပြန်ငြိမ် သွားတယ်၊ အခြေအနေကို အမြန်ဆုံး ပြန်သုံးသပ်တယ်၊ ပထမပွဲတုန်းက ကျနော်တို့ ရှူံးတယ်ဆိုပေမယ့် အမှတ်အသာနဲ့ ဦးဆောင်ကစား နိုင်ခဲ့တယ်၊ ဒုတိယပွဲမှာတော့ နိုင်အောင်တောင် ကစားနိုင်ခဲ့ပြီ၊ ဒီပွဲမှာလည်း အခု ၁၃ မှတ်အထိ အမှတ်က မတိမ်းမယိမ်းနဲ့မို့ ဘာမှ စိတ်စောနေစရာ မလိုဘူး၊ ကျနော်တို့နဲ့ မတွေ့ဖြစ်တဲ့ အတောအတွင်းမှာ ဒီလူတွေ လက်ကျသွားတာ ဖြစ်နိုင်သလို ကျနော်တို့ လက်တက်လာတာလည်း ဖြစ်နိုင်တယ်၊ ဆိုတော့ ကျနော်တို့ နိုင်အောင်ကို ကစားနိုင်တယ်၊ အဲဒီလိုလေး တွေးလိုက်တော့ နည်းနည်း အားပြန်တက် သွားတယ်၊ အရေးအကြီးဆုံးက ကျနော်တို့ရဲ့ အမှားကနေ သူတို့ အမြတ်ထုတ်၊ အခွင့်အရေး ယူမသွားဖို့ပဲလို့ ကျနော် ကိုယ့်ကိုယ်ကို ပြန်ပြီး သတိပေးလိုက်တယ်၊ ပြန်တက်လာတဲ့ စိတ်ဓါတ်နဲ့အတူ ထောင့်စေ့အောင် ကျနော်ကြိုးစားကြည့်တယ်၊ ကြက်တောင်ကို ဘယ်ဖက်ရိုက်မလဲ ဆိုတာ သူတို့မသိနိုင်အောင် မြေပေါ်ကျကာနီးအထိ လက်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ဖျောက်ကစားတယ်၊ Smash ရိုက်ချတော့မယ်ဆို စိတ်အာရုံကို လက်ကောက်ဝတ်ဆီ ပို့ထားတယ်၊ လက်မောင်းအားကို သုံးပြီး ရိုက်ချတာထက် လက်ကိုဖျော့ထား၊ လက်ကောက်ဝတ်ကို ချိုးပြီး ရိုက်ချတာက ပိုပြီးထိရောက်ပါတယ်၊ အဲဒီလို ကစားပြီး သိပ်မကြာခင်မှာပဲ ပွဲဟာ ကျနော်တို့လက်ထဲမှာ ရောက်လာပြီဆိုတာ သိလိုက်ရတယ်၊ ဟုတ်ပါတယ်..၊ အမှတ်တွေ ဆက်တိုက်တက်လာပြီး နောက်ဆုံးမှာ ၆ မှတ်အကွာနဲ့ ကျနော်တို့ နိုင်လိုက်တယ်၊ ပွဲအပြီး နှုတ်ဆက်ကြချိန်မှာ အင်္ကျီအပြာနဲ့လူက 'bravo' ဆိုပြီး ချီးကျူးတော့ ကျနော်က 'You did a good job, too' လို့ ပြန်နှစ်သိမ့်လိုက်တယ်၊ ဒီလူ့ကို အဲဒီစကား ပြောလိုက်တဲ့ အချိန်မှာ ဘာမှန်းမသိတဲ့ ခံစားမှုတစ်မျိုး ကျနော်ရနေခဲ့တယ်၊ ပြီးတော့ ကစားရတာ အကြိတ်အနယ်မို့ နှစ်သက်မိကြောင်းပြောပြီး ကျနော်တို့ လမ်းခွဲလိုက်ကြတယ်...၊

ဒီကြက်တောင်ပွဲလေးက တကယ်တော့ ဘာမှ အရေးမပါ,ပါဘူး၊ အရေးကြီးလှတဲ့ နိုင်ငံ့ဂုဏ်ဆောင်ပွဲ မဟုတ်သလို နိုင်လည်း တဒင်္ဂလေး ကျေနပ်၊ ရှူံးလည်း ခဏတဖြုတ် စိတ်ဓါတ်ကျပြီး အလွန်ဆုံး နာရီဝက်လောက် အကြာမှာပဲ အားလုံးမေ့သွားမှာပါ၊ အခုတစ်ခေါက် အင်္ကျီ အပြာနဲ့လူနဲ့ သူ့ကစားဖော်ကို ကျနော်တို့ နိုင်လိုက်ပေမယ့် နောက်တစ်ခေါက်ကျ သူတို့ကပဲ အပြတ်အသတ် နိုင်တာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ကျနော်တို့ကို တချိန်တုန်းက မှောက်လိုမှောက်၊ လှန်လိုလှန် ကစားခဲ့သူ တစ်ယောက်ကို နောက်ဆုံးတော့ နိုင်အောင် ပြန်ကစားနိုင်တဲ့ အရည်အသွေး ကျနော်တို့ဆီမှာ ရှိတယ်ဆိုတဲ့ အသိက ဒီကစားပွဲရဲ့ အမြတ်ပါပဲ၊ ဘဝမှာ တခါတလေ အဆုံးသတ်ရလဒ်ထက် အဲဒီရလဒ်ကို ဆောင်ကြဉ်းပေးတဲ့ စိတ်အတင်အချ၊ စိတ်ခွန်အားကို သိလိုက်ရတာက ပိုပြီးအကျိုးရှိ ပါတယ်၊ ရလဒ်က ဒီတစ်ပွဲတည်းအတွက် ဖြစ်ပေမယ့် အဲဒီလိုရလဒ်ပေါင်းများစွာကို ယူပေးနိုင်တဲ့ စိတ်စွမ်းအားကတော့ ကိုယ့်တစ်ဘဝလုံးကို မောင်းနှင်ပေးသွား နိုင်တာ မဟုတ်လား...။ ။


ညီလင်းသစ်
၃ နိုဝင်ဘာ၊ ၂၀၁၂

26 October 2012

ချစ်ခြင်းတစ်ကိုက်၊ ကော်ဖီတစ်ကျိုက်နှင့် ရိုက်ခတ်မိသော ဂစ်တာကြိုးများ


နေ့လယ်ခင်းဟာ တိတ်ဆိတ်နေခဲ့တယ်၊ ပျင်းရိငြီးငွေ့ဖွယ် တိတ်ဆိတ်တာမျိုး မဟုတ်ဘဲ ချစ်သူရဲ့ ပုခုံးစွန်းကနေ ပိုးပုဝါတစ်စ လျှောကျလာသလိုမျိုး နူးညံ့တဲ့ တိတ်ဆိတ်ခြင်းမျိုးနဲ့ တိတ်ဆိတ်နေတာ..၊ ခပ်ပြင်းပြင်း၊ ခပ်ကျကျ အက်စ်ပရက်ဆို တစ်ခွက်ကို ကျနော် ဖျော်သောက်မိတာ အဲဒီ နေ့လယ်ခင်းမှာပေါ့၊ လျှာဖျားပေါ်ကို အက်စ်ပရက်ဆို ရောက်တဲ့အခိုက်မှာပဲ နားစည်ကိုလည်း စန္ဒရားသံတစ်ခုက လာရောက် ရိုက်ခတ်တယ်၊ အာရုံနှစ်ခုဟာ နှစ်ပေါင်းများစွာ ကြိုတင်လေ့ကျင့်ထားတဲ့ ချိန်သားကိုက်မှု မျိုးနဲ့ တကယ့်ကို ကွက်တိ လွန့်လူး၊ နိုးထလာခဲ့တယ်...၊

ဆုံနိုင်ဖို့ ကြိုးစားနေတဲ့ ကြားက ဝေးမြဲဝေးနေဆဲ ဖြစ်တဲ့ ချစ်သူတွေ အကြောင်းကို သတိရမိတာလည်း အဲဒီ နေ့လယ်ခင်းမှာ ပါပဲ၊ ဂစ်တာတစ်လက်က ကျနော့်ရင်ခွင်ထဲကို ရောက်လာခဲ့တယ်၊ ဒီလိုနဲ့ ဝိုင်ဝိုင်းရဲ့ သီချင်းလေးတစ်ပုဒ်ကို ဆိုညည်း မိပါတယ်၊ ဗီဒီယိုလေးက ၃ မိနစ်ခွဲပဲ ကြာပါတယ်၊ အချိန်လေးရရင် play ဆိုတဲ့ တြိဂံလေးကို တစ်ချက်လောက် နှိပ်သွားပါအုံးဗျာ..၊




အင်တာနက် ကွန်နက်ရှင် နှေးတဲ့နေရာက သူတွေအဖို့တော့ ဗီဒီယိုကို ကြည့်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်၊ အဲဒါကြောင့် mp3 အသံဖိုင်လေး တစ်ခုလည်း ထပ်တင်လိုက်ပါတယ်၊ ဒီအသံဖိုင်က ဗီဒီယိုထဲမှာ သုံးထားတဲ့ အသံဖိုင်ပါပဲ၊ ဖွင့်လို့မရဘဲ ဒီအတိုင်း ပြန်သွားရတာထက် စာရင်တော့ အရုပ်တွေ မမြင်ရပေမယ့် အနည်းဆုံး အသံကြားရလည်း မဆိုးဘူး မဟုတ်လား၊ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်ဗျာ...။




ညီလင်းသစ်
၂၆ အောက်တိုဘာ၊ ၂၀၁၂

18 October 2012

တောင်ကုန်းများရှိရာ အရပ်ဆီ...


ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တုန်းက Adelboden ဆိုတဲ့ ဒေသကို သွားဖြစ်ခဲ့တယ်၊ Adelboden က ဂျာမန်စကားပြောတဲ့ အပိုင်းမှာရှိတဲ့ မြို့ ကလေးတစ်မြို့ ဖြစ်ပါတယ်၊ ဆွစ်ဇာလန် မြေပုံပေါ်မှာကြည့်ရင် အလယ်ပိုင်းလောက်မှာ ရှိပြီးတော့ ကျနော်တို့ အိမ်ကနေ ကားနဲ့ တစ်နာရီခွဲလောက် သွားရတဲ့ ခရီးအကွာအဝေး ဖြစ်ပါတယ်၊ အိမ်ကနေ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ထွက်တယ်၊ လမ်းခရီးမှာ ပုံမှန်နှုန်းနဲ့ပဲ မောင်းသွားလိုက်တယ်၊




Adelboden ဒေသထဲကို ရောက်လာတယ်ဆိုရင်ပဲ တောင်ကုန်းတွေကို စတွေ့ရတော့တာပါပဲ၊ ဆွစ်ဇာလန်ဟာ ခိုင်မာမြဲမြံလှတဲ့ အဲလ့်ပ်စ် တောင်တန်းတွေနဲ့အတူ တောင်စဉ်၊ တောင်တန်း၊ တောင်စွယ်၊ တောင်ထွတ်၊ တောင်မွတ်၊ တောင်ညို၊ တောင်ဝါ၊ တောင်ချွန်း.. အင်မတန် ပေါလှတဲ့ နိုင်ငံပါ၊ ဒါပေမယ့် တောင်ကုန်း၊ တောင်ကမူ ပြေပြေလေးတွေတော့ အတွေ့ရ နည်းတယ်၊ အခု ဒီအရပ်မှာတော့ ကားလမ်းရဲ့ ဘေးတဖက်တချက်မှာ တောင်ကုန်းကလေးတွေ၊ ကုန်းကမူလေးတွေ တွေ့လိုက်ရတော့ ကျနော်ချက်ချင်းပဲ သဘောကျသွားမိတယ်၊ တောင်ကုန်းတွေက အများအားဖြင့် စားကျက်မြေတွေ ဖြစ်ပေမယ့်လို့ တခါတလေမှာလည်း အိမ်ကလေးတွေ တစ်လုံးစ၊ နှစ်လုံးစကို တွေ့ရသေးတယ်၊ ကားမောင်းနေရင်း တန်းလန်းနဲ့မို့ ဓါတ်ပုံတော့ မရိုက်လိုက်ရဘူး၊ လမ်းဘေးက ကုန်စုံဆိုင်လေး တစ်ဆိုင်မှာ နေ့လယ်စာအတွက် ပေါင်မုန့်၊ အာလူးကြော်၊ အသားခြောက်တချို့ ၊ ချယ်ရီ ခရမ်းချဉ်သီး သေးသေးလေးတွေနဲ့ ရေတစ်ဗူး ဆင်းဝယ်တယ်၊ တောင်ပေါ်မှာ လမ်းလျှောက်ရင်း တစ်နေရာရာမှာ ထိုင်စားဖို့လေ...၊


ထုံးစံအတိုင်း တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့ တက်တယ်၊ ကေဘယ်လ်ကားက ခပ်သေးသေးပါပဲ၊ ကျနော်တို့တက်တဲ့ တောင်က မီတာ ၂၀၀၀ အမြင့်ရှိပေမယ့် ကေဘယ်လ်ကားနဲ့ဆိုတော့ ငါးမိနစ်သာသာနဲ့ ရောက်သွားတယ်၊ ကဲ.. တောင်တက်ရတာ ပင်ပန်းတယ်လို့ ဘယ်သူတွေကများ ပြောနေကြပါလိမ့်၊ တောင်ကြီးဖဝါးအောက်တဲ့၊ တွေ့လား.. ငါးမိနစ်တောင် မကြာလိုက်ဘူး၊း) ဟိုး...ခပ်လှမ်းလှမ်း တောင်ကြားထဲက အိမ်စုစုလေးတွေက ကျနော်တို့ ညအိပ်ရပ်နားမယ့် Adelboden မြို့ ကလေးပါပဲ...၊


ဆိုင်းဘုတ်ကို ဖတ်ကြည့်ပါဦး...၊ အဲဒီလို လျှာခလုတ်တိုက်မတတ်၊ ပါးစပ် ပလုတ်ပလောင်းနဲ့ အသံထွက်ရခက်တဲ့ နာမည်တွေ တွေ့နေပြီဆိုရင် ဒါသေချာပြီ.. ဆွစ်ဂျာမန် အပိုင်းကို ရောက်နေပြီပဲ၊း) အဲဒီလို စကားလုံးခက်ခက်တွေနဲ့ ကျင့်သားရနေလို့လား တော့မသိဘူး၊ ဆွစ်ပြင်သစ်တွေ ဂျာမန်စကား ပြောနိုင်တာထက်ကို အများကြီးပိုပြီး ဆွစ်ဂျာမန်တွေက ပြင်သစ်စကား ပြောနိုင်ကြတယ်၊ မူလတန်းကတည်းက သင်ခဲ့ကြရတာချင်း အတူတူ ဆွစ်ပြင်သစ်တွေက ဂျာမန်စကားကို ကျောင်းမှာပဲ ထားခဲ့ကြတာ များတယ်၊ ကျနော်မေးကြည့်တော့ ဆွစ်ပြင်သစ်အများစုက ဂျာမန်စကား မပြောချင်လို့-တဲ့၊ အထူးသဖြင့် ဆွစ်ဂျာမန်စကားပါ၊ သူက ဂျာမနီက ဂျာမန်စကားလို နားထောင်လို့ မကောင်းဘူး၊ ပြောတဲ့အခါလည်း သလိပ်ခပ်သံတွေ၊ လေကို အလုံးလိုက် မျိုချသံတွေနဲ့ မသက်သာ လှဘူး၊ ကလေးတွေစားတဲ့ တုတ်ထိုး ငှက်သိုက်မုန့် ပွပွကြီး တစ်ခုလုံးကို ပါးစပ်ထဲ တခါထဲထည့်ပြီး စကားပြောသလိုမျိုးလို့ ကျနော့်မျက်စိထဲမှာ မြင်နေတယ်..၊း)


လမ်းကလေးကနေ ညာဖက်ကို အသာဖဲ့ဆင်းလိုက်ပြီးတော့ ဘေးနားက တောင်ကုန်းလေးတစ်ခုပေါ် ကျနော်တို့ တက်လိုက်တယ်၊ ကုန်းထိပ်မှာတော့ သစ်သားခုံးတန်းကလေး...၊ ကောင်းကင်မှာ တိမ်တွေထူနေလို့ ရာသီဥတုက နည်းနည်းလေး စိမ့်နေတယ်၊ နွေးထွေးတဲ့ နေရောင်ခြည်တန်းတွေ ဖြာကျနေတဲ့ နေ့မျိုးတွေမှာ ဒီခုံတန်းကလေးပေါ် ထိုင်ပြီး စာဖတ်ရရင် အတော်လေး ချမ်းမြေ့ ဖို့ ကောင်းမယ်လို့ ကျနော်စဉ်းစားနေမိတယ်၊ ဥပမာ- သက်တံ့ဆယ်စင်းလို စာအုပ်မျိုး ဖတ်ရင်းနဲ့လေ...၊း)


ဒီမြင်ကွင်းကို မြင်လိုက်တော့ ကျနော့်စိတ်ထဲ မွန်ဂိုးလီးယားများ ရောက်နေသလားတောင် ထင်မိသွားသေးတယ်၊ တပြန့်တပြူး မြက်ခင်းပြင် အကျယ်ကြီးထဲမှာ မွန်ဂိုတွေ နေလေ့ရှိတဲ့ Yurt တဲကြီး တစ်လုံးလောက်သာ ရှိနေခဲ့ရင် ဒါဟာ အလယ်တန်းမှာ သင်ခဲ့ရတဲ့ မွန်ဂိုးလီးယား စတက်ပ် မြက်ခင်းပြင်ပါလို့ ကျနော် ကိုယ့်ကိုယ်ကို ပြန်ပြီး လှည့်စားမိမှာ အသေအချာပဲ၊ မှန်း... ဟိုးမှာ မြင်းကို ဒုန်းစီးလာတဲ့ မျက်လုံးမှေးမှေးနဲ့ တစ်ယောက်ဟာ ကူဗလိုင်ခန်များလား၊ တကယ်တော့ မီတာ ၂၀၀၀ အမြင့်မှာ ဆိုပေမယ့် သူ့ထက်မြင့်တဲ့ တောင်တွေ ထပ်ဆင့် ဝိုင်းပတ်ထားလို့ မြေပြန့်တစ်ခုလို ဖြစ်နေခဲ့တာပါ..၊


ဒီစားသောက်ဆိုင်ရဲ့ အရှေ့ မှာပဲ နေ့လယ်စာ ပစ်ကနစ် စားဖို့ ကျနော်တို့ ရပ်လိုက်ကြတယ်၊ ဆိုင်ထဲ ဝင်စားဖို့ မဟုတ်ပါဘူး၊ ဆိုင်ရှေ့ က အဲဒီကျောက်တုံးကြီးဘေးမှာ ထိုင်စားကြတာ..၊ ကိုယ့်ဟာကိုယ် ဝယ်လာတာတွေကို မစားခင် ဆိုင်ထဲဝင်ပြီး လက်ဆေးတယ်၊ အာလူးချောင်းကြော် ဝယ်တယ်၊ စားပြီးတော့တခါ ဆိုင်ထဲထပ်ဝင်ပြီး တပိုတပါးသွားတယ်၊ ကော်ဖီသောက်တယ်၊ ဒါဟာ စတက်ပ် မြက်ခင်းအတုပေါ်မှာ ကျနော်ဖန်တီးခဲ့တဲ့ win-win situation အစစ်ပါပဲ...၊


ဒီရေတံခွန်လေးက ကေဘယ်လ်ကား စီးရတဲ့ ဂိတ်ဘေးမှာ ရှိပါတယ်၊ ကားဂိတ်ကနေ အဲဒီကို ဆင်းသွားဖို့ လူသွားလမ်းကလေး တစ်ခုလည်း ရှိတယ်၊ အချိန်လည်း ရမယ်၊ လုံလောက်တဲ့ နေရောင်ခြည်တန်း တွေလည်း ရှိမယ်ဆိုရင်.. အေးအေးလူလူ သွားထိုင်နေဖို့ကောင်းတဲ့ နေရာလေး တစ်ခုပါပဲ၊


ကျနော်တို့ တည်းခဲ့တဲ့ ဟိုတယ်ပါ၊ The Cambrian လို့ အမည်ရပါတယ်၊ ပုံကတော့ ဟိုတယ်ရဲ့ ရင်ပြင်မှာ ချထားတဲ့ သံမဏိလုံးတွေပါ၊ ဖန်လုံးကြီးထဲ ကြည့်ပြီး ဘာတွေဖြစ်မယ်လို့ ဟောကြတဲ့ ရှေ့ဖြစ်ဟောသူတွေလို ဒီသံလုံးတွေထဲ ကြည့်လိုက်တဲ့အခါ ဟိုတယ်ကြီး ပေါ်လာလို့ အဲဒီမှာပဲ ဝင်တည်းလိုက်တာတော့ မဟုတ်ပါဘူး...၊း)


ဟိုတယ်မှာ ရေနွေးကန် သေးသေးလေးတစ်ခုလည်း ပါ,ပါတယ်၊ နေပြန်ပွင့်လာပေမယ့် မဆိုစလောက်လေး အေးနေတာမို့ ရေနွေးကန်ထဲ ဆင်းစိမ်ရတာ အတော်ဇိမ်ကျတယ်၊ ခုနတုန်းက လမ်းလျှောက်ထားလို့ ညောင်းညာနေတဲ့ အကြောအခြင်တွေလည်း ပြေလျော့သွားတယ်၊ ကျနော် သဘောကျတာက အခုလို ရေကူးကန်ဘေးမှာ၊ တချို့အိမ်တွေရဲ့ နောက်ဖေးဘက်မှာ ခင်းထားတတ်ကြတဲ့ သစ်သားရင်ပြင် တွေကိုပါ၊ နေ၊ လေ၊ ရေတို့နဲ့ တချိန်လုံး ထိတွေ့နေတဲ့ သစ်သားကြမ်းခင်းပေါ် ခြေဗလာနဲ့ လမ်းလျှောက်ရတဲ့ အရသာဟာ အတော်စွဲမက်ဖို့ ကောင်းပါတယ်၊ အိမ်ထဲမှာ ခင်းထားတဲ့ သစ်သားကြမ်းပြင်ပေါ် လျှောက်ရတာနဲ့ မတူဘူး၊ အပြင်ဖက်က သစ်သားတွေက ရာသီဥတုဒဏ်ကို တချိန်လုံး ခံနေရတာမို့ သူတို့အပေါ် နင်းလျှောက်သူကို တသီးတသန့် ဆန်တဲ့ အထိအတွေ့တစ်ခု ပေးလေ့ရှိတယ်၊ နည်းနည်းလေး အာရုံစိုက် ခံစားကြည့်ရင် သူတို့ရဲ့ ဖြတ်သန်းမှုဟာ ခြေဖဝါးတွေက တဆင့် သွေးလှည့်ပတ်မှု အဖွဲ့အစည်းထဲ ဝင်လာတာ သတိထားမိမှာပါ...၊


ရေကြိုက်တဲ့ သားအတွက်တော့ ရေကူးကန်လေးက အတော်ပါပဲ၊ အခန်းထဲကနေ ရေကူးကန်ရှိတဲ့ အထပ်ကို ဓါတ်လှေကားနဲ့ တခါထဲ တန်းဆင်းလို့ရတဲ့ အတွက် သူက အခန်းထဲရောက်ကတည်းက အဲဒီရေချိုးခန်း ဝတ်ရုံကြီး ဝတ်ပြီး ရေသွားကူးရအောင် ချည်းပဲ တချိန်လုံး အော်နေတော့တယ်၊ ဟိုတယ်မှာ အခန်းတိုင်းနီးပါး အပြည့်ဖြစ်နေလို့ ရေကန်ထဲမှာလည်း လူတွေရှိပါတယ်၊ အဲဒါကိုမှ ဒီကလေးက တချိန်လုံး ဒိုင်ဗင်ထိုးမယ် လုပ်နေလို့ အတော်လေး မာန်ထားရတယ်..၊း)


နောက်တစ်နေ့မနက်တော့ အတော်လေး နေသာတာမို့ ရာသီဥတုက ပြန်နွေးသွားတယ်၊ အခန်းလေးရဲ့ ဝရန်တာကနေ မနေ့က ကျနော်တို့ တက်ခဲ့တဲ့ အဲ့လ်ပ်စ် တောင်တန်းတွေကို မြင်နေရတယ်၊ ဟိုးအရှေ့ တည့်တည့်က အဖြူကြောင်းလေးက ကေဘယ်လ်ကားဂိတ် ဘေးနားက ရေတံခွန်လေး ပါပဲ၊ တကယ်တော့ ဒီနေရာလေးမှာ ကော်ဖီတစ်ခွက်နဲ့ ထိုင်ပြီး ကျနော်က စာလေးတစ်ပုဒ်လောက် ဖြစ်ဖြစ် ရေးချင်တာပါ၊ ဒါပေမယ့် မျက်စိနှစ်လုံး ပွင့်ကတည်းက ရေသွားကူးဖို့ တချိန်လုံး ပူဆာနေတဲ့ ကလေးတစ်ယောက်က ဘေးမှာဆိုတော့ ဖြစ်မလာပါဘူးဗျာ၊း)


ရာသီဥတု သာယာတာမို့ paragliding လေထီးစီးတဲ့ လူတွေလည်း ဟိုတစ်စ ဒီတစ်စ ကောင်းကင်မှာ တွေ့ရတယ်၊ တချိန်လုံး ခဲနေတဲ့ အဲဒီလို ဂလေဆီယာ ရေခဲပြင်ကြီးတွေ အပေါ်ကနေ လေထီးစီးရတာ အတော်လေး ရင်ခုန်စရာ ကောင်းမယ်လို့ တွေးမိတယ်၊ အခွင့်အခါ သင့်ရင် တစ်ခါလောက်တော့ လေထီးခုန်ကြည့်ချင်တယ်၊ အဲဒီအခါ ကိုယ့်ရဲ့ အကြောက်တရားက လစ်မစ် ဘယ်လောက်ရှိလဲ၊ အဲဒီ ကြောက်စိတ်ကို ကိုယ့်ဟာကိုယ် ကျော်လွှားနိုင်စွမ်း ရှိလားဆိုတာလည်း သိလာရလိမ့်မယ်၊ တကယ်တမ်းမှာတော့ ဒီလောက်ကြီး အန္တရာယ် မရှိပါဘူး၊ တစ်ခါနှစ်ခါ စမ်းခုန်ကြည့်ချင်တဲ့ လူတွေအဖို့ ပရော်ဖက်ရှင်နယ်လ် ဆရာတွေနဲ့အတူ လေထီးတစ်ခုထဲ tandem အတူ တွဲခုန်လို့ ရပါတယ်၊ သူထိန်းကျောင်းတဲ့ နောက်ကို ကိုယ်ကအသာလေး လိုက်စီးသွား ရုံပါပဲ..၊ အင်း... ကျနော်က ပြောမယ့်သာ ပြောရတာပါ၊ တကယ်တမ်းမှာက မြင်ရတဲ့ လေထီးကြိုးတွေပေါ် ဘဝတစ်ခုလုံး ပုံအပ်ပြီး စွန့်စားလိုက်ဖို့ထက် မမြင်ရတဲ့ သံယောဇဉ် ကြိုးတွေကို တွဲခိုပြီး အန္တရာယ်နဲ့ ဝေးရာမှာ လေဟုန်စီးချင်စိတ်က ခပ်များများရယ်...။ ။


ညီလင်းသစ်
၁၈ အောက်တိုဘာ၊ ၂၀၁၂

08 October 2012

အစားမတော်...


ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မမေဓာဝီရဲ့ ဘလော့ဂ်မှာ အစားအသောက်တွေကို ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲထားတဲ့အကြောင်း ဖတ်လိုက်ရပါတယ်၊ ဒီကိစ္စကို ပို့စ်တစ်ခုအနေနဲ့ ရေးမယ်လို့ ကျနော်လည်း မကြာခဏ စဉ်းစားဖူးတယ်၊ ဒီပြဿနာက တကယ်တော့ ကမ္ဘာနဲ့အဝှမ်း နေရာတိုင်းလိုလိုမှာ ကြုံနေရတဲ့ ပြဿနာပါ၊ ဖွံ့ဖြိုးတဲ့ စက်မှုနိုင်ငံကြီးတွေ အဖို့ ထိန်းချုပ်မှုတွေ အမျိုးမျိုးလုပ်နေတဲ့ ကြားက ပိုးသတ်ဆေးအသစ်တွေ၊ နည်းပညာအသစ်တွေနဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရဆဲဖြစ်သလို မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေအဖို့တော့ လျော့ရဲတဲ့ စည်းကမ်းတွေ၊ နည်းပညာချို့တဲ့မှုတွေက အခြေအနေကို ပိုပြီး ဆိုးရွားစေတယ်လို့ ထင်ပါတယ်၊

ဟိုးအရင် မြန်မာပြည်မှာ ရှိစဉ်တုန်းက အင်းလေးဒေသဖက် ရောက်တိုင်း ကျနော်နှစ်သက်စွာနဲ့ စားလေ့ရှိတာ တစ်ခုက ခရမ်းချဉ်သီးသုပ်ပါ၊ ကန်ထဲက ကျွန်းမျောတွေပေါ်မှာ စိုက်ကြတဲ့ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးတွေနဲ့ သုပ်ထားတဲ့ အသုပ်ပေါ့၊ ခရမ်းချဉ်သီးကလည်း တစ်နှစ်ပတ်လုံး ရသလို အသီးတွေကလည်း နီနီရဲရဲနဲ့ဆိုတာ မှတ်မိနေတယ်၊ အခုနောက်ပိုင်း သတင်းတွေမှာတော့ ခရမ်းချဉ်သီး စိုက်ခင်းတွေမှာ ဓါတ်မြေသြဇာတွေ အလွန်အကျွံ သုံးတဲ့သတင်းတွေ မကြာခဏ ဖတ်လာရတယ်၊ ကျွန်းမျောတွေပေါ်မှာ ပက်ဖြန်း၊ ကျဲပက်တဲ့ ဓါတ်မြေသြဇာက များလွန်းလို့ အင်းလေးကန်ထဲက ရေတွေထဲမှာပါ ဓါတ်မြေသြဇာ ပါဝင်နှုန်းက မြင့်မားသထက် မြင့်မားလာတယ်လို့ ဆိုပါတယ်၊ လက်ရှိကျနော့်အလုပ်က ပရောဂျက်တစ်ခုကလည်း အဲဒီလိုရေထဲမှာ ဓါတ်မြေသြဇာ ပါဝင်နှုန်းကို သုတေသန လုပ်နေရတဲ့ ပရောဂျက် ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ နွေဦးရာသီမှာ စိုက်ခင်းတွေအနီးက ချောင်းတွေထဲမှာ အလိုအလျောက် ရေနမူနာယူတဲ့ စက်တွေ တပ်ထားပြီးတော့ အဲဒီချောင်းရေတွေကို ဓါတ်ခွဲသုတေသန လုပ်ရပါတယ်၊ အဲဒီအခါမှာ စိုက်ပျိုးရေးရာသီရဲ့ အစမှာ စမ်းသပ်ကြည့်တဲ့ ရေတွေထဲမှာ ဓါတ်မြေသြဇာ ပါဝင်နှုန်းမြင့်မားပြီး နောက်ပိုင်း ရေတွေထဲမှာတော့ တဖြည်းဖြည်းနဲ့ နည်းသွားလေ့ ရှိ ပါတယ်၊ စိတ်ဝင်စားဖို့ ကောင်းတာက ဥရောပမှာ တားမြစ်ထားလို့ သုံးစွဲခွင့်မရှိတော့တဲ့ ဓါတ်မြေသြဇာ တချို့ကိုလည်း တွေ့နေရတာပါ၊ ဒီဓါတ်မြေသြဇာတွေက ဈေးကွက်မှာတောင် ဝယ်လို့မရတော့ဘူးဆိုတော့ အများဆုံးဖြစ်နိုင်ခြေက အရင်တုန်းက သုံးစွဲခဲ့တဲ့ အရှိန်က အခုထိ ကျန်နေသေးတဲ့ သဘောပါပဲ၊ ဓါတုပစ္စည်း အတော်များများက သဘာဝအတိုင်း သူ့အလိုလို ကြေပျက်သွားဖို့ ခဲယဉ်းလေ့ ရှိပါတယ်၊ ဒါတွေကို မြင်ရတော့ အလွန်အကျွံ သုံးနေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ အင်းလေးကန် အပါအဝင် စိုက်ပျိုးခင်းတွေမှာ စွဲထင်ကျန်ရစ်မယ့် ဓါတ်မြေသြဇာ ပမာဏကို မြင်ယောင်ကြည့်မိပါတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကတော့ ကျနော်ကိုယ်တိုင်က ဘာမှ မခံစားမိတာလား၊ ဒါမှမဟုတ် အင်းသားတွေကပဲ ဓါတ်မြေသြဇာကို အခုလောက် အလွန်အကျွံ မသုံးသေးတာလားတော့ မသိပါဘူး၊ ခရမ်းချဉ်သီးသုပ်တွေက ထမင်းမြိန်စေခဲ့တာတော့ အမှန်ပါပဲ...၊

ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာ တွေ့ရတဲ့ အဓိက ပြဿနာတစ်ခုကတော့ ဓါတ်မြေသြဇာ အသစ်တွေကို ရှာဖွေစမ်းသပ်ရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်၊ နှစ်နှစ်တစ်ခါဆိုသလို၊ သုံးနှစ်တစ်ခါ ဆိုသလို အသစ်၊ အသစ်တွေက ဈေးကွက်ထဲကို ရောက်လာလေ့ ရှိပါတယ်၊ အများအားဖြင့်က အဲဒီလို ဓါတ်မြေသြဇာအသစ်တွေရဲ့ သတင်းအချက်အလက်တွေကို သိရဖို့ ခဲယဉ်းပါတယ်၊ တခါတလေမှာ ထုတ်လုပ်သူ ဘယ်သူဆိုတာတောင် ချက်ချင်းမသိရသလို သိခဲ့ရရင်လည်း သူတို့ ထုတ်လုပ်ထားတဲ့ မော်လီကျူး၊ ဓါတ်ပစ္စည်းနဲ့ ပတ်သက်ပြီး အထူးလျှို့ ဝှက်ထားလေ့ ရှိတယ်၊ နောက်ဆုံး ဓါတ်မြေသြဇာအသစ်မှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကို သိရရင်တောင်မှ အဲဒီဒြပ်ပေါင်းတွေက လူနဲ့ပတ်ဝန်းကျင်အပေါ်ကို ဘယ်လိုမျိုး ရိုက်ခတ်မှုတွေ ရှိနိုင်တယ်ဆိုတာ သိရဖို့ အချိန်တွေနဲ့ စမ်းသပ်မှုတွေ အများကြီး လိုပါတယ်၊ ဆွစ်ဇာလန်နိုင်ငံမှာတော့ ပြည်နယ်တစ်ခုစီတိုင်းမှာ ရှိတဲ့ ပြည်နယ်ဓါတ်ခွဲခန်းတွေကနေ စိုက်ခင်းတွေ၊ ရေနဲ့ ရေအရင်းအမြစ်တွေကို ပုံမှန်စောင့်ကြည့်၊ စစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်၊

စားသောက်ကုန်တွေနဲ့ ပတ်သက်လာရင် ဘယ်လိုဆေးတွေ သုံးထားလဲ၊ ဘယ်လိုမြေသြဇာတွေနဲ့ စိုက်ပျိုးထုတ်လုပ် ထားသလဲ၊ ဆိုတာတွေနဲ့အတူ စားသုံးသူတွေဖက်က မျှော်လင့်ထားတာ နောက်တစ်ခုက သန့်ရှင်းမှုပါ၊ အသီးအရွက်၊ အသားငါး တစ်ခုခုကို ဝယ်တော့မယ်ဆိုရင် ဆိုးဆေးတို့၊ ဓါတ်မြေသြဇာတို့ သုံးထားလားဆိုတာ အသေအချာ မသိရတာများပေမယ့် ရောင်းကုန်တွေရဲ့ သန့်ရှင်း မှုကျတော့ ကိုယ်က မျက်စိနဲ့ တပ်အပ်မြင်ရတာမျိုး မဟုတ်လား၊ သန့်၊ မသန့်ဆိုတာကို စားသုံးသူဖက်က စူးစမ်းတာ သဘာဝကျပါတယ်၊ ဒါကတော့ ကုန်စို၊ ကုန်မာရောင်းသူတွေထက် အစားအသောက် ရောင်းသူတွေနဲ့ ပိုသက်ဆိုင်မယ် ထင်ပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလို စားစရာရောင်းတဲ့ ခေါင်းရွက်ဗျပ်ထိုးသည်၊ အထမ်းသည်တွေ ပေါလှတဲ့ နိုင်ငံတစ်ခုမှာ အစားအသောက်တွေရဲ့ သန့်ရှင်းမှုနဲ့ ဈေးရောင်းသူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုက အလေးဂရုပြုချင်စရာ ဖြစ်ပါတယ်၊ ဒါဆိုရင် လမ်းဘေးလက်သုပ်ဆိုင်၊ မုန့်ဟင်းခါး အထမ်းသည်၊ ဝက်သားဒုတ်ထိုးသည် စတဲ့ဈေးရောင်းသူတွေမှာ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိသင့်သလောက် မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ ̔ခင်ဗျားတို့ တော်တော်ညစ်ပတ်တာပဲ̕ လို့သွားပြောရင်တော့ ထမ်းပိုးနဲ့ကောက်ရိုက်မှာ အသေအချာပါပဲ၊ ဒါဆိုရင် အမုန်းခံပြီးလည်း မပြောဘူး၊ သူ့ဆီမှာလည်း မစားဘူးဆိုရင် တဒင်္ဂအားဖြင့်တော့ ဖြေရှင်းပြီးပါတယ်၊ ဒါပေမယ့် တခြားစားသုံးသူတွေက ရှိမြဲရှိနေမှာ ဖြစ်လို့ သန့်ရှင်းမှုအားနည်းပြီး ပေါက်ဖွားလာမယ့် ရောဂါပိုးမွှားတွေဟာ ကိုယ့်ကိုတိုက်ရိုက် မကူးစက်ပေမယ့် လူအများစုကြီးကို ကူးစက်မှာပဲ ဖြစ်ပါတယ်၊ အခန့်မသင့်လို့ ဝမ်းရောဂါလိုမျိုး ရောဂါကြီးတွေ ဖြစ်လာတဲ့အခါ လူထုကျန်းမာရေးကို ခြိမ်းခြောက်ခံရမှာဖြစ်လို့ ကိုယ့်ရဲ့ ကျန်းမာရေးဟာလည်း သွယ်ဝိုက်သောအားဖြင့် ပတ်သက်လာမှာပါပဲ၊ တကယ်တော့ ဒါတွေကို ကြပ်ကြပ်မတ်မတ်နဲ့ ကိုင်တွယ်ဖို့က အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေး အဖွဲ့လိုမျိုး အဖွဲ့တွေမှာ တာဝန်ရှိပါတယ်၊

ကျနော်တို့ တတိယနှစ် ပြင်ပသင်တန်းတွေ တက်ရတဲ့အခါ ကျနော့်သူငယ်ချင်းတစ်ယောက်က ဂျီနီဗာမှာရှိတဲ့ Consumer Protection Service မှာကျပါတယ်၊ ဂျီနီဗာပြည်နယ် အစိုးရရဲ့ လက်အောက်မှာရှိတဲ့ အဲဒီစားသုံးသူကာကွယ်ရေးအဖွဲ့က တမြို့လုံးမှာ ရှိတဲ့ စားသောက်ဆိုင်၊ ဈေးဆိုင်တွေကို စစ်ဆေးရတဲ့ အလုပ်,လုပ်ပါတယ်၊ သူတို့ကို ဘယ်စားသောက်ဆိုင်၊ ဘယ်စူပါမားကက်ကို မဆို အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်တဲ့ အခွင့်အာဏာ ပေးထားတယ်၊ သူတို့က အဲဒီလို လာစစ်မယ့် အကြောင်းကိုလည်း ကြိုတင်အကြောင်းမကြားဘဲ ရှောင်တခင် ဝင်စစ်လေ့ရှိပါတယ်၊ အဖွဲ့က စစ်ဆေးနည်း ၂ မျိုးနဲ့ စစ်လေ့ရှိတယ်၊ ပထမတစ်ခုက သန့်ရှင်းမှုပါ၊ အစားအသောက် ရောင်းသူတွေ ဘယ်လောက်ထိ သန့်ရှင်းမှုရှိလဲဆိုတာ သိရဖို့ စားသောက်ဆိုင်တွေရဲ့ မီးဖိုချောင်တွေ၊ တခါ လမ်းဘေးအစားအသောက် ရောင်းသူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု စတာတွေကို စစ်ပါတယ်၊ ဒုတိယ တစ်ခုကတော့ အစားအသောက်တွေမှာ ဓါတုပစ္စည်းပါဝင်မှုကို စစ်တာပါ၊ အဲဒီအတွက် ဈေးဝယ်တဲ့အဖွဲ့တစ်ဖွဲ့ ထားပြီးတော့ ဒီအဖွဲ့က တစ်ပတ်တစ်ခါ ဈေးဆိုင်ကြီးတွေ၊ လမ်းဘေးဈေးလေးတွေကနေ ကုန်ခြောက်၊ ကုန်စို အလှည့်ကျစနစ်နဲ့ ဈေးဝယ်ထွက်ပါတယ်၊ ပြီးတော့မှ ဓါတ်ခွဲခန်းမှာ ပြန်ပြီးစမ်းသပ်၊ ဓါတ်ခွဲပါတယ်၊ ဒီလိုအဖွဲ့မျိုးအကြောင်း သိရတဲ့အခါ ကျနော်တို့ မြန်မာပြည်မှာလည်း အလားတူ အဖွဲ့တွေ ရှိရင်ကောင်းမှာပဲလို့ တကယ်ပဲ ရိုးရိုးသားသား ဆန္ဒပြုမိပါတယ်၊ ကျနော်သုံးသပ်ရသလောက် ဒီလိုအဖွဲ့တွေ ပေါ်လာဖို့ ဆိုတာလည်း အရမ်းကြီး မခက်ခဲပါဘူး၊ လူထုကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ ဓါတုပညာရှင် စတဲ့သူတွေနဲ့ အဖွဲ့,ဖွဲ့လို့ ရပါတယ်၊ သူတို့ကို အလုပ်လုပ်နိုင်အောင် လိုအပ်တဲ့ အခွင့်အာဏာနဲ့ အထောက်အပံ့ကို အစိုးရပိုင်းက စီစဉ်ပေးရုံပါပဲ၊ ဆိုလိုတာက လမ်းဘေးက အမဲအူသုပ်ဆိုင်ဖြစ်စေ၊ ဂျေဒိုးနပ်ဖြစ်စေ အားလုံးကိုတပြေးညီ စစ်ဆေးခွင့် ပေးထားဖို့ပါ၊ ဓါတ်ခွဲခန်းပိုင်းဆိုင်ရာ နည်းပညာ မကျွမ်းကျင်ဘူး ဆိုသည့်တိုင် အနည်းဆုံးတော့ အစားအသောက်တွေ၊ ရောင်းချသူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို စစ်ဆေးနိုင် ပါတယ်၊ ဒါဆိုရင် စစ်ဆေးမှု ရှိလာတာနဲ့အမျှ ပြုပြင်မှု တွေလည်း လုပ်လာနိုင်ပါတယ်၊ တစ်ခုတော့ ရှိတာပေါ့လေ..၊ ဒီလို စားသုံးသူကာကွယ်ရေး အဖွဲ့အနေနဲ့ အခွင့်အာဏာကို အလွန်အကျွံသုံးတာ၊ လာဘ်စားပြီး လျော့တိလျော့ရဲ စစ်ဆေးတာ.. စတာတွေ မလုပ်မိဖို့တော့ လိုပါတယ်၊

ဒီလိုအခန်းကဏ္ဍမှာ မရှိမဖြစ်ပါရမှာကတော့ မီဒီယာပါပဲ၊ ခုနက အစားအသောက် စစ်ဆေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စားသောက်ကုန်တွေရဲ့ လတ်ဆတ်မှု၊ ရောင်းချသူတွေရဲ့ သန့်ရှင်းမှု စတာတွေကို ဂျာနယ်တွေမှာ စဉ်ဆက်မပြတ် ဖော်ထုတ်ဖို့ လိုပါတယ်၊ အချက်အလက်လည်း ခိုင်မာမယ်၊ လိုလည်း လိုအပ်မယ်ဆိုရင် နာမည်တပ်ပြီး ရေးခွင့်ကအစ ရှိသင့်ပါတယ်၊ နိုင်ငံတကာမှာလည်း ဒီလိုမျိုး ဖော်ထုတ်ရေးသားတာတွေ အမြဲလုပ်နေကြသလို အစားအသောက် ရောင်းချသူတွေကလည်း မမှန်ရင်မမှန်သလို ပြန်လည် ဖြေရှင်းတာ၊ ပြင်ဆင်တာမျိုးတွေ လုပ်ကြလေ့ ရှိပါတယ်၊ ဒါဟာ ဒီနေ့လွှတ်တော်ထဲမှာ ပြော,ပြောနေကြတဲ့ check and balance ဆိုတာကို တကယ့်လက်တွေ့ လမ်းတွေပေါ်မှာ ကျင့်သုံးတာဖြစ်သလို စားသုံးသူတွေအဖို့လည်း ပွင့်လင်းမြင်သာမှုနဲ့အတူ လူထုကျန်းမာရေးအသိတွေ ပိုပြီး တိုးလာစေမှာပါ၊ ဟိုတလောတုန်းကတော့ အစားအသောက်မှာ ဆိုးဆေးပါ,မပါ စစ်ဆေးတာ၊ တားဆီးပိတ်ပင်တာတွေ ဖတ်လိုက်ရပေမယ့် အခုတော့ ဘာမှ မကြားရတော့ပြန်ဘူး၊ ဒီလို စစ်ဆေးမှုတွေက သတင်းကောင်းမို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုချင်ပါတယ်၊ ကောက်ရိုးမီးလို ဟုန်းကနဲတောက်ပြီး ပြန်ငြိမ်းသွားတာမျိုးတော့ မဖြစ်စေချင်ပါဘူး၊

လတ်တလောမှာတော့ ရွှေပြည်တော်ဟာ မျှော်တိုင်းဝေးနေဆဲ ဆိုတာ ကျနော်တို့အားလုံး သိပါတယ်၊ ဒါပေမယ့် အရာအားလုံးကို ဒီလိုပဲ တစ်လှမ်းခြင်း၊ တစ်လှမ်းခြင်း စခဲ့ရတာ မဟုတ်လား၊ အော်ရာမင်းအိုရဲ့ ပဉ္စလက်အတတ်အောက်က စိမ်းဖန့်ဖန့် လက်ဖက်ညွန့်လေးတွေ၊ ရိုဒါမင်းဘီရဲ့ လှည့်စားမှုအောက်က စားချင်စဖွယ် ပန်းနုရောင်ငါးပိတွေနဲ့ နီနီရဲရဲ မက်မန်းပေါင်းတွေ၊ ရေသန့်ဗူးတွေရဲ့ အားဖြည့်မှုနဲ့ ကြွပ်ရွနေတဲ့ အကြော်စုံလေးတွေ၊ လက်အိတ်မဝတ်တဲ့ လက်နဲ့သုပ်ထားတဲ့ ချဉ်ငန်စပ်ခေါက်ဆွဲသုပ်တွေ၊ ယင်တလောင်းလောင်းနဲ့ သရက်သီးမှည့်၊ ပိန္နဲသီးမှည့်တွေ...၊ ဒါတွေက ကျနော့်မျက်စိရှေ့ မှာ အနှေးရုပ်ရှင်ပြကွက် တစ်ခုလို အစီအရီပေါ်လာကြတယ်၊ စားနေကျတဲ့ အရာတွေ၊ ကိုယ်နှစ်သက်တဲ့ အရာတွေကို မျက်စိမှိတ်ပြီး ဆက်စားဖို့ ကျနော်တို့ ဝန်မလေးတတ်ကြပါဘူး၊

ဒီဆောင်းပါးလေးကို စ,ရေးနေတုန်းမှာပဲ မြန်မာပြည်ကနေ သယ်လာတဲ့ မက်မန်းပေါင်းတစ်ထုပ်ကို တမ်းမက်ခြင်းများစွာနဲ့ ကျနော်ဖွင့် လိုက်တယ်၊ မက်မန်းစိတ်လေးတွေက ဝါဖန့်ဖန့်နဲ့မှာမှ ဂျင်းဖတ်လေးတွေက ရောထားသေးတယ်၊ မစားရတာ ကြာလှပြီဖြစ်တဲ့ မက်မန်းပေါင်း တစ်စိတ်ကို ပါးစပ်ထဲထည့်လိုက်တယ်၊ လျှာဖျားကနေ စိမ့်ဝင်သွားတဲ့ မက်မန်းသီးရဲ့ အရသာက ငယ်ဘဝတွေကိုပါ ပြန်ခေါ်လာခဲ့တယ်၊ ဒီလို မက်မန်းသီးတွေ၊ မရမ်းပြား၊ သရက်ပြားတွေကို သွားတွေကျိန်းလာတဲ့အထိ ကျနော်စားခဲ့လေ့ ရှိတာပေါ့၊ မျက်စိကို အသာလေးမှိတ်လိုက်ပြီး ကျနော်ခဏတာ ယစ်မူးပစ်လိုက်တယ်၊ မျက်စိပြန်ဖွင့်တော့ ပလပ်စတစ်အိတ်ရဲ့ အောက်ခြေမှာ အိုင်ကျနေတဲ့ ဝါသယောင်၊ နီသယောင် မက်မန်းပေါင်းအရည်တွေကို အကြည့်ရောက်သွားတယ်၊ အို..ကိစ္စမရှိပါဘူး၊ ဒါ သူငယ်ချင်းက ကလောကနေ တကူးတက သယ်လာပေးတဲ့ မက်မန်းသီးတွေပဲ ဥစ္စာ..၊ စားမှာပဲ၊ ဆိုးဆေးတွေ ပါအုံးတော့..၊ အခုလို တစ်ခါလောက် စားရုံနဲ့ ဘာမှမဖြစ်ပါဘူး၊ ကျနော်ဆက်စားတယ်၊ တစ်စိတ်..၊ နောက်တစ်စိတ်..၊ နောက်ထပ်တစ်စိတ်...၊ ကဲ, ဒီတစ်စိတ် နောက်ဆုံးစားပြီးရင်တော့ ရေခဲသေတ္တာထဲ ပြန်ထည့်ထားလိုက်တော့မယ်၊ အဲဒီအတွေးနဲ့ နှိုက်လိုက်တဲ့ မက်မန်းစိတ်ကလေးနဲ့ အတူ ကပ်ပါလာတာက ဆံပင်တွေတထွေးကြီး...၊ ခုနတုန်းက ရလိုက်တဲ့ ကြည်နူးမှုတွေ၊ ငယ်ဘဝတွေ၊ လျှာဖျားက အရသာတွေ.. အားလုံးဟာ အစိတ်စိတ် အမွှာမွှာကွဲကြေ...၊ လည်ချောင်းထဲထိ တက်လာတဲ့ ပျို့အန်ချင်စိတ်နဲ့အတူ ရေခဲသေတ္တာဆီ လှမ်းနေတဲ့ ကျနော့်ရဲ့လက်တွေက အမှိုက်ပုံးကို ရောက်သွားကြတယ်၊ ကလောကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ A-380 Airbus လေယာဉ်ကြီးစီးပြီး ဒီအထိရောက်လာတဲ့ မက်မန်းပေါင်းကို ကျနော်နှမြောမနေနိုင် တော့ဘူး၊ ဂွတ်ဘိုင်...၊ ပြီးတော့ ခပ်မြန်မြန် ပလုပ်ကျင်းပြီး ကွန်ပြူတာဆီ ပြန်လာခဲ့တယ်၊ ကဲ.. ဒီလိုအချိန်မှာ ကျနော်အရေးသင့်ဆုံး စာတစ်ပုဒ်ဟာ တခြားဘယ်စာများ ဖြစ်နိုင်အုံးမှာလဲ...။ ။


ညီလင်းသစ်
၈ အောက်တိုဘာ၊ ၂၀၁၂

17 September 2012

လက်တစ်ကမ်းအကွာ


ကွန်ပြူတာ မျက်နှာပြင်ပေါ်ရှိ မြားကလေးကို သူစိုက်ကြည့်နေခဲ့သည်မှာ အတော်ကြာသွား ခဲ့ပြီ၊ မြားကလေးကို ကြည့်သာ ကြည့်နေသော်လည်း တကယ်တမ်းမှာတော့ မမြင်ပါ၊ သူ့စိတ်အာရုံက မြင်ကွင်းပေါ်မှာ မရှိဘဲ တပြိုင်တည်းမှာ တွက်ချက်မှုပေါင်း များစွာကိုလည်း လုပ်နေရသည်၊ သူ့ရှေ့ရှိ ကွန်ပြူတာ စခရင်မ်ပေါ်မှာတော့ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ငွေကြေး ကိန်းဂဏန်းများ၊ ရက်စွဲများ ပါသည့် အင်တာနက် စာမျက်နှာတစ်ခု ပွင့်လျက်ရှိသည်၊ ဤစာမျက်နှာကို လွန်ခဲ့သော သုံးပတ်ခန့်မှ စတင်၍ အခေါက်ပေါင်းများစွာ ဝင်ကြည့်ဖြစ်သောကြောင့် အလွတ်နီးပါးပင် ရနေလေ သည်၊ ပြီးတော့ စဉ်းစားတွက်ချက် နေသည်တို့ကလည်း အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ဖူးသည့် ထပ်တလဲလဲ အကြောင်းများသာ ဖြစ်၍ အဖြေလည်း ရှိသင့်သလောက် ရှိပြီးသားဖြစ်သည်၊

မြားကလေးကို Continue the reservation ဆိုသည့် အကွက်လေးပေါ် အသာတွန်းရွှေ့ လိုက်သည့်အခါ လက်ညှိုးတစ်ချောင်း ထောင်ထားသည့် လက်ကလေးပုံစံ ဖြစ်သွားသည်၊ ထို အနေအထားမှာ လက်ထဲမှမောက်စ်ကို နှိပ်လိုက်ပါက နောက်ထပ် စာမျက်နှာတစ်ခုသို့ သူရောက်သွားမည်၊ ထိုစာမျက်နှာမှာ အတည်ပြုစရာ ရှိသည်တို့ကို အတည်ပြုပြီးလျှင် ငွေချေရမည့် အဆင့်သို့ ရောက်မည်ဖြစ်ပြီး ဗီဇာကဒ်လိုမျိုး အကြွေးဝယ်ကဒ် တစ်ခုခု၏ နံပါတ်ကို ရိုက်ထည့်ပြီး ပေးချေလိုက်သည်နှင့် သူ့အတွက် ခရီးစဉ်တစ်ခု အဆင်သင့် ဖြစ်သွား လိမ့်မည်၊ ထိုခရီးစဉ်သည် ၁၄ နာရီခန့် လေယာဉ်စီးရပြီး အဆုံးမှာ ကျွန်းကလေး တစ်ခုရှိသည့် ခရီးစဉ်ဖြစ်သည်၊ အချိန်ကြာမြင့်စွာကပင် သူအိမ်မက် မက်နေခဲ့ရသော ခရီးလည်း ဖြစ်ပါသည်၊ သို့သော် ညာဖက်တစ်ခြမ်း လေဖြတ်ခံထားရသူလို မောက်စ်ပေါ်မှ သူ့ ညာလက်ညှိုးက အခုထိ မလှုပ်သေး..၊ ထိုအစား ဘယ်လက်ချောင်းများကသာ စားပွဲပေါ်မှာ တဒေါက်ဒေါက်နှင့် ခေါက်နေမိလေသည်၊

“ရှေ့နှစ်ဆန်းလောက်မှာ ရှေရီ သဘောတူရင် ဗရီနာနဲ့ နေပယ်လ်ကို သွားချင်လို့..၊ ရမလား..”

အီတလီတောင်ပိုင်းက မြို့ကလေးကို သွားလည်ချင်ကြောင်း ဇနီးသည်က ဟိုတလောဆီက ခွင့်တောင်းလာသည်၊ သူ့သူငယ်ချင်း၏ မွေးနေ့အမှတ်တရ ခရီးဟု ဆိုသည်၊ သူ့အနေနှင့် သဘောမတူနိုင်စရာ မရှိပါ၊ အသာတကြည်ပင် ခွင်ပြုခဲ့သည်၊ အိမ်ထောင်ရေး ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား၊ တွယ်တာခြင်းသာ ဖြစ်သင့်ပြီး အပြန်အလှန် ချုပ်နှောင်ခြင်းမျိုးတော့ မဖြစ်သင့်ဟု သူလက်ခံထားသည်၊ ဇနီးသည်နှင့် အီတလီခရီးအကြောင်း ပြောနေသည့် ထိုအခိုက်လေးမှာပဲ သူ့ခေါင်းထဲမှာ ဖြတ်ကနဲ လင်းသွားခဲ့ခြင်း ဖြစ်သည်၊ သူသည် အခြေအနေ အချိန်အခါကို တွက်ချက်၊ ခန်မှန်းရာတွင် တဖက်ကမ်းခတ်သူ မဟုတ်သော်လည်း ဤလိုအခြေအနေ မျိုးကိုတော့ အကင်းပါးစွာဖြင့် မိမိရရ အသုံးချရကောင်းမှန်း သိသူဖြစ်သည်၊

“အတော်ပဲ..၊ ကိုယ်လည်း စင်ကာပူကို သွားလည်မလို့ စဉ်းစားနေတာ...”

သူမ မအံ့သြပါ၊ စင်ကာပူ သွားချင်သည့်အကြောင်း သူက အခွင့်သင့်လျှင် သင့်သလို တစ်ခွန်းစနှစ်ခွန်းစ ပြောဖူးသည် မဟုတ်လား၊ သူမက အပြုံးတစ်စဖြင့် ‘ဒါပဲချောင်းနေ သိလား’ ဟု ဆိုသောအခါ သူပျော်သွားသည်၊ ဘယ်အချိန်မှာ ဘယ်လိုပြောရမလဲဟု တွေးတောနေခဲ့သော အကြောင်းတစ်ခု..၊ ယခုမူ မီးစိမ်းပြသွားပြီ ဖြစ်၍ ယာဉ်ကြောရှာရန်သာ လိုတော့သည်၊ ထိုနေ့မှစပြီး လေကြောင်းလိုင်းများ၏ ဝက်ဘ်ဆိုဒ်များ၊ တည်းခိုစရာ ဟိုတယ်၊ မိုတယ်တို့၏ ဝက်ဘ်ဆိုဒ်များကို သူလှန်လှော ရှာဖွေတော့သည်၊ ထို့ပြင် ခြင်္သေ့ကျွန်းကလေး၏ မြေပုံကို မကြာခဏကြည့်ပြီး လမ်းများ၊ အထင်ကရ နေရာများကို လိုက်မှတ်နေမိသည်၊ နည်းပညာခေတ်တွင် Google street view ၏ကောင်းမှုဖြင့် သူ့မှာ မသွားမီက ရောက်နှင့်နေတော့သည်၊

ဖြစ်နိုင်လျှင်တော့ သူက ကမ္ဘာ့ဆက်သွယ်မှု ကွန်ယက်ကြီးထဲမှာ သိကျွမ်းခဲ့ရသူများ အားလုံးဆီကို အလည်သွားချင်သူ ဖြစ်သည်၊ သို့သော် ကမ္ဘာ့နေရာ တစ်နေရာစီမှာ ကျဲပြန့်နေကြသော မိတ်ဆွေများထံ သွားနိုင်ဖို့ ဆိုလျှင်တော့ ယူရိုမီလျံလို ထီမျိုးပေါက်မှပဲ ဖြစ်မည်လားမသိ..၊ အချိန်အားဖြင့်ကော ငွေကြေးအားဖြင့်ပါ အတော်ကုန်ကျ ပါလိမ့်မည်၊ တစ်ခါတုန်းက ဤနိုင်ငံသား မိတ်ဆွေတစ်ဦး ကျောင်းပြီးတော့ အလုပ်မဝင်သေးခင် အတွေ့အကြုံရအောင်ဟု ဆိုကာ Round the world လေယာဉ်လက်မှတ်ကို ဒေါ်လာ ၄ ထောင်ဖြင့်ဝယ်ပြီး အာရှမှ အမေရိကားအထိကို ကျောပိုးအိတ်တစ်လုံးဖြင့် ၉ လကြာလောက် စုန်ချည်ဆန်ချည် ခရီးသွားနေခဲ့သည့် အကြောင်းကို ပြန်အမှတ်ရမိသည်၊ ဤခရီးမျိုး စီစဉ်ဖို့ မဖြစ်နိုင်(သေး)သည့် သူ့အတွက်တော့ လောလောဆယ် လူအများစုရှိရာ ခြင်္သေ့ကျွန်းကလေးကိုပဲ အာရုံကျနေရခြင်း ဖြစ်သည်၊

တကယ်တမ်း အရင်းစစ်ရလျှင် သူ့အနေနှင့် ခြင်္သေ့ကျွန်းကို လည်ပတ်လိုခြင်းထက် ထိုကျွန်းမှာ နေထိုင်ကြကုန်သော အာဂန္တု ကျွန်းသူကျွန်းသားများကို တွေ့လိုရင်း ဖြစ်သည်၊ ခြင်္သေ့ကျွန်းမှ သူကသိသော၊ သူ့ကိုသိသော ဘလော့ဂ်ရေးသူ ဖြစ်စေ၊ စာဖတ်သူဖြစ်စေ.. အားလုံးနှင့် သူဆုံတွေ့ချင်ပါသည်၊ တကယ်တော့ ခြင်္သေ့ကျွန်းမှ မဟုတ်..၊ ထိုသူများက တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းမှ ဖီဂျီကျွန်းမှာ နေကြလျှင်လည်း ဖီဂျီကျွန်းသို့ သွားရန် သူကြိုးစားမိမည် ထင်သည်၊ လေယာဉ်လက်မှတ်များ၊ တည်းခိုခန်းများကို ရှာနေရင်းမှ မိတ်ဆွေများနှင့် တွေ့ရမည့်နေ့ရက်များကို ကြိုတွေးကာ စိတ်ကူးသက်သက်ဖြင့် သူပျော်နေမိသည်၊ သူကသာ တွက်ရေးနှင့် စက်သူဌေး ဖြစ်နေသော်လည်း.. တဖက်က လူတွေခမျာ အလုပ်တစ်ဖက်နဲ့ အားပါဦးမှ..၊ အားသည့်တိုင်လည်း တွေ့ချင်ပါဦးမှဟု တွေးမိသောအခါ သူပူပန်သွားမိသည်၊ သို့သော် ကျွန်းကလေးကို အလည်လာချင်သည့် အကြောင်း တစ်ခါတုန်းက သူစာတစ်ပုဒ် ရေးဖူး၏၊ ထိုစာနှင့်ပတ်သက်၍ အများစုက လာသာလာဖို့ ဖိတ်ခေါ်ခဲ့သည့် အကြောင်း ပြန်တွေးမိသောအခါ ထိုသူတို့သည် မျက်နှာလွှဲခဲပစ် လုပ်မည့်သူများတော့ မဟုတ်တန်ရာဟု ယူဆလိုက်ပြီး သူ ပြန်စိတ်အေးသွား ခဲ့လေသည်၊ သူ၏ ခရီးစဉ်ကိုလည်း ‘ဇော်ဂျီဖြင့်သာ ဆုံခဲ့ဖူးသည့် ဖို,မဝင် မိတ်ဆွေများဆီသို့’ ဟု ကိုယ့်ဘာသာ နာမည်ပေးထားလိုက်သည်၊

သို့သော်... ဤလောက၌ ကြိုတင်တွေးဆ၍ မရသော အကြောင်းချင်းရာ များစွာရှိပါသည်၊ အကယ်၍ သူ၏ ခရီးစဉ်ကို လက္ခဏာဆရာ တစ်ယောက်နှင့်သာ ကြိုတင်တိုင်ပင်မိပါက ခရီးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဟု ဆိုလိမ့်မည် ထင်သည်၊ ကျွန်းကလေးဆီသို့ သွားမည့်ခရီးမှာ ကျွန်းခံနေသော အဖြစ်နှင့်မှ တည့်တည့်တိုးရခြင်း..၊ သူ့အလုပ်မှာ လူသစ်တွေ ရောက်လာသည်နှင့်အတူ ပရောဂျက်အသစ်တွေကလည်း အချိန်ကိုက် ကျလာခဲ့သည်၊ ယခင့်ယခင်က ဝန်ထမ်းသစ်များ ရောက်လာလျှင် သူ့အနေနှင့် တိုက်ရိုက် တာဝန် မရှိသော်လည်း ဒီတစ်ခေါက်ကျမှ တိုက်တိုက်ဆိုင်ဆိုင် လုပ်စရာတွေ ရှိနေခဲ့သည်၊ လူသစ်တွေ၊ ပရောဂျက်သစ်တွေကို ထားပစ်ခဲ့ပြီး ဒီအတိုင်း ထွက်သွားရမှာ သူစိတ်မဖြောင့်ပါ..၊ ထို့ပြင် နွေရာသီ ခွင့်သုံးပတ် သွားပြီး ပြန်လာခဲ့သည်မှာ ယခုမှ တစ်ပတ်ဆယ်ရက် သာသာပဲရှိ သေးသည်၊ တကယ်တမ်း ခရီးထွက်ဖြစ်လျှင် ရှေ့လမှာ ဖြစ်သော်လည်း လေယာဉ်လက်မှတ် ဈေးသက်သာဖို့ ယခုကတည်းက ကြိုဝယ်ဖို့ လိုပါသည်၊ ထိုအခါ ခွင့်ရရန် သေချာဖို့ လိုသည့်အတွက် ယခုကတည်းက ခွင့်တင်ရမည် ဖြစ်သည်၊ ထိုထိုသော အခြေအနေမှာ သူ့အလုပ်ရှိ လူသားရင်းမြစ် ဌာနမှ စာတစ်စောင် အိမ်သို့ရောက်လာခဲ့သည်၊ သူ့ကို ရာထူးတိုးသည့် စာ...၊ နောက်တစ်နေ့မှာ ဌာနမှ သက်ဆိုင်ရာ ဒါရိုက်တာကို သူသွားတွေ့ပြီး ကျေးဇူးစကားဆိုတော့ အဆိုပါဒါရိုက်တာက သူ့ကို လုပ်ဆောင်ခဲ့သည့် အငန်းအတာ အားလုံးအတွက် ကျေးဇူးတင်ကြောင်းနှင့် ရှေ့လာမည့် ဆောင်ရွက်စရာများကိုလည်း လွှဲအပ်ခွင့် ရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြန်ပြောလိုက်သည်၊

တိုက်တိုက်ဆိုင်ဆိုင် အဆိုပါနေ့သည် သူ၏တွက်ချက်ထားမှုအရ လေယာဉ်လက်မှတ်များ ဝယ်ရန်၊ ဟိုတယ်အခန်း စရန်သတ်ရန် စသည်တို့ လုပ်ရမည့်နေ့ ဖြစ်သည်၊ ထိုအရာများ မလုပ်မီ ခွင့်ရမရ သေချာအောင် စောစောက ဒါရိုက်တာကို ဝင်တွေ့ပြီး အားလပ်ရက် ခွင့်တောင်းရမည် ဖြစ်သည်၊ ထိုပုဂ္ဂိုလ်သည် ခွင့်တောင်းသမျှ မငြင်းဘဲ ပေးလေ့ရှိသည့် သဘောကောင်းသူတစ်ဦး ဖြစ်ပါသည်၊ သို့သော် သူ့ဆောင်ရွက်မှု များကို နှစ်သက်စွာ ကျေးဇူးတင်ပြီး မကြာခင်စမည့် လုပ်ငန်းသစ်များအတွက်လည်း ကူညီပါရန် လောလောလတ်လတ် ပြောထားသူတစ်ယောက်ကို ခွင့်တောင်းရမှာ သူအားနာမိပါသည်၊ တောင်းခဲ့လျှင် ခွင့်ရရန် ရာခိုင်နှုန်းများသော်လည်း ဝန်ထမ်းစည်းကမ်းနှင့် လူ့ကျင့်ဝတ်ကို သူ မချိုးဖောက်ချင်ပါ၊ သူသည် အခွင့်အရေးရတိုင်း တောင်းတတ်သူတစ်ယောက် မဟုတ်ကြောင်း ကိုယ့်ကိုယ်ကို ပြဌာန်းဖို့ လိုပါလိမ့်မည်၊

ကွန်ပြူတာ မျက်နှာပြင်ပေါ်မှ Continue the reservation ဆိုသည့် အကွက်ကလေးပေါ်မှာ ပေါ်နေသည့် လက်ကလေးကို ဘေးသို့ အသာပြန်ဆွဲ ယူလိုက်သည်၊ လက်ကလေးက မြားကလေး ပြန်ဖြစ်သွားသည်၊ ဖွင့်ထားသော အင်တာနက်စာမျက်နှာမှ လေကြောင်းလိုင်းများ၊ ဟိုတယ်ဈေးနှုန်းများ အပေါ်မှ ဖြတ်ပြီး မြားကလေးကို အပေါ်ဖက်သို့ ဆွဲယူလိုက်သည်၊ စာမျက်နှာ၏ အပေါ်ညာဖက်ဆုံး ထောင့်မှာ အဆိုပါစာမျက်နှာကို ပိတ်ရန် အနီရောင် ကြက်ခြေခတ် အကွက်ကလေး ရှိပါသည်၊ ထိုအကွက်ကလေးပေါ်မှာ မြားကလေး ရောက်သွားသည့်အခါ မောက်စ်ပေါ်မှ သူ့ညာလက်ညှိုးကို တစ်ချက်နှိပ်ချ လိုက်သည်၊ မြင်နေခဲ့သော စာများ၊ ဂဏန်းများအားလုံး တမုဟုတ်ချင်း ပျောက်သွားသည်၊ ထိုပျောက်ကွယ်သွားမှုမှာ သူ၏ အိပ်မက်များ၊ ပျော်ရွှင် မှုများလည်း ပါသွားခဲ့သည်၊ သူ့အပေါ်မှာ ကြီးမားလှသည့် တစုံတခုက ပိကျလာသည့် အလား သူ လေးလံငြိမ်သက် သွားတော့သည်၊ သူသည် လွယ်လင့်တကူ လက်လျှော့တတ်သူ မဟုတ်သည့် အတွက် ထိုစာမျက်နှာကို နောက်ထပ် လအနည်းငယ်အကြာမှာ ပြန်ဖွင့်ဖြစ်ပါ လိမ့်မည်၊ လောလောဆယ်မှာတော့ ဖို,မဝင်သည့် မိတ်ဆွေများကို ဇော်ဂျီအားကိုးဖြင့်သာ တွေ့နေရဦးတော့မည် ဖြစ်သည်...။ ။


ညီလင်းသစ်
၁၇ စက်တင်ဘာ၊ ၂၀၁၂

12 September 2012

နောက်ဆုံးအချိန်ထိ...


ကျနော့်အိမ်မှာ လစဉ်ကြေးနဲ့ယူတဲ့ ဓါတ်ပုံမဂ္ဂဇင်းတစ်အုပ် ရှိပါတယ်၊ ပြင်သစ်မှာရှိတဲ့ ဓါတ်ပုံအေဂျင်စီ တစ်ခုက ထုတ်တဲ့ Réponses Photo ဆိုတဲ့ မဂ္ဂဇင်းပါ၊ အခု စက်တင်ဘာလထုတ် မဂ္ဂဇင်းထဲမှာတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ ဓါတ်ပုံလေးတစ်ပုံ ပါလာခဲ့တယ်၊ မဂ္ဂဇင်းက ကျနော့်ဆီရောက်တာ ကြာပါပြီ၊ ပြီးခဲ့တဲ့ သြဂုတ်လ မကုန်ခင်ကတည်းက ဆိုပါတော့..၊ ဒါပေမယ့် မဂ္ဂဇင်းစာအုပ်ကို ဟိုလှန်၊ ဒီလှန်လုပ်ရင်း အဲဒီဓါတ်ပုံလေးရှိတဲ့ စာမျက်နှာ ရောက်တိုင်း ကျနော် ရှေ့မဆက်နိုင်ဘူး၊ ပုံနဲ့တွဲပါတဲ့ စာကြောင်းတွေကို ပြန်,ပြန် ဖတ်မိတယ်၊ ဓါတ်ပုံကို အကြာကြီး အသေးစိတ် လိုက်ကြည့်နေမိတယ်၊ ပြီးတော့ ကျနော်တစ်ခါမှ မသိဖူးတဲ့ ဓါတ်ပုံနောက်ကွယ်က လူတွေအကြောင်းကို တွေးနေမိတယ်...၊


ဒီဓါတ်ပုံလေးထဲက ကင်မရာတွေက Bill Biggart ဆိုတဲ့ ဓါတ်ပုံဆရာ တစ်ယောက်ကိုင်ခဲ့တဲ့ ကင်မရာတွေပါ၊ လွန်ခဲ့တဲ့ ၁၁ နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ရဲ့ မနက်ခင်းမှာ Bill ဟာ သူနေထိုင်တဲ့ မန်ဟက်တန်ကနေ ပုံထဲက ကင်မရာ ၃ လုံးကိုဆွဲပြီး ဝေါလ်ထရိတ်စင်တာ ဖက်ကို အပြေးအလွှားနဲ့ ရောက်သွားခဲ့တယ်၊ ဒီမြို့မှာနေတဲ့ Bill ဟာ ဝေါလ်ထရိတ်စင်တာ ဆီသွားတဲ့ လမ်းတွေကို အကြိမ်များစွာ လျှောက်ဖူးခဲ့မှာ ပါပဲ၊ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ အဲဒီလမ်းတွေဖက်က တလိပ်လိပ်တက်လာတဲ့ ဖုန်လုံးကြီးတွေ ထဲကို ဝင်သွားပြီးတဲ့နောက် ဘယ်တော့မှ ပြန်ထွက်မလာ နိုင်တော့ဘူး၊ ဒုတိယ ပြိုကျတဲ့ တာဝါရဲ့အောက်ထဲမှာ သူပါသွားခဲ့တယ်...၊

သူ့ရဲ့အလောင်းကို ၄ ရက်မြောက်တဲ့နေ့မှာ ကယ်ဆယ်ရေးတွေက​ ရှာတွေ့သွားတယ်၊ ပြီးတော့ ရက်အနည်းငယ် အကြာမှာ သူ့ရဲ့ ပစ္စည်း၊ ပစ္စယတွေ အားလုံးကို သူ့အမျိုးသမီးဆီ သက်ဆိုင်ရာက လာအပ်သွားတယ်၊ အဲဒီမြင်ကွင်းကို ကျနော်မြင်ယောင်ကြည့်မိတယ်၊ ဓါတ်ပုံလေးထဲမှာ တွေ့ရတဲ့ ပစ္စည်းတွေကို လက်ခံယူနေတဲ့ အချိန်မှာ ဖြစ်နေမယ့် အဲဒီအမျိုးသမီးရဲ့ စိတ်ခံစားမှုကို ကျနော် အဆုံးထိ မတွေးရဲဘူး၊ အော်ဟစ်ငိုယိုတာ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တိတ်တိတ်လေး ကြေကွဲရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေတာ မျိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ ဝမ်းနည်းခြင်းဟာ ထုထည်ကြီးမားစွာနဲ့ကို ဖိစီးနေခဲ့မှာ အသေအချာပါ၊ အိမ်ကနေ အပြေးအလွှား ထွက်သွားတဲ့ ခင်ပွန်းသည်ရဲ့ အပြန်ခရီးဟာ ကင်မရာ ၃ လုံးတဲ့လား..၊ ကျနော့်ရှေ့က ဓါတ်ပုံလေးထဲမှာ အကြမ်းဖက်ဝါဒရဲ့ ဆွဲဆုတ်၊ နင်းခြေခြင်း အောက်ကနေ ဖုံအလိမ်းလိမ်းနဲ့ စုတ်ပြတ်၊ ပျက်စီးပြီး ပြန်ထွက်လာတဲ့ ကင်မရာတွေနဲ့ မှန်ဘီလူးတချို့၊ ဖလင်လိပ်တွေနဲ့ သတင်းထောက် ကဒ်ပြားတွေ၊ မှန်မကွဲဘဲ ကျန်ခဲ့တဲ့ မျက်မှန်လေးတစ်လက်...၊ မြင်ကွင်းဟာ ပကတိသက်ငြိမ်..၊ ဒါပေမယ့် တပြိုင်တည်းမှာပဲ ကမ္ဘာပျက်မတတ် အော်သံတွေ ကျနော်ကြားနေရတယ်...၊


Bill ရဲ့သူငယ်ချင်း ဓါတ်ပုံဆရာ တစ်ယောက်က ပစ္စည်းတွေကို စစ်ဆေးကြည့်တယ်၊ ဖလင်ကင်မရာ ၂ ခုစလုံး ပျက်စီးသွားကြတယ်၊ ဖလင်လိပ်တွေကလည်း ပြိုကျလာတဲ့ အင်္ဂတေ အပိုင်းအစတွေ အောက်မှာ ပွင့်ထွက်ကုန်ပြီး အလင်းထိသွားကြလို့ သုံးမရတော့ဘူး၊ ကျန်တဲ့ ဒစ်ဂျစ်တယ်လ် ကင်မရာလည်း ပျက်စီးနေတယ်၊ ဒါပေမယ့် အထဲက မင်မိုရီကဒ်ကတော့ အကောင်းအတိုင်း ရှိနေသေးတယ်လို့ ထင်ရတယ်၊ ဒါနဲ့ အဲဒီကဒ်ကို သူတို့ ကွန်ပြူတာထဲ ထည့်ကြည့်တယ်၊ ပထမတော့ ဘာမှ ပွင့်မလာဘူး၊ ဒါပေမယ့် နှစ်ခါသုံးခါ ကြိုးစားကြည့်တော့ အကောင်းအတိုင်း ရှိနေသေးတဲ့ ဓါတ်ပုံတွေ ထွက်လာခဲ့တယ်၊ ဖုန်လုံးကြီးတွေ၊ အင်္ဂတေ အကျိုးအပဲ့တွေ၊ လူနာတင်ယာဉ်တွေ၊ မီးသတ်ကား၊ ရဲကား၊ ပြေးလွှားနေတဲ့ လူတွေ ဒါတွေကို တွေ့ရတယ်၊ နောက်ပိုင်း ဓါတ်ပုံတွေမှာတော့ Bill ဟာ ဝေါလ်ထရိတ်စင်တာ အောက်ခြေအထိကို ကြောက်စရာကောင်းလောက်အောင် ချဉ်းကပ်သွားတာ တွေ့ရတယ်၊ လောလောလတ်လတ် ပြိုကျထားတဲ့ ပထမတာဝါကို သူရိုက်နိုင်ခဲ့တယ်၊ အဲဒီနေ့က အဲဒီလိုနေရာမှာ သူ့လိုဘယ်သူမှ အနီးကပ် မရိုက်နိုင်ခဲ့ဘူး၊ နောက်တော့ မပြိုသေးတဲ့ ဒုတိယတာဝါ အောက်ကို သူရောက်သွားခဲ့တယ်၊ ဓါတ်ပုံသတင်းထောက် ပီသစွာပဲ သတင်းဓါတ်ပုံရဖို့ သူစိတ်စော နေခဲ့မယ်လို့ ကျနော်တွေးကြည့်မိတယ်၊ အဲဒီနောက် ၁၀ နာရီ၊ ၂၈ မိနစ်၊ ၂၄ စက္ကန့် အတိအကျမှာ သူ့ရဲ့ နောက်ဆုံးဓါတ်ပုံကို ရိုက်ပြီး ပြိုကျလာတဲ့ ဒုတိယ အဆောက်အဦးအောက်မှာ သူသေဆုံးသွားတော့တယ်၊ အပေါ်က ဓါတ်ပုံထဲမှာ စာအုပ်ရဲ့ ညာဖက်အပေါ်က ဓါတ်ပုံဟာ အဲဒီနောက်ဆုံးပုံပါပဲ...၊

Bill ရဲ့ မင်မိုရီကဒ်ထဲက ထွက်လာတဲ့ ဓါတ်ပုံပေါင်း ၁၅၀ လောက်မှာ အစောပိုင်းက ရိုက်ထားတဲ့ သစ်ပင်တွေရဲ့ ပုံတွေလည်း ပါတယ်လို့ ဆိုပါတယ်၊ သူက သစ်ပင်တွေကိုလည်း ချစ်တတ်တဲ့ ဓါတ်ပုံဆရာ တစ်ဦးပါ၊ ကျန်ခဲ့တဲ့ သူ့ရဲ့ သားသမီး ၃ ယောက်ကကော...၊ တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ရတဲ့ ဒီအဖြစ်ကို ပြန်ပြောတိုင်း သူ့အလုပ်ကို နောက်ဆုံးအချိန်ထိ သစ္စာရှိရှိနဲ့ ရဲရဲဝံ့ဝံ့ လုပ်ခဲ့တဲ့ သူတို့အဖေကို ဂုဏ်ယူနေမယ်လို့ ကျနော်ထင်ပါတယ်၊ လှုပ်လှုပ်ခတ်ခတ် ဖြစ်ရတဲ့ ဓါတ်ပုံလေးကိုကြည့်ပြီး ကျနော်တွေးနေမိတယ်...။ ။

Ref: Réponse Photo magazine (September 2012)


ညီလင်းသစ်
၁၂ စက်တင်ဘာ၊ ၂၀၁၂

03 September 2012

သူဝင်ကာ ကိုယ်ထွက်ပါလို့...


ယခုတစ်လောမှာ မြန်မာပြည်က ဟိုတယ်တွေ အခန်းခ မတည်ငြိမ်တဲ့ အကြောင်း၊ ဘွတ်ကင်တွေ ပြဿနာ တက်တဲ့ အကြောင်းတွေ ဖတ်ရသည့်အခါ စိတ်မသက်မသာ ဖြစ်မိသည်၊ ဟိုးအောက်ကို တစ်ဆုံးထိုးကျ နေခဲ့သော တိုင်းပြည်၏ image ကို ပြန်ဆယ်ဖို့ အားလုံးက ကြိုးစားနေကြသည့် ကာလမို့ အလည်လာကြသူ ဧည့်သည်တွေအမြင်မှာ ဤကိစ္စက အနှောင့်အယှက် ဖြစ်စရာပင်...၊ ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ကျနော်တို့ အလည်ရောက်သွားချိန်မှာ ကတည်းက ဟိုတယ်အခန်းခ ဈေးနှုန်းတွေအကြောင်း ကျယ်ကျယ်လောင်လောင် နဲ့ကို ဝေဖန်ငြင်းခုန်နေခဲ့ ကြသည်၊ ထိုစဉ်တုန်းက ကျနော်တို့က လပေါင်းများစွာ ကြိုတင်ပြီး အခန်းယူထားခဲ့ သောကြောင့်သာ ဈေးနှုန်းဟောင်းအတိုင်း သင့်တင့်သောဈေးနှင့် ရခဲ့ခြင်း ဖြစ်သည်၊

ရန်ကုန်မြို့၏ ရေကန်ကြီးတစ်ကန် ဘေးတွင်ရှိသော ကျနော်တို့ တည်းခဲ့ရာဟိုတယ်ကို ကျနော်ကောင်းစွာ ရင်းနှီးပါသည်၊ မြန်မာပြည်မှာ ရှိ စဉ်တုန်းက အလုပ်တာဝန်ဖြင့် အကြိမ်ပေါင်းများစွာ ဝင်ထွက်သွားလာ ခဲ့ဖူးသည်၊ ၁၉၅၈ ခုနှစ်က ဆိုဗီယက်ယူနီယံ၏ နန်းရင်းဝန် နီကီတာ ခရူးရှက်ဖ် မြန်မာပြည်ကို အလည်လာစဉ်က လက်ဆောင်အဖြစ် ဆောက်လုပ်ပေးခဲ့သော ဟိုတယ်ဖြစ်သောကြောင့် ရုရှား ဗိသုကာကို ထင်ထင်ရှားရှား တွေ့ရသည့် နေရာလည်းဖြစ်သည်၊ ထိုစဉ်ကာလတွေက အမေရိကန်နှင့် ဆိုဗီယက်တို့ စစ်အေးတိုက်ပွဲ ဆင်နွှဲနေကြသည့် အချိန်ဖြစ်သည့်အလျောက် ဆိုဗီယက်က တတိယနိုင်ငံများနှင့် မဟာမိတ် ဖွဲ့ထားဖို့ ပေါ်လစီတစ်ရပ် ထားရှိခဲ့သည်၊ ထိုပေါ်လစီအရ ခရူးရှက်ဖ် က မြန်မာပြည်ကို မိတ်ဖွဲ့လက်ဆောင်အဖြစ် ပေးခဲ့ခြင်းလည်း ဖြစ်ပါသည်၊ ဟိုတယ်မှာ တကယ်တမ်းနေဖြစ်သည့် အစောပိုင်းရက်တွေက ကျနော့်အတွက် အနည်းငယ်ထူးဆန်းသယောင် ဖြစ်နေခဲ့သည်၊ တချိန်တုန်းက ဤနေရာမှာ တည်းခဲ့သည့် ဧည့်သည်ပေါင်းများစွာကို ဧည့်လမ်းညွှန်တာဝန်နှင့် လာခေါ်ပြန်ပို့ လုပ်ခဲ့ဖူးရာ...၊ အခုတော့ ကိုယ်ကိုယ်တိုင်က ဧည့်သည်..၊

"မောနင်း အာစရိ၊ ခရီးပန်းလာတာဆိုတော့ ညက အိပ်လို့ကောင်းမှာပေါ့..."

ဟိုးအရင်ကတည်းက ကျနော်ရင်းနှီးနေသည့် ဝန်ထမ်းအစ်ကိုက နှုတ်ဆက်သည်၊ သူက ကြီးကြီးငယ်ငယ် တွေ့သမျှလူကို အာစရိကနေ နည်းနည်းမှ မလျှော့..၊ ဟိုတယ်ကို ရောက်သည့်နေ့မှာပဲ သူ့ကိုတွေ့ပြီး သွားနှုတ်ဆက်တော့ တအံ့တသြနှင့် ဝမ်းတွေသာလို့၊ နေ့စဉ်လိုလို မျက်နှာစိမ်းတွေ ရာနှင့်ချီပြီး တွေ့နေရသူက ဆယ်နှစ်လောက် မတွေ့ဖြစ်သည့် ကျနော့်ကို ချက်ချင်းမှတ်မိတာ နည်းနည်းတော့ အံ့သြရသည်၊ သူ့ မှတ်ဉာဏ် ကပဲ ကောင်းတာလား၊ ကျနော့်ရုပ်ကပဲ မပြောင်းတာလား၊ တစ်ခုခုပဲဟု တွေးမိသည်၊ အခုတော့ ထိုအစ်ကိုက ကျနော် သိခဲ့သော ဝန်ထမ်းတွေထဲက ဟိုတယ်မှာ တစ်ဦးတည်း ကျန်ရစ်ခဲ့သူ..၊ သူ့ကို နှုတ်ဆက်ရင်း ကျနော် လမ်းလျှောက်ထွက်လာ ခဲ့လိုက်သည်၊

ကိုယ်သိကျွမ်းဖူးရာ လူများ၊ နေရာများကို အခြားရှုထောင့် တစ်ခုမှ ချဉ်းကပ်ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းပါသည်၊ ဤအဖြစ်က ရင်းနှီးမှုများဖြင့် ခေါက်ရိုးကျိုးနေသော နယ်နိမိတ်စည်းများ၏ အပြင်ဖက်ကို ဖောက်ထွက်ပြီး နယ်ပယ်သစ်တစ်ခုကို တွေ့ရှိတာနှင့် ခပ်ဆင်ဆင်တူသည်၊ ထိုအခါ အမြင်သစ်၏ နောက်တွင် အတွေးသစ်ကလည်း ကပ်လျက် လိုက်ပါလာတတ်သည်၊ သို့နှင့် ဟိုးတစ်ချိန်က တွေ့ခဲ့ဖူးသည့် နဂါးမောင်နှံ အကြောင်းက လူးလွန့်ရုန်းထ အမောက်ထောင်လာ ခဲ့လေသည်၊

တစ်ချိန်တစ်ခါတုန်းက ဟိုတယ်ဘေး မြက်ခင်းပြင် တစ်နေရာတွင် အမောက်ထောင်နေသည့် နဂါးမောင်နှံ ရုပ်တုရှိခဲ့သည်၊ နောက်တော့ ဂျာမန်လူမျိုး ဟိုတယ်မန်နေဂျာတစ်ယောက် လက်ထက်တွင် ဥယျာဉ်မြက်ခင်းပြင် ပြန်လည်ပြုပြင်ရင်း ထိုနဂါးရုပ်တုတွေကို ဖျက်ပစ်လိုက်လေသည်၊ အဲဒီနောက်မှာတော့ ယုံရခက်သည့် အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့တော့သည်၊ တသက်လုံး အေးအေးဆေးဆေး ရှိခဲ့သော ဟိုတယ်မှာ မီးလန့်သည်၊ လူတွေလည်း ရုတ်တရက်မို့ အထိတ်ထိတ် အလန့်လန့်..၊ မီးခိုးတွေ ထွက်လာသည့် နေရာက ဓါတ်လှေကားအောက်က...၊ သို့ပေမယ့် သေချာရှာကြည့်တော့ ဘာမှ မတွေ့ရဟု ဆိုသည်၊ နောက်တော့ ဟိုတယ်၏ အပေါ်ဆုံးထပ်မှာ မြွေတွေ တွေ့ရပြန်သည်၊

"ဟား..အာစရိရာ.. မြွေတွေအားလုံးက ငန်းတော်ကျားချည့်ပဲ၊ ကဲ.. မထူးဆန်းဘူးလား၊ ငန်းတော်ကျား ဆိုတာက မြွေနဂါးတစ်မျိုးပဲလေ..."

ဟိုတယ်ဝန်ထမ်းက ကြောက်စိတ် မပြယ်သေးသည့် ဟန်ဖြင့် ပြောနေသည်၊ သူ့ကြည့်ရတာ အခုကိုပဲ လောလောလတ်လတ် မြွေတွေ တွေ့လာသလိုမျိုး..၊ 'ပြီးတော့ ဒီကောင်တွေ ဟိုတယ်အပေါ်ဆုံးထပ်ကို ဘယ်လို တက်သွားကြသလဲ' ဟု မေးခွန်း ထုတ်လိုက်ပြန်သည်၊ သစ်ဝါးပေါသော အရပ်မှာ မြွေတွေ့ရခြင်းက ဘာမှမထူးဆန်းသော်လည်း ဟိုတယ်တစ်ခု၏ အပေါ်ဆုံးထပ်မှာ တစ်ကောင်ထက်ပိုပြီး တွေ့ရသည် ဆိုလျှင်တော့ ဖြစ်နိုင်ခြေကို တွေးကြည့်ချင်စရာ ကောင်းပါသည်၊

"ဒါတင် ဘယ်ကမလဲ၊ တစ်ရက်မှာ ကျနော်တို့ ဝန်ထမ်းအဆောင် မီးထလောင်ပါရောဗျား၊ အဲဒီတုန်းက ကျနော်က ရေချိုးပြီး အဆောင်ကနေ ထွက်လာကာစပဲ ရှိသေးတယ်၊ ဒီအတိုင်း ဘလိုင်းကြီးကို ထလောင်တာ..၊ Kitchen မှာလုပ်တဲ့ တစ်ယောက် မြင်လိုက်တာက ကောင်းကင်ကနေ မီးတန်းကြီး ကျလာသလိုပဲ-တဲ့.."

တစ်ယောက်က ဝင်ပြောပြန်သည်၊ သူပြောနေပုံက မယုံမကြည်တော့ မလုပ်လိုက်နဲ့ ကိုယ့်လူဟု ဆိုချင် သယောင်ယောင်..၊ ကောင်းကင်မှ ကျလာသည်ဆိုသော မီးတန်းကြီးကို ကျနော်ဘာမှ ထင်မြင်ချက် မပေးချင် သလို ယုံကြည်မှုဆိုင်ရာ ကိစ္စများတွင်လည်း ဝင်မစွက်ဖက်လိုပါ၊ ဒါက တစ်ဦးချင်းစီ၏ ကြီးပြင်းရာနောက်ခံ၊ ရှင်သန်ရာ ဝန်းကျင်နှင့် ဆိုင်သည့်ကိစ္စ...၊ ထိုအဖြစ်အပျက်များ အကြောင်းကို သတင်းသိုးသိုးသန့်သန့်တော့ ကျနော် ကြားလိုက်မိသည်၊ ထိုနေ့ရက်တွေမှာ သူတို့အားလုံး စိတ်ထဲတွင် 'နတ်နှင့်နဂါး မလှည့်စားနှင့်' ဟု တွေးကောင်း တွေးနေခဲ့နိုင် ပါသည်၊ ကျနော့်ကို ပြန်ပြောပြကြသူများ၏ အဆိုအရ ထိုနဂါးရုပ်တုများ ဖျက်သောအခါ နဂါးမျက်လုံးကို ပတ္တမြားအစစ်ဖြင့် လုပ်ထားတာ တွေ့ရပြီး အောက်တွင် အင်းချပ်များ မြှုပ်ထားသည်ကိုလည်း တွေ့ခဲ့ရသည်ဟု ဆိုသည်၊ ဤလိုကိစ္စမျိုးက လိုက်လံစုံစမ်းရတာ ခက်ခဲလေ့ ရှိသည့်အတိုင်း အဖြစ်အပျက်များက ဘယ်အတိုင်းအတာ အထိမှန်သလဲဟု ကျနော် မဝေခွဲနိုင်ပါ၊ နောက်ပိုင်းမှာတော့ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ပူဇော်ပသ,ပြီး မေးလျှောက်ကြည့်တော့ နတ်ကန္နားပွဲဖြင့် ပြန်တောင်းပန်ခိုင်းပြီး ဟိုတယ်ဝင်းထဲမှာ နဂါးရုပ်တု ပြန်ထုခိုင်းသည်ဟု သိရသည်၊ သို့နှင့် ပြောသည့်အတိုင်း လုပ်လိုက်သည့် အခါမှာတော့ အရာရာဟာ အရင်လိုပဲ အေးချမ်းစွာ ပြန်ဖြစ်သွားတော့သည်၊



ဧည့်သည်များကို မြန်မာပြည် တနံတလျား လိုက်ပို့ရသောကြောင့် ကျနော့်တွင် ဟိုတယ်တော်တော်များများကို တည်းဖူးသည့် အတွေ့အကြုံ အထိုက်အလျောက် ရှိပါသည်၊ ယုံကြည်ချက်မတူ၊ ကြီးပြင်းရာ နောက်ခံမတူ၊ ပြုမူ နေထိုင်ပုံ မတူသည့် လူပေါင်းစုံ ဝင်ထွက်သွားလာရာ ဟိုတယ်တို့မှာ ပြောမကုန်သည့် အကြောင်းချင်းရာ၊ ဖြတ်သန်းမှုတွေ ရှိနေမည်ဟု ကျနော်ထင်ပါသည်၊ တချို့အဖြစ်တွေက တကယ့်ကိုပဲ သဘာဝလွန် ဖြစ်ရပ်တွေ ဖြစ်နိုင်သည်ဆိုတာ ကျနော့်အနေဖြင့် ဘာမှ စောဒကတက်ရန် မရှိပါ၊ ထို့အတူအချို့ဖြစ်ရပ်များကတော့ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်ဘူးဆိုသည့် အသိစိတ်အပေါ် စိတ်ဓါတ်ခိုင်မာမှု လျော့ကျသွားသည့်အခါ ထင်ယောင်ထင်မှား ဖြစ်မှုများ၊ ကယောင်ခြောက်ခြား ဖြစ်မှုများလည်း ဖြစ်နိုင်ပါသည်၊

တခါတုန်းက ဤလိုကိစ္စတွေမှာ နာမည်ကြီးသည့် မြောက်ဦး အစိုးရဟိုတယ်တွင် တည်းခဲ့ရဖူးသည်၊ ထိုစဉ်က ဖြစ်နိုင်လျှင်တော့ ဧည့်သည်ကို အဆိုပါဟိုတယ်မှာ ထားခဲ့ပြီး ကျနော်က အခြားတည်းခိုခန်းလေး တစ်ခုခုမှာ သွားနေချင်သည်၊ သို့သော် ထိုအချိန်က မြောက်ဦးမှာ တည်းစရာက ထိုတစ်နေရာပဲ ရှိ၏ သို့နှင့် ဧည့်ကြိုကောင်တာမှ အခန်းသော့ ပေးသောအခါ အားတင်းရင်း အခန်းဆီသို့ ထွက်ခဲ့ရတော့သည်၊ အခန်းများက ဘန်ဂလိုပုံစံ ဖြစ်သောကြောင့် အနည်းငယ် တသီးတသန့် နိုင်လေသည်၊ ဤဟိုတယ်က ထိတ်လန့်စရာ အဖြစ်အပျက် ပေါင်းစုံကို လာ,လာပြောကြသည့် သူငယ်ချင်းများကို ဖြစ်ပျက်ရာ အခန်းနံပါတ်များ မေးမထားလိုက်မိသည့် အတွက် မှားသလား၊ မှန်သလား ကျနော် မသိနိုင်ခဲ့..၊ သံသယအကျိုး ဆိုတာ ဒါကိုများ ဆိုလေသလားမသိ၊ အခုတော့ ဟိုအခန်းဖြစ်နိုးနိုး ဒီအခန်းဖြစ်နိုးနိုး..၊ အခန်းထဲ ဝင်လိုက်သောအခါ စိတ်ထဲမှာ တမျိုးဖြစ်သလိုလို၊ မဖြစ်သလိုလိုနှင့် မတင်မကျ ခံစားမှုမျိုးကို ရသည်၊ ဟိုတယ်က မီးစက်နှင့်မီးပေးရသည့်အတွက် ညဥ့်နက်တာနှင့် မီးဖြတ်သည်၊ အရေးထဲ ဟိုတယ်တစ်ခုလုံးမှာ ဧည့်သည်က ခြောက်ကပ်ကပ်..၊ ကျနော့်မှာ ဘုရားတရားသာ အာရုံပြုရတော့သည်၊ ဒါပေမယ့် ထိုနေရာမှာ နှစ်ရက်နေခဲ့သည့် အတောအတွင်း ဘာမှ မဖြစ်ခဲ့...၊ စိတ်ပင်ပန်းမှုကတော့ ကြီးမားလှသည်၊ ကြားဖူးထားသော အကြောင်းတွေနှင့် ကြိုတင်တွေးပြီး စိတ်ကို ဖြစ်နိုင်ခြေဘောင်ထဲ အကျဉ်းချထား နှင့်သောကြောင့် သောကရောက်ခဲ့ရသည်၊ ဤနာမည်ကြီး ဟိုတယ်မှာ ဘာမှမဖြစ်ခဲ့သည့်နည်းတူ အခြားသော အရပ်ဒေသတို့က တည်းခိုရာ နေရာပေါင်းစုံမှာလည်း အေးချမ်းနှစ်ခြိုက်စွာနှင့် ညတာကို ကုန်လွန်ခွင့် ရခဲ့ပါသည်၊ သို့သော် တခါတုန်းက ဤနေရာမှာ ရေးဖူးသည့် အဖြစ်အပျက် တစ်ခုကိုတော့ ယနေ့ထက်တိုင် နားမလည်နိုင်သေး၊ ထိုအဖြစ်ကလွဲလျှင် ကျနော်ခရီးသွားခဲ့သည့် ညချမ်းများက နှစ်ခြိုက်ဖွယ် ဖြစ်ပါသည်၊

တချိန်တုန်းက အရှေ့တောင်အာရှ၏ ခေတ်အမီဆုံး ဖြစ်ခဲ့သည်ဆိုသည့် ဤဟိုတယ်ကလည်း အခုတော့ ငြိမ်းငြိမ်းချမ်းချမ်းပင်..၊ အသစ်ပြန်လုပ်ထားသော နဂါးမောင်နှံဆီသို့ လျှောက်သွားပြီး အချိန် တော်တော်ကြာကြာ ကျနော် ငေးကြည့်နေဖြစ်သည်၊ အနောက်က ရေပန်းမှ ရေတဖွားဖွားဖြင့် နဂါးတို့က ပျော်မြူးနေသယောင်..၊ ဇနီးသည်နှင့် သားကလေးကလည်း ရေကူးကန်မှာ တဗွမ်းဗွမ်းနှင့် ပျော်မြူးနေကြသည်၊ ကျနော်က ကင်မရာကို ပုခုံးမှာလွယ်ရင်း ရေကန်ဖက်ဆီသို့ ထွက်ခဲ့လိုက်သည်၊ တည်းခိုရာ အရပ်တွေတိုင်းမှာ ခရီးသွားများစွာတို့က သူဝင်၊ ငါထွက်ဖြင့် ရှိနေကြဦးမည်ပဲ ဖြစ်သည်၊ အရောင်အသွေးစုံသော စိတ်၊ အမူအကျင့်တို့ကလည်း ထိုအရပ်တို့မှာ တိုးဝင်တွန်းတိုက်လျက်ပဲ ရှိနေလိမ့်မည်၊ ထိုအခြေအနေမှာ ကိုယ့်စိတ်၏ ဖြူစင်မှုနှင့် ကြံ့ခိုင်မှုကသာ ငြိမ်းအေးခြင်းကို ယူဆောင်ပေးနိုင်သည်ဟု ကျနော် ယုံကြည်ပါသည်၊ ကန်ထဲကို လှမ်းကြည့်မိတော့ ခပ်ညစ်ညစ် ရေထဲမှာ နီထွေးဖြူလွသော ကြာတစ်ပွင့်ကို တွေ့လိုက်ရသည်...။ ။

 


ညီလင်းသစ်
၃ စက်တင်ဘာ၊ ၂၀၁၂