အခုတလော အဖွားကို ကျနော် သတိရနေမိသည်၊ အဖိုးအဖွား ၄ ယောက်မှာ အဖေ့ရဲ့အမေ အဖွားတစ်ဦးတည်းကိုသာ ကျနော် ကောင်းကောင်း သိခဲ့ပါသည်၊ မြေးတွေ အများကြီးရှိတဲ့ အထဲမှာမှ အဖွားက ကျနော့်ကို အတော်လေး ချစ်ခဲ့သည်၊ ကျနော့်ကို တော်တော်ကြာကြာ ထိန်းခဲ့ဖူးပြီး သူ့ရဲ့ နောက်ဆုံးအချိန်အထိ ကျနော်ကလည်း အဖွားနဲ့ ရှိနေခဲ့ပါသည်၊
ကျနော်တို့မြေးတွေက ဖွားဖွားလို့ ခေါ်သည့် အဖွားအကြောင်းကို ပြန်စဉ်းစားတိုင်း ရနံ့လေးတခုက သင်းပျံ့လာလေ့ ရှိသည်၊ ခရေပန်း ရနံ့ပင် ဖြစ်ပါသည်၊ ကျနော် မှတ်မိနေသည့် အဖွား၏ ပုံရိပ်များထဲမှာ ခရေပန်းကုံးလေး များက အမြဲလိုလို ပါလေ့ ရှိသည်၊ ဒီခရေကုံးတွေက အဖွားဆီမှာ တစ်နှစ်ပတ်လုံး ရှိနေတာလားတော့ မမှတ်မိ၊ ဒါပေမယ့် အဖွားရဲ့ ဆံထုံးမှာ၊ လက်ကိုင်ပုဝါထုပ်လေးတွေထဲမှာ ဒီခရေကုံး၊ ခရေပန်းတွေက ရှိနေတတ်သည်၊ ပန်းတွေ ခြောက်သွားရင်လည်း အဖွားက တော်တော်နဲ့ မလွှင့်ပစ်၊ အဖွားရဲ့ အဝတ်အစားတွေ အထိပင် ခရေရနံ့က စွဲနေခဲ့သည်ဟု ကျနော်ထင်မိပါသည်၊
နောက်ထပ် မှတ်မိနေသည့် တခုမှာ ဗလရှင် ခံတွင်းမွှေး ပူရှိန်းပြားများ ဖြစ်သည်၊ အဖွားရဲ့ ပုံစံက အသားဖြူဖြူ၊ ခပ်ပြည့်ပြည့်၊ နောက်မြင့်ဆံထုံး ထုံးပြီး ရင်ဖုံးအင်္ကျီ ဝတ်လေ့ရှိသည်၊ ကျနော်တို့ ညီအစ်ကိုတွေ စိတ်ဝင်စားတာက အဲဒီ ရင်ဖုံးအင်္ကျီ ဖြစ်သည်၊ အဲဒီအင်္ကျီတွေရဲ့ အတွင်းဖက်မှာ အိတ်ကပ်ကလေးတစ်ခု အမြဲလိုလို ပါလေ့ရှိသည်၊ အဲဒီ အိတ်ကပ်လေးထဲ အဖွား သိမ်းလေ့ရှိတာက သူ့သံသေတ္တာ ခတ်သည့် သော့လေးတစ်ချောင်းနှင့် ဗလရှင်ငုံဆေးပြားများ ဖြစ်သည်၊ ကျနော်တို့ ၇ နှစ် ၈ နှစ်အရွယ်လောက်မှာ အဖွားပါးစပ် တလှုပ်လှုပ်နဲ့ ရှိနေတတ်တာ သတိပြုမိသွားသည်၊ ဒါနဲ့ အဖွားကို ဝိုင်းလည်း မေး၊ ပါးစပ်ကိုလည်း အတင်းဟခိုင်းသည့်အခါ ဗလရှင်ဆိုတာ သိသွားသည်၊ ကျနော်တို့က စားချင်လို့ ပူဆာတော့ အဖွားက ဒါကလေးတွေအတွက် မဟုတ်ဘူးဟု မျက်လုံးပြူး၊ မျက်ဆံပြူးနှင့် မာန်မဲချင် ယောင်ဆောင်သည်၊ ဒါပေမယ့် အဖွားကို ကျနော်တို့ ညီအစ်ကိုတွေ မကြောက်ပါ၊ သူ့မြေးတွေကို ပြောမရတိုင်း မျက်လုံးကြီးပြူးပြီး စိတ်ဆိုးချင် ယောင်ဆောင်တတ်သည့် အဖွားက ကျနော်တို့အားလုံးအတွက်တော့ ချစ်စရာကောင်းသည့် အဖွားတစ်ယောက်သာ ဖြစ်ပါသည်၊ နောက်ပိုင်း အဖွား ဗလရှင်စားတာ မြင်တိုင်း ကျနော်တို့က ဝိုင်းပြီး တောင်းစားလွန်းတော့ တခါမှာ အဖွားက သူ့ရင်ဖုံးအင်္ကျီ အိတ်ကပ်လေးထဲမှ ဗလရှင်တောင့်လေးကို ထုတ်ပြီး သေးနိုင်သမျှ သေးအောင်ချိုးကာ ကျနော်တို့ ညီအစ်ကို သုံးယောက်ကို ဝေပေးသည်၊ 'နင်တို့တွေ ဗိုက်အောင့်မယ်၊ နောက်မကျွေးတော့ဘူး' ဟုလည်း ဆိုလိုက် သေးသည်၊ ဒါပေမယ့် ကျနော်တို့ရှေ့မှာ အဲဒီလို ဗလရှင် ထုတ်လိုက်တာက အဖွားရဲ့ မဟာအမှား ပဲဖြစ်သည်၊ ဗလရှင် ဘယ်မှာလဲ ဆိုတာ ကျနော်တို့ သိသွားခဲ့ပြီ၊ နောက်တစ်ရက်မှာတော့ ကျနော်တို့တွေ အဖွားကို ဝိုင်းပြီးကလိထိုးကာ အဲဒီဗလရှင် ထုပ်ကို လုယူကြသည်၊ အဖွားမှာ လုံချည်ကျွတ်မကျအောင် ထိန်းကိုင်ရင်းက 'ဟဲ့..ဟဲ့..ဟဲ့'ဆိုတာထက် ပိုပြီး မအော်လိုက်ရ၊ ကျနော်တို့ရဲ့ 'hit and run' ဗလရှင် အော်ပရေးရှင်းက စက္ကန့်ပိုင်း အကြာမှာပဲ အောင်မြင်သွားခဲ့သည်၊ အပြားကြီးတစ်ပြားကို ချိုးကာ ကျန်တဝက်ကို ကြမ်းပြင်ပေါ်ပစ်ချပြီး ကျနော်တို့ ထွက်ပြေးကြတော့ အဖွားက ဆူပူအော်ဟစ်လျက် ကျန်နေခဲ့သည်၊ နောက်ပိုင်းမှာ ကျနော်တို့သုံးယောက် သူ့အနားကပ်လာတိုင်း သူ့ရင်ဖုံးအင်္ကျီလေးကို ဖိကာ 'နင်တို့တွေနော်...'ဟုဆိုရင်း မျက်လုံးပြူး ပြီး ကြည့်နေတတ်သည်၊ ကျနော်တို့က သွားကျိုးလေးတွေ ကိုယ်စီဖြင့် မျက်နှာချိုသွေးကာ နားပူနားဆာလုပ်တော့လည်း အဖွားက အရည်ပျော် စမြဲပင်...၊
အဖွားအကြောင်းမှာ ချန်ထားလို့မရတာ တခုက ဘယ်ဖက်လက်သူကြွယ်မှ လက်စွပ်ကလေး ဖြစ်သည်၊ လက်စွပ်က ရွှေသားသက်သက် ဖြင့်သာ လုပ်ထားသော ကနုတ်၊ ပန်းခက်၊ ကျောက် ဘာတခုမှ မပါသည့် ဗြောင်လက်စွပ်လေး ဖြစ်သည်၊ အဖွားနှင့် အဖိုးတို့အကြောင်းကို တစ်ရက်မှာ အဖေက ခပ်သောသောဖြင့် ပြောပြခဲ့ဖူးပါသည်၊
အဖွားနှင့်အဖိုး အကြောင်းပါတော့ အဖွားက အတော်ငယ်သေးသည်ဟု ဆိုသည်၊ ၁၆ နှစ်၊ ၁၇ နှစ်သာသာ-တဲ့၊ အဖိုးက တော့ မုဆိုးဖို ဖြစ်သည်၊ အဖိုးရဲ့ အရင်အိမ်ထောင်ဖက်က စောစောစီးစီး တိမ်းပါးသွားချိန်မှာ အဖိုးက သားသမီး ၂ ယောက်နှင့် ၄၀ ဝန်းကျင်အရွယ် မုဆိုးဖို..၊ အလုပ်အကိုင်က အထက်တန်းပြ ကျောင်းဆရာ၊ အဖိုးရဲ့ ဦးလေးက မြန်မာ-အင်္ဂလိပ် အဘိဓာန် ကို ပြုစုခဲ့သည့် ဦးထွန်းငြိမ်း...၊ ဒါ့ကြောင့်မို့ပဲလားတော့ မသိ၊ ကျောင်းမှာ သူသင်သည့် ဘာသာရပ်တွေက အတော်တော့ အများသား၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီဝင်၊ သင်္ချာ...၊ ဒါ့အပြင် သူက အားကစား နည်းပြလည်း လုပ်လိုက်သေးသည်၊ ပြီးတော့ သူ့ခေတ်သူ့အခါက အထိုက်အလျောက် နာမည်ရှိသည့် ဂိုးသမား..၊
အဲဒီလို တောင့်တင်းကျန်းမာသည့် သက်လတ်ပိုင်း မုဆိုးဖို ကျောင်းဆရာက သူ့အတန်းထဲက ကျောင်းသူလေးကို မျက်စိ ကျနေခဲ့သည်၊ စာသင်ချိန်တွေမှာ ထိုကျောင်းသူလေးအပေါ် ဆရာသိက္ခာကို ထိန်းရင်း ပိုးပန်းနေခဲ့လိမ့်မည်ဟု ကျနော် ခန့်မှန်း ကြည့်မိပါသည်၊ ဒါပေမယ့် ကျောင်းသူလေးကတော့ ဘာမှ မသိရှာပါ-တဲ့၊ တစ်ရက်မှာတော့ အဆိုပါ ဆရာလေးက ပထဝီဝင် သင်ကြားနေခဲ့သည်၊ အတန်းရှေ့က ကျောက်သင်ပုန်းကြီးပေါ်မှာ ကမ္ဘာ့မြေပုံကြီး ချိတ်ကာ တိုက်ကြီးများနှင့် နိုင်ငံတွေအကြောင်း ရှင်းပြနေသည်၊ တတန်းလုံးလည်း ငြိမ်ပြီး နားထောင်လို့...၊ ဒီလိုနဲ့ ဆရာလေးက သင်ကြားနေရင်း မင်းလမ်းအတိုင်း စကားတပြောပြောဖြင့် လျှောက်လာကာ အတန်းရဲ့ နောက်ဆုံးဖက်ကို ရောက်လာသည်၊ အဲဒီနေရာ အရောက်မှာ ဆရာလေးက စာသင်တာကို ရုတ်တရက် ရပ်လိုက်ရင်း အတန်းရှေ့ ကျောက်သင်ပုန်းဖက်ကို လှည့်ပြီး မျက်နှာမူ လိုက်သည်၊ တဆက်တည်း သူသဘောကျနေသည့် ကျောင်းသူလေးရဲ့ နာမည်ကို ခေါ်လိုက်သည်၊ ပြီးတော့...
" အဲဒီ မြေပုံပေါ်မှာ ဆရာ့ကို ကိုလံဘီယာ နိုင်ငံ ဘယ်နေရာမှာလဲလို့ ထောက်ပြပါဦး..."ဟု မေးသည်၊
ကျောင်းသူလေးကလည်း ခပ်သွက်သွက်ပဲ အတန်းရှေ့ထွက်ကာ ကိုလံဘီယာ နိုင်ငံကို မြေပုံပေါ်မှာ ပြလိုက်သည်၊ ပြီးတော့ သူ့နေရာကို လှည့်ပြန်အလာမှာ ဆရာလေးကို လှမ်းအကြည့်၊ အလုံးစုံကို နားလည်သွားပြီး ရှက်ရွံ့ထူပူ သွားတော့သည်၊ တကယ်တော့ အဖိုးက လူလည်ကျကာ အဖွားကို လမ်းထ,လျှောက်ခိုင်းပြီး ဟိုးနောက်ဆုံးတန်းကနေ အသာရပ်ကြည့် နေခဲ့ခြင်းပဲ ဖြစ်ပါသည်၊ သူ စာလာသင်တိုင်း ထိုင်လျက်သာ မြင်နေခဲ့ရသည့် အဖွား၏ cat walk အလှကို ကိုလံဘီယာအား ခုတုံးလုပ်ကာ ခံစားခဲ့ခြင်း ဖြစ်သည်၊ အဲဒီအချိန် အဖွားကသာ ကိုလံဘီယာ ဘယ်မှာလဲ မသိပါဟု ဆိုလာလျှင်လည်း တခြားနိုင်ငံတစ်ခုကို သူ မေးဦးမှာ သေချာပါသည်၊ အဖွားကကော...၊ သူကတော့ ကိုလံဘီယာကို ပြအပြီး ပြန်လှည့်လိုက်တဲ့ အဲဒီ စက္ကန့်ပိုင်းလေးမှာပဲ အဖိုးရဲ့အကြံကို သဘောလည်းပေါက်၊ ရှက်လည်းရှက်သွားခဲ့သည်-တဲ့၊ ကမ္ဘာ့မြေပုံပေါ်မှာ ကိုလံဘီယာကို ရှာတွေ့လိုက်သလို အဖိုးရဲ့ မျက်ဝန်းတွေထဲမှာလည်း အချစ်ကို ရှာတွေ့သွားခြင်းပါပဲ..၊
အဖွားရဲ့ နာမည်က မဆန်းမြိုင်၊ အဖိုးရဲ့ နာမည်က ဖိုးသော်ဒါ၊ သူတို့နှစ်ယောက် လက်ထပ်ကြတော့ လက်ထပ်လက်စွပ် အတွင်းမှာ စီအမ်ဒီ (CMD) ဟု ထွင်းထားလိုက်သည်၊ ကိုလံဘီယာ ဖူးစာမို့ ကိုလံဘီယာ မြိုင်ဒါ (Columbia Myaing Dar) တဲ့..၊
ကျနော် ၁ နှစ်ကျော်ကျော် အရွယ်မှာပဲ အဖိုးက ဆုံးသွားခဲ့သည်၊ သူ ကျနော့်ကို အရမ်းချစ်သွားခဲ့တယ်ဆိုတာ အဖေတို့ ပြန်ပြောပြလို့ သိရပေမယ့် ကျနော့်ရဲ့ မှတ်ဥာဏ်မှာတော့ သူနဲ့ပတ်သက်ပြီး ဘာမှ ပြက်ပြက်ထင်ထင် မကျန်ရစ်ခဲ့၊ အဖွားကတော့ ၉၈ ခုနှစ်မှာ ဆုံးသွားသည်၊ ကျနော်တို့တတွေ အတင်းပူဆာပြီး သူ့လက်စွပ်လေးကို တောင်းကြည့်တုန်းက အဖွားက ရှက်ရှက်နဲ့ ဖြုတ်ပေးပါသည်၊ လက်စွပ်အတွင်းထဲမှာတော့ သူတို့ လက်ထပ်သည့် ရက်စွဲနှင့် စီအမ်ဒီ ဟူသည့် အင်္ဂလိပ် အက္ခရာလေး သုံးလုံး၊ ကြာတော့ ကြာခဲ့ပါပြီ၊ တခါတရံမှာ လက်ထပ်လက်စွပ်လေးတွေ အကြောင်း ပြောဖြစ်ရင် အဖိုးနဲ့ အဖွားကို ကျနော် သတိရမိနေတုန်း ပါပဲ။ ။
ညီလင်းသစ်
၂၈ ဖေဖော်ဝါရီ၊ ၂၀၁၁