အားလုံးပဲ မင်္ဂလာပါဗျာ၊ ဒီတစ်ခေါက် ဘလော့ဂ်ရပ်ဝန်းကနေ ပျောက်သွားတာ ဘာလိုလိုနဲ့ အတော်ကြာသွားတယ်၊ နောက်ဆုံးပို့စ်ကို တင်ခဲ့တာ ဇွန်လ ၂၅ ရက်နေ့က ဆိုတော့ တစ်လတောင် ကြာသွားတဲ့ သဘောပေါ့၊ ပျောက်နေတဲ့ အကြောင်းကတော့ ဘာမှ ထူးထူးထွေထွေ မဟုတ်ပါဘူး၊ ထုံးစံအတိုင်း အလုပ်များနေလို့ အချိန်မရတာ၊ အချိန်ရပြန်တော့လည်း စာဖတ်နေတာ၊ တီဗီကြည့်နေတာ၊ အဲဒါတွေ မလုပ်တဲ့ အချိန်ကျတော့လည်း ပျင်းနေတာ... စသဖြင့်ပေါ့၊ ပြီးတော့ ဟိုတလောဆီက အတော်လေး လှုပ်ခတ်သွားတဲ့ သတင်းတွေနဲ့ အဖြစ်အပျက်တွေကလည်း ကျနော့်ရဲ့ စာရေးချင်စိတ်ကို အငွေ့ပျံ၊ ပျောက်ကွယ်စေခဲ့တယ်လို့ ဆိုရမှာပါပဲ၊ အဲဒီမှာ သတင်းတွေ၊ အဖြစ်အပျက်တွေနဲ့ တုံ့ပြန်ပုံတွေကို လိုက်ဖတ်ရင်း ဖေ့စ်ဘွတ်ခ်က စီးချင်းထိုးပွဲတွေ၊ တအုန်းအုန်း တဒိုင်းဒိုင်း ပစ်ခတ်ပေါက်ကွဲနေတဲ့ စကားလုံးမိုင်းတွေ အကြားကို ရောက်သွားခဲ့မိသေးတယ်၊ ဖေ့စ်ဘွတ်ခ်က ပြန်လာတော့ ကျနော့်ရဲ့ ခေါင်းထက်က ကောင်းကင်မှာ ညစ်ညူးနောက်ကျိတဲ့ မီးခိုးတွေနဲ့ အသက်ရှူ မဝဘူး၊ အဲဒီ မီးခိုးတွေ ရှူမိတဲ့အခါ လက်က ကွန်ပျူတာ ကီးဘုတ်ကို မနှိပ်ချင်တော့ဘဲ လေဖြတ်သွားတော့တယ်၊
ဒီအတောအတွင်းမှာ ဘယ်ကိုမှ မရောက်ဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ ပျက်ကွက်မှုတွေ အတွက်လည်း တောင်းပန်ရမှာပါပဲ၊ ကျနော်ကသာ မရောက်ဖြစ်ပေမယ့် တချို့မိတ်ဆွေ တွေကတော့ မပျက်မကွက် တံခါးလာလာခေါက်နေ ခဲ့တယ်၊ ကိုယ်က ခင်မင်လို့ လာခဲ့ပေမယ့် ငြိမ်သက်နေတဲ့ စာမျက်နှာချည်းပဲ အကြိမ်ပေါင်းများစွာ တွေ့နေရတဲ့အခါ သူတို့တွေ အနည်းနဲ့အများတော့ စိတ်ပျက်ပြီး ပြန်သွားရမယ်ဆိုတာ ကျနော် နားလည်ပါတယ်၊ ဘာပဲဖြစ်ဖြစ် အခုတော့လည်း ကျနော် ပြန်ရောက်လာပြန် ပါပြီ၊ ငြိမ်သက်နေတဲ့ ကိုယ့်ဘလော့ဂ်ကို ပြန်ကြည့်မိ တဲ့အခါ ၅ နှစ်ကျော်လောက် ရေးလာခဲ့တဲ့ ဘလော့ဂ်တစ်ခုဟာ ဒီလမှာ အဆုံးသတ်တော့မှာလားလို့ တွေးမိတော့ ̔နိုး.. အချိန်မကျ သေးဘူး̕ ဆိုပြီး ခေါင်းခါမိတယ်၊ ဘလော့ဂ်ရေးသူတွေ သိကြတဲ့အတိုင်း မရေးတာ ကြာသွားလို့ ပထမဦးဆုံး ပြန်ရေးတဲ့အခါ နည်းနည်းတော့ အိုးတိုးအမ်းတမ်းနဲ့ ကြောင်သလိုလို ဖြစ်တတ်ပါတယ်၊ အဲဒါကို ချေဖျက်ဖို့ အကောင်းဆုံးနည်းကတော့ ဓါတ်ပုံတွေတင်ပြီး အရှိန်ပြန်ယူတာ ပါပဲ၊ ကဲ.. တလောဆီက ရိုက်ထားတဲ့ ဓါတ်ပုံလေးတချို့ တင်လိုက်ပါတယ်၊

ပြီးခဲ့တဲ့ စနေတစ်ရက်က တောင်ပေါ်ကို သွားဖြစ်ခဲ့တယ်၊ အိမ်ကနေ တစ်နာရီသာသာလောက် ကားနဲ့သွားရတဲ့ Moléson ဆိုတဲ့ တောင်တန်းတစ်ခုပါ၊ မတွေ့တာကြာတဲ့ မိတ်ဆွေမိသားစုနဲ့ လမ်းအတူလျှောက်ရင်း၊ စကားပြောရင်းပေါ့၊ တောင်ပေါ်ကို ပထမ Funicular ရထားလေးနဲ့ တက်ရတယ်၊ အပေါ်က ပုံထဲမှာ မြင်ရတဲ့ ရထားလေးပါ၊ တောင်ရဲ့ ပိုမတ်တဲ့ ဒုတိယအဆင့်မှာတော့ ကေဘယ်လ်ကားနဲ့ ဆက်တက်ရတယ်...၊
Moléson (မိုလေဇွန်) က အဲ့လ်ပ်စ်တောင်တန်းကြီးရဲ့ မြောက်ဖက်အစွန် တစ်နေရာက တောင်ကြောတစ်ခုပါ၊ ၂၀၀၂ မီတာ မြင့်ပါတယ်၊ ရထားနဲ့ ကေဘယ်လ်ကားနဲ့ မတက်ချင်ဘဲ လမ်းလျှောက်တက်လာချင်လည်း ရပါတယ်၊ ၂ နာရီခွဲလောက် လျှောက်ရင် အခုနေရာကို ရောက်ပါတယ်၊
ဒါကတော့ တောင်ထိပ်မှာရှိတဲ့ ဟိုတယ်၊ စားသောက်ဆိုင်ပါ၊ ဟိုတယ်ဆိုပေမယ့် သီးသန့်ခန်းတွေ မရှိဘဲ စုပေါင်းအိပ်ခန်း dormitory တွေပဲ ရှိတယ်၊ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုကတော့ နက္ခတ်တာရာတွေ ကြည့်ဖို့ အခန်းလေး လုပ်ထားပေးတာပါပဲ၊ ခေါင်မိုးအနီနဲ့ အခန်းလေးမှာ ဘေးပတ်လည် ဖွင့်လို့ရတဲ့ မှန်ပြူတင်းပေါက်တွေနဲ့ တယ်လီစကုပ်တွေ ရှိပါတယ်၊ အဲဒီကနေ အရပ်ရှစ်မျက်နှာက ကောင်းကင်ကို ကြည့်ရုံပါပဲ၊ ကြယ်တွေကို ဓါတ်ပုံရိုက်ဖို့ တေးထားတဲ့ ကျနော့်အဖို့တော့ မှတ်သားထားရမယ့် နေရာ တစ်ခုပါ၊
တောင်အောက်မှာ ပူအိုက်နေပေမယ့် ဒီနေရာလေးမှာတော့ ချမ်းစိမ့်စိမ့်နဲ့...၊ လူတွေအများကြီး မတွေ့ရဘဲ လမ်းလျှောက်ရတာ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ရှိပါတယ်၊ အိမ်ကနေ အသင့်ယူလာတဲ့ အသားညှပ်ပေါင်မုန့်တွေကိုပဲ နေ့လယ်စာအဖြစ် စားခဲ့တယ်...၊
အချိုပွဲအနေနဲ့တော့ စားသောက်ဆိုင်ကနေ Meringue with double-cream မှာစားတယ်၊ ဒီဒေသက ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာရှိလှတဲ့ double-cream နာမည်ကြီးပါတယ်၊ Meringue ဆိုတာကတော့ ကြက်ဥအရည်ကြည် အဖြူရောင်ကို သကြားနဲ့ ခေါက်ထားတဲ့ ဟာပါ၊ ဆွစ်နဲ့ ပြင်သစ် အစားအစာတွေမှာ အချိုပွဲအနေနဲ့ မကြာခဏ တွေ့ရတတ်ပါတယ်၊ ဒီအချိုပွဲက သကြားတွေ၊ ခရင်မ်တွေနဲ့ ဆိုတော့ ခန္ဓာကိုယ်အလေးချိန် တိုးမှာ အရိပ်တကြည့်ကြည့်နဲ့ ရှိနေသူတွေ အဖို့တော့ အဆင်ပြေမယ် မထင်ဘူး၊ ကျနော်ကတော့ ခရင်မ်ပျစ်ပျစ်မှာ ပါတဲ့ ဝစေတဲ့ Shortening တွေကို အက်စ်ပရက်ဆို တစ်ခွက်နဲ့ မေ့ပစ်လိုက်တယ်...၊
ပြီးတော့လည်း အိပ်ပြန်ဖို့ပဲပေါ့၊ Funicular ရထားအလာကို စောင့်ရင်း စောစောက တက်ခဲ့တဲ့ တောင်ထိပ်ကို နှုတ်ဆက်လိုက်တယ်၊ ဒီနေရာက ဆောင်းတွင်းဆိုရင် နှင်းတွေအပြည့် ဖုံးတတ်တဲ့ နေရာပေါ့၊ အဲဒီအချိန် ဆိုရင်တော့ ရထားစီးစရာ မလိုဘဲ ပုံထဲမှာ မြင်ရတဲ့ chalet အိမ်လေး အရှေ့ကနေ ski နဲ့ တောင်အောက်ကို ပြန်ဆင်းသွားလို့ ရပါတယ်...။
အခုရက်တွေမှာတော့ ကျနော့်ရဲ့ ကောင်းကင်မှာ အစမှာ ပြောခဲ့တဲ့ စကားလုံးမိုင်းတွေက ထွက်လာတဲ့ မီးခိုးမြူတွေ တဖြည်းဖြည်းနဲ့ စဲသွားလို့ အရင်ကလိုပဲ စာတွေ၊ ဓါတ်ပုံတွေ ပုံမှန် ပြန်တင်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်၊ ကျနော် ငြိမ်သက်နေခိုက်မှာ တိတ်တိတ်လေး လာသွားသူတွေရော၊ ကျယ်ကျယ်လောင်လောင်နဲ့ စီဘောက်စ်ကနေ နှုတ်ဆက်သွားသူတွေရော... အားလုံးကို ကျေးဇူးတင်ပါတယ်...။
ညီလင်းသစ်
၂၅ ဇူလိုင်၊ ၂၀၁၃