25 March 2009

Seagull


အမြင့်ပျံ
IMG_2378a
Canon EOS450d, 173mm, f/10, 1/400, ISO200


စင်ရော်ယောင်ဆောင်သောဘဲ
IMG_2380a
Canon EOS450d, 134mm, f/8, 1/200, ISO200


ကျောက်ဆောင်ထက်မှ အလွမ်းများ
IMG_2383a
Canon EOS450d, 200mm, f/8, 1/320, ISO200


တစ်ကောင်တည်း ဒါပေမယ့်ယောနသန်
IMG_2384a
Canon EOS450d, 96mm, f/13, 1/500, ISO200


Sharing is caring
IMG_2386a
Canon EOS450d, 200mm, f/8, 1/320, ISO200


မြို့နှင့်ငှက်၏ ဆောင်းဖူးစာ
IMG_2389a
Canon EOS450d, 63mm, f/11, 1/250, ISO200


First come, first served
IMG_2391a
Canon EOS450d, 115mm, f/10, 1/400, ISO200


တလောဆီက လမ်းလျှောက်ထွက်ရင်း ရိုက်ဖြစ်တဲ့ပုံအချို့ပါ၊ ဆောင်းတွင်းရောက်ရင် ဒီစင်ရော်တွေက နှစ်တိုင်းဆောင်းခိုဖို့ ဝင်လာလေ့ ရှိတယ်၊ အဲဒီမှာ လူတွေက သူတို့စားမကုန်တဲ့ ပေါင်မုန့်တွေ လာ,လာကျွေးရင်း ဒီကောင်တွေအဖို့တော့ အချစ်နဲ့ပေါင်မုန့်နဲ့ ဟန်ကိုကျနေတာပေါ့၊ နဂိုကတည်းက ရှိနေတဲ့ ဘဲတွေ၊ငန်းတွေက နှေးနှေးကွေးကွေးတွေ ဆိုတော့ သွက်လက်တဲ့စင်ရော်တွေပဲ အရင်စားရလေ့ရှိတယ်၊

အခုလည်း မအိမ်သူနဲ့ သားလေးနဲ့ သူတို့ကို အစာကျွေးနေတုန်း ကျနော်လည်း ကင်မရာမှန်ဘီလူး စမ်းဖို့အခွင့်အရေးကို မလွတ်တမ်းယူ လိုက်တယ်၊ အရင်တစ်ခေါက်ကလည်း ဒီလိုမျိုး ရိုက်ခဲ့ဖူးပါတယ်၊ အဲဒီတုန်းကတော့ အခြား Lens တစ်ခုနဲ့၊ အခုပုံတွေ အားလုံးကိုတော့ Sigma 18-200mm F3.5-6.3 DC OS မှန်ဘီလူးနဲ့ ရိုက်ပါတယ်။

13 March 2009

၁၃ရက်၊ သောကြာနေ့

Paraskevidekatriaphobic...။

ဒီခပ်ရှည်ရှည်နဲ့ နာမည်ဆန်းတဲ့ စကားလုံးအဓိပ္ပါယ်က ၁၃ရက်ကျရောက်တဲ့ သောကြာနေ့ကို ကြောက်သူပါ၊ မူလက ဂရိစကားလုံးဖြစ်တဲ့ ဒီနာမည်ဟာ အယူသည်းသူတွေ ကြားမှာတော့ အတော်တာသွားတဲ့ စကားလုံး တစ်လုံးပါပဲ၊ တော်ရုံအယူသည်းမှုတွေ မရှိပါဘူးဆိုတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းအတွင်းမှာတောင် ၁၃ ရက်မြောက်နေ့ဟာ သောကြာနေ့ဖြစ်နေခဲ့ရင် စိတ်ထင့်တဲ့လူတွေ အတော်များပါတယ်၊ ဒီနေ့ဟာ ၁၃ရက်ကျတဲ့ သောကြာနေ့ပါပဲ၊

အများသိကြတဲ့အတိုင်း ၁၃ ဂဏန်းဟာ မကောင်းတဲ့အတိတ်ကို ဆောင်တယ်လို့ ယူဆကြပါတယ်၊ ဒီအယူအဆ ဟာ အနောက်တိုင်းမှာဆို ပိုများမယ်လို့ထင်တယ်၊ ဟိုတယ်တွေမှာ ၁၃ ထပ်မြောက် မရှိတာ၊ အခန်းနံပါတ် ၁၃ မရှိတာ၊ လေကြောင်းလိုင်းတွေမှာ ၁၃ တန်းမြောက်ထိုင်ခုံ မရှိတာ...၊ အများကြီးပါပဲ၊ ၁၃ ဂဏန်းဟာ နမိတ်မ ကောင်းဘူးလို့ ဖြစ်လာစေတဲ့ ဇတ်လမ်း၊ အဖြစ်အပျက်၊ အကြောင်းအရာတွေ အများကြီးပါ၊ လူသိအများဆုံးက တော့သခင်ယေရှုနဲ့ သူ့ရဲ့ တပည့်တော် ၁၂ ပါးညစာ စားတဲ့ညမှာ သခင်ယေရှုကို ရောမစစ်သားတွေလက် အပ်လိုက်တဲ့ တပည့်တော် ယုဒရှကာယုတ်ဟာ ၁၃ ယောက်မြောက် ပုဂ္ဂိုလ်ဖြစ်လို့ပါ၊ ၁၃ ယောက်မြောက်ဖြစ် တဲ့သူဟာ သတင်းဆိုးကို သယ်ဆောင်လာတယ်၊ သစ္စာဖောက်ဖြစ်တယ်၊ အကုသိုလ်နမိတ်ဆိုးတွေ သက်သက် သာဆောင်ကြဉ်းလာတဲ့ တပည့်တော်ပါပဲ၊ ဒီကမှတဆင့် ဒီနေ့ခေတ်အထိ အယူသည်းလွန်းသူ တချို့ဆိုရင် ထမင်းဝိုင်းမှာ လူ ၁၃ယောက်မဖြစ်အောင် ရှောင်တယ်၊ မတော်တဆ ၁၃ ယောက်မြောက်ဧည့်သည် ရှိလာခဲ့ ရင်အဲဒီလူဟာ ကျန်တဲ့လူတွေဆီ နမိတ်ဆိုးတွေ သယ်လာပြီး သူကိုယ်တိုင်လည်း ဘေးဒုက္ခရောက်လေ့ ရှိတယ် လို့ယူဆကြတယ်၊ စကင်ဒီနေးဗီးယား နိုင်ငံတွေမှာတော့ နတ်တွေညစာစားပွဲ ဆင်ယင်နေတုန်း မဖိတ်မခေါ်ဘဲ နဲ့ဝင်လာတဲ့ ၁၃ ပါးမြောက်နတ်ဟာ နတ်ဆိုးဖြစ်နေတယ် ဆိုတဲ့ ဒဏ္ဍာရီလည်း ထင်ရှားပါတယ်၊

သောကြာနေ့...၊ သောကြာနေ့ကတော့ သခင်ယေရှုကို ကားတင်ရာနေ့ဖြစ်လို့ အကုသိုလ် ဖြစ်ပွားရာနေ့၊ ဝမ်း နည်းခြင်း ကျရောက်ရာနေ့၊ ပျက်စီးသေဆုံးရာနေ့ အဖြစ်နဲ့ နမိတ်မကောင်းတဲ့ နေ့အဖြစ် ယူဆကြတယ်၊ နောက်ပြီး အလယ်ခေတ်ကာလက ဥရောပမှာ ရာဇဝတ်သားတွေကို ကွပ်မျက်ရင် သောကြာနေ့မှာ ကွပ်မျက် လေ့ရှိတယ်၊ ရက်သတ္တပတ် တစ်ပတ်မှာ အကျပိုင်းလည်း ဖြစ်တဲ့ သောကြာနေ့ကို ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ သေ ဆုံးခြင်းတွေနဲ့ တွဲမြင်ခဲ့ကြတယ်၊ (ရုံးသမားတွေ သောကြာနေ့မှာ ပျော်တာကတော့ တပိုင်းပေါ့လေ-)၊

အဲဒီလို နမိတ်မကောင်းပါဘူး ဆိုတဲ့ ၁၃ ရက်နဲ့ သောကြာနေ့တို့ တထပ်တည်းကျတဲ့ အခါမှာတော့ အယူသည်း သူတွေဆိုတာ နေစရာနေရာတောင် မရှိတော့ပါဘူး၊ စစ်တမ်းတချို့အရ ဒီလိုရက်မျိုးမှာ အပြင်ထွက်ရင် ထိခိုက် ဒဏ်ရာရမှာ ကြောက်လို့ အကြောင်းအမျိုးမျိုးပြပြီး အလုပ်မလာတဲ့ လူတွေက ကျန်တဲ့ သာမန်အချိန်တွေမှာ ထက် ပိုများပါတယ်-တဲ့၊ လေကြောင်းလိုင်းတွေကလည်း ဒီလို ၁၃ ရက်၊ သောကြာနေ့ဆိုရင် ခရီးသည် သိသိ သာသာကြီး နည်းသွားတာ ဖော်ပြကြတယ်၊ ဒီလိုရက်မှာ လေယာဉ်ပျက်ကျဖူးတဲ့ သာဓကတွေလည်း ရှိခဲ့တာ ကိုး၊ မယုံတဲ့သူတွေက တိုက်ဆိုင်မှုလို့ ပြောမှာဖြစ်သလို ယုံတဲ့သူတွေအဖို့လည်း ထပ်ပြစရာ သက်သေ၊ အထောက်အထားတစ်ခု ထပ်တိုးမှာပါ၊

ဒီနှစ်ထဲမှာ ၁၃ ရက်နဲ့ သောကြာနေ့ထပ်တာ ၃ ကြိမ်ရှိပါတယ်၊ ဖေဖော်ဝါရီ၊ မတ်နဲ့ နိုဝင်ဘာလမှာ ဖြစ်တယ်၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃၊ သောကြာနေ့တုန်းကတော့ ရုံးက သူငယ်ချင်းတွေကို ကျနော် လျှောက်နောက်နေမိ တယ်၊ ကော်ဖီဖျော်ရင်း ဇွန်းလွတ်ကျတဲ့သူကို အဲဒါ ဒီနေ့က ၁၃ရက် သောကြာမို့လို့၊ ပရီဇင်န်တေးရှင်း လုပ်ရ မယ့်တစ်ယောက်ကို မင်းတော့ အလွဲလွဲအချော်ချော် ဖြစ်မှာပဲ..ဒီနေ့ ၁၃ရက် သောကြာနေ့ကွ..၊ စသဖြင့်ပေါ့၊
အိမ်ရောက်တော့ သတင်းမှာ နယူးရောက်ပြည်နယ်မှာလေယာဉ်ပျံပျက်ကျတဲ့ အကြောင်းကြားရတယ်၊ အဲဒီ လေယာဉ်ပျက်ကျမှုမှာ World Trade center တိုက်ခိုက်မှုအတွင်း ယောင်္ကျားဆုံးသွားလို့ မုဆိုးမ ဖြစ်ကျန်ခဲ့ရတဲ့ အမျိုးသမီး လည်းအသက်ဆုံးရှုံး သွားခဲ့ရှာတယ်၊ ဒုတိယမြောက် ပြိုကျခဲ့တဲ့ World Trade center ရဲ့ ၁၀၅ထပ် မှာအလုပ်လုပ်ရင်း သေဆုံးခဲ့ရတဲ့ သူ့ယောင်္ကျားရဲ့ မွေးနေ့ပွဲကို ကျင်းပပေးဖို့ အသွားမှာ သူပါလေယာဉ်နဲ့ပဲ ကွယ်လွန်ခဲ့ရရှာတယ်၊ ကျနော် တော်တော်လေး စိတ်မကောင်း ဖြစ်ခဲ့ရတယ်၊

ဒီနေ့ကတော့ ဒုတိယ အကြိမ်မြောက် ၁၃ရက်၊ သောကြာနေ့ပါပဲ၊ ထီသမားတွေကတော့ ဒီလိုနေ့မျိုးမှာ ထီထိုး ရမယ်တဲ့၊ မကောင်းတာနှစ်ခု အချင်းချင်း ကြေပြီး ကံကောင်းစေတတ် လို့-တဲ့၊ ကဲ... မိတ်ဆွေတို့ကော.... Are you paraskevidekatriaphobic?


ညီလင်းသစ်
၁၃ ဖေဖော်ဝါရီ၊ ၂၀၀၉

12 March 2009

ဖတ်ကြည့်ရအောင်


I wnoder if you can raed tihs shrot messgae? There are olny 55 presons out of 100 who are albe to raed. If you can raed, tihs cnofrims the resaerch mdae in univrestiy of Cambridge. Accrodnig to it, the lettre odrer is not improtnat becusae huamn brian raeds the whloe wrod and not ecah lettre. The olny improtnat thnig is taht the frist and lsat lettre msut be at the corrcet poistion.


ကျနော့်ဆီကို အထက်ပါစာပိုဒ်မျိုးဆန်ဆန် အဓိပ္ပါယ်ရတဲ့ ပြင်သစ်မေးလ်တစ်စောင် ရောက်လာတယ်၊ ကျနော် ဖတ်လို့ရပါတယ်၊ ဒါနဲ့ အင်္ဂလိပ်လို ဆိုရင်ဘယ်လိုနေမလဲ သိချင်တာနဲ့ အပေါ်ကစာပိုဒ်လေးကို ချရေးကြည့် လိုက်တယ်၊ ခင်ဗျားတို့ ဖတ်လို့ရပါသလား?

( မြန်မာလိုလည်း ကျနော်ရေးကြည့်သေးတယ်၊ ဒါပေမယ့်မြန်မာစာက letter တွေနဲ့ပေါင်းထားတဲ့ word ဖွဲ့စည်း ပုံမျိုး မဟုတ်တော့ ဖတ်လို့မလွယ်ပါဘူး )

10 March 2009

ပန်းနှင့်ပန်းချစ်သူ...


ပန်းနှင့်ပန်းချစ်သူ (၁)
EOS 13a
Canon 450d, Canon EF-S 18-55mm, 53mm, f/5.6, 1/2000, ISO400


ပန်းနှင့်ပန်းချစ်သူ (၂)
EOS 15a
Canon 450d, Canon EF-S 18-55mm, 55mm, F/13, 1/320, ISO400


ပန်းနှင့်ပန်းချစ်သူ (၃)
EOS 17a
Canon 450d, Canon EF-S 18-55mm, 42mm, f/5.6, 1/400, ISO100


ရိုက်ချင်တာကတော့ macro lens နဲ့ပါပဲ၊ ကိုယ့်မှာ မရှိသေးတော့လည်း ရှိတာလေးနဲ့ပဲ တတ်နိုင်သလောက် macro effect ရအောင် ကြိုးစားပြီး ရိုက်ပါတယ်၊ ပန်းချစ်သူတွေ ရှိနေသရွေ့ ပန်းတွေရှိနေမှာပါ၊ ပန်းချစ်သူတွေကလည်း ပွင့်သောပန်းတိုင်း လှစေချင်မှာ အသေအချာပါပဲ...။

04 March 2009

လက်ဖက်


ဟိုတစ်နေ့က အပြင်မှာ နှင်းတွေသိပ်သိပ်သည်းသည်း ကျနေတုန်း စိတ်ကူးပေါ်လာတာနဲ့ လက်ဖက်သုတ်စားဖြစ်တယ်၊ လက်ဖက်မစားရ တာ၊ စားခွင့်မကြုံတာ အတော်ကြာပါပြီ၊ အခုဟာကတော့ ဟိုတလောက အမေတို့လာတုန်း ရှားရှားပါးပါး ယူလာတဲ့ လက်ဖက်လေးပါ၊ ကမ္ဘာပေါ်မှာ လက်ဖက်အရွက်ကို နှပ်ပြီး လက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း သောက်တဲ့ လူမျိုးတွေ အများကြီးပါပဲ၊ ဒါပေမယ့် ကျနော်သိသလောက် လက်ဖက်အရွက်ကို သုပ်စားတဲ့လူမျိုးဆိုလို့ အရှေ့တောင်အာရှမှာ တချိန်က ရွှေရောင် နေ့ရက်တွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကြီးဆုံး နိုင်ငံကြီးက လူတွေပဲ ရှိပါတယ်၊

ကျနော်ဒီကို ရောက်စ, ကတော့ လက်ဖက်မကြာခဏ စားဖြစ်တယ်၊ အခုထက်စာရင် ပိုပြီးစားဖြစ်တယ်ပေါ့၊ ရောက်ခါစ ဆိုတော့လည်း ကျန်ခဲ့တာတွေထဲက ဟိုဟာစားချင်၊ ဒီဟာစားချင်ပေါ့လေ၊ ကောင်းတာတစ်ခုက အဲဒီတုန်းက စာတိုက်ကနေ အစားအသောက်ပို့ရင် မြန်မာငွေနဲ့ ပို့လို့ရသေးတယ်၊ ဒီတော့လည်း လက်ဖက်၊ မရမ်းပြားအစပ်၊ မရမ်းပြားအချဉ်၊ သရက်ပြားအစပ်၊ စ, တာတွေ မှာဖြစ်တယ်၊ အခုတော့လည်း ပို့ရပြုရတဲ့သူကို ဒုက္ခမပေးချင်တော့တာနဲ့ အဲဒါတွေ သိပ်မစားဖြစ်တော့ပါဘူး၊ အသက်လေး ရလာတာလည်း ပါမှာပေါ့ လေ :)

လက်ဖက်တစ်ခုကိုတော့ ရင်ခုန်ချင်တုန်းပဲ၊ Scorpion ရဲ့သီချင်းအတိုင်း ပြောရရင် still loving you... ပေါ့၊ အခုဒီလက်ဖက်ကိုတော့ ခင်မင်ရင်းနှီးရာ မိတ်ဆွေတွေနဲ့ စားချင်ပါသော်လည်း ဘယ်သူနဲ့မှ မတွေ့ဖြစ်တာနဲ့ တစ်ယောက်ထဲပဲ စိတ်အလိုလိုက်ပစ် လိုက်တယ်၊ မအိမ်သူကို မေးတော့ သူကလည်း ခေါင်းခါတယ်၊ သူက လက်ဖက်ထက် ချင်း(ဂျင်း)သုပ်ကို ပိုကြိုက်တယ်၊ သားကတော့ တစ်နှစ်ခွဲ ဆိုတော့ ကျွေးလို့မဖြစ်ဘူး၊ ဒီတော့လည်း တစ်ယောက်ထဲပဲပေါ့၊

စားဖြစ်တော့ မြန်မာပြည်က နေရာနှစ်ခုကို သတိရမိပြန်ရော...၊ ဆူးလေးဘုရားလမ်းက ဒေါ်ရိတ်ကြီးဆိုင်ရယ်၊ မန္တလေးနန်းရှေ့က ဗထူး အသုပ်ဆိုင်ရယ်...၊ ဗထူးဆိုင်မှာတော့ တစ်ခါမှ မစားဖူးတဲ့ အရွက်တွေစားရတယ်၊ ဘာရွက်တွေမှန်းလည်း မသိဘူး၊ မန်းသား ကားဆရာ တွေရဲ့ ကျေးဇူးနဲ့ ကျနော်ရောက်ဖူးတာပါ၊ အခုဟာကတော့ ရယ်ဒီမိတ် ယုဇနလက်ဖက်ဆိုတော့ အဲဒါတွေနဲ့ ယှဉ်မယ်ဆိုရင် ဆီနဲ့ရေပေါ့ လေ၊ သို့ပေမယ့် အနှစ်မရှိတဲ့ တောမှာနေသူမို့ ဘယ်လိုကြက်ဆူပင်ကိုပဲဖြစ်ဖြစ် မင်းမြှောက်ဖို့ စောင့်နေခဲ့တာဆိုတော့ ရသေ့စိတ်ဖြေ ဆိုပေမယ့် တခုတ်တရ ပြန်ပြောချင်မိပြန်ရော...။ ။



လက်ဖက် (၁)
IMG_2466a
Canon EOS450d, Sigma 18-200mm, 51mm, f/5.6, 1/100, ISO400


လက်ဖက် (၂)
IMG_2470a
Canon EOS450d, Sigma 18-200mm, 63mm, f/7.1, 1/125, ISO1600


လက်ဖက် (၃)
IMG_2473a
Canon EOS405d, Sigma 18-200mm, 200mm, f/6.3, 1/100, ISO1600