ပြီးခဲ့တဲ့တစ်ပတ်က အီစတာ ရုံးပိတ်ရက်မှာ တောင်ခြေရွာကလေး တစ်ရွာဆီကို သွားလည်ဖြစ်ပါတယ်၊ အိမ်ကနေ ၂ နာရီ လျော့လျော့ လောက် ကားမောင်းသွားရတဲ့ အဲဒီရွာကလေးက အဲလ့်ပ်စ် (Alps) တောင်တန်းတွေရဲ့ တောင်ကြားချိုင့်ဝှမ်း တစ်ခုထဲမှာ ရှိပြီးတော့ နာမည်က လင့်န့်ခ် (Lenk) လို့ခေါ်ပါတယ်၊ ချိုင့်ဝှမ်း valley ထဲဆိုတော့ ရွာရဲ့တည်နေရာက သိပ်တော့ မမြင့်ပါဘူး၊ မီတာ ၁၀၀၀ ဝန်းကျင်လောက်ပဲ ရှိတယ်၊ အဲဒီ Lenk ရွာလေးရဲ့ နာမည်ကျော်ကြားမှုက မိသားစုတွေနဲ့ ကလေးတွေအတွက် လည်ပတ်၊ သွားလာဖို့ အဆင်ပြေပြေ စီစဉ်ထားပေးမှုပါပဲ၊ ကျနော်တို့ သွားခဲ့တဲ့ တည်းခိုခန်းက Reka Village လို့ခေါ်တဲ့ မိသားစုတွေအတွက် ဦးစားပေး ဆောက်ထားတဲ့ ဘန်ဂလိုတွေပါ၊ ပြီးခဲ့တဲ့ နှစ်ကုန်မှာ နှင်းတောင်ပေါ်သွားတုန်း တည်းခဲ့တာလည်း ဒီ Reka Village အုပ်စုဝင်ပါပဲ၊ ဆွစ်တစ်နိုင်ငံလုံးမှာ နေရာတော်တော်များများ ရှိပြီးတော့ အိမ်နီးချင်း နိုင်ငံတချို့မှာလည်း ရှိတယ်၊ ဆောင်းတွင်းဆို နှင်းတောင်တွေပေါ်မှာ၊ နွေရာသီ ဆိုရင်တော့ တောရွာတွေမှာ၊ တောင်တန်းတွေပေါ်မှာ၊ စိုက်ပျိုးမွေးမြူရေး ခြံတွေမှာ အစရှိသဖြင့် တည်းခိုစရာတွေ ရှိပါတယ်၊ ကျနော်က ကျေးလက်တောရွာတွေကို ချစ်ပါတယ်၊ အဲဒီမှာ သန့်စင်တဲ့ လေထု၊ စိမ်းစိုတဲ့ သစ်ပင်၊ ရိုးသားတဲ့ လူတွေနဲ့မို့ စိတ်လက် အပန်းပြေတယ်၊ ဆွစ်ဇာလန်က ကျေးလက်ပဲဖြစ်ဖြစ်၊ မြန်မာပြည်က ကျေးလက်ပဲဖြစ်ဖြစ်၊ အဲဒီမှာနေကြတဲ့ လူတွေက မြို့ကြီးသားတွေ ထက်ကို ပိုပြီး ဖော်ရွေတယ်လို့ ခံစားရတယ်၊ အခုသွားခဲ့တဲ့ Lenk ကလည်း တောမြို့လေးတစ်မြို့ပဲ ဆိုကြပါစို့...၊
တည်းခိုရာ ဘန်ဂလိုတွေရှေ့က Reka ဆိုင်းဘုတ်...၊ အိမ်ကနေ ဘာမှ မဝေးပေမယ့် ဒီနေရာက ဆွစ်ဂျာမန် စကားပြောတဲ့ အပိုင်းဖြစ်သွားလို့ လမ်းတွေ၊ ဆိုင်းဘုတ်တွေကို ဂျာမန်လိုပဲ ရေးပါတယ်၊ လူတွေကလည်း ဆွစ်ဂျာမန်ပဲ ပြောကြတယ်၊ မပြောမဖြစ်မှ ပြင်သစ် ဒါမှမဟုတ် အင်္ဂလိပ်လို ပြောတယ်၊ ဆွစ်ဇာလန်က နိုင်ငံလေးက သေးပေမယ့် တရားဝင် ရုံးသုံးဘာသာ စကားက ၄ မျိုးရှိလို့ ဒီလိုမျိုး ခဏခဏ ကြုံပါတယ်၊ တခါတခါတော့လည်း ရယ်ချင်စရာ..၊ ၁ နာရီလောက် ရထားစီးလိုက်ရင်ပဲ ဂျာမန်စကားတွေ ကြားရလို့ တခြားနိုင်ငံ ရောက်သွားသလို မကြာခဏ ခံစားရတယ်၊
ဘယ်ဖက်ခြမ်းမှာ တွေ့ရတဲ့ အိမ်ကလေးက ကျနော်တို့ နေခဲ့တဲ့ အိမ်ကလေးဖြစ်ပါတယ်၊ အားလုံးပေါင်း အခန်း ၈ ခန်း ပါပြီး ဒီ Reka ရွာမှာ တော့ အဲဒီလို အိမ်လေး ၆ လုံးရှိတယ်၊ ကျနော်တို့က မြေညီထပ်မှာဆိုတော့ အပြင်ဖက်က မြက်ခင်းပြင်ကိုလည်း အသုံးပြုလို့ ရတယ်၊ သဘောကျစရာ ကောင်းတာက အိမ်ရှေ့မှာ မြင်နေရတဲ့ အိမ်လေးက မွေးမြူရေး လုပ်တဲ့ ခြံဖြစ်လို့ နွားတွေ၊ မြင်းတွေရဲ့ အသံတွေ ကြားနေရတာပါပဲ၊ တခါတခါ အိမ်တံခါး ဖွင့်ထားလို့ လေသင့်ရင် ကောက်ရိုးနံ့ သင်းသင်းလေးတောင် ရလာတတ်တယ်၊ ကလေးတွေစီးတဲ့ ပိုနီ မြင်းပုလေးတွေလည်း မွေးထားလို့ နေ့ခင်းပိုင်းဆို ကလေးတွေ တရုံးရုံးနဲ့ ရှိနေတတ်ပြန်ပါတယ်၊
Reka ဟိုတယ်ကို ရောက်ဖို့ ဒီလမ်းကနေ ကားနဲ့မောင်းဝင်လာရတယ်၊ ဟိုးအရှေ့မှာ မြင်နေရတာကတော့ အဲ့လ်ပ်စ် တောင်တန်းတွေပါပဲ၊ နွေဦးဆိုပေမယ့် အဲဒီမှာတော့ နှင်းတွေ တော်တော်များများ ကျန်နေတုန်းပဲ၊ ညာဖက်က မြင်ရတဲ့ အိမ်ကလည်း နွားမွေးတဲ့ အိမ်ပါပဲ၊ အဲဒီက နွားတွေက တည်းခိုခန်းရှေ့က စားကျက်မှာ အမြဲတမ်း စားလို့၊ သောက်လို့...၊
ဒါကတော့ ခုနမြင်ရတဲ့ အဲ့လ်ပ်စ် တောင်တွေရဲ့ မျက်နှာချင်းဆိုင်ဖက် အခြမ်းပါ၊ ဒီဖက်မှာ မြင်နေရတဲ့ အိမ်တွေ အားလုံးနီးပါးက မွေးမြူရေး လုပ်ကြတဲ့ အိမ်တွေပါပဲ၊ နွေဦးဝင်လာတာနဲ့ နွားတွေ၊ သိုးတွေကို အနီးတဝိုက်က စားကျက်တွေမှာ လှန်ထားတတ်ကြတယ်၊ နွေရာသီလုံးလုံး ရောက်ရင်တော့ ဟိုးတောင်ပေါ်က စားကျက်တွေအထိ မောင်းသွားပြီး အဲဒီမှာပဲ တနွေလုံး ထားကြတယ်၊ အဲဒီ မွေးမြူရေး လုပ်တဲ့ အိမ်တွေရဲ့ အိမ်ရှေ့မှာ ရေခဲသေတ္တာလေးတွေ ထုတ်ထားပြီး သူတို့ရဲ့ ခြံထွက် နွားနို့၊ ဒိန်ခဲ၊ ကြက်ဥ စတာတွေကို အဲဒီ ရေခဲသေတ္တာတွေ ထဲမှာ ထည့်ပြီးရောင်းတယ်၊ ပစ္စည်းဈေးကို ရေခဲသေတ္တာမှာ ကပ်ထားတယ်၊ နွားနို့တစ်ပုလင်းဈေး၊ ကြက်ဥတစ်လုံးဈေး၊ ဒိန်ခဲတစ်ထုပ်ဈေး စသဖြင့်...၊ ဝယ်ချင်တဲ့လူက ကိုယ့်ဟာကိုယ် ရေခဲသေတ္တာထဲမှာ ဖွင့်ပြီးယူ၊ ကျသင့်ငွေကို ဘေးနားက ဘူးလေးထဲမှာ ထည့်ထားခဲ့ရုံပါပဲ၊ ဘားကုဒ်မပါတဲ့ စားသောက်ကုန်တွေကို ကြိုက်သလောက် လတ်လတ်ဆတ်ဆတ် ဝယ်လို့ရတဲ့ နေရာတွေပေါ့၊ အရောင်းဝန်ထမ်းလည်း မရှိ၊ ပစ္စည်းတွေ scan မဖြတ်ဘဲ အပြင်ထွက်သွားရင် အသံထမြည်တဲ့ တံခါးတွေလည်း မရှိ၊ ဗီဒီယို ကင်မရာတွေလည်း မရှိ...၊ ရှိတာက ရောင်းသူနဲ့ ဝယ်သူကြားမှာ ထားတဲ့ အပြန်အလှန် ယုံကြည်မှုပါပဲ၊ ကျနော်တို့ အိမ်ဖက်က ကားလမ်းဘေး ပန်းစိုက်ခင်းတွေမှာတော့ ကပ်ကြေးတစ်လက်နဲ့ ဘူးလေးချထားပြီး တစ်ပွင့်ဘယ်လောက်လို့ ရေးထားတဲ့ စိုက်ခင်းတွေ တော့ရှိတယ်၊ ဝယ်သူက ကိုယ့်ဟာကိုယ် စိုက်ခင်းတွေမှာ ကြိုက်တဲ့အပွင့် ကပ်ကြေးနဲ့ဖြတ်ပြီး ပိုက်ဆံထားခဲ့တဲ့ စနစ်ပါ၊ အခုလို အစားအသောက်ကို ရောင်းတာတော့ ဒီမှာ ပထမဆုံး တွေ့ဖူးတာပါပဲ၊
ဘန်ဂလိုတွေ ရှေ့မှာတော့ ကလေးတွေ အတွက် စက်ဘီးတွေ၊ ကားတွေ မောင်းလို့ရအောင် လမ်းလေးတစ်ခု လုပ်ထားပေးတယ်၊ တကယ့်ကားလမ်းမလို မျဉ်းတွေ၊ လိုင်းတွေ၊ ယာဉ်အန္တရာယ် သတိပေး ဆိုင်းဘုတ်တွေနဲ့၊ ဒါက အဲဒီလမ်းကလေး အဝင်ဝက 'ကလေးများလမ်း' ဆိုင်းဘုတ်ပါ၊
ကလေးတွေအတွက် ဘက်ထရီနဲ့မောင်းတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ခြေနင်းကား၊ ခြေနင်းဆိုင်ကယ်၊ စက်ဘီး၊ လယ်ထွန်စက်၊ ဝန်ချီစက် တော်တော်များများ ထားပေးထားတယ်၊ အလကားတော့ မဟုတ်ဘူး၊ ယာဉ်ပေါ်လိုက်လို့ တရက်ကို ဆွစ်ဖရန့် ၂ ဖရန့်ကနေ ၅ ဖရန့်အထိ ပေးရတယ်၊ မိသားစုတွေ excursion ထွက်လို့ရအောင် လူကြီးစီး စက်ဘီးတွေလည်း ငှားတယ်၊
သားကတော့ အဲဒီမှာ စိတ်ကြိုက်ပေါ့၊ စီးစရာတွေ များလွန်းလို့ သူ့မှာ ဘာရွေးရမှန်းတောင် မသိဘူးဆိုပဲ၊ ဒါပေမယ့် ကျနော်တို့ကတော့ တစ်ရက်ကို ယာဉ် ၂ စီးထက် ပိုမငှားပေးပါဘူး၊ တန်ဖိုးထားတတ်တဲ့ စိတ်လေး လျော့သွားမှာ စိုးလို့၊
ဒီ မော်တော်ဆိုင်ကယ်လေးကိုတော့ သူ အတော်ကြိုက်သွားတယ်၊ သူက အားလုံးထဲမှာ တော်တော်မြန်တယ်၊ ညနေ ကစားလို့ပြီးရင် ကားတွေ၊ ဆိုင်ကယ်တွေကို သံကြိုးနဲ့ သော့ပြန်ခတ်၊ ဘက်ထရီအားသွင်းတဲ့ ဓါတ်ကြိုးကို ပြန်တပ်၊ သော့ကို reception က ပုံးလေးထဲမှာ သွားပြန်ထည့်ရပါတယ်၊
ဟိုတယ်ရဲ့ တဖက်ခြမ်း တောင်ခြေ၊ ကုန်းမြင့်မှာ ဆောက်ထားတဲ့ Chalet အိမ်လေးတွေနဲ့ ထင်းရူးတောပါ၊ အရင်တုန်းက ဆွစ်ရိုးရာ chalet တွေမှာ အုတ်၊ အင်္ဂတေ သိပ်မပါပေမယ့် အခုနောက်ပိုင်းတော့လည်း တော်တော်များများ သုံးလာကြပါပြီ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အိမ်တွင်းအပူပေး စနစ်က မီးလင်းဖို တစ်ခုပဲ ရှိပါတယ်၊ အခုတော့ လျှပ်စစ် heater ရေပူရေအေး၊ ဂျာကူဇီ၊ တချို့ chalet ဆို အိမ်တွင်း ရေကူးကန်နဲ့ဘာနဲ့၊ နောက်ပိုင်း အိမ်တွေက အရောင်တင်ဆီသုတ်ထားတဲ့ သစ်သားအရောင်တွေနဲ့ပေမယ့် တချို့တွေကတော့ ရှေးယခင် အတိုင်း ရေနံလို ဆေးတမျိုးသုတ်ထားတဲ့ အမည်းရောင် အတိုင်းပါပဲ၊ ဒီလို အိမ်အမည်းလေးတွေကို မြင်တော့ မြန်မာပြည်က ရေနံချေး ဝနေတဲ့ အိမ်ကလေးတွေကို သတိရမိတယ်၊
အဲဒီ တဖက်ခြမ်းကပဲ နွားအုပ်တအုပ်ကို zoom နဲ့ ဆွဲရိုက်ထား ကြည့်တာ..၊ သူတို့က အတော်လေးတော့ လှမ်းပါတယ်၊ ဒါပေမယ့် လေသင့်တာက တကြောင်း၊ နွားတွေလည်ပင်းမှာ ဆွဲထားတဲ့ သံခလောက်ကြီးတွေက အသံကျယ်လွန်းတာ တကြောင်းဆိုတော့ အဝေးကြီးကနေ နွားအုပ်ကိုကြားရတယ်၊ ဒါ့ကြောင့်လည်း တောင်ပေါ်စားကျက်တွေမှာ တစ်လ ကိုးသီတင်း ဒီလိုပဲ လွှတ်ထားပေမယ့် သိပ်ခဲခဲယဉ်းယဉ်း မရှာရဘဲ ပြန်တွေ့တာဖြစ်မယ်၊
ကျနော်တို့ နေခဲ့တဲ့ အခန်းလေးက ရိုးရိုးစင်းစင်းလေးပါပဲ၊ အိပ်ခန်းတစ်ခန်းနဲ့ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာ၊ ထိုင်ခုံ မွေ့ရာတစ်ခုပါတဲ့ ဧည့်ခန်း....၊ ဒါပါပဲ၊ ဧည့်ခန်းမှာ လိုင်း ၆ လိုင်းပဲ ဖမ်းလို့ရတဲ့ ရေဒီယိုလေး တစ်လုံးရှိတယ်၊ တီဗီ မရှိဘူး၊ အခမဲ့ WiFi စနစ်တော့ ရှိတယ်၊ အဲဒီမှာ နေတုန်း ဘလော့ဂ်လည်းမရှိ၊ တီဗီလည်း မကြည့်၊ သတင်းစာလည်း (ရွာထဲ သွားမဝယ်လို့) မရှိနဲ့..၊ ပုံမှန်ကျင်လည်ရာ လောကနဲ့ အဆက်အသွယ် ပြတ်နေခဲ့တယ်၊ ညဆိုလည်း ဘာမှလုပ်စရာ မရှိလို့ စာအုပ်လေး တစ်အုပ်ဖတ်ပြီး ၁၀ နာရီမထိုးခင် ထူးထူးဆန်းဆန်း အိပ်ရာတွေဘာတွေတောင် ဝင်ဖြစ်လို့...၊ တကယ့်ကျေးလက် ပါပဲ၊ မိုးလင်း အိပ်ရာထတော့ ဧည့်ခန်း ပြူတင်းပေါက်က အရင်ဆုံး တွေ့ရတာ က နှင်းဖုံးတောင်တန်းတွေ...၊
ဒီမှာနေတုန်း ကောင်းတာတခုက အားလုံးက ကိုယ့်လိုပဲ ကလေးတွေပါတဲ့ မိသားစုတွေ ဆိုတော့ ကိုယ့်ကလေး ပြေးလွှားအော်ဟစ်နေလည်း အားနာစရာ မလိုတာပါပဲ၊ ငိုတဲ့ကလေး၊ ဆူညံတဲ့ကလေး၊ တချိန်လုံး လျှောက်ပြေးနေတဲ့ကလေး၊ ကလေးပေါင်းစုံကို တွေ့ရဖို့ လူကြီးတိုင်းက အဆင်သင့်ဖြစ်တဲ့ စိတ်တွေနဲ့ လာခဲ့ကြမှာကိုး၊ ဒီမှာနေတုန်း မကောင်းတာကတော့ ကော်ဖီပဲ၊ ရေရေလည်လည် ညံ့တယ်၊ ၃ ရက်ဆက်တိုက် ဝတ်ထားတဲ့ ခြေစွပ်ကို ရေစိမ်ပြီး သောက်ရသလိုပဲ၊ ကျနော် သိရသလောက် အရင်တုန်းက ဒီအခန်းတွေမှာ ကော်ဖီမှုန့်ကနေ ပေါင်းခံပြီး အိုးလိုက်ဖျော်ရတဲ့ စက်တွေထားပေးတယ်၊ ဧည့်သည်တွေက ကိုယ့်ကော်ဖီမှုန့်နဲ့ ကိုယ်လာခဲ့၊ အခုတော့ Nespresso လို ဗူးလေးတွေ ထည့်ရတဲ့ စက်တွေ ထားပေးတယ်၊ Nespresso တော့မဟုတ်ဘူး၊ ဘာတံဆိပ်မှန်းတောင် မမှတ်မိ တော့ဘူး၊ ဒီလောက်အရသာ ဆိုးဝါးတဲ့ကော်ဖီ ဒီကမ္ဘာလောကရဲ့ တခြား ဘယ်နေရာမှာမှ ရှိနိုင်တော့မယ်လို့ မထင်ဘူး၊ အဲဒီလောက်တောင်...၊ တော်သေးတာ တခုက ဘူတာရုံတွေမှာ တွေ့ရတတ်တဲ့ ကော်ဖီစက်မျိုး တစ်ခု reception အရှေ့မှာ ထားပေးတယ်၊ ပိုက်ဆံ ထည့်ပြီးဝယ်ရတဲ့ တော်ရိလျော်ရိ ကော်ဖီ..၊ ဒါပေမယ့် အဲဒီစက်ထဲက ကော်ဖီကတောင် သူတို့ဆီက ဝယ်ထားရတဲ့ ဗူးလေးတွေထဲက ကော်ဖီထက် အများကြီး ပိုကောင်းနေသေးတယ်၊ ကဲ..ဘယ်လောက်များ ဆိုးသလဲ ဆိုတာ...၊ ကျနော့်မှာ ကော်ဖီကောင်းကောင်း တစ်ခွက်နဲ့ အဲ့လ်ပ်စ် တောင်တန်းတွေကို ခံစားမလို့ဟာ ရုပ်ရှင်ရုံထဲ ရောက်ပြီးမှ နေကြာစေ့ထုပ် မေ့ကျန်ခဲ့သလို အဖြစ်မျိုး...၊ ပိတ်ကားကြီးကြည့်ပြီး နှုတ်ခမ်းပဲ သပ်နေရတော့ မလိုလို၊ ဖြစ်ပုံများ ပြောပါတယ်...။ ။
ညီလင်းသစ်
၃၀ ဧပြီ၊ ၂၀၁၁
စာကြွင်း။ ။ အနီးအနားကို လျှောက်သွားတဲ့ ပုံတွေကိုတော့ နောက်တစ်ပို့စ်မှာ တင်ပါ့မယ်..။