23 February 2009

ဆော်န်းတေး (Santé)


အဲဒီအသံထွက်ရ ခပ်ခက်ခက်နဲ့ ခေါင်းစဉ်က အခုတလော ထမင်းပွဲမှာ သားကလေး ပြောပြောနေ တဲ့ expression ပါ၊ မြန်မာလို အနီးစပ်ဆုံး ရေးရရင်တော့ အဲဒီလိုပဲ ဖြစ်မယ်ထင်တာပဲ၊ (တခါတခါ ဘလော့ဂ်မှာ အသံပါထည့်ရေးလို့ရရင်ကောင်းမယ်)၊ သားကလေးက စကားကောင်းကောင်းမပြော သေးပါဘူး၊ အသက် တစ်နှစ်ခွဲ ကလေးတို့ရဲ့ ထုံးစံအတိုင်း သူကြားတာတွေကို သူ့အသံထွက်နဲ့ သူ လိုက်ပြောစ, ပြုတဲ့အရွယ်ပေါ့၊ အဖေနဲ့ အမေက ဘာသာစကား တစ်ယောက်တစ်မျိုးစီနဲ့ သူ့ကိုပြော တော့ သူလိုက်ပြောနိုင်တာလည်းရှိ မပြောနိုင်တာလည်းရှိပေါ့လေ၊ တချို့စကားလုံးတွေကို သူက မြန်မာလို ပြောတယ်၊ တချို့ဟာတွေကိုတော့ ပြင်သစ်လို ပိုမှတ်မိနေတယ်၊ အပေါ်မှာ ပြောခဲ့တဲ့ ဆော်န်းတေး ဆိုတာသူမှတ်မိနေတဲ့ ပြင်သစ် အိတ်က်စပရက်ရှင် တစ်ခုပါပဲ၊

သားကလေး မပီကလာ ပြော, ပြောနေတဲ့ အဲဒီဆော်န်းတေးက A votre santé (to your health) ကနေ လာတာပါ၊ Drink တစ်ခုခု သောက်ခါနီးမှာ ပြောနေကျ အင်္ဂလိပ်စကား cheers နဲ့အတူတူပါ ပဲ၊ အဲဒီလို တစ်ယောက်ရဲ့ ကျန်းမာရေးကို တစ်ယောက်က ဆုတောင်းပေးတဲ့ ဓလေ့ကိုစဉ်းစားရင်း ကျနော်ရောက်ခဲ့ဖူးတဲ့ ဘယ်လ်ဂျီယံနိုင်ငံက ရှေးဟောင်းဘုန်းတော်ကြီးကျောင်း တွေကိုတွေးမိသွား တယ်၊ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ ရိုမန်ကက်သလစ် ဘုန်းကြီးကျောင်းတွေကို ကျနော်လေ့လာ ရေးရောက်တော့ အဲဒီကျောင်းတွေရဲ့ အရေးပါခဲ့တဲ့ အခန်းကဏ္ဍတစ်ခုကိုလည်း သိရတယ်၊ တခြား တော့မဟုတ်ပါဘူး၊ ဘီယာချက်လုပ်တဲ့ အကြောင်းပါ၊ သိကြတဲ့ အတိုင်း ဘယ်လ်ဂျီယံက ဘီယာ အမျိုးအစားစုံတဲ့အထဲမှာ နာမည်ကြီးဆိုတော့ အာရ်စီကျောင်းတွေမှာလည်း ဒီအတတ်ရှိနေခဲ့တာ သိပ်တော့မဆန်းဘူးလို့ ပြောရမယ်၊ ဒါပေမယ့် ဘုန်းကြီးတွေကတော့ တကယ့်ကိုလိုအပ်ခဲ့လို့ ဘီယာချက်ခဲ့ရတာပါ၊

ကျနော်တို့သိကြတဲ့အတိုင်း ၁၂ ရာစု၊ ၁၃ ရာစုဝန်းကျင်တွေမှာ ဥရောပဟာ ဆိုးဝါးတဲ့ ရာသီဥတု၊ ဆိုးဝါးတဲ့ ရောဂါဘယတွေနဲ့ တင်းကြမ်းပြည့်နေချိန်ပေါ့၊ စစ်မက်တွေထူပြော၊ ပုလိပ်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ကာလဝမ်းရောဂါ အစရှိတဲ့ ရောဂါကြီးတွေဖြစ်ပွား၊ တုန်ခိုက်အောင်အေးစက် နေတဲ့ ဆောင်းတွင်းရှည်ကြီးတွေနဲ့ လူတွေကသက်ဆိုးမရှည်ကြဘူး၊ ဒါတွေကို တတ်နိုင်သလောက် အံတုဖို့အတွက် ဘီယာတွေကို ဆေးဝါးအဖြစ် စတင်ချက်လုပ်ခဲ့ကြတယ်၊ အဲဒီဘီယာတွေက အခု ခေတ် ကျနော်တို့သောက်နေတဲ့ အရသာမျိုးတော့ ဘယ်ဟုတ်ပါ့မလဲ၊ ခါးသက်သက်နဲ့ ပြန်အန်မ ထွက်အောင် ကျိတ်မှိတ်မျိုချရတဲ့ အထဲမှာပါတယ်၊ သောက်ခါနီးမှာ တစ်ယောက်နဲ့တစ်ယောက် ကျန်းမာပါစေကြောင်း A votre santé ဆိုပြီး ဆုတောင်းကြတယ်၊ အဲဒီလို ဆေးဝါးမှီဝဲနိုင်တဲ့လူတွေ အဖို့တော့ သူများထက်ပိုကျန်းမာလို့ အသက် ၄၂ နှစ်ဝန်းကျင်ထိ နေခွင့်ရတယ်၊ ဒါပေမယ့် ဘုန်း ကြီးကျောင်းတွေက အနည်းစုဖြစ်တော့ကာ သူတို့နဲအလှမ်းဝေးတဲ့ လူတွေခမျာတော့ ဘီယာ သောက်ခွင့်မရဘဲ သက်ဆိုးမရှည်ကြရှာဘူး၊ အဲဒီကာလက ပျမ်းမျှလူ့သက်တမ်းက ၂၄ နှစ်ပါ၊

အဲဒီလိုရှေးဟောင်းအာရ်စီဘုန်းကြီးကျောင်းတွေမှာ ဆုတောင်းပေးရင်းသောက်ခဲ့ကြတဲ့ ဓလေ့ထုံးစံ ကဒီနေ့အထိ ဝိုင်တို့၊ ဘီယာတို့ သောက်ရင် santé လုပ်ကြပါတယ်၊ မူလတုန်းကတော့ ဆေးဝါး အနေနဲ့သောက်တဲ့ အရက်၊ ဝိုင်၊ ဘီယာ အစရှိတဲ့ alcoholic drink တစ်ခုခုမှာ ပြောလေ့ရှိခဲ့ကြပေ မယ့် ဒီနေ့ခေတ်မှာတော့ ဘယ်လို drink ပဲဖြစ်ဖြစ် ထုံးစံအနေနဲ့ ပြောကြပါတယ်၊ တစ်ခုရှိတာက ဘယ်ဟာအတွက်ပဲပြောပြော ကိုယ်နဲ့ ခွက်ချင်းထိတဲ့လူကို မျက်လုံးထဲ တည့်တည့်ကြည့်ပြီး ပြောဖို့ လိုပါတယ်၊ ဒီအပြုအမူဟာ အခုခေတ်မှာတော့ အရေးတယူရှိမှု၊ ယဉ်ကျေးမှု ဆိုတာထက် မပိုတော့ ပေမယ့် ခေတ်ဟောင်းကာလတွေ တုန်းကတော့ သေရေးရှင်ရေးတမျှ အရေးကြီးခဲ့တယ်၊

အဲဒီကာလတွေမှာ တစ်ဦးနဲ့တစ်ဦး လုပ်ကြံဖို့ အလွယ်ဆုံးနဲ့ အသုံးအများဆုံးနည်းက ဝိုင်ခွက်ထဲ အဆိပ်ခတ်တဲ့ နည်းပါပဲ၊ မသောက်ခင်မှာ တစ်ယောက်နဲ့တစ်ယောက် မယုံရဲဖြစ်နေတဲ့ သံသယမြူ တွေကင်းအောင်၊ တစ်ဦးခွက်ထဲမှာ တစ်ဦးအဆိပ်မခတ်ဘဲ လိပ်ပြာသန့်တယ်ဆိုတာ ပြရအောင် မျက်လုံးထဲ ကြည့်ပြီးမှ ဆုတောင်းလေ့ရှိပါတယ်၊ ပြီးတော့မှ ယုံကြည်မှုတည်ဆောက်နိုင်တာကို ဝမ်းမြောက်ကြောင်းပြတဲ့အနေနဲ့ cheers ၊ ဒါမှမဟုတ် to your health (à votre santé) ပေါ့၊ အဲဒီ အခါမှာလည်း ဝိုင်ခွက်ကို ခပ်ပြင်းပြင်း တိုက်လေ့ရှိကြတယ်၊ ဝိုင်ကို ခွက်ထဲမှာ အပြည့်ထည့်လေ့ရှိ တော့ အဲဒီလိုတိုက်ခြင်းအားဖြင့် တစ်ယောက်ဆီကဝိုင်က နောက်တစ်ယောက်ခွက်ထဲကို ဖိတ်စင် သွားအောင်လို့ပါပဲ၊ ဘယ်သူ့ခွက်ထဲမှာမှ အဆိပ်မပါဘူးဆိုတာ ထပ်လောင်းပြသတာပါပဲ၊

တခါမှာတော့ အခုလို အရက်မသောက်ခင် ဆုတောင်းတဲ့အကြောင်းတွေပြောကြရင်း သူငယ်ချင်း တစ်ယောက်က cheers လိုမျိုးစကားတွေ ဘာသာစကားတော်တော်များများမှာ ရှိတဲ့ အကြောင်း၊ မြန်မာမှာတော့ ဘယ်လိုပြောရမှန်း မသိကြောင်း ပြောတယ်၊ သူ့စကားလည်းဆုံးရော နဲနဲမှန်နေတဲ့ တစ်ယောက်က ပြန်ပြောလိုက်တယ်၊ ‘ကျန်းမာပျော်ရွှင်၊ စော်ကြည်အကြွေးကျေ၊ တော်တော်နဲ့မ သေ’ တဲ့၊ ဂုဏ်ယူစွာနဲ့ ပြောလိုက်သေးတယ်၊ ‘ငါတို့ဟာကမှ အပြည့်စုံဆုံးကွ’ တဲ့၊ အင်း-တတ်နိုင် ရင်နောက်ဘဝတွေ အတွက်ပါ တခါတည်း ထည့်ဆုတောင်းမယ့်ပုံပဲ၊

ဖတ်ဖူးတဲ့ ကာတွန်းတစ်ကွက်ကိုလည်း သတိရမိပါတယ်၊ အတော်လေး ပိန်လှီနေတဲ့ အမူးသမား တစ်ယောက်က အရက်ခွက်လေးကိုင်ထားရင်း ‘အင်း..သူများတွေ ကျန်းမာရေး ကောင်းဖို့အတွက် ဆုတောင်းပေးလိုက်၊ သောက်လိုက်လုပ်ရင်း အခုလို ကျန်းမာရေး ဆိုးလာတာပါပဲဗျာ’ တဲ့၊ လူကြီး တွေပြောပြောနေတဲ့ ဆေးဖြစ်ဝါးဖြစ် မှီဝဲတယ်ဆိုတာ တကယ်မှန်ပါတယ်၊ တန်ဆေးလွန်ဘေးဆို တာ မမေ့သင့်ပါဘူး၊ အရက်ဟာ မကောင်းဘူးလို့ ပြောရင် နေ့တိုင်းဝိုင်တစ်ခွက် မှန်မှန်သောက်ပြီး အသက်ကိုးဆယ်၊ တစ်ရာဝန်းကျင် ရှိကြတဲ့ အီတလီတောင်ပိုင်းက လယ်သမားကြီးတွေ၊ ဂျပန်ပြည် ကျွန်းစုလေးတွေပေါ်က အဖိုးအဖွားတွေက ပြုံးကြပါလိမ့်မယ်၊ ပြောကြစတမ်းဆိုရင် ရေတောင်မှ အလွန်အကျွံသောက်ရင် သေနိုင်ပါတယ်၊ တကယ်တမ်း အန္တရာယ်ရှိတာက မထိန်းချုပ်နိုင်တဲ့လူ့ စိတ်ပါပဲ၊ သားကလေးကတော့ ထမင်းစားတိုင်း သူ့ရေဘူးလေး မြှောက်မြှောက်ပြီး ဆော်န်းတေးတဲ့။


ညီလင်းသစ်
၂၃ ဖေဖော်ဝါရီ၊ ၂၀၀၉

19 February 2009

The sound of silent music


Silent Music (1)
IMG_2445a
Canon EOS450d, Sigma 18-200, 78mm, f/5.6, 1/60, ISO200, built-in flash


Silent Music (2)
IMG_2444a
Canon EOS450d, Sigma 18-200, 200mm, f/6.3, 1/60, ISO200, built-in flash


Silent Music (3)
IMG_2457a
Canon EOS450d, Sigma 18-200, 63mm, f/5.0, 1/60, ISO200, built-in flash


Silent Music (4)
IMG_2455a
Canon EOS450d, Sigma 18-200, 173mm, f/6.3, 1/60, ISO200, built-in flash


Silent Music (5)
IMG_2459a
Canon EOS450d, Sigma 18-200, 96mm, f/5.6, 1/60, ISO200, built-in flash


Silent Music (6)
IMG_2460a
Canon EOS450d, Sigma 18-200, 78mm, f/5.6, 1/60, ISO200, built-in flash

17 February 2009

မွေးနေ့


လူတိုင်း,လူတိုင်းမှာ မွေးနေ့ရှိကြသည်၊ မွေးနေ့မရှိပါက လူဖြစ်လာစရာ အကြောင်းပင်မရှိ၊ နာမည်ကျော် ပြင်သစ်ဖီလိုဆိုဖာ Descartes က “ I think, therefore I am ” ဟုပြောသွားခဲ့သည်၊ ငါတွေးသည်၊ ထို့ကြောင့် ငါရှိသည်၊ ဒီအတိုင်းဆိုလျှင် ကျနော်လည်း ထပ်ဖြည့်ချင်သည်၊ “ I have a birthday, therefore I am ” ဟု..။

လူတစ်ယောက်၏ မွေးနေ့ရောက်သောအခါ အခြားလူများက နှုတ်ခွန်းဆက်ကြ၊ အမှတ်တရ လက်ဆောင်ပေး ကြသည်၊ ဤကမ္ဘာထဲသို့ လူသားအဖြစ် သူရောက်လာခဲ့သည့်နေ့ကို သူ့လိုပဲ ရောက်နေကြသည့် အခြားလူသား များက နှုတ်ဆက်ကြသည့် သဘောဖြစ်သည်၊ ဘာကို ရည်စူး၍ နှုတ်ဆက်ကြပါသနည်း၊ ဤကမ္ဘာထဲမှာ မွေးဖွား လာခဲ့ခြင်းအတွက်လား? ရုတ်တရက် ကြည့်လျှင် ဟုတ်သယောင်တော့ ထင်ရပါသည်၊ သို့သော် သိပ္ပံပညာယခု ထက်ပိုထွန်းကားလာသော နောင်နှစ်ပေါင်းများစွာတွင် လပေါ် သို့မဟုတ် အင်္ဂါဂြိုဟ်ပေါ်၌ လူများနေထိုင်ကြ သည်ဆိုပါစို့၊ ထိုလူများ ဤကမ္ဘာမြေပေါ် လာလည်ခိုက်တွင် မွေးနေ့နှင့် တိုက်ဆိုင်ပါက ဤကမ္ဘာမြေပေါ်မှာ သူတို့မမွေးခဲ့သော်လည်း ကမ္ဘာသားများက “ Happy Birthday ” ဟုဆက်လက် နှုတ်ဆက်ကြပါလိမ့်မည်၊ ယခု လည်းမြန်မာပြည်မှာ မွေးသူက အမေရိကားမှာ ဆက်လက်၍ Birthday နိုင်သလိုပေါ့၊ ဘယ်နေရာမှာပဲမွေးမွေး မွေးနေ့ဟာ မွေးနေ့ပဲဖြစ်သည်၊

Birthday သို့မဟုတ် မွေးနေ့...၊ နာမည်မှာကိုက တိကျပါသည်၊ မွေးနေရာ မဟုတ်၊ မွေးသောနေ့မှာ နှုတ်ဆက် ခြင်းဖြစ်သည်၊ သို့သော်လည်း ဒီလောက် မတိကျပြန်၊ မြန်မာပြည် အရုဏ်တက်မှာ မွေးခဲ့သူက ယခုအမေရိကား ရောက်နေသည်၊ သူ့မွေးနေ့ကို နှုတ်ဆက်ချင်လျှင် မြန်မာစံတော်ချိန်ကို လိုက်ကာ တစ်ရက်ကြို၍ နှုတ်ဆက်ကြ မလား၊ သို့မဟုတ် အမေရိကား စံတော်ချိန်ကိုလိုက်ကာ တစ်ရက်နောက်ကျပြီး နှုတ်ဆက်ကြမလား၊ Happy Pre-birthday ဒါမှမဟုတ် Happy Post-birthday လို့ပြောကြမလား? ဒီနေရာမှာတော့ Time and Space သ ဘောတွေ ပါဝင်လာပြီ၊ လက်တွေ့မှာတော့ မွေးနေ့ရှင် ရှိနေသည့် နေရာက အချိန်အတိုင်း နှုတ်ခွန်းဆက်ကြမည် ဖြစ်သည်၊ မွေးနေ့ နှုတ်ခွန်းဆက်ခြင်းသည် အာကာသကို ဒုံးပျံလွှတ်တင်နေခြင်း မဟုတ်၊ မည်သူမျှ အချိန် အတိ အကျတွက်ချက် နှုတ်ဆက်မည် မဟုတ်ပါ၊ မွေးနေ့သည် နေရာကို မူမတည်ကြောင်း ကျနော်တို့တွေ့ခဲ့ ကြသည်၊ ယခု မွေးနေ့သည် အချိန်ကိုလည်း မူမတည်ပြန်၊ ဒါဆိုလျှင် မွေးနေ့သည် ဘာကို မူတည်ပါသနည်း?

မွေးနေ့ရှင်ကိုသာ မူတည်ပါသည်၊ သူရောက်နေသည့် နေရာက သူလည်ပတ်နေသော စံတော်ချိန်အရသာ သူ့ ကိုနှုတ်ဆက်ကြပါသည်၊ အင်မတန် သဘာဝကျသည်၊ သူသာ အဓိကဖြစ်သည်၊ မွေးနေ့ရှင်မရှိဘဲ မွေးနေ့ရှိ မလာနိုင်ပါ၊ မွေးနေ့ရှင်မွေးလာ ခဲ့၍သာ မွေးနေ့ဖြစ်လာခဲ့သည် မဟုတ်ပါလား၊ ထို့ကြောင့် “ I am, therefore I have a birthday ” ဟူကပိုမှန်လိမ့်မည်၊ ကုန်ကုန်ပြောရလျှင် မွေးနေ့ရှင် သာရှိလျှင် သူ့မွေးနေ့မရှိတာတောင်မှ မွေးနေ့ကို ကျင်းပနိုင်ပါသည်၊ ဖေဖော်ဝါရီလ ၂၉ ရက်မှာ မွေးသူများက ၄ နှစ် မှတစ်ကြိမ် ၄င်းတို့မွေးနေ့ကို မကျင်းပကြပါ၊ အများသူငါလိုပင် တစ်နှစ်တစ်ခါ အသက်ကြီးလာပြီး တစ်နှစ်တစ်ခါ နှုတ်ခွန်းဆက် ခံရပါလိမ့် မည်၊ နှုတ်ဆက်ရမည့် သူများကတော့ ဘယ်အချိန်မှာ နှုတ်ဆက်ရပါ့မလဲ ဆိုတာနှင့် ပတ်သက်ပြီး အနည်းငယ် တော့ ကသိကအောင့် ဖြစ်နိုင်ပါသည်၊

မွေးနေ့မှာ အသိအမှတ်ပြု နှုတ်ဆက်ခြင်းသည် လူပီသခြင်း လက္ခဏာတစ်ရပ်လည်း ဖြစ်ပါသည်၊ ကျနော်တို့ သာ ခွေးဆိုလျှင် မွေးနေ့ရှိပါလျှက် မွေးနေ့နှုတ်ခွန်းဆက် ခံရမည်မဟုတ်ပါ၊ ခွေးအရူးအမူးချစ်တတ်သူ ဟောလီး ဝုဒ်အကျော်အမော် တစ်ယောက်ဆီမှာ ခွေးဖြစ်ရင်တော့ ခြွင်းချက်ဖြစ်ကောင်းဖြစ်မည်၊ ဒါတောင် သူ့ခွေးမွေးနေ့ ကို သူမှတ်မိပါဦးမှ...၊ မွေးနေ့ကို အသိအမှတ်ပြုခြင်းသည် ယဉ်ကျေးမှု တိုးတက်ခြင်းဖြစ်စဉ်၏ ပြယုဂ်တစ်ခု လည်းဖြစ်ပါသည်၊ ကျနော်တို့သာ ကျောက်ခေတ်မှာ မွေးခဲ့လျှင် မွေးနေ့နှုတ်ခွန်းဆက် ခံရမည့်အစား မီးခတ် ကျောက်ကို သေချာခတ်ဖို့သာ အပြောခံရပါလိမ့်မည်၊ စားဝတ်နေရေး သုံးပါး၏ တြိဂံထောင့်ချိုးသက်သက်ထဲမှာ အရိုင်းဆန်ကြသော ကာလ၌ မွေးနေ့ကို မှတ်မိဖို့ထက် သားကောင်၏ခြေရာကို မှတ်မိဖို့က ပိုအရေးကြီးသည်၊

ဘဝနေထိုင်မှု ရိုးရှင်းလွယ်ကူခဲ့သော ခေတ်ကတော့ ပြောခဲ့ကြမည်၊ ` ဟဲ့..နင့် မွေးတဲ့နှစ်က ခေါင်းရင်းက စပါး ကျီကြီး မီးလောင်တဲ့ နှစ်ပေါ့ဟဲ့ ’ ဟု...၊ စပါးကျီကြီးက နှစ်တိုင်းမီးမလောင်သလို မွေးနေ့ကိုလည်း ဘယ်သူမှ သတိတရ ရှိနေတော့မည်မဟုတ်၊ မွေးနေ့ကို ပြောပြအသုံးချရမည့် စာရွက်စာတမ်းဆိုင်ရာ ကိစ္စများလည်း မရှိ၊ ကောက်စိုက်တေးတို့ အကြားမှာ သန့်ရှင်းလတ်ဆတ်သော လေထုကို ရှုရှိုက်ကြီးပြင်းခဲ့ကြ ပေလိမ့်မည်၊ မွေးနေ့ ဆိုသော သာမန်နေ့စွဲတစ်ခုက အဲဒီနေ့မှာ မွေးခဲ့သူထက်ပင် တခါတရံ ပိုလို့အရေးပါတတ်သော ခေတ်ကြီးထဲမှာ တော့ ကျနော်တို့ မွေးနေ့တွေကို သတိရတတ်ကြသည်၊ ဆိုးဝါးကျပ်တည်းလှသော ကာလကြီးမှာ အခုလိုတစ် နှစ်တာ ကာလကို ဖြတ်သန်းခဲ့နိုင်တာအတွက် ချီးကျူးစကား ပြောကြမည်၊ တစ်နှစ်ဆိုသော ကာလကို တောင့်ခံ နိုင်ခဲ့ခြင်းသည် နည်းတဲ့ ဇွဲသတ္တိလား၊ လာမည့်နှစ်အတွက် ကောင်းချီးပေး ကြမည်၊ အားအင်သစ်တို့ တောင်းဆု ချွေကြမည်၊ စင်စစ် သာမန်ဖြစ်ရိုးဖြစ်စဉ် များနှင့်ပုံမှန်လည်ပတ်နေသော ထိုမွေးနေ့ သည်လည်း အခြားနေ့များ ကဲ့သို့ပင် ခပ်မြန်မြန်ကုန်ဆုံးသွားပေလိမ့်မည်၊ ကျနော်တို့သည် လောကခရီးသွားများ ဟုဆိုလျှင် ထိုလောက ဆိုတာကြီးသည် ကျပ်ညပ်နေသော ဘတ်စ်ကားအိုကြီး တစ်စင်းသာဖြစ်ပေလိမ့်မည်၊ ထိုအထဲမှာ မတ်တပ်ရပ် နေရသူ အချင်းချင်းအကြား အားပေးသည့်အကြည့်ကလေးပဲဖြစ်ဖြစ်၊ နှုတ်ခမ်းတွန့်ကွေးရုံ နှုတ်ဆက်ပြုံးလေးပဲ ဖြစ်ဖြစ် လွန့်လူးဖြတ်သန်းသွားသည့်အခါ ရှေ့လာမည့်မှတ်တိုင်များကို ဆက်စီးရန် အမောပြေစေပါသည်၊

ယနေ့သည် ၃၄ ခုမြောက်သော ပြက္ခဒိန်ကို ဆွဲဆုတ်လိုက်သည့် ကျနော့်မွေးနေ့ ဖြစ်ပါသည်။ ။


ညီလင်းသစ်
၁၇ ဖေဖော်ဝါရီ၊ ၂၀၀၉

16 February 2009

ဧည့်သည်

မနေ့ကအထိ
ငါ မင်းနေရာမှာပါပဲ၊

မနက်ဖြန်တော့
မင်းလည်း ငါ့နေရာ ရောက်လိမ့်မပေါ့။


ညီလင်းသစ်
၁၆ ဖေဖော်ဝါရီ၊ ၂၀၀၉

15 February 2009

ဆွမ်းခံကြွချိန်


IMG_1748a
Canon 450d, 89mm, f/4.5, 1/60, ISO800

13 February 2009

ဖေဖော်ဝါရီ ဆယ့်သုံးရက် တမ်းချင်း



တသက်စာ ကြည့်ခဲ့ပါရစေ
မနက်ဖြန်ရဲ့ တိမ်မည်းတစ်အုပ်
ငါ့မျက်ဝန်းကို မဖုံးအုပ်ခင်အထိပေါ့၊

ဆုံမှတ်တွေကို စွဲထင်စေခဲ့တဲ့
ဟောဒီ စုတ်တံတစ်ချောင်းဟာ
ကိုယ်တိုင်အတွက်ကျတော့
ဆေးတွေ ခမ်းခဲ့ရတဲ့အဖြစ်... ...၊

လမင်းရယ်...
တမံတုပ်ပြီး အဖို့ခံရတော့မယ့်
ချောင်းရိုးကလေးဆီကိုမှ
ရေသောက်ဆင်းလာ သတဲ့လား၊
လှိုင်းထခွင့် မရှိတော့ပေမယ့်
ကျေးဇူးတော်တေးကိုတော့
သီကြွေးလိုက်ပါရစေ၊

ငါ...
အေဒီ ၃ ရာစုအတွက်
အလှဆုံး ပွင့်ခဲ့ပါတယ်၊
နောက်ဆုံး ခေါင်းလောင်းသံတို့
ရှိုက်ငင် မှိန်ဖျော့သွားချိန်အထိပေါ့ ။ ။


ညီလင်းသစ်
၁၃ ဖေဖော်ဝါရီ၊ ၂၀၀၉

11 February 2009

Sharm El-Sheikh (2)


အလည်အပတ်ရောက်သွားခဲ့တဲ့ အီဂျစ်နိုင်ငံ ပင်လယ်နီ ကမ်းနဖူးပေါ်က မြို့ကလေးဖြစ်ပါတယ်၊ ဒီအပိုင်း ၂ က တော့ ပုံပြပို့စ် သက်သက် ပဲဖြစ်လို့ ခရီးစဉ်အကြောင်း အသေးစိတ်ကို သိလိုရင်တော့ အပိုင်း ၁ မှာ ဖတ်နိုင်ပါ တယ်၊ မံမီ တဦးတလေနဲ့မှ မဆုံဖြစ်လိုက်ဘဲ ကျနော် ပြန်ရောက်လာခဲ့တဲ့ ခရီးပေါ့...။ ။


IMG_2068a
ဂျစ်ပဆီမိုးတိမ် တချို့ကို ခပ်လှမ်းလှမ်းမှာ နှုတ်ဆက် ထားရစ်ခဲ့လိုက်တယ်


IMG_2137a
စွန်ပလွံပင်များကြားမှ Sharm El-Sheikh ကမ်းခြေ


IMG_2144a
Sharm El-Sheikh by night...


IMG_2150a
အာရပ်အခေါ် Karkade (ခါရ်ကာဒေး) ဆိုတဲ့ Hibiscus ပန်း..၊ ဒီပန်းဖျော်ရည်ကိုတော့ နောက်တစ်ခေါက် ထပ်သောက်ချင်သေးတယ်၊


IMG_2148a
ဒီခေါင်ရန်းပန်းတွေက ကျနော်သတိထားမိသလောက် မနက်နေရောင်ကောင်းကောင်း ရလာမှ ပိုပွင့်လာကြတယ်၊ နေပူဆာလှုံဖို့ ပြင်ဆင် ပွင့်အာလာနေတဲ့ ခေါင်ရန်းတစ်ပွင့်ကို ကျနော်က ကင်မရာမှန်ဘီလူးကနေ ခံစားလိုက်တယ်၊


IMG_2190a
ပင်လယ်နီနှင့် သူ၏ဧည့်သည်များ...


IMG_2179a
ပင်လယ်နီက ဆားပျော်ဝင်နှုန်း သိပ်သည်းဆ density မြင့်တဲ့ ပင်လယ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်၊ သားကလေးက အဲဒီဆား ငန်ရည်တွေကို ကျနော်တို့အလစ်မှာ ခိုး,ခိုးသောက်ပြီး သဘောတွေ ကျနေလေရဲ့၊


IMG_2198a
စွန်ပလွံတစ်ပင်၏ ကွမ်းတကမ်းအလှ...၊ စွန်ပလွံသီး လတ်လတ်ဆတ်ဆတ်တွေ ရပေမယ့် ကျနော်က အခြောက်ပဲ ကြိုက်တယ်၊ အဲ... စွန် ပလွံသီးအခြောက်ပဲ ပိုကြိုက်တယ်လို့ ပြောတာ :D


IMG_2211a
လေယာဉ်ကွင်းနဲ့ ၁၀ မိနစ်စာ ကားမောင်းရတဲ့ အကွာအဝေးမို့ ပြေးလမ်းအတွက် ချဉ်းကပ်တဲ့လေယာဉ်တွေက ခပ်နိမ့်နိမ့်ကနေ ပျံသွား ကြတယ်၊ တစ်ရက်ကို အစီး ၂၀ လောက်တော့ ရှိမယ်ထင်တယ်၊


IMG_2110a
မအိမ်သူနဲ့ ကျနော်နဲ့ကြားထဲက အခက်အခဲကို ရှင်းပေးလိုက်တဲ့ သင်္ဘော...၊ ဧည့်သည်ပါးချိန်မို့ တစ်ရက်ကို ၃ ခေါက်ပဲထွက်ပြီး တစ်ခါ ထွက်ရင် တစ်နာရီ ဝန်းကျင်ခန့် ကြာပါတယ်၊


IMG_2247a
သင်္ဘောအတွင်းပိုင်းမှာ ရေအောက်ရှုခင်းကို ကြည့်ဖို့အတွက် အခုလို မှန်နဲ့ခင်းထားတယ်၊ ရေကလည်း ကြည်တဲ့အတွက် တော်တော်ကို ကွဲကွဲပြားပြား မြင်ရပါတယ်၊


IMG_2272a
ကျနော် အမျိုးအမည် မသိခဲ့သော ငါးမောင်နှံ၊ (ကျနော်ယူခဲ့တဲ့ သတ္တဗေဒဘွဲ့ကို အားနာတာနဲ့ ကိုယ်တစ်ဝက်ဖော့ပြီး ထိုင်နေလိုက်တယ်)


IMG_2279a
တချို့သန္တာကျောက်တန်းတွေက အတော်လှတယ်၊ သင်္ဘောသားတွေက ဒီရေအောက်ရှုခင်းတွေကို အလွတ်ရနေတော့ ကျောက်တန်း တွေပေါ်ကနေ မောင်းပေးတယ်၊ ရေအောက်မီတာ ၃၀ (ပေ ၉၀ခန့်) အထိ ကောင်းကောင်းမြင်ရပါတယ်၊


IMG_2273a
လာပြန်ပြီ နောက်တစ်ကောင်...၊ (အခုတော့ ကိုယ်ဖော့ရုံနဲ့ မလုံလောက်လို့ ကျနော်မတ်တပ်ပဲ ရပ်နေလိုက်တော့တယ်) :D


IMG_2259a
Sharm El-Sheikh ရဲ့အဝေးမြင်ကွင်း၊ ဟိုး အနောက်က တောင်တန်းတွေက ဆိုင်းနိုင်း (Sinai) လို့လည်း ခေါ်ကြတဲ့ သိနတောင်တန်း တွေပေါ့၊ ခရစ်ယာန်သမ္မာကျမ်းစာလာ ပညတ်တော် ၁၀ ပါးကို မောရှေ (Moses) ရေးခဲ့တဲ့ နေရာ...၊


IMG_2332a
အပြန်ခရီး...၊ လေယာဉ်အမြီးက အနီတန်းလေး စတဲ့နေရာဟာ Sharm El-Sheikh ရဲ့တည်နေရာပါပဲ၊


IMG_2338a
Good bye Red sea...! ပုံရဲ့ အပေါ်ဖက်နားမှာ စူးအက်တူးမြောင်းရဲ့ အဆက် မြစ်လက်တက်ကို ခပ်ဝါးဝါး တွေ့နိုင်ပါတယ်၊ အီဂျစ်ကတော့ နေရာ တော်တော်များများမှာ အခုလို သဲကန္တာရတွေပဲ ရှိလေရဲ့...။

10 February 2009

Sharm El-Sheikh (1)


ဇန်နဝါရီလရဲ့ နောက်ဆုံးအပတ်ထဲမှာ ကျနော်တို့မိသားစု Sharm El-Sheikh (ရှားမဲလ်ရှိတ်ခ်) ကို သွားလည်ဖြစ်တယ်၊ ဒီမြို့ကလေးက အီဂျစ်နိုင်ငံ၊ ပင်လယ်နီ (Red sea) ရဲ့ကမ်းနဖူးမှာ ရှိပါတယ်၊ စူးအက်တူးမြောင်း (Suez Canal) ရဲ့အောက်ဖက်ကို နဲနဲဆင်းလာရင် ညာဖက်မှာ ရှိတယ်၊ ဒီခရီး စဉ်ဟာ သားကလေးမွေးပြီးမှ သွားတဲ့ ပထမဆုံး လေယာဉ်စီး ခရီးလည်းဖြစ်တယ်၊ သူ့အတွက် ပထမဆုံး ပင်လယ်ခရီးလည်း ဖြစ်ပါတယ်၊

အိမ်ကနေ ဂျနီဗာ (Geneva) မြို့ကို ကားနဲ့ နာရီဝက်၊ ဂျနီဗာကနေ Sharm ကို လေယာဉ်နဲ့ ၃ နာရီ သွားရတယ်၊ လေယာဉ်ခရီး ၃ နာရီဆိုတာ လူကြီးတွေအတွက်တော့ ဘာမှမကြာပါဘူး၊ ဒါပေမယ့် သားအတွက်ကတော့ ၃ ကမ္ဘာလောက် ကြာတယ်လို့ ခံစားရမယ် ထင်တယ်၊ သူ တော်တော် စိတ် ညစ်သွားတယ်၊ သားက အင်မတန် လှုပ်ရှား၊ လေ့လာ၊ သင်ကြားဖို့ ဘယ်တော့မှ အငြိမ်မနေတဲ့ ကလေးစာရင်းထဲမှာပါတယ်၊ လေယာဉ်ထဲကလူသွားလမ်းမှာ တစ်ခါလွှတ်ပေးလိုက်တာ လေယာဉ် မှူးအခန်းနားထိ ပြေးသွားလို့ မနည်းလိုက်ဖမ်းရတယ်၊ နောက်တော့ သူ့ကို လွှတ်မပေးရဲတော့ဘူး၊ ဒီတော့ ဆရာလေးက စိတ်တိုပြီး တဂျီဂျီဖြစ်လာရော...၊ အဲဒါလေးကလွဲရင် လေယာဉ်ခရီးကအ သွားရော အပြန်ပါ အဆင်ပြေပါတယ်၊

ဟိုရောက်တော့ ညနေနဲနဲ စောင်းသွားတာနဲ့ နောက်တစ်နေ့မနက်မှ သူ့ကိုပင်လယ်ဆီ ခေါ်သွား လိုက်တယ်၊ ပင်လယ်နီနဲ့ သားကလေးရဲ့ တွေ့ဆုံခန်းပေါ့၊ သူ့ရဲ့ ဆရာဝန်က ပြောလိုက်တယ်၊ ကလေးက ပင်လယ်လှိုင်းလုံးတွေကို နဲနဲ ကြောက်ကောင်း ကြောက်နိုင်တယ်-တဲ့၊ ဘယ်...ကြောက် ဖို့နေနေသာသာ လက်ထဲက အတင်းတွန်းထိုး ရုန်းကန်ပြီး ပင်လယ်ထဲ ပြေးဆင်းသွားလို့ လိုက်ဖမ်း ရပြန်တယ်၊ ဒါပေမယ့် အဲဒီညနေမှာပဲ သားကလေး ဖျားပြီး ကိုယ်အပူချိန်တွေ တက်လာတယ်၊ အဖျားက ၃၉°C အထိ ဖြစ်လာတာနဲ့ ပါလာတဲ့ Ibuprofen တိုက်လိုက်တယ်၊ နောက်တစ်နေ့မှာ သက်သာပေမယ့် သေချာအောင် ဆရာဝန်သွားပြတော့ အာသီးရောင်တာ ဖြစ်နေတယ်၊ အပူချိန် အပြောင်းအလဲ ကြောင့်ဖြစ်တာပါ-တဲ့၊ ဟုတ်မယ်၊ ကျနော်တို့ ထွက်လာတော့ ဟိုမှာ - ၂ °C ၊ ဒီမှာ က ၂၄ °C ဆိုတော့ အပြောင်းအလဲက နဲနဲမြန်တယ်၊ Antibiotic စ,တိုက်လိုက်တော့ တဖြည်းဖြည်း သက်သာသွားပါတယ်၊

Sharm El-Sheikh ကပြောရရင်တော့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း တစ်ခုပါပဲ၊ ၁၉၈၅ အထိ ကတံငါရွာကလေး အဖြစ်နဲ့ပဲ ရှိသေးတယ်၊ နောက်ပိုင်းမှ Tourist destination အဖြစ်အရမ်းစည် ကားလာခဲ့တယ်၊ စည်ကားရတဲ့ အကြောင်းက သူ့ရဲ့ Aquatic life ကြောင့်ပဲ၊ ဟုတ်ပါတယ်၊ Sharm ရဲ့တဝိုက်မှာ ရှိတဲ့ ပင်လယ်နီထဲမှာ အင်မတန်လှတဲ့ သန္တာကျောက်တန်းတွေနဲ့ ရောင်စုံငါးမျိုးစုံရှိ တယ်၊ ဒါ့ကြောင့်ပဲ ကမ္ဘာအရပ်ရပ်က snorkelling နဲ့ diving သမားတွေ မဖြစ်မနေ လာရတဲ့နေရာ တစ်ခု ဖြစ်လာတယ်၊ ကျနော့်မှာ ပါသွားတဲ့ အပျော်တမ်းသုံး snorkel လေးနဲ့ ငုပ်ကြည့်တော့ ထူး ဆန်းတဲ့ ငါးတွေ တွေ့ရတယ်၊ ဝေးဝေးသွားစရာ မလိုပါဘူး၊ ကမ်းစပ်ကနေ သုံးလေးမီတာ အကွာမှာ တင်ပဲ ငါးတွေအများကြီး ရှိနေပြီ၊ ငါးအဝါ၊ ငါးအစိမ်း၊ ငါးအနီ၊ ငါးအပြာ... အတော့်ကိုစုံတယ်၊ ဒီငါး တွေနဲ့ သန္တာကျောက်တန်းတွေကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (WWF) ကကာကွယ် ထားတယ်၊

အဲဒီမှာ ရေအောက်ကို ကြည့်ဖို့အတွက် အထူးတည်ဆောက်ထားတဲ့ သင်္ဘောတွေ ရှိတယ်၊ အဲဒီ သင်္ဘောတွေမှာ ရေအောက်ခန်းတစ်ထပ်ပါတယ်၊ အဲဒီသင်္ဘောအောက်က တစ်ခန်းလုံးကရေ အောက်ထဲမှာ ရှိပြီးတော့ ဘေးပတ်လည်က မှန်တွေကနေ aquatic life ကိုကြည့်ဖို့လုပ်ထားတယ်၊ ဒါကိုမြင်တော့ ကျနော်က အဲဒီသင်္ဘောကို စီးချင်တယ်၊ ဒါပေမယ့် မအိမ်သူက မစီးရဲဘူး၊ သူက နဲနဲ claustrophobic ဖြစ်တယ်၊ မှောင်ပိတ်နေတဲ့အခန်း၊ ဓါတ်လှေခါးလို ကျဉ်းကျပ်တဲ့အခန်း၊ မွန်းကျပ် ပိတ်ဆို့တဲ့ ခံစားမှုမျိုးကို ကြောက်တဲ့ စိတ်အခံပေါ့လေ၊ တစ်ယောက်ထဲ သွားစီးပါ-တဲ့၊ ဒီလိုတော့ လည်းကျနော်က မစီးချင်ပြန်ဘူး၊ အဲဒီလိုနဲ့ ရှိနေတုန်း နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်နည်းကို သွား တွေ့တယ်၊ အဲဒါက မှန်ကြမ်းပြင်နဲ့ သင်္ဘောပဲ၊ အဲဒီ သင်္ဘောကလည်း စောစောကဟာတွေလိုပဲ ရေ အောက်ကြည့်ဖို့အတွက်၊ ဒါပေမယ့် သူက ရိုးရိုးသင်္ဘောမှာ မှန်ကြမ်းပြင်တပ်ထားရုံ သက်သက်ပဲဆို တော့ ကျဉ်းကျပ်တာမျိုး မခံစားရတော့ဘူး ပေါ့လေ၊ အဲဒါကိုပဲ စီးဖြစ်သွားတယ်၊ တကယ်တော့ ကျနော်က အီဂျစ်အထိလာပြီး ငါးတွေကြည့်မယ့်အစား ပစ်ရမစ်တွေ၊ ဖာရောဘုရင်တွေကို ပိုပြီး ကြည့်ချင်တာပါ၊ ဒါပေမယ့် ကျနော်တို့နဲ့အတူပါတဲ့ ၁ နှစ်နဲ့ ၅ လအရွယ် ကလေးတစ်ယောက်က ဒါတွေကို ဘယ်စိတ်ဝင်စားမှာလဲ၊ နေပူပူ ဖုန်ထူထူမှာ သူ့အတွက် စိတ်ညစ်စရာတွေ ချည်းဖြစ်နေ မှာ အသေအချာပေါ့၊ ဒီတော့လည်း လောလောဆယ်တော့ ရသေ့စိတ်ဖြေပေါ့လေ၊ See you later Kings Pharaoh...!

Sharm El-Sheikh မှာရှိတဲ့ ဟိုတယ်တိုင်းမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားသလို လမ်း တွေပေါ်မှာလည်း ရဲတွေ နေရာတကာမှာ ရှိတယ်၊ သူတို့မှာ terrorist attack အတွက် အမြဲအသင့် ပြင်ထားရတယ်၊ ၂၀၀၅ ခုနှစ်က ဒီမှာ ၇ နေရာဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်၊ ချိန်ကိုက်ဗုံး တွေနဲ့ အသေခံ ဗုံးခွဲသမားတစ်ယောက်...၊ ဒီလူက tourist တွေနဲ့ စည်ကားနေတဲ့ အချိန်မှာ ဟိုတယ် တစ်ခုထဲကို ကားနဲ့တရကြမ်း မောင်းဝင်လာခဲ့တယ်၊ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့် တင်ထားတဲ့ကားက အပြင်းထန်ဆုံး မြည်ဟည်းပေါက်ကွဲသွားတယ်၊ လူတွေအများကြီး သေကြေခဲ့ ကြတယ်၊ အစ္စလာမ်အစွန်းရောက်အဖွဲ့ရဲ့လက်ချက်လို့ကြေညာချက် ထုတ်တယ်၊ ဒီလို ခြိမ်းခြောက် မှုတွေက အမြဲရှိနေတော့ လုံခြုံရေးဟာ သူတို့အတွက် နံပါတ်တစ် ဦးစားပေး ဖြစ်နေခဲ့ရတယ်၊

Sharm El-Sheikh ကိုလာကြတဲ့ သူတွေထဲမှာ အများဆုံးက ရုရှားလူမျိုးတွေပါ၊ တစ်နှစ်ပတ်လုံး လာကြတယ်၊ ကျနော်တို့ သွားတဲ့အချိန်က ဧည့်သည်ရာသီ မဟုတ်တာတောင် နေရာတိုင်းလိုလို တွေ့ရတယ်၊ ဘယ်လောက်လာသလဲဆို စားသောက်ဆိုင်တွေမှာ menu ကဒ်ကို ရုရှန်ဘာသာနဲ့ သီးခြားထားပေးရတဲ့ အထိပါပဲ၊ ဒုတိယ အလာဆုံးက အီတာလျန် လူမျိုးတွေပါ၊ သူတို့လည်း တော် တော်များကြတယ်၊ အဲဒီမှာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေက ကိုင်ရိုမြို့တော်က လာကြတဲ့ အီဂျစ် လူမျိုးတွေပါ၊ အာရပ်စကား ပြောကြတယ်၊ ထူးခြားတာက ဝန်ထမ်းအားလုံးက ယောက်ျားတွေ ချည်းပဲ၊ မိန်းမတွေက အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ ကလေးတွေနဲ့ နေခဲ့ကြတယ်၊ ဧည့်ကြိုက အစ, အခန်းသန့်ရှင်းရေးအထိ ယောက်ျားတွေပဲ လုပ်ကြတယ်၊ ရုရှန်နဲ့ အီတာလျန်တွေကြောင့် သူတို့တော်တော်များများ အဲဒီစကားတွေကို ပြောတတ်ကြတယ်၊ ပြင်သစ်စကား တတ်တဲ့သူတော့ တော်တော်ရှားတယ်၊ အင်္ဂလိပ်စကားလည်း အတန်အသင့်ပါပဲ၊

မြန်မာပြည်က ထွက်ကတည်းက မတွေ့ရတော့တဲ့ စက္ကူပန်းကို အဲဒီမှာမှ ပြန်တွေ့ရတယ်၊ ခေါင်ရန်း ပန်းတွေလည်း အများကြီးပဲ၊ အီဂျစ်က ဒေသစာထဲမှာ ခေါင်ရန်းပန်း ဖျော်ရည်လည်း ပါတယ်၊ တော် တော်လေး သောက်လို့ကောင်းတယ်၊ ခေါင်ရန်းပန်းကို အခြောက်လှန်း၊ အဲဒီပန်းခြောက်ကို ရေနွေး ဆူဆူနဲ့ လက်ဖက်ခြောက်နှပ်သလိုနှပ်ထား၊ သကြားထည့်၊ ရေခဲသေတ္တာထဲမှာ အေးနေအောင်ထား ပြီးသောက်ရုံပါပဲ၊ သွေးတိုးအတွက် ကောင်းတယ်လို့လည်း ပြောကြတာပဲ၊ ဒေသအခေါ်ကတော့ အာရပ်ဘာသာနဲ့ Karkade လို့ခေါ်ပါတယ်၊ နောက်ထပ်ဒေသစာ တစ်ခုက Balilah လို့ခေါ်တဲ့ corn flakes လိုဟာမျိုး၊ ဆန်ပေါက်ပေါက်တွေကို ပျားရည်၊ နို့၊ သကြား စတာတွေနဲ့ စားရတဲ့ အချိုစာပါ၊ သိပ်တော့ မဆန်းပါဘူး၊ ကျနော်ကြိုက်တာကတော့ Foul လို့ခေါ်တဲ့ ပဲကြီးဟင်း၊ အရည်နဲ့ ခပ်ပျစ် ပျစ်ပြုတ်ထားတဲ့ ပဲကြီးကို မဆလာ၊ ငရုတ်သီးမှုန့်၊ ဆား၊ စတာတွေထည့်ပြီး သံပုရာရည်နဲ့ ညှစ်စား ရတယ်၊ ဗယာကြော်သုပ် အရသာနဲ့ အတော်ဆင်တယ်၊ တခုတ်တရ ဖွဲ့နွဲ့ရလောက်အောင် မကောင်းပေမယ့် အချဉ်အစပ်ကြိုက်တဲ့ ကျနော့်အတွက်တော့ အတော်ပါပဲ၊ ပင်လယ်နီရဲ့ ကမ်းစပ် မှာ အီဂျစ်ရိုးရာ Foul ပဲကြီးဟင်းကို တစိမ့်စိမ့်စားရင်း ပန်းဆိုးတန်းလမ်းပေါ်က ဗယာကြော်သုပ် တွေကို ကျနော်သတိရနေခဲ့တယ်။ ။


(ဓါတ်ပုံတွေကိုတော့ အပိုင်း ၂ မှာ တင်ပေးပါ့မယ်)

05 February 2009

ယူကလစ်ပင်အို၊ ခေါင်းလောင်းသံချိုနှင့် သီဆိုချင်သောကျောင်းနေ့ရက်များ


သူတက်ခဲ့ရသော အထက်တန်းကျောင်း၏ ဝင်းတံခါးပေါက်မှာ ယူကလစ်ပင်ကြီး တစ်ပင်ရှိသည်၊ နှစ်ပေါင်းများစွာကတည်းက တကိုယ်တည်း အထီးကျန်စွာ ဖြတ်သန်းလာခဲ့သော အပင်ကြီးဖြစ်ပြီး နေ့စဉ်ကျောင်းတက်လာသော ကျောင်းသားအားလုံးက သည်အပင်ကြီးအောက်မှ ဖြတ်သွားကြရ သည်၊ တခါတရံ လေညှင်းက ကျောင်းဝင်းထဲမှာ ယူကလစ်နံ့တွေနဲ့ ထုံသင်းမွှေးရီ နေလေ့ရှိပါ သည်၊ တစ်ထောင့်တစ်ည ပုံပြင်တွေထက် များလှတဲ့ ဘဝမျိုးစုံက ဒီအပင်ကြီးရဲ့အောက်မှာ စီး ဆင်းသွားခဲ့ ကြသည်၊ တချို့တွေက ပင်လယ်ထိရောက်အောင် စီးသွားနိုင်ကြပေမယ့် တချို့က တော့ လမ်းမှာတင်ပဲ ရပ်တန့်ပြီး မြစ်ကျိုးအင်းတွေ ဖြစ်သွားကြသည်၊ သောင်ထွန်းပြီး လမ်းကြောင်း လွဲခဲ့ရတဲ့ ဘဝတွေလည်း အများကြီး ရှိမှာပါပဲ၊ ယူကလစ်ပင်ကြီးကတော့ ကြည်ကြည်လင်လင်နဲ့ ရှက်ရွံ့သိမ်မွေ့စွာ စီးဆင်းတတ်တဲ့ စမ်းချောင်းလေးတွေ ကိုတွေ့ဖူးသလို နောက်ကျိမည်းညစ်ပြီး တဝေါဝေါ အော်မြည်စီးဆင်းတတ်တဲ့ တောင်ကျချောင်းတွေကိုလည်း ငေးမောခဲ့ဖူးသူ ဖြစ်သည်၊

မြူခိုးဝေသီတဲ့ ဆောင်းရဲ့နံနက်ခင်းတွေမှာ ငြိမ်းအေးစွာ တကိုယ်တည်းရပ်နေတဲ့ ဒီအပင်ကြီးရဲ့ အောက် သူ့ရင်ခုန်သံတွေက ခေါင်းလောင်းသံတွေနဲ့ အပြိုင် ဆူညံနေခဲ့ဖူးသည်၊ ရွှေအိုရောင် အလင်းစက်တွေ လူးပေစွန်းထင်းနေတဲ့ ညနေခင်းတချို့မှာလည်း ဒီအပင်ကြီးရဲ့အောက်မှာပဲ သူ့ရဲ့ အလွမ်းတွေ ဖိတ်စဉ်ကျခဲ့ဖူးပါသည်၊ အိပ်စက်ပစ်ရမှာ နှမြောစရာ ကောင်းလှတဲ့ ညချမ်းတချို့ကို အကျရည် ခပ်များများနဲ့ ရောသောက်ပစ်ဖို့ ကျောင်းရှေ့က ကဖေးဆိုင်လေးကို သူလာထိုင်လေ့ ရှိ သည်၊ အဲဒီလို အခါတွေမှာ လင်းပအေးမြတဲ့ လရောင်ရဲ့အောက်မှာ ယူကလစ်ပင်ကြီးက အော်ပရာ တစ်ပုဒ်ကို ကျူးရင့်နေတတ်သည်၊ သူ တစ်ဦးတည်းနားဆင်ဖို့ ချစ်ခြင်းဖွဲ့ အော်ပရာ ဖြစ်ပါသည်၊

တခါမှာတော့ ယူကလစ်ပင်ကြီးနဲ့ ပတ်သက်တဲ့ ခံစားမှုကို သူငယ်ချင်းတစ်ယောက်နဲ့ သူမျှဝေဖူး သည်၊ သူပြောတာဆုံးသွားတဲ့အခါသူငယ်ချင်းက ဘီစီ ၃၀၀ ဝန်းကျင်က မီးအိမ်ရှင်ကြီးဒိုင်အိုဂျီးနိစ် ကိုကြည့်တဲ့ ဂရိတွေ၏ အကြည့်မျိုးနှင့် သူ့အားကြည့်သည်၊ ပြီးတော့မှ ‘ မင်းဟာလေ... အတော့်ကို ကြောင်တဲ့ကောင်ပဲ၊ ဒီလိုဘာမဟုတ်တဲ့ သစ်ပင်ကိုများ ခံစားချက်တွေဘာတွေ လုပ်နေသေးတယ် ’ လို့တော့ မပြောပါဘူး၊ ဘာမှလည်း ထပ်မမေးခဲ့၊ သူကလည်း ဘာမှ ဆက်မပြောခဲ့၊ ဘာမှလည်း ဆက်မဖြစ်ခဲ့၊ ဘာမှမဟုတ်ခြင်းတွေနဲ့ပဲ ပြည့်နေသော လောကမှာ အဲဒီဘာမှ မဟုတ်ခဲ့တာလေးက လည်း တခြားဘာမှ မဟုတ်တာတွေလိုပဲ ဘာမှမဟုတ်ခဲ့ပါဘူး၊ ဒါပေမယ့် သူတခုတ်တရ ရက်ထုတ် ခဲ့ချင်တဲ့ ဘဝရက်ထည်တွေထဲမှာ ဒီယူကလစ်ပင်ကြီး ပါဝင်တာတော့ သေချာပါသည်၊ သူနှစ်ခါပြန် မက်ချင်တဲ့ အိပ်မက်တွေအကြောင်း ဒီအပင်ကြီးက သိထားလို့ပါပဲ၊

ယူကလစ်ပင်ကြီး၏ အနောက်ဖက်မှာတော့ ကျောင်းကလေးရှိသည်၊ ‘ အထက ၂ မရမ်းကုန်း ’ ဟူ သော အမည်နာမတစ်ခုကို ပိုင်ဆိုင်သည့် ကျောင်းကလေးသည် ခပ်ကျဉ်းကျဉ်းကလေးသာ ဖြစ် သည်၊ သူ့အနေဖြင့် သူ့ကျောင်းသားတွေကို တပေါင်းတစည်းတည်း၊ တချိန်တည်း ကျောင်းတက် ခွင့်ပင် မပေးနိုင်ရှာ...၊ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေက မနက်ပိုင်းမှာ တက်ရပြီး ငါးတန်းမှ ခုနှစ်တန်းအထိက ညနေပိုင်းမှာ တက်ရသည်၊ သူ ငါးတန်းကျောင်းသားအဖြစ် ရောက်လာတော့ ကျောင်းကလေးကို မဝံ့မရဲနှင့်အကဲခတ်မိသည်၊ ကျောင်းကလေးက တမနက်ခင်း လုံး လှုပ်လှုပ်ရှားရှားဖြင့် ရှိခဲ့သောကြောင့် သူကျောင်းတက်ရမည့် နေ့လည်ခင်းအချိန်မှာ ချွေး ကလေး တစို့စို့ ဖြစ်နေလေပြီ၊ ဂုဏ်ဒြပ်မပါသော ရိုးသားခြင်းအပြည့်ဖြင့် ကျောင်းကလေးက သူ့ကိုဆီးကြို နေရာပေးခဲ့ပါသည်၊ ကျောင်းကလေး၏ ပွင့်လင်းဖော်ရွေသော ဆက်ဆံရေးကြောင့် သိပ်မကြာခင်မှာပဲ သူလည်း ကျောင်းကလေးထဲက ကျောင်းသားတစ်ယောက် ဖြစ်သွားခဲ့တော့ သည်၊

သူကျောင်းရောက်ပြီး သိပ်မကြာခင် သတိပြုမိတာက ခေါင်းလောင်းသံဖြစ်သည်၊ ခေါင်းလောင်းသံ က ကလင်ကလင် မြည်သောလျှပ်စစ်ဘဲလ်သံ မဟုတ်သလို ဂလောင်ဂလောင် မြည်သော လက်ထိုးခေါင်းလောင်းသံ လည်းမဟုတ်၊ ဒေါင် ဒေါင် ဒေါင် ဟုတစ်ချက်ချင်း မြည်သောအသံ ဖြစ်သည်၊ သူ စိတ်ဝင်စားသွားပြီး လိုက်ရှာကြည့်တော့ မထင်မှတ်ထားတာ သွားတွေ့သည်၊ ကုန်တင်ကားဘီးတစ်ခု၏ သံခွေကို ကျောင်းဝရန်တာ ထုတ်တန်းမှာချိတ်ပြီး ကျောင်းသားတစ် ယောက်က သံချောင်းတိုတစ်ခုဖြင့် တီးသော ခေါင်းလောင်းဖြစ်သည်၊ ကျောင်းတက်ကျောင်းဆင်း ဖြစ်စေ အချိန်ပြောင်းခေါင်းလောင်း ဖြစ်စေ တီးတိုင်း သူ့မျက်စိထဲ ကင်းတဲသံချောင်းကိုပဲ မြင်ယောင်မိပြီး ရယ်ချင်နေခဲ့သည်၊ ကျောင်းမှာ လျှပ်စစ်ခေါင်းလောင်း မရှိတာတော့လည်း မဟုတ်၊ တခါမှာ လျှပ်စစ်ခေါင်းလောင်းသံကို ထူးထူးဆန်းဆန်း သူကြားရဖူးသည်၊ သို့သော် အဲဒါကလည်း တစ်ပတ်လားပဲ ခံပြီး ပျောက်သွားသည်၊ နောက်တော့လည်း ကြားနေကျ ကားသံခွေ တဒေါင် ဒေါင်ပဲ ပြန်ဖြစ်ခဲ့သည်၊ သူတက်ခဲ့ရာ မူလတန်းကျောင်းကလေး မှာပင် လျှပ်စစ်ခေါင်းလောင်း ရှိပါလျက် ဒီအထက်တန်းကျောင်းမှာ ဘာ့ကြောင့် လျှပ်စစ်ခေါင်းလောင်း မသုံးသလဲဟု သူ နားမလည် နိုင်ခဲ့ချေ၊ နောက်တော့လည်း သံချောင်းခေါက်သံသည် သူ့ နားထဲမှာ ချိုသွားတော့ သည်၊

စင်စစ် ကျောင်းကလေးက သူ့ကျောင်းသားတွေလိုပဲ မရှိမရှားထဲကဖြစ်သည်၊ သူ့မှာ မုန့်ဆိုင်တန်း ကလေးက ၆ ဆိုင်လား ၇ ဆိုင်လားပဲရှိသည်၊ စာသင်ခန်းတွေထဲမှာ များသောအားဖြင့် သောက်ရေ အိုးမရှိ၊ အမိုးလေး တစ်ခုအောက်မှာ ရေဘုံဘိုင် ၅ ခုစီကို ၂ တန်းဆောက်ထားပြီး ကျောင်းသား ကျောင်းသူအားလုံးက အဲဒီမှာပဲ သောက်ကြသည်၊ အဲဒီဘုံဘိုင်တွေဘေးမှာ အုတ်ကန်ကြီးရှိသည်၊ တခါမှာ အဲဒီအုတ်ကန်ကြီးထဲ ဖားပြုတ်အကြီးကြီးတစ်ကောင် သေနေတာ သူတွေ့သွားပြီး တစ်ပတ် လောက် ရေသွားမသောက်တော့၊ နောက်တော့လည်း ခြောက်သွေ့လာသော လည်ချောင်းက ဖား ပြုတ်ကို မေ့သွားစေခဲ့သည်၊

ကျောင်းကလေးမှာ သစ်ပင်ဆိုလို့ ကျောင်းရှေ့က ယူကလစ်ပင်နှင့် ကျောင်းလယ်မှ ဗာဒံပင် နှစ်ပင် ပဲရှိသည်၊ စာသင်ဆောင်ဆိုလို့ ၃ ဆောင်ပဲ ရှိတဲ့ကျောင်းကလေး၊ သူ့ကျောင်းသားတွေအတွက် ဘော်လုံးကွင်းမပြောနဲ့ ဘော်လီဘောကွင်း တစ်ကွင်းတောင် မဖြည့်ဆည်းပေးနိုင်ရှာတဲ့ ကျောင်းက လေး၊ ရန်ကုန်-အင်းစိန် ကားလမ်းမကြီးပေါ်ကို ကျောင်းတက် ကျောင်းဆင်းချိန်တိုင်း သူ့ကျောင်း သားတွေကို သွန်,သွန်ချတတ်လို့ ကားသမားတွေရဲ့ ငြိုငြင်ခြင်း ခံရတဲ့ ကျောင်းကလေး၊ မငြိမ်မ သက်ကာလတွေမှာ မကြာခဏ စောင့်ကြည့်ခြင်း ခံရတဲ့ ကျောင်းကလေး၊ ရှားရှားပါးပါး ပန်းချီနည်း ပြ ဆရာလေးတစ်ယောက် ရှိပေမယ့် အဲဒီဆရာလေးက အချိန်မတိုင်မီ ခွဲခွာသွားလို့ ပူဆွေး ကျန်ရစ်ခဲ့ရတဲ့ ကျောင်းကလေး...၊ ကျောင်းကလေးက အဲဒီလို ဝမ်းနည်းရိပ်လွှမ်းတဲ့ နာမဝိသေသ နတွေ အများကြီး ပိုင်ဆိုင်ပါသည်၊

ဒါပေမယ့် ကျောင်းကလေးမှာ ဂုဏ်ယူစရာတွေလည်း ရှိသည်၊ နဖူးမှာ မှဲ့တစ်လုံးပါတဲ့ မြန်မာစာပြ ဆရာမကြီးအတွက် သူကဂုဏ်ယူသည်၊ ဆရာမကြီးက စာသင်ကောင်းသည်၊ အရိုက်ကြမ်းကြမ်း ဆရာ နှစ်ယောက်သုံးယောက်ကြောင့် ခပ်ဆိုးဆိုး ကျောင်းသားတွေကို ထိန်းနိုင်ခြင်းအပေါ် ဂုဏ်ယူ သည်၊ ထူးချွန်ထက်မြက်သော သူ့ကျောင်းသားတွေအတွက် ဂုဏ်ယူသည်၊ တိုင်းအဆင့်ထိ နာမည် ရှိခဲ့တဲ့ ဘင်ခရာတပ်ဖွဲ့အတွက် ဂုဏ်ယူသည်၊ အထက်တန်း ကျောင်းကြီးတစ်ကျောင်းရဲ့ ရုပ်ပိုင်း ဆိုင်ရာ အင်္ဂါရပ်တွေနဲ့ မပြည့်စုံပေမယ့် ကျောင်းကလေးက သူ့ကျောင်းသားတွေအတွက် နွေးထွေး ပါသည်၊ ကျောင်းကလေးက ဘဝပင်လယ်ကို ထွက်ကြမည့် သူ့ရင်သွေးတွေအတွက် တည် ဆောက်ပြင်ဆင်ရာ သင်္ဘောကျင်းတစ်ခု ဖြစ်သည်၊ ရက်စက်ကောက်ကျစ်သော သတ်ကွင်းတွေထဲ မတိုးမီ ချပ်ဝတ်ဆင်ယင်ရာ ရဲတိုက်ဖြစ်သည်၊ ခြောက်သွေ့ကြမ်းတမ်းသော ကန္တာရကို မလျှောက်မီ ရိက္ခာဖြည့်တင်းရာ အိုအေစစ်ကလေး ဖြစ်သည်၊

အခုပြန်ကြည့်တော့ နှစ်ပေါင်း ၁၇ နှစ်တောင် ကြာခဲ့လေပြီ၊ ကျောင်းကလေးမှ အဝေးကြီးကို သူ ရွက်လွှင့်မောင်းနှင်ခဲ့ပါပကော၊ ဒီကျောင်းကလေးမှာ တက်ခဲ့ရခြင်းအတွက် သူဂုဏ်ယူပါသည်၊ အခု ဆိုရင် ကျောင်းကလေးက ဘယ်လိုပုံစံ ရှိနေမည်လဲ၊ ၁၇ နှစ်ဆိုသော အချိန်အတိုင်းအတာသည် ဇရာ၏ စုပ်ယူဝါးမြိုခြင်းကို ခံရဖို့ ကောင်းကောင်းလုံလောက်သည်၊ ကျောင်းကလေး ညှိုးချုံးရင့်ရော် နေလေမလား၊ သူ့မျက်စိထဲမှာတော့ ကျောင်းကလေးက အဖြူအစိမ်းလှိုင်းလုံးတွေကြားမှာ မီးခိုးတလူလူဖြင့် ခုတ်မောင်းနေသော ပင်လယ်ကူးသင်္ဘော တစ်စီးနှယ်၊ အဲဒီလှိုင်းလုံးတွေ ကြားမှာ အမြဲရှိနေမည့် သင်္ဘော၊ လှိုင်းအဟောင်းတို့ ဖြတ်သန်းတွန်းတိုက်သွားပြီး လှိုင်းအသစ်တို့၏ ထိတွေ့ ကျီစယ်မှုကို ခံယူနေဦးမည့် သင်္ဘော၊ ယူကလစ်ပင်ကြီးကကော...၊ သူကလည်း အဲဒီ သင်္ဘောဦးမှာ တလူလူလွင့်နေမည့် အလံတစ်ခုနှယ် လတ်ဆတ်မွှေးပျံ့လျက် သက္ကရာဇ်တွေကို ရင်ကော့ဖြတ် သန်းနေမှာ မြင်ယောင်မိသည်၊ သူ လွမ်းနေမိလေသည်။ ။


ညီလင်းသစ်
၅ ဖေဖော်ဝါရီ၊ ၂၀၀၉