17 December 2012

ဒီဇင်ဘာရဲ့ သီချင်း


ဟိုတစ်နေ့က နှင်းတွေ သိပ်သိပ်သည်းသည်းကို ကျတယ်၊ ဒီဇင်ဘာလ စကတည်းက ဟိုတစ်ရက်၊ ဒီတစ်ရက် ဆိုသလို ကြိုကြားကြိုကြား ခပ်ဖွဲဖွဲလေး ကျနေပေမယ့် ဒီတစ်ခါတော့ အဆုပ်လိုက်၊ အခဲလိုက်ကို တစ်ညလုံး ကျနေခဲ့တာ...၊ မှန်ပြူတင်းက ကြည့်တော့ ဆိုဒီယမ်လမ်းမီးတိုင်တွေရဲ့ ဝါကျင့်ကျင့် အလင်းအောက်မှာ နှင်းဆုပ်တွေက ဖွေးကနဲ၊ ဖွေးကနဲနဲ့ မရပ်မနားပဲ...၊ မိုးလင်းတော့ မြင်မြင်သမျှ ဝန်းကျင်တစ်ခုလုံးက ပကတိ အဖြူရောင်သက်သက် အောက်မှာ တိတ်ဆိတ်ငြိမ်သက်လို့...၊

ဒီဇင်ဘာဟာ အဲဒီလို အဖြူရောင်အောက်မှာ ရှိနေတတ်သလို မှိုင်းညို့ညို့ တိမ်စိုင်တွေအောက်မှာလည်း ရုတ်တရက် ငိုချလိုက်တော့မယ့် မိန်းမပျိုတစ်ယောက်လို တခါတလေ ညှိုးငယ်ချင် ညှိုးငယ်နေတတ် ပါသေးတယ်၊


ဒီနေ့ နေ့လယ်က အနောက်ဥရောပရဲ့ ကုန်းတွင်းပင်လယ်လို့ တင်စားကြတဲ့ ရေကန်စပ်မှာရပ်ရင်း တစ်ဖက်ကမ်းက တောင်တန်းတွေကို ကျနော် ငေးကြည့်နေဖြစ်တယ်၊ အဲဒီနှင်းဖုံး တောင်တန်းတွေရဲ့ ဟိုးတစ်ဖက်မှာ မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိရပ်ရွာ တစ်ခုရှိတယ်၊ မောင်နှမတွေ အများကြီးရှိတယ်၊ အမေနဲ့အဖေ ရှိတယ်၊ သူငယ်ချင်းတွေ ရှိတယ်၊ ဝိုင်ဝိုင်းကတော့ 'အိမ်လွမ်းသူ' ထဲမှာ ဒီပင်လယ်ကြီးရဲ့ ဟိုးတစ်ဖက်ကမ်း၊ ငါလှမ်းရင်း မှန်းမျှော်ဆဲ...တဲ့၊ ကျနော်ကတော့ မှိုင်းညို့ညို့ ဒီဇင်ဘာ နေ့လယ်ခင်းတစ်ခုထဲ ကုန်းတွင်းပင်လယ်ရဲ့ ကမ်းစပ်မှာ မလှုပ်မယှက်...၊

ဘယ်လိုပုံစံနဲ့ပဲ ရှိနေပါစေ...၊ ဒီဇင်ဘာရဲ့ မြေပေါ်က နှင်းဆုပ်နှင်းခဲတွေ၊ လေထဲမှာ ပျံ့လွင့်နေတဲ့ ခရစ်စမတ်တေးသံတွေ၊ လမ်းမတွေထက်က ရောင်စုံ မီးဆိုင်း၊ မီးပုံးတွေ အောက်မှာ သီချင်းလေးတစ်ပုဒ်က ကျနော့်ရင်ထဲကို အမြဲ ရောက်လာလေ့ ရှိပါတယ်၊ တစ်နှစ်ပတ်လုံး အခြား အချိန်တွေမှာသာ မေ့ချင် မေ့နေမယ်၊ ဒီဇင်ဘာရောက်ရင်တော့ သတိတရနဲ့ အမြဲလိုလို ဆိုညည်းဖြစ်တဲ့ သီချင်းကလေးပါပဲ၊ လွန်ခဲ့တဲ့ ၂ နှစ်တုန်း ကတော့ ဒီသီချင်းကလေးကိုပဲ ဗီဒီယိုကလစ်လေး တစ်ခုလုပ်ခဲ့ ဖူးသေးတယ်၊ နှင်းတွေ သိပ်သိပ်သည်းသည်း ကျနေတာကို မှန်ပြူတင်းကနေ ကြည့်ရင်း ဒီဇင်ဘာအလွမ်းက ကြိုးခြောက်ချောင်းကနေတဆင့် ရင်ဘတ် တစ်ခုလုံးကို တစ်ရစ်ချင်း၊ တစ်ထစ်ချင်း ခပ်တင်းတင်းကို တုပ်နှောင်သွားခဲ့ တော့တယ်...။



ညီလင်းသစ်
၁၇ ဒီဇင်ဘာ၊ ၂၀၁၂

25 comments:

Anonymous said...

ဒီဇင်ဘာက စကားတွေအများကြီးပြောတယ်
ဒီဇင်ဘာက သိပ်အရေးပါတယ်
ဒီဇင်ဘာကို ချစ်တယ်

ညီ

မေဓာဝီ said...

သီချင်းလေး ဒေါင်းလုတ်ချပြီး နားထောင်လိုက်တယ် ကိုညီလင်းရေ ... ။
ကိုညီလင်းရဲ့ ဒီဇင်ဘာအလွမ်းကို နားထောင်ရင်း မိသားစုနဲ့ ဆုံတွေ့ ပျော်ရွှင် ခွဲခွါခဲ့ရတဲ့ မနှစ်က ဒီဇင်ဘာကို သတိရနေမိတယ်။
ဒီနှစ်ဒီဇင်ဘာက မမေအတွက်တော့ နှင်းနဲ့ဝေးတဲ့ နွေးသော ဒီဇင်ဘာ ပါပဲ။
သီချင်းလေးအတွက် ကျေးဇူးပါ ကိုညီလင်း ... ။

မေဓာဝီ said...

သီချင်းလေး ဒေါင်းလုတ်ချပြီး နားထောင်လိုက်တယ် ကိုညီလင်းရေ ... ။
ကိုညီလင်းရဲ့ ဒီဇင်ဘာအလွမ်းကို နားထောင်ရင်း မိသားစုနဲ့ ဆုံတွေ့ ပျော်ရွှင် ခွဲခွါခဲ့ရတဲ့ မနှစ်က ဒီဇင်ဘာကို သတိရနေမိတယ်။
ဒီနှစ်ဒီဇင်ဘာက မမေအတွက်တော့ နှင်းနဲ့ဝေးတဲ့ နွေးသော ဒီဇင်ဘာ ပါပဲ။
သီချင်းလေးအတွက် ကျေးဇူးပါ ကိုညီလင်း ... ။

Cameron said...

သိပ်လှတဲ့ဒီဇင်ဘာကို...ဖွဲ့နွဲ့ထားတဲ့ အစ်ကိုစာတစ်ပုဒ်နဲ့ သီဆိုထားတဲ့သီချင်းတစ်ပုဒ်ကို ဖတ်ရှူနားထောင်ခဲ့ပါတယ်...။

ညိုလေးနေ said...

စင်္ကာပူရောက်ကတည်းက ဝိုင်ဝိုင်းသီချင်းတွေ နားမထောင်တော့ဘူး အစ်ကို၊ အိမ်နားက လ္ဘက်ရည်ဆိုင်က ဝိုင်ဝိုင်းသီချင်းတွေကို အဖွင့်ဆုံးပဲဆိုတော့ သူ့သီချင်းသံကြားတာနဲ့တင် အိမ်ကိုလွမ်းမိလို့၊ အစ်ကို့သီချင်းလေးကိုတော့ နားထောင်သွားတယ်နော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီဇင်ဘာကို ချစ်သူထဲမှာ တစ်ယောက်အပါအဝင်ပါ ကိုညီလင်းသစ်ရေ..
မမေ့နိုင်စရာ အမှတ်တရတွေလည်း အများကြီးပါဘဲ
ကျွန်မတို့ကချင်ပြည်နယ်မှာက ဒီဇင်ဘာဆို ပျော်စရာတွေများတယ်လေ.. သစ်သီးဝလံကလည်း ပေါ..
နှင်းတွေ အဆုပ်ဆုပ် မကျပေမဲ့ နှင်းမှုန်ကျဲကျဲ ခပ်ဖွဲဖွဲတော့ ကျတတ်တယ်လေ..
လွမ်းစရာ ဒီဇင်ဘာပါ..

Vista said...

ဓါတ်ပုံလေး အရမ်းကြိုက် ..ခုတလော အလုပ်များလွန်းလို့ အိမ်လည်း မလွမ်းဖြစ်ဘူး လက်ရှိလောကမှာတင် မအားနိုင်လို့  ..း)

Aunty Tint said...

ဒီဇင်ဘာအလွမ်း သီချင်းလေးကို နားထောင်ချင်လွန်းလို့ အချိန်ပေးပြီး ဒေါင်းလုပ်ချနားထောင်ဖြစ်သွားတယ်း)
နှင်းတွေဖွေးဖွေးကြားမှာ သီချင်းဆွေးဆွေးလေးကို ဝမ်းနည်းလွမ်းဆွတ်သံလေးနဲ့ ဆိုနေတာကို ကြားရတော့ ဓာတ်ကူးပြီး ဘယ်ဆီလွမ်းမိ တတ်မသိဖြစ်သွားတယ် မောင်ညီလင်းရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ရွှေအိမ်စည် said...

ဒီဇင်ဘာအလွမ်းလေး နားထောင်ရပြီ :)
လာမယ့်စနေ အိမ်ပြန်ရတော့မယ် :)))
သီချင်းလေးကို တငြိမ့်ငြိမ့်နားထောင်ရင်းက ဒီတစ်ခါ အပျော်စိတ်တွေ လျှံလို့...
အကိုလည်း တစ်ခုသော ဒီဇင်ဘာမှာ အိမ်ကို ပြန်ရောက်နိုင်ပါစေ :)။

Shinlay said...

ဒီဇင်ဘာ.... အတွေးတွေဟိုရောက်ဒီရောက်နဲ့ ပါ။

blackroze said...

ဒီလိုပါဘဲအကိုရာ..
ဒီဇင်ဘာဆို ဘာကိုလွမ်းလို့လွမ်းမှန်းကိုမသိဘူး

ညိမ်းနိုင် said...

အဝေးသူတစ်ဦးရဲ့ ဒီဇင်ဘာလွမ်းချင်း လေးပါလားအကို...၊
ဒီနိုင်ငံမှာ ဆောင်းဆိုတာမရှိပါပဲနဲ့တောင် ဒီဇင်ဘာရောက်
ရင် ရင်ဘတ်ထဲမှာ အေးအေးမြမြနဲ့ အလွမ်းတွေဝေနေ
တတ်တာကလား.....၊အကိုတို့ဆို ပိုဆိုးမပေါ့လေ....၊

ညီလင်းသစ် said...

ညီ...
Same to you...ပါဗျာ..၊း)

မမေ...
မမေကတော့ ဒီဇင်ဘာကို ရှုထောင့်တစ်မျိုးကနေ ကြည့်ခွင့်ရတာ ကံကောင်းတာပေါ့...၊း)

ညီမမိုး...
ကျေးဇူးတင်ပါတယ် ညီမရေ...၊

မညိုလေးနေ...
ညီမရဲ့ အိမ်လွမ်းစိတ်ကလေး ဆယ်နွယ်နေပုံကို သဘောကျ မိတယ်၊ ဝိုင်ဝိုင်းသီချင်းကနေ သူ့ကိုဖွင့်တဲ့ လက်ဖက်ရည်ဆိုင်၊ အဲဒီကမှတစ်ခါ လက်ဖက်ရည်ဆိုင် အနားက အိမ်...၊း)

မချော...
ဒီဇင်ဘာကို ခံစားလို့ကောင်းမယ့် နေရာထဲမှာ မချောတို့ ကချင်ပြည်နယ်လည်း ပါမှာ အသေအချာ ပေါ့ဗျာ...၊

ညီမVista...
အဲဒါကောင်းတယ်၊ စိတ်ကို အဲဒီလိုသာ အလုပ်ပေးထားရင် အလွမ်းတွေ လျော့ပါးသက်သာ တာပေါ့...၊း)

တီတင့်...
စိတ်ရှည်ရှည်နဲ့ နားထောင်သွားလို့ ကျေးဇူး အများကြီး တင်ပါတယ် တီတင့်ရေ...၊း)

ညီမရွှေအိမ်စည်...
အပျော်စိတ်တွေ လျှံနေတဲ့ ညီမရဲ့ ကွန်မန့်လေးက အပျော်တွေနဲ့ ဖိတ်စင်၊ လိမ်းကျံနေလိုက်တာ...၊ ဖတ်ရသူမှာတောင် အပျော်တွေ ပေကုန်တော့တယ်...၊း)

အစ်မရှင်လေး...
ဟုတ်ပ အစ်မရေ...၊ ဟုတ်ပ.. ဟုတ်ပ...၊း)

ညီမblackroze...
အလွမ်းတွေ အပွင့်ဆုံး လတစ်လကို ပြပါဆိုရင် ဒီဇင်ဘာကိုပဲ ပြရမယ် ထင်ပါရဲ့ဗျာ...၊

ကိုညိမ်း...
ဒီဇင်ဘာမှာ ရှော့ပင်နဲ့ နေပေမယ့် ရင်ထဲမှာတော့ အလွမ်းငွေ့တွေ ခြုံသိုင်း၊ အေးမြနေတဲ့ ကိုညိမ်းပုံကို မြင်ကြည့်ပြီး သဘောတွေ ကျနေမိတယ်ဗျ...။း))

ချစ်စံအိမ် said...

အကိုသီချင်းနားထောင်တော့မှပဲဒီဇင်ဘာအလွမ်းတွေပိုဆင့်လာပါတော့တယ်..

Phyo Evergreen said...

ဒီဇင်ဘာမှာတော့ လွမ်းစရာတွေအသစ်ဖြစ်ပြန်ပြီ...။ သီချင်းနဲ့ဗီဒီယိုလေးပြန်ကြည့်ပြီး လွမ်းနေသလိုလို...။

Angelhlaing(May everybody be happy and healthy! said...

ပို့စ်လေးရဲ့ ချိုမြိန်တဲ့ ဒီဇင်ဘာရယ် သာယာငြိမ့်ညောင်းတဲ့ သံစဉ် လေးရယ် အကြားမှာ ..အိမ်ကို ခုပဲ အပြေးပြန်ချင်သွားတယ် အကို...
လွမ်းမောစရာအတိ ပါပဲ...

ဇွန်မိုးစက် said...

မှတ်မိတယ်... အဲဒီသီချင်းလေးကို...။ :-) တစ်ခေါက်ထပ်နားထောင်သွားတယ်။ မူရင်းသီချင်းအဆိုရှင်က ဘယ်သူလဲဟင်? ဇွန် မသိလို့။

Maung Myo said...

သာယာငြိမ့်ငြောင်းး)

rose of sharon said...

သိပ်နှစ်သက်တဲ့သီချင်းလေး... ခရစ္စမတ်နေ့တိုင်း ဆိုးပြီးငိုရတဲ့သီချင်းလေ....
ခုဒီမှာနားထောင်မိတော့
ဆိုတဲ့သူကအဆိုကောင်းတော့ ခါတိုင်းထက်ပိုငိုချင်သွားရော....

မိုးနတ်ကြယ်စင် said...

အကိုရေ...မိုးနတ်လဲ ဒီဇင်ဘာချစ်သူပါ......
ဒီဇင်ဘာရောက်ရင် အလိုလိုကိုပျော်နေတော့တာ..
သီချင်းလေးလဲ နားထောင်သွားတယ်နော်...
Sweet December ပါအကိုရေ..
ပျော်ရွှင်ပါစေရှင်...

မိုးနတ်ကြယ်စင် said...

အကိုရေ...မိုးနတ်လဲ ဒီဇင်ဘာချစ်သူပါ......
ဒီဇင်ဘာရောက်ရင် အလိုလိုကိုပျော်နေတော့တာ..
သီချင်းလေးလဲ နားထောင်သွားတယ်နော်...
Sweet December ပါအကိုရေ..
ပျော်ရွှင်ပါစေရှင်...

Anonymous said...

YouTube ထဲမှာ အရင်ကြည့်ဖြစ် တယ် နောက်မှ ဒီပို့စ်ကို ဖတ်ရတယ် ကိုညီဆိုထားတဲ့သီချင်းတွေအားလုံးထဲမှာ ကိုယ်ပိုင်ဆိုဟန်က အကောင်းဆုံးလို့ထင်မိတယ်

Kabyar said...

ကိုယ့်အလွမ်းတွေထဲကို ဒီဇင်ဘာရဲ့ သီချင်းလေးလည်း ရောထည့်သွားလိုက်ပါတယ် ...........။။ ဒါနဲ့ .. ကိုညီ့ အကြိုက်ဆုံး အဆိုတော်တွေထဲမှာ ထူးအိမ်သင်ပါမယ် ထင်ပါရဲ့ နော်......။။

ညီလင်းသစ် said...

ဇွန်...
ကျနော် သိထားတဲ့ မူရင်းအဆိုရှင်ကတော့ ညီညီသွင်ပါ၊ နောက်မှ သိရတာက ဒီသီချင်းကို ရင်ဂိုလည်း ဆိုထားတယ်လို့ ပြောတယ်၊ ကျနော်ခပ်ငယ်ငယ် ကတည်းက နားထောင်ခဲ့ဖူးတာ ဖြစ်လို့ ဘယ်အခွေမှာလည်း ဆိုတာတောင် မမှတ်မိတော့ပါဘူးဗျာ..။း)

San San Htun said...

ဓာတ်ပုံလေး မိုက်တယ်..သီချင်းနားထောင်ရင်း အိမ်ကို လွမ်းသွားပြီ..