26 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ


ကျနော့်မှာ ညီလင်းသစ် နာမည်နဲ့ Facebook အကောင့်တခု ရှိပေမယ့် အဲဒီမှာ ဟုတ်တိပတ်တိ ဘာမှမရေးဖြစ်ပါဘူး၊ ဟိုးအစကတည်းက ဘလော့ဂ်ကိုပဲ သုံးစွဲလာခဲ့လို့လားတော့ မသိဘူး၊ ဖေ့စ်ဘွတ်ခ်ကို သိပ်ပြီးတော့ အာရုံမကျလှပါဘူး၊ အဲဒီအကောင့်ကလည်း စာရေးဖော် ဘလော့ဂါတယောက်က အကြောင်းတခုနဲ့ ဆက်နွယ်ပြီး ဖွင့်ဖို့တိုက်တွန်းတာနဲ့ ဖွင့်ဖြစ်သွားတာ…၊ အများအားဖြင့်တော့ ကျနော့်ဘလော့ဂ်ပေါ်က ပို့စ်အသစ်တွေကို စိတ်ကူးရတဲ့အခါ ညွှန်းဆိုဖို့ အဲဒီဖေ့စ်ဘွတ်ခ် စာမျက်နှာကို သုံးဖြစ်ပါတယ်၊ ဟိုတလောဆီကတော့ စာရေးဖော် ဘလော့ဂါ၊ ဖေ့စ်ဘွတ်ကာ မိတ်ဆွေတွေက လတ်တလော ရေပန်းစားနေတဲ့ Black & White Photo Challenge ပြိုင်ပွဲမှာ ပါဝင်ဖို့ တဂ်လိုက်တာနဲ့ ကျနော်လည်း ရောယောင်ပြီး ပါလာရော ဆိုပါတော့…၊ ဘလော့ဂ်ပေါ်က စာတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တချိန်လုံး ညွှန်းနေရာကနေ အခုတခါတော့ ပြောင်းပြန် ဖေ့စ်ဘွတ်ခ်ပေါ်က အဲဒီဓာတ်ပုံတွေနဲ့ စာစုလေးတွေကို ဒီမှာပြန်ပြီး ဖော်ပြဖို့ စိတ်ကူးမိပါတယ်၊ အဖြူအမည်း ဓာတ်ပုံစိန်ခေါ်ပွဲရဲ့ မူရင်းနေရာက ဖေ့စ်ဘွတ်ခ်ဖြစ်လို့ အဲဒီမှာတင်ပြီး နောက်တရက်နေမှ ဘလော့ဂ်မှာ ကျနော်ပြန်တင်ပါ့မယ်၊ အရင် စ,တဲ့နေရာကို တရက်ဦးစားပေးတဲ့ သဘောပါပဲ၊ အောက်ဖက်က ပုံနဲ့ စာစုလေးက ၅ ရက်ဆက်တိုက် တင်ရမယ့် ဓာတ်ပုံပြပွဲရဲ့ ပထမဦးဆုံး ပါပဲ…၊



B&W Photo Challenge Day-1: "The frog from a recycle tale"

တီတင့်၊ ညီမမိုး၊ မမေနဲ့ ညီမလေးဇွန် တို့ တဂ်တာနဲ့ အဖြူအမည်း ဓာတ်ပုံစိန်ခေါ်ပွဲထဲ ကျနော်လည်း ပါလာခဲ့ရပါတယ်၊ ပထမဆုံး ဓာတ်ပုံအနေနဲ့ ဖားကလေး တကောင်ရဲ့ ပုံကို တင်လိုက်ပါတယ်၊ တရက်မှာ ကျနော့်ရဲ့ သားကလေးက သူ့ကျောင်းကအပြန်မှာ အဲဒီ ဖားကလေးကို ယူလာခဲ့တယ်၊ ကျနော့်အတွက်ရည်ရွယ်ပြီး သူကိုယ်တိုင် လုပ်ထားတဲ့ ဖားရုပ်ကလေး-တဲ့၊ အိမ်သာသုံးစက္ကူလိပ်တွေ၊ ပင်ပေါင်ဘောလုံးတွေ၊ ဆယ်လိုတိပ် တွေနဲ့ ဖန်တီးထားတဲ့ စက္ကူဖားကလေးပါ၊ ဘောပင်၊ ခဲတံ ထည့်ဖို့အတွက်လို့ ဆိုတာနဲ့ ကျနော့်ရဲ့ အလုပ်စားပွဲပေါ်ကို ဖားကလေးက အစန့်သား ရောက်လာခဲ့တော့တယ်၊ အဲဒါမတိုင်ခင် တပတ်လောက်က သုံးပြီးသား အိမ်သာသုံးစက္ကူလိပ်တွေ သူလိုချင်တဲ့အကြောင်း သားက တောင်းနေခဲ့တာကို ပြန်သတိရပြီး ကျနော် ပြုံးမိတယ်…၊

မင်းသမီးလေးဆီက အနမ်းပွင့်လေးတပွင့် ရလိုက်တဲ့အခါ မင်းသားလေး ပြန်ဖြစ်သွားတဲ့ ကျိန်စာသင့် ဖားကလေးပုံပြင်ကို ကျနော်တို့အားလုံး ကြားဖူးကြပါတယ်၊ ကျနော့်ရဲ့ ဓာတ်ပုံထဲက ဖားကလေးကတော့ ပုံပြင်ထဲကလို မင်းသားလေး ပြန်ဖြစ်လာမှာ မဟုတ်ပေမယ့် ဘာမှ အသုံးမဝင်တော့တဲ့ အိမ်သာသုံး စက္ကူလိပ်လေး တခုကနေတောင် အသုံးတည့်မယ့် ပစ္စည်းလေးတခုကို ပြန်ပြီး Recycle လုပ်နိုင်တယ်ဆိုတာ ပြောပြနိုင်ပါတယ်၊ ကျနော်တို့ရဲ့ မျက်မှောက် လူနေမှုဘဝတွေက consumerism ထဲမှာ ပိတ်မိနေကြတယ်၊ ကဏ္ဍတိုင်းလိုလိုမှာ အသစ်ပြီးရင်း အသစ်တွေ ထပ်သုံးစွဲဖို့ တွန်းအားတွေ ပေးနေကြတယ်၊ အသစ်တွေ ဖန်တီး၊ ထုတ်လုပ်တာ ကောင်းပေမယ့် တဖက်မှာကျတော့ အဲဒီအသစ်တွေက တွန်းဖယ်လိုက်တဲ့ အဟောင်းတွေကို ဘယ်လိုလုပ်ကြမှာလဲ ဆိုတဲ့မေးခွန်းက ဒီကနေ့မှာ တကယ့်ကို စိန်ခေါ်မှု တရပ်ပါ၊ 3R လို့ အတိုကောက် မှတ်ကြတဲ့ Reduce, Reuse & Recycle ဆိုတာကို တတ်နိုင်သလောက် ကျင့်သုံးမှပဲ ကျနော်တို့ရဲ့ လူမှုပတ်ဝန်းကျင်ကို ကျိန်စာသင့်စေမယ့် အဖြစ်ကနေ ကယ်တင်နိုင်မှာဖြစ်တယ် ဆိုတဲ့အကြောင်း ပထမဆုံးနေ့ရဲ့ ဓာတ်ပုံလေးက ပြောပြပါလိမ့်မယ်…။


ညီလင်းသစ်
၂၆ နိုဝင်ဘာ၊ ၂၀၁၄

6 comments:

Cameron said...

တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါလားအစ်ကို... ဖဘရဲ့B&W က ဘလော့အတွက် ပို့စ်တစ်ပုဒ်ဆီရသွားခဲ့တယ်...။ ဘာပဲဖြစ်ဖြစ် အစ်ကို ပုံကနေတဆင့် စာတပုဒ်ကိုလှလှပပကြွကြွရွရွရေးနိုင်သလို စာတစ်ပုဒ်ကနေလဲ ပုံတစ်ပုံကိုဖန်တီးနိုင်စွမ်းတဲ့ လေးစားရတဲ့ ဘလော့ဂါတစ်ယောက်ပါ...း)

ဇွန်မိုးစက် said...

အဟား ... အကိုက ဖြူမည်းစိန်ခေါ်ပွဲကို ဘလော့ဂ်ထဲထိ ဆွဲခေါ်လာတာကိုး။ :P
ဇွန်တောင် ဖဘမှာ တင်ပြီးသား ဖြူမည်းပုံ၅ပုံစလုံး ဘလော့ဂ်မှာ ပြန်တင်ဖို့ စိတ်ကူးလိုက်သေးတယ်။ ဒါပေမယ့် ဟိုးတစ်ခါက Black & White ခေါင်းစဉ်နဲ့ ဖြူမည်းပုံတွေ တင်ခဲ့တာ ပြန်သတိရလို့ ထပ်သွားမှာစိုးတာနဲ့ မတင်တော့တာ။
ဘယ်လိုပဲဖြစ်ဖြစ် ညီလင်းသစ် facebook account မှာရှိမနေတဲ့ အကို့ရဲ့တခြားစာဖတ်ပရိတ်သတ်တွေအတွက် ဘလော့ဂ်မှာ ကြည့်ခွင့်၊ ဖတ်ခွင့်ရသွားတာ ကောင်းတာပေါ့။း)

Mrs. Bagel said...

Great post :) looking forward to upcoming photos, too. What about tagging other bloggers on the blog? I guess it would be more interesting if a photo is posted together with the blogger's article.

Aunty Tint said...

ဒီပို့စ်လေးကိုဖတ်မိတော့ နောက်ထပ်အနည်းဆုံး လေးပုဒ်တော့ ဖတ်ခွင့်ရအုံးမယ်ဆိုတဲ့ ကြည်နူးတဲ့စိတ် ဖြစ်ပေါ်လာမိတယ်။
သားတော်မောင်ရဲ့ အတွေးအခေါ်လေး ထက်မြက်မှုဟာ ဒီမိဘကပေါက်ဖွားလာတဲ့သူပဲလေ ဒီလောက်တော့ ရှိမှာပေါ့ကွယ်။ ပို့စ်တိုင်းမှာ မှတ်သားစရာလေးတွေ ခြေရာကျန်ခဲ့တယ်။
'အရင် စ,တဲ့နေရာကို တရက်ဦးစားပေးတဲ့ သဘောပါပဲ' ဆိုတဲ့စာသားလေးကို သဘောကျတယ်။ ကာယကံရှင်ရဲ့ အတွင်းသဘောထားကို ပေါ်လွင်စေတယ်။

ညီလင်းသစ် said...

ညီမမိုး...
ကျေးဇူးပါ ညီမရေ...၊ ဟုတ်တယ်ဗျ၊ အနည်းဆုံးတော့ ဘလော့ဂ်မှာ ၅ ရက်ဆက်တိုက် ပို့စ်တွေ တင်ဖြစ်တော့မယ်..။း)

ညီမလေးဇွန်...
ဟုတ်တယ်လေ၊ ဘလော့ဂ်က ပို့စ်တွေကို ဖဘမှာ တင်သလို ဖဘက နုတ်စ်တွေကိုလည်း ဘလော့ဂ်မှာ ပြန်တင်လို့ ရတာပဲ မဟုတ်လား၊း)

Ma Myat Kyi...
Yes, some photos can speak by themselves whereas the others need a caption. Hmm.. I don't intend to tag other fellow bloggers specifically but all those who are interested are welcome to join for sure. :)

တီတင့်...
တီတင့်ကတော့ ဖဘမှာကော ဘလော့ဂ်မှာပါ အမြဲတမ်း တက်ကြွနေတာပဲ၊ တီတင့်ရဲ့ နှစ်လိုဖွယ်ရာ ကွန်မန့်တွေအတွက် တကယ်ပဲ ကျေးဇူးပါနော်...။

မေဓာဝီ said...

ကိုညီလင်းရဲ့ ဘလော့ကို မရောက်တာ ဘယ်လောက်တောင် ကြာသွားသလဲဆို ... ဒီ အဖြူအမည်း ပို့စ်တွေ တင်နေတာတောင် မသိလိုက်ဘူး ကိုညီလင်းရေ ... ။

ဒီကနေ့ မွေးနေ့မှပဲ လာကြည့်ဖြစ်တော့တယ်။

မင်္ဂလာရှိသော မွေးနေ့ ဖြစ်ပါစေ ... ။