ဒီရက်ပိုင်းတွေမှာ အတော်လေး အလုပ်များနေတာနဲ့ ဘလော့ဂ်မှာ ဘာမှ မရေးနိုင်ဘူး ဖြစ်နေခဲ့တယ်၊ တကယ်ဆို အခုအချိန်က နွေရာသီဆိုတော့ မြို့မှာ အတော်လေး လူရှင်းပါတယ်၊ ကုန်တိုက်တွေမှာ ဈေးဝယ်သွားတဲ့အခါ ကားပါကင်မှာ ကားရပ်စရာ နေရာတွေ အပြည့်နဲ့..၊ အလုပ်မှာလည်း လုပ်ဖော်ကိုင်ဖက်တွေ အများစုက ခွင့်နဲ့ အားလပ်ရက် သွားနေကြလို့ ခြောက်ကပ်ကပ်...၊ အဲဒီလို အချိန်မှာမှ ကျနော်က တစ်ယောက်တည်း အလုပ်များနေခဲ့ ရတာ..၊ အမှန်က တစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့လေ...၊ ကျနော်နဲ့ အတူတွဲလုပ်တဲ့ ကျောင်းသား ၂ ယောက် ၃ ယောက်လောက်ကို သူတို့ပရောဂျက်တွေ အတွက် ကူပေးနေရတာပါ...၊ ၂ ယောက်က ရေထဲမှာ လုပ်ရတဲ့ ပရောဂျက်ဆိုတော့ ကျနော့်ရဲ့ မာလိန်မှူး အခန်းကဏ္ဍက မရှိမဖြစ်ပေါ့..၊ ဒီရက်ပိုင်း ရာသီဥတု နည်းနည်းဆိုးတော့ မော်တော်မောင်းဖို့ မဖြစ်နိုင်လို့ နားရမလား ကြံကာရှိသေး နောက် တစ်ယောက်က lab ထဲမှာ ဓါတ်ခွဲတာနဲ့ ဆိုင်တဲ့ ပရောဂျက်စ,လို့ သူ့ကို တခါ ပြပေးရပြန် ပါတယ်၊ ဒီလိုနဲ့ ဓါတ်ခွဲခန်း များစွာက တံခါးတွေပိတ်၊ ရုံးခန်းတွေ တိတ်ဆိတ်နေကြတဲ့ အဆောက်အဦးထဲ မှာ ကျနော်တို့လို လူနည်းစု ကတော့ တိုးတိုးတိတ်တိတ် အလုပ်တွေ ရှုပ်နေခဲ့ကြတယ်...၊
ပြီးခဲ့တဲ့ ရက်တွေတုန်းက သတင်းတွေမှာ နာမည်ကြီး အဆိုတော် အေမီဝိုင်းဟောက်စ် (Amy Winehouse) ဆုံးသွားတဲ့ အကြောင်း ကျနော်တို့အားလုံး ဖတ်ကြ၊ ကြားကြရ ပါတယ်၊ သူ့သီချင်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေဒီယိုမှာ နားထောင်ဖူးတာက လွဲလို့ သူ့ကို ကျနော် ကောင်းကောင်း မသိပါဘူး၊ သူ့ရဲ့ နာရေးနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို အမှတ်မထင် ဖတ်မိတယ်၊ အသက် ၂၇ မှာ ဆုံးသွားတဲ့ သူ့လိုပဲ ဒီအသက် အရောက်မှာ ဆုံးသွားကြတဲ့ အခြားနာမည်ကြီး ဂီတပညာရှင်တွေကို ဆက်စပ်ရေးထားတာပါ၊ Nirvana အဖွဲ့က Kurt Cobain, The Doors အဖွဲ့က Jim Morrison, Rolling Stones အဖွဲ့ကို စပြီး တည်ထောင်ခဲ့တဲ့ Brian Jones, နာမည်ကြီး ဂစ်တာသမား Jimi Hendrix အစရှိတဲ့ ဂီတသမားတွေဟာ အေမီဝိုင်းဟောက်စ်လိုပဲ အသက် ၂၇ ဝန်းကျင်မှာ ကွယ်လွန်ခဲ့ ကြတယ်၊ အားလုံး လိုလိုက အရက်၊ မူးယစ်ဆေးနဲ့ ဆက်နွယ်ပြီး သေဆုံးခဲ့ကြတာပါပဲ...၊
၂၇ နှစ်ဆိုတဲ့ အသက်အရွယ်ဟာ ဘဝရဲ့ အသန်မာ၊ အဖြတ်လတ်ဆုံး အရွယ်၊ အလုပ်တွေ အများကြီး လုပ်နိုင်တဲ့ အရွယ်၊ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကျန်းမာကြံ့ခိုင်တဲ့ အရွယ်ပါ၊ ဒီလိုအရွယ်မှာ ရောဂါဘယကြောင့် မဟုတ်ဘဲ မူးယစ်ဆေးရဲ့ သားကောင်အဖြစ်နဲ့ သေဆုံးကြ ရတာ နှမြောဖို့ ကောင်းတယ်၊ တောက်ပအောင်မြင်တဲ့ ဘဝတစ်ခုကို ထားခဲ့ပြီး၊ လူတော်တော်များများမှာ မရှိတဲ့ အရည်အချင်း တွေကို ထားခဲ့ပြီး ထွက်သွားခဲ့ကြရတာ...၊ ကိုယ့်သဘောနဲ့ ကိုယ် ဖိတ်ခေါ်ခဲ့တဲ့ မူးယစ်ဆေးက အဆုံးတိုင် ဝါးမြိုသွားတာမို့ ခပ်စိမ်းစိမ်း တွေးကြည့်မယ် ဆိုရင် ဘယ်သူမပြု မိမိမှုပဲလို့ ပြောမယ်ဆိုလည်း ပြောချင်စရာပါပဲ၊ အနုပညာသမားနဲ့ ယစ်မူးစေတဲ့ အရာ တစ်ခုမဟုတ်တစ်ခု ဆက်စပ်နေ တတ်ကြတာတော့ ကျနော်တို့အားလုံး အသိပဲ မဟုတ်လား...၊
ဒါနဲ့ တဆက်တည်း ကျနော့်အသက် ၂၇ မှာ ဘာတွေလုပ်နေ၊ ဖြစ်နေခဲ့လဲလို့ တွေးကြည့်မိတယ်၊ သေခြင်းနဲ့ရှင်ခြင်းကြားက အပြောင်း အလဲမျိုး မဟုတ်ပေမယ့် ၂၇ နှစ်ဆိုတဲ့ အသက်မှာ ကျနော့်ရဲ့ ဘဝတစ်ဆစ်ချိုးလို့ ပြောလို့ရတဲ့ အပြောင်းအလဲတစ်ခုတော့ ဖြစ်ခဲ့တယ်၊ အထိုက်အလျောက် အောင်မြင်နေတဲ့ ဘဝတစ်ခုကို မြန်မာပြည်မှာ ထားခဲ့ပြီး ဒီနိုင်ငံကို ရောက်လာခဲ့တယ်၊ ကိုယ်တိုင် ရွေးချယ် လိုက်တဲ့ ရွေးချယ်မှုကပဲ ကိုယ်မြတ်နိုးစွာ ပြုစုပျိုးထောင် ခဲ့ရတဲ့ ဘဝတစ်ခုကနေ ဆွဲခေါ် ထုတ်သွားခဲ့တယ်၊ လူတိုင်းကတော့ ကိုယ်စိုက်တဲ့အတိုင်း ရိတ်ရမှာပဲ မဟုတ်လား..၊ ကျနော့်အသက် ၂၆ နှစ်လောက်မှာ ဗင်းဆင့်ဗန်ဂိုးရဲ့ အတ္ထုပတ္တိအကြောင်း ဖိတ်မိတယ်၊ အဲဒီမှာ ဗန်ဂိုးက အသက် ၂၇ နှစ် ဝန်းကျင်လောက် ရောက်မှ ပန်းချီ စ,ဆွဲတယ်လို့ ဖတ်ရတော့ 'ကြည့်စမ်း..ငါလည်း နောက်တစ်နှစ်လောက် နေမှ ပန်းချီစ,ဆွဲရင်တောင် နိုင်ငံကျော်လောက်တော့ ဖြစ်လာနိုင်သေးတယ်၊ သိပ် အချိန်မနှောင်းသေးဘူး' လို့ ခပ်ကြောင်ကြောင် တွေးခဲ့ မိဖူးသေးတယ်၊ အခုတော့လည်း ၂၇ ကို ကျော်ဖြတ်လာခဲ့တာပဲ ၁၀ စုနှစ် တစ်ခုနီးပါး ကြာခဲ့ ပါပြီ၊ ဘဝရဲ့ ကင်းဗတ်ပေါ်မှာ ကိုယ့်ရဲ့ကောက်ကြောင်းကိုပဲ ပီပြင်အောင် အနိုင်နိုင် ခြစ်နေရတုန်း၊ တချို့နေရာတွေမှာ လိုက်လျောညီထွေရှိအောင် ဘယ်လိုဆေးစပ်ရမလဲလို့ အခုထိ သဘောမပေါက်နိုင်ဘဲ ရှိတုန်း၊ အနီးအဝေး သဘောတွေ ကြားမှာ ယောင်ယောင်ကန်းကန်းနဲ့ တမ်းတ လွမ်းမောလို့ ရပ်ကြည့်ကျန်ရစ် နေတုန်း....။ ။
ညီလင်းသစ်
၂၉ ဇူလိုင်၊ ၂၀၁၁