အစ်မသက်ဝေ တဂ်ထားတဲ့ ပို့စ်လေးပါ၊ အမှန်တော့ ဒီပို့စ်က အမျိုးသမီးတွေနဲ့ ပိုပြီးတော့ သက်ဆိုင်တဲ့ ပို့စ်လို့ပြောရမယ်၊ ဟုတ်တယ်လေ..၊ သွားလေရာ ယူသွားနေကျ အိတ်ထဲမှာပါတဲ့ အရာတွေအကြောင်း ပြောရမှာဆိုတော့ အမျိုးသမီးတွေအတွက် ရေးကွက်ကောင်းတဲ့၊ ရေးလို့ လက်သွက်စေတဲ့ ပို့စ်ပေါ့၊ ကုန်ကြမ်းတွေက အိတ်ထဲမှာကို တနင့်တပိုးနဲ့ ရှိနေတာ မဟုတ်လား၊း) တကယ်တမ်းမှာလည်း ရေးလာကြသူ အများစုက အစ်မတွေ၊ ညီမငယ်တွေ ပါပဲ...၊ ဒါပေမယ့် အစ်မသက်ဝေက ညီမငယ်တွေ ရေးပေးပါလို့ မပြောဘဲ စာရေးဖော်တွေ အားလုံး ပျော်ပျော်ပါးပါး ရေးပေးဖို့ တဂ်ပါတယ်ဆိုတော့ ယောက်ျား၊ မိန်းမ ရင်ပေါင်တန်းနေကြတဲ့ ၂၁ ရာစုမှာ နေထိုင်သူပီပီ ကျနော်လည်း ဒီတစ်ပွဲမှာ ဝင်နွှဲဖို့ ဖြစ်လာတော့တာ ပါပဲဗျာ...၊
ပြောရရင် ရေးဖို့သာ စိတ်ကရှိတာ..၊ ရေးစရာကုန်ကြမ်းက လောက်လောက်လားလားကို ရှိတာမဟုတ်ဘူး၊ မရှိဆို အပြင်သွားရင် လွယ်နေကျ၊ သယ်နေကျ အိတ်ရယ်လို့မှ မရှိတာကိုး...၊ ဟိုးအရင် ကျောင်းတက်တုန်းကတော့ တခြားကျောင်းသားတွေလိုပဲ ကျောပိုးအိတ်နဲ့၊ စာအုပ်တွေ၊ ကွန်ပါဗူးတွေနဲ့ပေါ့..၊ အခုတော့ ကျောင်းသားလည်း မဟုတ်တော့သလို အလုပ်ကလည်း ထမင်းဗူးတို့၊ ပစ္စည်းကိရိယာတို့ သယ်သွားရတဲ့ အလုပ်မျိုးမဟုတ်ပြန်ဘူး၊ ဆိုတော့ အလုပ်သွား၊ အလုပ်ပြန်မှာ ကျောပေါ်မှာ၊ ပုခုံးပေါ်မှာ ဘာအိတ်မှ မလွယ်ဖြစ်ပါဘူး၊ အခုနောက်ပိုင်း အပြင်သွားလို့ အိတ်တစ်လုံး လွယ်ဖြစ်တယ်ဆိုရင် ဘာအိတ်လဲလို့ ဗေဒင်မမေးနဲ့၊ ဆန်ကုန်တယ်..၊ အဲဒီအိတ်ဟာ ကင်မရာအိတ်ပဲ၊ ဖြစ်နေပုံများတော့ အဲဒီလို...၊
ဒီလိုလူက ဒီတဂ်ပို့စ်ကို ရေးမယ်ဆိုတော့ ကိုရင့်နှယ်.. ဝ,မရှိဘဲ ဝိလုပ်ချင်ပြန်ကော လို့တော့ မတွေးလေနဲ့ဗျို့၊ သယ်စရာ၊ ပိုးစရာအိတ်မရှိပေမယ့် ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်းဆိတ်အထွာမို့ အိတ်ကပ်တွေထဲမှာ ထည့်ထားတဲ့ ပစ္စည်းလေးတွေတော့လည်း ရှိပြန်တယ်၊ အခု အဲဒါလေးတွေအကြောင်း ပြောရသေးတာပ ...၊
(၁) ပိုက်ဆံအိတ် (အရှေ့ ညာဖက်ဘောင်းဘီအိတ်)
ဒီပိုက်ဆံအိတ်က ဒီနိုင်ငံရောက်ပြီးမှ ကိုင်တဲ့အထဲမှာ ဒုတိယမြောက် အိတ်ပါ၊ သူ့အရင် သားရေပိုက်ဆံအိတ်လေးက မန္တလေးက ဝယ်လာတာ..၊ မန္တလေးမှာ ဘုရားကပ်တဲ့ ရွှေဆိုင်းတွေလုပ်တဲ့ မျက်ပါးရပ်ဆိုတာ ရှိပါရောလား၊ ဧည့်သည်တွေကို ရွှေဆိုင်းဘယ်လို လုပ်တယ်ဆိုတာ လိုက်ပြရင်း အဲဒီမျက်ပါးရပ်ကို ရောက်နေကျ..၊ တစ်ရက်မှာတော့ ကျနော်ပြနေကျ အိမ်နဲ့ ဓါးလွယ်ခုတ်လောက်မှာ ထူးထူးဆန်းဆန်း သားရေဂျာကင်၊ သားရေအိတ်၊ သားရေခါးပတ် စတာတွေ အစအဆုံး ကိုယ်တိုင်ချုပ်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင် ဖွင့်လာတာ တွေ့တယ်၊ မန္တလေးဆိုတာက သူ့အရပ်နဲ့ သူ့လက်မှုပညာနဲ့ လုပ်စားကြတဲ့ မြို့ဆိုတော့ ရွှေဆိုင်းလုပ်ငန်းတွေ အလယ်မှာ အဲဒီသားရေပစ္စည်းဆိုင်က ထူးခြားနေတာပေါ့၊ တစ်ရက်မှာ စကားလေးဘာလေး သွားပြောရင်းနဲ့ အဲဒီဆိုင်ကနေ ဆိတ်သားရေနဲ့ လုပ်ထားတဲ့ ပိုက်ဆံအိတ်လေး တစ်အိတ် ဝယ်လာဖြစ်တယ်၊ အဲဒီတုန်းကတော့ ဘာရယ်မဟုတ် ဒီလိုပဲ ဝယ်လိုက်တာပါ၊ နောက်ပိုင်း ဒီနိုင်ငံ ရောက်လာတော့မှ အဲဒီအိတ်လေးကို လက်ကမချ တသသ ဖြစ်လာရတော့တာ..၊ မြန်မာမင်း နန်းစိုက်ခဲ့တဲ့ နောက်ဆုံး နေပြည်တော်က (အဲဒီအချိန်တုန်းက နောက်ထပ် နေပြည်တော်တစ်ခု ပေါ်လာမယ်လို့ မသိသေးဘူး) ဝယ်လာခဲ့တဲ့ အိတ်ကလေး ဆိုပြီး...၊ မသိရင်ဘဲ သီပေါမင်းရဲ့ ဘီဒိုလှည်း ပါတော်မူဖို့ ဂေါဝိန်ဆိပ်ကို အဆင်းမှာ ဆိုင်ရှေ့က ဖြတ်တုန်း ချုပ်လုပ်ထားတဲ့ ပိုက်ဆံအိတ်လိုလို ဘာလိုလိုနဲ့၊ နောက်တော့ နောက်ဆုံးမြန်မာဘုရင်ရဲ့ နေပြည်တော်က ဝယ်လာခဲ့တဲ့ အိတ်ကလေးလည်း တိုင်းတပါးမှာ ဇာတ်သိမ်းသွားရတယ်၊ အခု ဓါတ်ပုံထဲက အိတ်ကတော့ မန္တလေးက ဝယ်လာတဲ့ အိတ်နဲ့ အရောင်၊ အနံ့၊ အရသာ တစ်ထေရာတည်းတူ.. အဲ.. ရောကုန်ပြီ၊ တစ်ပုံစံထဲ အားလုံးတူလို့ ဝယ်ထားတဲ့ အိတ်ပါ၊
အိတ်ထဲမှာတော့ ငွေစက္ကူအသေး ၂ ရွက်၊ အကြွေတချို့နဲ့အတူ အကြွေးဝယ်ကဒ်၊ ငွေထုတ်ကဒ်၊ ဆိုင်တစ်ချို့ရဲ့ အသင်းဝင်ကဒ်၊ သွေးအုပ်စုကဒ်၊ ကားပျက်ရင် လာဆွဲပေးမယ့် ဝပ်ရှော့ကကဒ်၊ ကျန်းမာရေး အာမခံကဒ်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းမှတ်ပုံတင်၊ ပီဇာဝယ်ရင် ၁၂ ခုမြောက်တိုင်း ၁ ခု အလကားပေးတဲ့ ပီဇာဆိုင်ကဒ် စတာတွေ ရှိပါတယ်၊ အဲဒါတွေထဲမှာ ပိုနေတယ်လို့ ယူဆရတဲ့ အရာ ၃ ခုကို ဆွဲထုတ်လိုက်တယ်၊ ဓါတ်ပုံထဲမှာ ပြထားတဲ့ ဟာတွေပါ၊ အမေရိကန်ဒေါ်လာ ၂ ဒေါ်လာတန်က ဘယ်သူ ပေးသွားမှန်း မမှတ်မိတော့ဘူး၊ “ရော့.. ၂ ဒေါ်လာတန်က တွေ့ရခဲတယ်၊ ဆောင်ထား..၊ လာဘ်ကောင်းတယ်” လို့ ပြောသွားတာတော့ မှတ်မိတယ်၊ ကျနော် အဲဒါတွေကို မယုံပါဘူး၊ နောက်တော့ ပြန်ထုတ်လိုက်မယ်လေ-လို့ ထားရင်းကပဲ နှစ်တွေက ကြာလာခဲ့တာ၊ နောက်တစ်ခုက တက္ကစီကို ဖုန်းနဲ့ခေါ်ဖို့ကဒ်၊ ဒါပေမယ့် တက္ကစီက စီးခဲသလို စီးရင်လည်း ဖုန်းနံပါတ်ထဲမှာ အသင့်ထည့်ထားပြီးသား နံပါတ်ကိုပဲ တန်းပြီးနှိပ်လေ့ ရှိတော့ ဒီကဒ်ကလည်း အပိုပါပဲ၊ နောက်ဆုံးတစ်ကဒ်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ စင်္ကာပူ သွားတုန်းက ဝယ်ထားခဲ့တဲ့ M1 prepaid card..၊ သူ့ရဲ့ ဆင်းမ်ကဒ်က ဖုန်းထဲမှာ ထည့်ပြီးသားဖြစ်လို့ ဒီကဒ်ကို လွှင့်ပစ်မယ်ဆိုရင် ပစ်လို့ရပါပြီ၊ ဒါပေမယ့် လိုလိုမယ်မယ် ကြည့်ချင်တာရှိရင် ကြည့်ရအောင်ဆိုပြီး ထည့်ထားမိတာ အခုထိပဲ၊ ပြီးတော့ ဒီကဒ်လေး ပိုက်ဆံအိတ်ထဲမှာ ရှိနေတာက ချစ်ခင်ရသူတွေရှိတဲ့ Little red dot လေး ကိုယ်နဲ့မကွာ တချိန်လုံး ရှိနေသလိုလို ဘာလိုလိုနဲ့....၊း)
(၂) လက်ကိုင်ဖုန်း (အရှေ့ ဘယ်ဖက်ဘောင်းဘီအိတ်)
ဖုန်းကို ဘောင်းဘီအိတ်ထဲမှာ ထားတာ မကောင်းမှန်းသိပေမယ့် တခြားဘယ်မှာထားရမှန်း မသိလို့ ဒီလိုပဲ ဆက်ထားဖြစ်နေတယ်၊ ဘယ်လောက်တောင်လဲ ဆိုရင် တခါတုန်းက ဂရိကမ်းခြေ တစ်ခုမှာ ရေထဲဝမ်းသာအားရ ဆင်းဆော့တယ်၊ ဟိုတယ်မှာကတည်းက ဝတ်လာတာက ရေကူးဘောင်းဘီ ဆိုတော့ ဘာမှကို တွေးမနေတော့တာ...၊ နာရီဝက်လောက်နေမှ ̔ဟင်̕ ကနဲဖြစ်ပြီး ရုတ်တရက် သတိရတယ်၊ ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ဖို့ မေ့သွားတယ် ဆိုတာ..၊ ဘယ်ရတော့မလဲ၊ သွားပြီပေါ့၊ အခု ဒီဖုန်းကိုတော့ ရေကူးတတ်လား၊ ပင်လယ်ရေထဲမှာ ကူးနိုင်လားဆိုတာ မစမ်းကြည့်ရသေးဘူး...၊း)
(၃) သော့တွဲ (အနောက် ညာဖက်ဘောင်းဘီအိတ်)
တစ်ခုတည်းသော သော့တွဲပါ..၊ ရှိသမျှသော့တွေ အကုန်တွဲထားတယ်၊ ရုံးခန်းသော့၊ အိမ်ခန်းသော့၊ အိမ်ခန်းမင်းတုပ်သော့၊ အောက်ထပ် အိမ်တံခါးမကြီးသော့၊ စာတိုက်သေတ္တာသော့၊ စက်ဘီးထားတဲ့ အခန်းသော့၊ တိုလီမုတ်စထားတဲ့ မြေအောက်ခန်းသော့၊ အားလုံးပေါင်း ၇ ချောင်း...၊ မအိမ်သူက သူ့လိုမျိုး ရုံးခန်းသော့တစ်တွဲ၊ အိမ်သော့တွေတစ်တွဲ နဲ့ စာတိုက်သော့၊ စက်ဘီးခန်းသော့၊ မြေအောက်ခန်းသော့ တစ်တွဲ ထားပါလားလို့ အကြံပေးတယ်၊ တစ်ရက်နှစ်ရက် လုပ်ကြည့်တယ်၊ ဟိုအတွဲမေ့၊ ဒီအတွဲမေ့နဲ့.. ဘယ်လိုမှ အဆင်မပြေတာနဲ့ သော့တွေအားလုံးကို တပေါင်းတစည်းထဲ ချစ်ချစ်ခင်ခင် ရှိပါစေဆိုပြီး အတူပြန်ထားလိုက်တယ်၊ နောက်နေ့ကျတော့ မအိမ်သူက စတီးလ်နဲ့ လုပ်ထားတဲ့ အဲဒီဝေလငါး သော့ချိတ်လေး ဝယ်လာပေးတယ်၊ သူပေးတဲ့အကြံ နားမထောင်လို့ မသိမသာ ပညာပြတာလားတော့ မသိဘူး၊ အဲဒီနေ့ကစပြီး ဘောင်းဘီအိတ်ထဲက သော့တွဲကြီးထုတ်ရင် ဝေလငါး အမြီးနဲ့ ဘောင်းဘီနဲ့ ငြိရင်ငြိ၊ မငြိရင် ဟောဟို ကလန်ကလားနဲ့ မြေအောက်ခန်းသော့တံကြီးနဲ့ ငြိနေတတ်ပါ လေရော...၊
(၄) လက်ကိုင်ဖုန်းနားကြပ် (အနောက် ဘယ်ဖက်ဘောင်းဘီအိတ်)
ရုံးအသွား ဆယ်မိနစ်၊ ရုံးအပြန် ဆယ်မိနစ် လမ်းလျှောက်သွားချိန်မှာ သီချင်းနားထောင်ဖို့...၊ တခါတလေလည်း ဓါတ်ခွဲခန်းထဲမှာ တစ်ယောက်တည်း အလုပ်,လုပ်ရင်း နားထောင်ဖြစ်ပါတယ်၊ အဲဒီလို နားမထောင်ဖြစ်ရင်တော့ အသာလေးခွေပြီး ဘောင်းဘီအိတ်ထဲ ထည့်ထားလိုက်တယ်...၊
အင်း... ရေးချင်လို့သာ ရေးလိုက်ပေမယ့် ကျနော့်မှာက သူများတွေလို ၃ ကီလိုခွဲလောက် လေးတဲ့အိတ် မရှိတဲ့အပြင် ချပြစရာ ဆိုတာကလည်း SD card မရှိ၊ thumb drive မရှိ၊ လုံးခြေထားတဲ့ တစ်ရှူးမရှိ၊ ထီးမရှိ၊ ဘီးမရှိနဲ့...၊း) ဘာပဲဖြစ်ဖြစ် ဟိုးအရင် ဘလော့ဂ်တွေ စည်ကားစဉ်တချိန်က အလားတူတဂ်ပို့စ်တစ်ခုမှာ ယောက်ျားလေးတွေကလည်း ကိုယ့်ပိုက်ဆံအိတ် ကိုယ်ဖွင့်ပြကြရင်း အပြန်အလှန် ရေးကြတာကို အောက်မေ့ချင်စရာပါ၊ အခုလို ခြောက်ကပ်နေတဲ့ အချိန်မှာ ပေါ့ပေါ့ပါးပါး တဂ်ပို့စ်လေးနဲ့ ရေးဖော်ရေးဖက်တွေ လှုပ်ရှားအသက်ဝင်လာတာ တွေ့ရလို့ ကျနော်ကလည်း ဝမ်းသာအားရနဲ့ ပူးပေါင်းအားဖြည့်ချင်မိရုံ သက်သက်ပါပဲ၊ ကျနော်ရေးတာ တစ်ရက်နောက်ကျလို့ ခေါင်းစဉ်ကိုတော့ နည်းနည်း ပြင်လိုက်ရပါတယ်၊ ယောက်ျားမိန်းမ မခွဲခြားဘဲ ရေးဖော်တွေ အားလုံးကို သတိတရ တဂ်တဲ့ အစ်မသက်ဝေကိုလည်း ကျေးဇူးတင်ပါတယ်...။
ညီလင်းသစ်
၂၈ သြဂုတ်၊ ၂၀၁၃