18 November 2008

Autumn


Autumn (1)
IMG_1311a
Focal length 36 mm
Exposure 1/125
Aperture f/10
ISO 100


Autumn (2)
IMG_1318a
Focal length 55 mm
Exposure 1/200
Aperture f/10
ISO 100


Autumn (3)
IMG_1308a
Focal length 42 mm
Exposure 1/50
Aperture f/5
ISO 200


Autumn (4)
IMG_1286a
Focal length 47 mm
Exposure 1/100
Aperture f/8
ISO 400


Autumn (5)
IMG_1305a
Focal length 55 mm
Exposure 1/40
Aperture f/5.6
ISO 200


Autumn (6)
IMG_1324a
Focal length 53 mm
Exposure 1/125
Aperture f/8
ISO 100

13 November 2008

ရေ (a) Water (a) De l'eau

အခေါ်အဝေါ်နဲ့ နေရာဒေသတွေ ဘယ်လိုပဲ ပြောင်းပြောင်း တကမ္ဘာလုံးက သူ့ကိုလိုအပ်ပါတယ်၊ တကယ့်ကို မရှိ မဖြစ်လိုအပ်တာပါ၊ ဒါပေမယ့် လိုအပ်တိုင်းလည်း လိုသလောက်ရကြပါရဲ့လား...၊ ရတဲ့အခါမှာလည်း သန့်ရှင်း ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ပြည့်စုံရဲ့လား၊

ကမ္ဘာပေါ်မှာ ရေလေးတစ်ပေါက်တောင်မှ ဝဝလင်လင် မသောက်ရတဲ့လူတွေ သိန်းသန်းချီရှိပါတယ်၊ ရေရဲ့ pH ၊ ရေမှာပါဝင်သင့်တဲ့ minerals ၊ Total Suspended Solids (TSS) လို့ခေါ်တဲ့ အမှုန်အမွှား ကင်းစင်မှု၊ စတာ တွေကို စဉ်းစားဖို့ဝေးလို့...ရေလို့ခေါ်ဖြစ်ရုံ လောက် အရည်လေးရရင်ကိုပဲ ကျေနပ်နေရတဲ့လူတွေ အများကြီးပါ၊

UNDP ရဲ့စာရင်းတစ်ခုအရ အမေရိကားလို နိုင်ငံမှာတော့ လူတစ်ယောက် တစ်နေ့ ပျမ်းမျှရေအသုံးပြုနှုန်းဟာ လီတာ ၆၀၀ နီးနီးရှိသတဲ့၊ ကမ္ဘာပေါ် မှာအများဆုံးပါပဲ၊ သူ့နောက်မှာတော့ သြစတြေးလျ၊ ပြီးတော့ ဥရောပ နိုင်ငံတွေ၊ ပြီးမှ တရုတ် အိန္ဒိယတို့က ၇၅-၁၀၀ လီတာခန့် နဲ့အလယ်မကျတကျ လိုက်ပါတယ်၊ ဒါ..တော်တော့်ကို နည်းနေပါပြီ၊ ဟိုး....အောက်ဆုံးကတော့ ရဝမ်ဒါ၊ ယူဂမ်ဒါ၊ မိုဇမ်ဘစ် စတဲ့ အာဖရိကနိုင်ငံတွေ...၊ သူတို့ရဲ့ လူတစ်ယောက် ပျမ်းမျှ တစ်နေ့သုံးနှုန်းက ၅ လီတာကနေ ၁၅ လီတာခန့်ပဲ ရှိပါတယ်၊ လူသားတစ် ယောက် အသက်ရှင်နေထိုင်မှုအတွက် လိုအပ်တာထက် အများကြီးနည်းပါတယ်၊

ဒီဖက်နှစ်တွေမှာတော့ တချို့လူတွေ ရေအရင်းအမြစ်အကြောင်းကို စပြီးသတိပြု၊ ဂရုစိုက်လာပါပြီ၊ သွားတိုက်နေစဉ်မှာ ရေဘုံဘိုင်ကို ပိတ်ထားတာတို့၊ ရေချိုးကန်ထဲ ရေတွေအများကြီးထည့်ရမယ့် Bath အစား၊ Shower နဲ့ရေချိုးတာတို့၊ မလိုအပ်ဘဲ ရေကိုမသွန်တာတို့ စသဖြင့်ပေါ့၊ ဒါပေမယ့်ကမ္ဘာ့လူဦးရေအချိုးနဲ့စာရင် အရမ်းနည်းပါသေးတယ်၊ တကယ်တော့ လူသားတွေသုံးနိုင်တဲ့ ရေချိုက ကမ္ဘာ့ရေထု စုစုပေါင်းရဲ့ ၃% ပဲရှိတာပါ၊ ဒါပေမယ့် ရေသံသရာလည်မှုဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာ ကတည်းက ဒီရေ ၃% ကိုပဲသုံးလာခဲ့ကြတယ်၊ ပြောရရင်တော့ ဒီနေ့ခင်ဗျား ထမင်းစားအပြီး သောက်လိုက်တဲ့ ရေဟာ ပုဂံခေတ်တုန်းက ကျန်စစ်သားမင်း ကြီး ချိုးခဲ့ဖူးတဲ့ ရေအချို့လည်း ကောင်းကောင်းကြီး ဖြစ်နေနိုင် ပါတယ်၊ တကယ်ပါ၊

ဒီကနေ့ တိုးပွားလာတဲ့ ကမ္ဘာ့လူဦးရေ၊ အဆမတန် များပြားလာတဲ့ ကုန်ထုတ်လုပ်မှု၊ စတာတွေကြောင့် တချိန် က ကျနော်တို့ဘိုးဘွားတွေ ဖောဖောသီသီ သောက်သုံးခွင့် ရခဲ့တဲ့ အဲဒီရေ ၃% ကိုကျနော်တို့ ကျပ်ကျပ် တည်း တည်း ခွဲဝေသုံးနေရပြီ၊ ဒီကြားထဲကမှ အဲဒီရေကလေးကို ကျနော်တို့ တန်ဖိုးထားပြီး မသုံးဘူးဆိုရင် သိပ်မဝေးတဲ့ကာလမှာ ရေအကျပ်အတည်းတွေ ဆက်တိုက်တွေ့လာရမှာ သေချာပေါက်ပါပဲ၊ ကဲ မိတ်ဆွေ ကော.....ဒီနေ့ရေကို အလဟဿမဖြစ်အောင် သတိလေး မပြုလိုက်ချင်ဘူးလား။ ။


ရေအသက် တမနက်...
IMG_1418a


Water is life...
1 284a


De l'eau, c'est la vie...
EOS 10a



ညီလင်းသစ်
၁၃ နိုဝင်ဘာ၊ ၂၀၀၈

09 November 2008

ကျနော်နှင့်ထိုရောဂါ


အခုပြန်တွေးကြည့်တော့ ဘယ်တုန်းကတည်းက ကျနော့်မှာ အဲဒီရောဂါရသွားလဲဆိုတာ တိတိကျကျ မမှတ်မိတော့ဘူး၊ အချိန်အားဖြင့် ဒီနှစ်ပိုင်းအတွင်းမှာပဲ ဆိုတာတော့ သေချာတယ်၊ ကျနော့်အထင် မသကာ ရှိလှ ၆ လအောက်ပေါ့၊ အခုတော့ အဲဒီရောဂါက တော်တော့်ကို အမြစ်တွယ်နေပြီလို့ ပြောရတော့မယ်၊

ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီရောဂါရှိတဲ့သူတွေ ရှိတယ်၊ ဒီတုန်းကတော့ သူတို့တွေမှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်ဆိုတာ မျိုးပဲ၊ သူတို့ကို ကြည့်ရင်း ကျနော်ကတော့ သိပ်နားမလည်ခဲ့ဘူး၊ ဒါပေမယ့် အေးအေးဆေးဆေးပါပဲ၊ ကူးစက်ရောဂါလည်းမဟုတ်တော့ သူတို့နဲ့ လက်ပွန်းတတီး သွားလာနေခဲ့တာပေါ့၊ ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ သူတို့ရဲ့ကိုယ်ခံအားကလည်း တူမှမတူတာကိုး...၊

အခုတော့ ကျနော်လည်း သူတို့နေရာရောက်နေခဲ့ပြီ၊ ကျနော်ပြန်စဉ်းစားကြည့်တယ်၊ ဘယ်လိုဖြစ်လို့ ငါ ဒီပိုးဝင်သွားတာပါလိမ့်...လို့၊ အစောကြီးကတည်းက မရဘဲ အခုကျမှ ဘယ်လိုဖြစ်လို့ ဒီရောဂါက ကိုယ့်ဆီရောက်လာခဲ့ရတာလဲ၊ ကျနော်သုံးသပ်လို့ ရသလောက်ကတော့ ရောဂါရဲ့ အသွင်အပြင်ပြောင်းသွား တာကြောင့်ပဲ ဖြစ်လိမ့်မယ်၊ ဒါ့ကြောင့်လဲ ကျနော့်လိုပဲ မထင်မှတ်ဘဲ အလစ်အငိုက် ခံလိုက်ရတဲ့သူတွေတဖြည်း ဖြည်းနဲ့ များလာနေခဲ့တာနေမှာ၊ အင်းလေ...အခုပုံစံအတိုင်းဆိုရင် ကူးစက်ရောဂါတောင် ဖြစ်လာနိုင်ပါရဲ့...၊

ကျနော်အခုပြောနေတဲ့ ရောဂါက WHO မှာတောင် classified မလုပ်ရသေးပါဘူး၊ အကြောင်းကတော့ တဦး တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှု၊ ကျွမ်းကျင်လိမ္မာမှု၊ ငွေကြေးတတ်နိုင်မှု စ,တာတွေပေါ် မူတည်လို့ ရောဂါ ပြန့်နှံ့ပုံက ကွဲသွားလေ့ ရှိလို့ပါပဲ၊ ဒီရောဂါရဲ့ နာမည်က တခြားတော့ အထွေအထူးမဟုတ်ပါဘူးဗျာ၊ DSLR Addicted Disease လို့ကျနော်ခေါ်ချင်တဲ့ Digital Single-Lens Reflex camera တွေကို စွဲလန်းနှစ်သက်တဲ့ ရောဂါပါပဲ၊ ဟုတ်တယ်ဗျာ...ကျနော်တော့ DSLR addicted ဖြစ်နေခဲ့ပြီ၊

အရင်တုန်းက ကျနော့်သူငယ်ချင်းတွေ ဖလင်ထည့်ရိုက်ရတဲ့ ကင်မရာတွေနဲ့ အရူးထနေတုန်းက ကျနော်က အေးအေးဆေးဆေး နေခဲ့နိုင်တယ်၊ ရိုက်ပြီးရုံနဲ့ မပြီးသေးဘဲ ဖလင်ဆေးဦး၊ ကူးဦး စ,တဲ့ အဆင့်တွေနဲ့ လေးလံ ကြာရှည်လှတဲ့ အဲဒီကင်မရာကြီးတွေက ကျနော့်ရဲ့ စိတ်ကို မညွတ်နူးစေခဲ့ဘူး၊ ရိုက်မယ့်လူဖက်က ပညာရပ်ကို တစုံတရာ အတိုင်းအတာအထိ နားလည်ထားဖို့ကလည်း လိုသေးတာကိုး၊ ပြီးတော့ ရိုက်ချက်တွေအပေါ်မှာ ကိုယ်က အနုပညာ ကွန့်မြူးလိုက်ပေမယ့် Result ကချက်ချင်းမှ မသိရတာ...၊ အခုတော့ DSLR ကအဲဒါတွေ အားလုံးကို ချန်ထားဖြတ်တက်ခဲ့ပြီလေ၊ လုပ်ပိုင်ခွင့်တွေ အများကြီးပိုလာသလို အဖြေကို ချက်ချင်းသိခွင့်၊ ချက် ချင်းအမှား ပြင်ဆင်ခွင့် စ,တာတွေလည်း အပြည့်ပါပဲ၊

အဲဒီလိုနဲ့ DSLR ရဲ့အလှမှာ ကျနော်လည်း ရုန်းမထွက်နိုင် ဖြစ်ခဲ့ရတယ်ပေါ့ဗျာ၊ သူ့ မာယာတွေရဲ့အောက် ကျနော့်မှာ နေ့နဲ့ညတွေ မှားလို့၊ စားလည်းသူ့စိတ် သွားလည်း သူ့စိတ်နဲ့ အစွဲလန်းကြီးစွဲလန်း ခဲ့တာပါပဲ၊ အဲဒီလို မွတ်သိပ်တမ်းတမှုတွေရယ်၊ ပြန်အိပ်မရတဲ့ တရေးနိုးအိပ်မက် တွေရယ် ပေါင်းစပ်လွန်းမက ပေါင်းစပ်သွားတဲ့အခါမှာတော့ ‘ ဟေ့..ဒီမှာ DSLR, မင်းကိုစပြီး ချစ်မိကတည်းက ပိုင်ဆိုင်ဖို့အတွက်ပဲ ချစ်ခဲ့တာ ကွ ’ ဆိုပြီး လူကြီးစုံရာတွေ ဘာတွေ စောင့်မနေတော့ဘဲ ကျနော်တစ်ယောက် တည်း သွားပြီး DSLR တစ်လုံး ဝယ်လိုက်တော့တာ ပါပဲ၊ အင်း..ဝယ်ရတော့တာပေါ့လေ၊ ခိုးပြေးတာတို့၊ ကားတင် ပြေးတာတို့မှ လုပ်လို့ မရဘဲ၊ အရောင်းဆိုင်မှာ ဗီဒီယိုကင်မရာတွေ၊ လုံခြုံရေးအစောင့်တွေက များပါဘိသနဲ့...၊

အခုတော့လည်း ဓါတ်ပုံအကြောင်းကို အချိန်ရှိသရွေ့ စဉ်းစားနေချင်တယ်၊ ဒီလိုအလင်းဆို ဘယ်လိုရိုက်လိုက် မယ်၊ ဒီနေရောင်နဲ့ဆိုရင် Exposure ကိုဘယ်လောက်ထားမှ သင့်မှာပဲ၊ ဒါမျိုးဆိုရင်တော့ Flash သုံးတာထက် ISO ကိုနဲနဲ ပိုတင်လိုက်တာ ကောင်းမလားပဲ...စသဖြင့်ပေါ့ဗျာ၊ ပုံလေးတွေကို ဘလော့ဂ်မှာတင်တဲ့အခါ လာ ကြည့်တဲ့သူတွေ ရှိတော့လည်း စိတ်ချမ်းသာရတာပေါ့၊ ကျနော်တို့ငယ်ငယ်က ကင်မရာနဲ့ ပတ်သက်ရင် အဖေ ပြောလေ့ရှိတာလေးကို သွားသတိရတယ်၊ ‘ လူတစ်ယောက်ကိုမုန်းရင် ကင်မရာတစ်လုံး ဝယ်ပေးလိုက်ပါ ’ တဲ့၊ တွေ့ကရာ လျှောက်ရိုက်၊ ကူးလိုက်၊ ဆေးလိုက်၊ ထပ်ရိုက်လိုက်နဲ့ အဲဒီလူ မွဲသွားမယ်ပေါ့ဗျာ၊ အခု digital ခေတ် မှာတော့ မမှန်တော့ပါဘူး၊ ဝယ်တဲ့အခိုက်မှာတော့ အမျိုးအစားပေါ် မူတည်လို့ ဈေးများကောင်းများနိုင်ပေမယ့် နောက်ပိုင်းမှာ စိတ်ချမ်းသာရဖို့ များပါတယ်၊ ကျနော့်ရဲ့ ချစ်ရပါသော DSLR လေးနဲ့ ကျနော်ကတော့ ရှေ့သွား နောက်လိုက် ညီညီပါပဲ။ ။


ညီလင်းသစ်
၉ နိုဝင်ဘာ၊ ၂၀၀၈

02 November 2008

Flying


A Solo Fly...
IMG_1334a
Focal Length 55.0 mm
Exposure 1/4000
Aperture f/5.6
ISO 100


Flying for daily bread...
IMG_1338a
Focal Length 55.0 mm
Exposure 1/200
Aperture f/8.0
ISO 100

Born to fly...
IMG_1337a
Focal Length 55.0 mm
Exposure 1/400
Aperture f/7.1
ISO 100

Flying to rest, Resting to fly...
IMG_1351a
Focal Length 55.0 mm
Exposure 1/200
Aperture f/10.0
ISO 100

15 October 2008

Geneva Lake in different layers


In a pleasant day... ...

Focal length 20 mm

Exposure 1/160
Aperture f/8.0
ISO 100
Under the cloudy sky... ...

Focal length 55.0 mm
Exposure 1/200
Aperture f/10.0
ISO 100

In a misty morning... ...

Focal length 33.0 mm
Exposure 1/50
Aperture f/5.6
ISO 200


By night (with Evian)... ...

Focal length 55.0 mm

Exposure 6

Aperture f/5.6

ISO 1600

06 October 2008

အပါးတော်မြဲ



ကောင်မလေးရေ...
ငါဟာ လူသားတစ်ယောက်
မဖြစ်နိုင်ခဲ့ရင်
ရွှေကြိုးတစ်မျှင်တော့ ဖြစ်ချင်ရဲ့၊
မင်းရဲ့ ညာခြေကျင်းဝတ်မှာ လှဲလျောင်း
ဆူး, ညှောင့်ခလုတ်တွေ အတူကျော်လွှားရင်း
ငါ လျောင်းစက်ရာ အရေပြားလွှာအောက်
တောက်လျှောက်စီးဆင်းနေမယ့်
သွေးကြောတို့ရဲ့ တိုးဝှေ့ကျီစယ်မှု
ရင်ခုန်ခံစားရင်းနဲ့
မင်းရဲ့ခြေတစ်လှမ်း
ကုဋေတစ်သန်း တန်စေချင်တဲ့
ရွှေကြိုးကလေး အဖြစ်နဲ့ပေါ့၊

ကောင်မလေးရေ...
ငါဟာ လူသားတစ်ယောက်
မဖြစ်နိုင်ခဲ့ရင်
ပိုးကောင်လေးတစ်ကောင်တော့ ဖြစ်ချင်ရဲ့၊
မျက်ဝန်းတစုံရဲ့ စက်ကွင်းအောက်
ခေါက်တုံ့ပျံသန်းရင်း
အတောင်ပံတွေ အင်အားမဲ့ချိန်
ကျေနပ်စွာ ခုန်ချလိုက်မကွဲ့
အသေခံ လေသူရဲတို့ရဲ့
စိတ်ဓါတ်မျိုးနဲ့ပ၊
ကြည်လဲ့လဲ့နစ်မြုပ်မှုထဲ
သိမ်မွေ့စွာ ကူးခတ်ရင်း
မြတ်နိုးမှုတဒင်္ဂရဲ့ အလွန်မတော့
မင့်မျက်ဝန်းအိမ် ဂူဗိမာန်ထဲ
ငါ့ရဲ့ဝိညာဉ် အပ်နှင်းခဲ့မယ်၊

ကောင်မလေးရေ...
ငါဟာ လူသားတစ်ယောက်
မဖြစ်နိုင်ခဲ့ရင်
‘သန်း’ ကလေးတစ်ကောင်တော့ ဖြစ်ချင်ရဲ့၊
ခပ်ဖွာဖွာ ဆံပင်တောထဲ
မြတ်နိုးဖွယ် ဆံနွယ်ဒန်းကို ယီးလေးခိုလို့
မင်းရဲ့ တွေးခေါ်မှုတွေပေါ်လမ်းလျှောက်
နူးညံ့စွာ ခြေဖျားထောက်လို့ပေါ့၊
ငါ့အတွက် ဖြစ်တည်မှု
မင်းအတွက် ရှက်စရာ
(ဒီလိုဆိုရင်တော့)
ခပ်ကြမ်းကြမ်းဝင်ရောက်လာမယ့်
ဘီးစိပ်တစ်ခုရဲ့အဖျား
ပြတ်သားစွာ လိုက်သွားလိုက်မကွဲ့
ပေးဆပ်ဖို့ဆိုတာ
ကြိုတွေးပြီးသားပါကွယ်၊

ကောင်မလေးရေ...
ငါဟာ သက်ရှိဘဝတစ်ခု
မရခဲ့တောင်
တစ္ဆေတစ်ကောင်အဖြစ် ရောင့်ရဲနိုင်ပါတယ်၊
မင်းရဲ့ ဖြစ်တည်မှုအတွက်
ရဲဝံ့စွာ ကာကွယ်ရင်း
နေအလင်းရဲ့အောက်မှာ သက်တော်စောင့်
လမင်းရဲ့အောက်မှာ အိပ်ဖန်စောင့်ပေါ့၊
နှစ်ခြိုက်စွာအိပ်နေမယ့် မင်းအပါး
ကြည်မွေ့စွာ ခ,စားရင်း
(လူ သိပ်မသိတဲ့)
ဘယ်ဖက်မျက်ခုံးထဲက
အိမ်တွင်းပုန်း မှဲ့ကလေးနဲ့အတူ
သက်တမ်းရှိသရွေ့
ဖြတ်သန်းသွားနိုင်ပါတယ် ကောင်မလေးရယ်...။ ။


ညီလင်းသစ်
၆ အောက်တိုဘာ၊ ၂၀၀၈

30 September 2008

ကျနော်နှင့် ထိုနေ့လယ်ခင်းများ



၁၉၉၂ မှာ ကျနော် ၁၀ တန်းအောင်တော့ အစပိုင်းကာလတွေမှာ ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲ ယောင်ချာချာနဲ့...၊ အဲဒီကာလတွေမှာ တက္ကသိုလ်တက်မယ့် ကျောင်းသားတွေက တောင်လိုပုံလို့၊ စုံစမ်းကြည့်တော့ ကျနော်လည်း နောက် ၂ နှစ်လောက်ကြာမှ တက်ရမယ်လို့ သိရတယ်၊ ဒါနဲ့ ဟို သင်တန်းတက်ရနိုးနိုး ဒီသင်တန်းတက်ရနိုးနိုး ဟိုအလုပ်ဝင်လုပ်ရနိုးနိုး ဒီအလုပ်ဝင်လုပ်ရနိုးနိုးနဲ့ ဖြစ်နေတုန်း ကျနော်တို့ သူငယ်ချင်းတွေ စုပြီးဖွင့်တဲ့ ဗီဒီယိုအခွေအငှားဆိုင်လေးမှာ ထိုင်ဖို့ဖြစ်လာခဲ့ တော့တယ်၊

ဆိုင်ကိုအတူရှယ်ယာထည့် ဖွင့်တဲ့သူငယ်ချင်းအားလုံး နီးပါးက နေ့လည်ဆို အလုပ်လုပ်တဲ့ကောင်နဲ့ သင်တန်းတက်တဲ့ကောင်နဲ့ ဘယ်သူမှ မအားကြဘူး၊ လောလောဆယ် အားနေတာက ကျနော်ဆို တော့ နေ့ပိုင်းဆိုင်ထိုင်ဖို့ ကျနော်ပဲ တာဝန်ယူလိုက်တယ်၊ အဲဒီကာလတွေတုန်းက ကျနော်ကဆံပင် ကိုအရှည်ထားပြီး ကိုယ့်ကိုယ်ကို တေးရေးဆရာတဝက်၊ ကဗျာဆရာတဝက် ရောထားတဲ့ကောင် လို့ စိတ်ကြီးဝင်နေချိန်ပေါ့...၊ ဆံပင်ရှည်ကလည်း ကျောင်းတုန်းကတည်းက ထားချင်နေတာ၊ ဒါပေ မယ့် အိမ်ကရော ကျောင်းကပါ တားမြစ်ထားတာနဲ့ မြိုသိပ် စောင့်စားနေ ခဲ့ရတာ၊ ဆယ်တန်း အောင်စာရင်းလည်းထွက်ရော ဘာပြောကောင်းမလဲ၊ အဲဒီနေ့က ဆံပင်ဒီမိုကရေစီ ရတဲ့နေ့ ဖြစ် သွားရော... ...၊

ဗီဒီယိုအခွေဆိုင်က နေ့ခင်းပိုင်းဆိုရင် ဘယ်သူမှ လာမငှားဘူး၊ ဒီတော့ အထက်မှာ ပြောခဲ့တဲ့ကဗျာ ဆရာနဲ့တေးရေးဆရာကို 50း50 ရောထားတဲ့ ဆံရှည်ကိုယ်တော်ကအကြိုက်ပေါ့၊ ဂစ်တာတစ်လက် ရယ်၊ ဘောပင်တစ်ချောင်းရယ်၊ စာရွက်တစ်ထပ်ရယ်နဲ့ သူ့နေ့လယ်ခင်းတွေကို ပူပူလောင်လောင်ပဲ မျိုချလေ့ ရှိတယ်၊ တခါတလေ သီချင်းလေး တပိုင်းတစ၊ တခါတလေ ကဗျာလေး တပိုဒ်နှစ်ပိုဒ်နဲ့ အဲဒီလို ကျနော်တစ်ယောက်တည်း မွေ့လျော်တဲ့ နေ့လယ်ခင်းတွေကို မျက်စိကျတဲ့ သူတစ်ယောက် ပေါ်လာတယ်၊ ဇော်မင်း…..၊

ဇော်မင်းက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်၊ သူက ဆယ်တန်းကို ကျနော်နဲ့ အတူတူအောင်ပြီး တခါတည်း အဝေးသင် တန်းတက်လိုက်တယ်၊ ပြီးတော့ တဖက်ကလည်း ဟို တယ်ကြီး တစ်ခုမှာ အလုပ်ဝင်လုပ်တယ်၊ ပြောရရင် ဇော်မင်းက တော်တော်ဖြောင့်တယ်၊ အသား ဖြူဖြူ နှာတံပေါ်ပေါ် မျက်လုံးတောက်တောက်နဲ့...၊ ကောင်မလေးတွေ သဘောကျနိုင်တဲ့ ရုပ်ရည် ပိုင်ရှင်ဆိုပါတော့၊ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒါနဲ့ ပြောင်းပြန် ဇော်မင်းက ချစ်သူတစ်ယောက် မှ မရှိရှာဘူး၊ သူ့ဖက်က တဖက်သတ် လိုက်ကြိုက်တဲ့ ကောင်မလေးတွေ တော်တော်များများတော့ ရှိပါတယ်၊ ခက်တာက သူက ချိန်လိုက်တာနဲ့ တဖက်က တခြားတစ်ယောက်နောက်ကို ပါသွားတာ များတယ်၊

သူငယ်ချင်းတွေက သူ့ကို ‘ မင်းက ရူပါပဲ ရှိတာ၊ ဗျူဟာမှ မရှိဘဲကွ ’ လို့စ,လေ့ ရှိပါတယ်၊ အဲဒီအခါ ဇော်မင်းက ‘ ငါကိုယ်နှိုက်က အချစ်ကံခေလွန်းတဲ့ အသည်းကွဲ သမားကြီးပါကွာ ’ လို့ ပြန်ချေပလေ့ ရှိတယ်၊ ဒါပေမယ့် ပျော်ပျော်ပါပဲ၊ တကယ်ကတော့ သူကဒီလောက်ကြီးလည်း အလေးအနက် မဟုတ် ပါဘူး၊ လူငယ် ဘာသာဘာဝ ပါးပါးလေး ဖြတ်သန်းရုံ သက်သက်ပါ၊ တခါမှာတော့ ဇော်မင်း ကို ကျနော် ကဗျာတိုလေးတစ်ပုဒ် ရေးပေးဖူးတယ်၊ ကောင်မလေး တစ်ယောက်ကို ပေးချင်တယ် ဆိုလို့၊ တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကောင်မလေးနဲ့လည်းတွေ့ရော သူကြောက်ပြီး မပေးရဲ တော့ဘူး၊ ကျနော်တို့က ဒီအကြောင်းကိုကြားပြီး ရယ်တော့ သူက ‘ ငါ ပေးမှာပါကွ မင်းတို့က လည်း၊ ငါက အချိန်ယူနေ တာ၊ ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်တဲ့သဘော ပေါ့ကွာ ’ လို့ပြော တယ်၊ ဒါပေမယ့် ကျနော့် စိတ်ထင် သူ့ဆင်က ချောက်ကမ်းပါးစွန်းမှာ နောက်လှည့် ရပ်နေခဲ့ပုံရ တယ်၊ အဲဒီတစ်လှမ်း ဆုတ်ပြီး ကတည်းက လုံးဝမမြင်ရတော့ဘူး၊

အဲဒီ ဇော်မင်းက နေ့လယ်နေ့ခင်းတွေမှာ ကျနော်သီချင်းတွေ၊ ကဗျာတွေ လက်တည့်စမ်းနေတာကို အကွက်ကောင်း တွေ့သွားတယ်၊ သူက ကျနော့်ကဗျာတွေကို သူကြိုက်ကြောင်း၊ သီချင်းတွေဟာ လည်းသံစဉ်ဟာ နားမှာချက်ချင်း စွဲသွားစေကြောင်း စသဖြင့်ကျနော့်ကို မြှောက်ပေးတယ်၊ ပြီးတော့ မှ သူတွေ့လာတဲ့ ကောင်မလေးတွေကို ပေးဖို့ ဟိုဟာရေးခိုင်း၊ ဒီဟာရေးခိုင်း လုပ်တယ်၊ ကျနော်က လည်း သူပြောတာတွေ မဟုတ်မှန်းသိသိကြီးနဲ့ သဘောတွေကျလို့...၊ သူတောင်းဆိုလာရင် လက် တည့်စမ်းဖို့ အသင့်၊ ကျနော့်မှာ နေ့လယ်ခင်းတွေ လုံလုံလောက်လောက် ရှိတယ်လေ၊ တခါကျ တော့ သူ့အလုပ်က ကောင်မလေးအကြောင်း ကျနော့်ကို ပြောပြပြီး သီချင်းတစ်ပုဒ် ရေးခိုင်းပြန် တယ်၊ အဲဒီကောင်မလေးကို သူဆိုပြချင်လို့ ပါပေါ့လေ၊ အလုပ်မှာ ဂစ်တာမရှိဘာမရှိနဲ့ သူဘယ်လို ဆိုမလဲ တော့မသိဘူး၊ ဖြစ်ချင်တော့ အဲဒီတခေါက်မှာ ကျနော်ကလည်း မုဒ်မဝင်တော့ တော်တော်နဲ့ သီချင်းမပြီးနိုင်ဘူး၊ နောက်ဆုံး မနည်းကို ကြိုးစားပြီး ရေးလိုက်ရတယ်၊ ဒါပေမယ့် ထုံးစံအတိုင်း ကျနော်တို့ရဲ့ ဇော်မင်းက အဖျားရှူးသွား တာပါပဲ၊

တစ်ရက်မှာတော့ သူက ဆိုပြန်တယ်၊ သူတို့ ရုံးနားမှာ ကောင်မလေးတစ်ယောက်ကို သူတွေ့ပြန်ပြီ တဲ့၊ ကောင်မလေးက ပါဂျဲရိုး အမြဲစီးတယ်တဲ့၊ အဲဒီခေတ်တုန်းက အခုလို ပရာဒိုတို့၊ လင်န်းခရုဆာ တို့ သိပ်မရှိသေးဘူး၊ ပါဂျဲရိုးတွေ ခေတ်စားနေချိန်ပေါ့၊ အဲဒီ ပါဂျဲရိုးပေါ်က ကောင်မလေးကိုသူတော် တော်ကြွေနေပြီ ဆိုတဲ့အကြောင်း၊ ဒီတခါတော့ တကယ်အတည်ဖြစ်ကြောင်း၊ သူ့မှာ သတ္တိတွေရှိနေ ပြီဖြစ်လို့ ကဗျာလေးတစ်ပုဒ်တော့ ပေးချင်ကြောင်း စသဖြင့် ဖွဲ့ကာနွဲ့ကာနဲ့ ပြောပြီး ဇော်မင်းက ကျ နော့်ကို ကဗျာတောင်းပြန်ရော၊ အရင့်အရင် အခေါက်တွေတုန်းကလည်း ဒီလိုပဲပြောပြီး နောက်ဆုံး မှာဘာမှ ဖြစ်မလာတာ ကျနော်တို့ သူငယ်ချင်းအားလုံး အသိပါ၊ ဒါပေမယ့် ဇော်မင်းကိုကျနော်လုံးဝ စိတ်မဆိုးပါဘူး၊ သူမပေးတာက သူ့အပိုင်း၊ သူ့နှလုံးသား ကိစ္စ၊ ကျနော် မထိခိုက်ပါဘူး၊ ကျနော့်အ တွက်က ကဗျာတွေသီချင်းတွေ အဖတ်တင်လို့ ပိုတောင်ကောင်းသေးတယ်၊

ဒါနဲ့ ကဗျာရေးပေးမယ်လို့ သူ့ကိုကျနော် ကတိပေးလိုက်တယ်၊ ဒီတခါတော့ ကျနော် ဇော်မင်းကို နောက်ချင်နေမိတယ်၊ သူ့ကို ကတိပေးထားတဲ့ အတိုင်းလည်း ကဗျာပေးရအောင်၊ ဒီအဖြစ်အပျက် လေးကိုလည်း အမှတ်တရဖြစ်သွားအောင်၊ သူ့ကိုလည်း နောက်ရအောင် ရည်ရွယ်ပြီးကျနော်ကဗျာ တစ်ပုဒ် ချရေးလိုက်တယ်၊ ဒီကဗျာကိုလည်း ထင်တဲ့အတိုင်း သူမပေးဖြစ်ပါဘူး၊ ဒါပေမယ့်ကျနော် တို့ကြားမှာတော့ အမှတ်တရလေး တစ်ခုဖြစ်ခဲ့တယ်၊ အဲဒီတုန်းကနေ့လယ်ခင်းတွေကို အခုပြန် တွေးတော့ လွမ်းမိပြန်တယ်၊ တကယ်ပါပဲ…၊ ပူစပ်ပူလောင် နေ့လယ်ခင်းတွေကို တဝတပြဲ မျိုမျိုချ ပြီး လတ်ဆတ်စိမ်းစိုတဲ့ ပေါ့ပါးပျော်ရွှင်မှုတွေ ပြန်ပြန်အန်ထုတ်ခွင့် ရခဲ့တဲ့ကာလတွေပါပဲ ။ ။


ပါဂျဲရိုးစီးတဲ့ကဗျာ

နောက်ဆုံးပေါ် အဆင်အသွေးနဲ့
ယဉ်ကျေးနေတဲ့ကားထဲမှာ
နင့်ကို တွေ့ပြီးကတည်းက
ငါ့ နှလုံးသား
ရုံးမသွားဘဲ အိုဗာတိုင်ဆင်းခဲ့ရပြီ၊

ပါဂျဲရိုးနဲ့ ငါ
ဘယ်လိုမှ မနီးစပ်တော့လည်း
နင်စီးတဲ့ ပါဂျဲရိုး
တိုးဝှေ့နေတဲ့ ဘတ်စ်ကားထဲကငေး
အဝေးရောက်တဲ့ အထိပေါ့၊

ပါဂျဲရိုးရဲ့ပြတင်း
လတစ်စင်းသာချိန်ကို
ဖူးတွေ့ချင်လို့
မူးမေ့မှာတောင် မကြောက်ဘဲ
အရူးဓလေ့လို
ပြေးလိုက်ဖူးပါရဲ့
ဒါပေမယ့် ဂီယာဆစ်များပြောင်း
အားကောင်းလှတဲ့ ပါဂျဲရိုး
“ နိုး နိုး နိုး ” တဲ့
သရော်သွားလေရဲ့၊

တကယ်တော့
နင်သာ ငါ့ဘေးရောက်ခဲ့ရင်
ပါဂျဲရိုးပေါ်က ချစ်သူ
‘ ၄၅ ’ အလယ်ခုံမှာ
ငယ်ဂုဏ်ညှိုးနေတာ
မမြင်ရက်ပါဘူး
ဒါပေမယ့်
ယှဉ်တွဲကာ အတူရပ်
ကားကျပ်တဲ့အရသာ
ဘဝမှာ ခံစားချင်စိတ်ကလည်း
ဖိမရ
ကဲ...
ဒွိဟတွေနဲ့
မရှင်းတတ်တော့လို့
မိုက်ဇတ်ရိုက်တဲ့ ဒါရိုက်တာ
ပါဂျဲရိုးနဲ့သာ
တိုက်သတ်လိုက်ပါတော့ကွယ်။


ညီလင်းသစ်
၃၀ စက်တင်ဘာ၊ ၂၀၀၈