10 February 2009

Sharm El-Sheikh (1)


ဇန်နဝါရီလရဲ့ နောက်ဆုံးအပတ်ထဲမှာ ကျနော်တို့မိသားစု Sharm El-Sheikh (ရှားမဲလ်ရှိတ်ခ်) ကို သွားလည်ဖြစ်တယ်၊ ဒီမြို့ကလေးက အီဂျစ်နိုင်ငံ၊ ပင်လယ်နီ (Red sea) ရဲ့ကမ်းနဖူးမှာ ရှိပါတယ်၊ စူးအက်တူးမြောင်း (Suez Canal) ရဲ့အောက်ဖက်ကို နဲနဲဆင်းလာရင် ညာဖက်မှာ ရှိတယ်၊ ဒီခရီး စဉ်ဟာ သားကလေးမွေးပြီးမှ သွားတဲ့ ပထမဆုံး လေယာဉ်စီး ခရီးလည်းဖြစ်တယ်၊ သူ့အတွက် ပထမဆုံး ပင်လယ်ခရီးလည်း ဖြစ်ပါတယ်၊

အိမ်ကနေ ဂျနီဗာ (Geneva) မြို့ကို ကားနဲ့ နာရီဝက်၊ ဂျနီဗာကနေ Sharm ကို လေယာဉ်နဲ့ ၃ နာရီ သွားရတယ်၊ လေယာဉ်ခရီး ၃ နာရီဆိုတာ လူကြီးတွေအတွက်တော့ ဘာမှမကြာပါဘူး၊ ဒါပေမယ့် သားအတွက်ကတော့ ၃ ကမ္ဘာလောက် ကြာတယ်လို့ ခံစားရမယ် ထင်တယ်၊ သူ တော်တော် စိတ် ညစ်သွားတယ်၊ သားက အင်မတန် လှုပ်ရှား၊ လေ့လာ၊ သင်ကြားဖို့ ဘယ်တော့မှ အငြိမ်မနေတဲ့ ကလေးစာရင်းထဲမှာပါတယ်၊ လေယာဉ်ထဲကလူသွားလမ်းမှာ တစ်ခါလွှတ်ပေးလိုက်တာ လေယာဉ် မှူးအခန်းနားထိ ပြေးသွားလို့ မနည်းလိုက်ဖမ်းရတယ်၊ နောက်တော့ သူ့ကို လွှတ်မပေးရဲတော့ဘူး၊ ဒီတော့ ဆရာလေးက စိတ်တိုပြီး တဂျီဂျီဖြစ်လာရော...၊ အဲဒါလေးကလွဲရင် လေယာဉ်ခရီးကအ သွားရော အပြန်ပါ အဆင်ပြေပါတယ်၊

ဟိုရောက်တော့ ညနေနဲနဲ စောင်းသွားတာနဲ့ နောက်တစ်နေ့မနက်မှ သူ့ကိုပင်လယ်ဆီ ခေါ်သွား လိုက်တယ်၊ ပင်လယ်နီနဲ့ သားကလေးရဲ့ တွေ့ဆုံခန်းပေါ့၊ သူ့ရဲ့ ဆရာဝန်က ပြောလိုက်တယ်၊ ကလေးက ပင်လယ်လှိုင်းလုံးတွေကို နဲနဲ ကြောက်ကောင်း ကြောက်နိုင်တယ်-တဲ့၊ ဘယ်...ကြောက် ဖို့နေနေသာသာ လက်ထဲက အတင်းတွန်းထိုး ရုန်းကန်ပြီး ပင်လယ်ထဲ ပြေးဆင်းသွားလို့ လိုက်ဖမ်း ရပြန်တယ်၊ ဒါပေမယ့် အဲဒီညနေမှာပဲ သားကလေး ဖျားပြီး ကိုယ်အပူချိန်တွေ တက်လာတယ်၊ အဖျားက ၃၉°C အထိ ဖြစ်လာတာနဲ့ ပါလာတဲ့ Ibuprofen တိုက်လိုက်တယ်၊ နောက်တစ်နေ့မှာ သက်သာပေမယ့် သေချာအောင် ဆရာဝန်သွားပြတော့ အာသီးရောင်တာ ဖြစ်နေတယ်၊ အပူချိန် အပြောင်းအလဲ ကြောင့်ဖြစ်တာပါ-တဲ့၊ ဟုတ်မယ်၊ ကျနော်တို့ ထွက်လာတော့ ဟိုမှာ - ၂ °C ၊ ဒီမှာ က ၂၄ °C ဆိုတော့ အပြောင်းအလဲက နဲနဲမြန်တယ်၊ Antibiotic စ,တိုက်လိုက်တော့ တဖြည်းဖြည်း သက်သာသွားပါတယ်၊

Sharm El-Sheikh ကပြောရရင်တော့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း တစ်ခုပါပဲ၊ ၁၉၈၅ အထိ ကတံငါရွာကလေး အဖြစ်နဲ့ပဲ ရှိသေးတယ်၊ နောက်ပိုင်းမှ Tourist destination အဖြစ်အရမ်းစည် ကားလာခဲ့တယ်၊ စည်ကားရတဲ့ အကြောင်းက သူ့ရဲ့ Aquatic life ကြောင့်ပဲ၊ ဟုတ်ပါတယ်၊ Sharm ရဲ့တဝိုက်မှာ ရှိတဲ့ ပင်လယ်နီထဲမှာ အင်မတန်လှတဲ့ သန္တာကျောက်တန်းတွေနဲ့ ရောင်စုံငါးမျိုးစုံရှိ တယ်၊ ဒါ့ကြောင့်ပဲ ကမ္ဘာအရပ်ရပ်က snorkelling နဲ့ diving သမားတွေ မဖြစ်မနေ လာရတဲ့နေရာ တစ်ခု ဖြစ်လာတယ်၊ ကျနော့်မှာ ပါသွားတဲ့ အပျော်တမ်းသုံး snorkel လေးနဲ့ ငုပ်ကြည့်တော့ ထူး ဆန်းတဲ့ ငါးတွေ တွေ့ရတယ်၊ ဝေးဝေးသွားစရာ မလိုပါဘူး၊ ကမ်းစပ်ကနေ သုံးလေးမီတာ အကွာမှာ တင်ပဲ ငါးတွေအများကြီး ရှိနေပြီ၊ ငါးအဝါ၊ ငါးအစိမ်း၊ ငါးအနီ၊ ငါးအပြာ... အတော့်ကိုစုံတယ်၊ ဒီငါး တွေနဲ့ သန္တာကျောက်တန်းတွေကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (WWF) ကကာကွယ် ထားတယ်၊

အဲဒီမှာ ရေအောက်ကို ကြည့်ဖို့အတွက် အထူးတည်ဆောက်ထားတဲ့ သင်္ဘောတွေ ရှိတယ်၊ အဲဒီ သင်္ဘောတွေမှာ ရေအောက်ခန်းတစ်ထပ်ပါတယ်၊ အဲဒီသင်္ဘောအောက်က တစ်ခန်းလုံးကရေ အောက်ထဲမှာ ရှိပြီးတော့ ဘေးပတ်လည်က မှန်တွေကနေ aquatic life ကိုကြည့်ဖို့လုပ်ထားတယ်၊ ဒါကိုမြင်တော့ ကျနော်က အဲဒီသင်္ဘောကို စီးချင်တယ်၊ ဒါပေမယ့် မအိမ်သူက မစီးရဲဘူး၊ သူက နဲနဲ claustrophobic ဖြစ်တယ်၊ မှောင်ပိတ်နေတဲ့အခန်း၊ ဓါတ်လှေခါးလို ကျဉ်းကျပ်တဲ့အခန်း၊ မွန်းကျပ် ပိတ်ဆို့တဲ့ ခံစားမှုမျိုးကို ကြောက်တဲ့ စိတ်အခံပေါ့လေ၊ တစ်ယောက်ထဲ သွားစီးပါ-တဲ့၊ ဒီလိုတော့ လည်းကျနော်က မစီးချင်ပြန်ဘူး၊ အဲဒီလိုနဲ့ ရှိနေတုန်း နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်နည်းကို သွား တွေ့တယ်၊ အဲဒါက မှန်ကြမ်းပြင်နဲ့ သင်္ဘောပဲ၊ အဲဒီ သင်္ဘောကလည်း စောစောကဟာတွေလိုပဲ ရေ အောက်ကြည့်ဖို့အတွက်၊ ဒါပေမယ့် သူက ရိုးရိုးသင်္ဘောမှာ မှန်ကြမ်းပြင်တပ်ထားရုံ သက်သက်ပဲဆို တော့ ကျဉ်းကျပ်တာမျိုး မခံစားရတော့ဘူး ပေါ့လေ၊ အဲဒါကိုပဲ စီးဖြစ်သွားတယ်၊ တကယ်တော့ ကျနော်က အီဂျစ်အထိလာပြီး ငါးတွေကြည့်မယ့်အစား ပစ်ရမစ်တွေ၊ ဖာရောဘုရင်တွေကို ပိုပြီး ကြည့်ချင်တာပါ၊ ဒါပေမယ့် ကျနော်တို့နဲ့အတူပါတဲ့ ၁ နှစ်နဲ့ ၅ လအရွယ် ကလေးတစ်ယောက်က ဒါတွေကို ဘယ်စိတ်ဝင်စားမှာလဲ၊ နေပူပူ ဖုန်ထူထူမှာ သူ့အတွက် စိတ်ညစ်စရာတွေ ချည်းဖြစ်နေ မှာ အသေအချာပေါ့၊ ဒီတော့လည်း လောလောဆယ်တော့ ရသေ့စိတ်ဖြေပေါ့လေ၊ See you later Kings Pharaoh...!

Sharm El-Sheikh မှာရှိတဲ့ ဟိုတယ်တိုင်းမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားသလို လမ်း တွေပေါ်မှာလည်း ရဲတွေ နေရာတကာမှာ ရှိတယ်၊ သူတို့မှာ terrorist attack အတွက် အမြဲအသင့် ပြင်ထားရတယ်၊ ၂၀၀၅ ခုနှစ်က ဒီမှာ ၇ နေရာဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်၊ ချိန်ကိုက်ဗုံး တွေနဲ့ အသေခံ ဗုံးခွဲသမားတစ်ယောက်...၊ ဒီလူက tourist တွေနဲ့ စည်ကားနေတဲ့ အချိန်မှာ ဟိုတယ် တစ်ခုထဲကို ကားနဲ့တရကြမ်း မောင်းဝင်လာခဲ့တယ်၊ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့် တင်ထားတဲ့ကားက အပြင်းထန်ဆုံး မြည်ဟည်းပေါက်ကွဲသွားတယ်၊ လူတွေအများကြီး သေကြေခဲ့ ကြတယ်၊ အစ္စလာမ်အစွန်းရောက်အဖွဲ့ရဲ့လက်ချက်လို့ကြေညာချက် ထုတ်တယ်၊ ဒီလို ခြိမ်းခြောက် မှုတွေက အမြဲရှိနေတော့ လုံခြုံရေးဟာ သူတို့အတွက် နံပါတ်တစ် ဦးစားပေး ဖြစ်နေခဲ့ရတယ်၊

Sharm El-Sheikh ကိုလာကြတဲ့ သူတွေထဲမှာ အများဆုံးက ရုရှားလူမျိုးတွေပါ၊ တစ်နှစ်ပတ်လုံး လာကြတယ်၊ ကျနော်တို့ သွားတဲ့အချိန်က ဧည့်သည်ရာသီ မဟုတ်တာတောင် နေရာတိုင်းလိုလို တွေ့ရတယ်၊ ဘယ်လောက်လာသလဲဆို စားသောက်ဆိုင်တွေမှာ menu ကဒ်ကို ရုရှန်ဘာသာနဲ့ သီးခြားထားပေးရတဲ့ အထိပါပဲ၊ ဒုတိယ အလာဆုံးက အီတာလျန် လူမျိုးတွေပါ၊ သူတို့လည်း တော် တော်များကြတယ်၊ အဲဒီမှာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေက ကိုင်ရိုမြို့တော်က လာကြတဲ့ အီဂျစ် လူမျိုးတွေပါ၊ အာရပ်စကား ပြောကြတယ်၊ ထူးခြားတာက ဝန်ထမ်းအားလုံးက ယောက်ျားတွေ ချည်းပဲ၊ မိန်းမတွေက အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ ကလေးတွေနဲ့ နေခဲ့ကြတယ်၊ ဧည့်ကြိုက အစ, အခန်းသန့်ရှင်းရေးအထိ ယောက်ျားတွေပဲ လုပ်ကြတယ်၊ ရုရှန်နဲ့ အီတာလျန်တွေကြောင့် သူတို့တော်တော်များများ အဲဒီစကားတွေကို ပြောတတ်ကြတယ်၊ ပြင်သစ်စကား တတ်တဲ့သူတော့ တော်တော်ရှားတယ်၊ အင်္ဂလိပ်စကားလည်း အတန်အသင့်ပါပဲ၊

မြန်မာပြည်က ထွက်ကတည်းက မတွေ့ရတော့တဲ့ စက္ကူပန်းကို အဲဒီမှာမှ ပြန်တွေ့ရတယ်၊ ခေါင်ရန်း ပန်းတွေလည်း အများကြီးပဲ၊ အီဂျစ်က ဒေသစာထဲမှာ ခေါင်ရန်းပန်း ဖျော်ရည်လည်း ပါတယ်၊ တော် တော်လေး သောက်လို့ကောင်းတယ်၊ ခေါင်ရန်းပန်းကို အခြောက်လှန်း၊ အဲဒီပန်းခြောက်ကို ရေနွေး ဆူဆူနဲ့ လက်ဖက်ခြောက်နှပ်သလိုနှပ်ထား၊ သကြားထည့်၊ ရေခဲသေတ္တာထဲမှာ အေးနေအောင်ထား ပြီးသောက်ရုံပါပဲ၊ သွေးတိုးအတွက် ကောင်းတယ်လို့လည်း ပြောကြတာပဲ၊ ဒေသအခေါ်ကတော့ အာရပ်ဘာသာနဲ့ Karkade လို့ခေါ်ပါတယ်၊ နောက်ထပ်ဒေသစာ တစ်ခုက Balilah လို့ခေါ်တဲ့ corn flakes လိုဟာမျိုး၊ ဆန်ပေါက်ပေါက်တွေကို ပျားရည်၊ နို့၊ သကြား စတာတွေနဲ့ စားရတဲ့ အချိုစာပါ၊ သိပ်တော့ မဆန်းပါဘူး၊ ကျနော်ကြိုက်တာကတော့ Foul လို့ခေါ်တဲ့ ပဲကြီးဟင်း၊ အရည်နဲ့ ခပ်ပျစ် ပျစ်ပြုတ်ထားတဲ့ ပဲကြီးကို မဆလာ၊ ငရုတ်သီးမှုန့်၊ ဆား၊ စတာတွေထည့်ပြီး သံပုရာရည်နဲ့ ညှစ်စား ရတယ်၊ ဗယာကြော်သုပ် အရသာနဲ့ အတော်ဆင်တယ်၊ တခုတ်တရ ဖွဲ့နွဲ့ရလောက်အောင် မကောင်းပေမယ့် အချဉ်အစပ်ကြိုက်တဲ့ ကျနော့်အတွက်တော့ အတော်ပါပဲ၊ ပင်လယ်နီရဲ့ ကမ်းစပ် မှာ အီဂျစ်ရိုးရာ Foul ပဲကြီးဟင်းကို တစိမ့်စိမ့်စားရင်း ပန်းဆိုးတန်းလမ်းပေါ်က ဗယာကြော်သုပ် တွေကို ကျနော်သတိရနေခဲ့တယ်။ ။


(ဓါတ်ပုံတွေကိုတော့ အပိုင်း ၂ မှာ တင်ပေးပါ့မယ်)

05 February 2009

ယူကလစ်ပင်အို၊ ခေါင်းလောင်းသံချိုနှင့် သီဆိုချင်သောကျောင်းနေ့ရက်များ


သူတက်ခဲ့ရသော အထက်တန်းကျောင်း၏ ဝင်းတံခါးပေါက်မှာ ယူကလစ်ပင်ကြီး တစ်ပင်ရှိသည်၊ နှစ်ပေါင်းများစွာကတည်းက တကိုယ်တည်း အထီးကျန်စွာ ဖြတ်သန်းလာခဲ့သော အပင်ကြီးဖြစ်ပြီး နေ့စဉ်ကျောင်းတက်လာသော ကျောင်းသားအားလုံးက သည်အပင်ကြီးအောက်မှ ဖြတ်သွားကြရ သည်၊ တခါတရံ လေညှင်းက ကျောင်းဝင်းထဲမှာ ယူကလစ်နံ့တွေနဲ့ ထုံသင်းမွှေးရီ နေလေ့ရှိပါ သည်၊ တစ်ထောင့်တစ်ည ပုံပြင်တွေထက် များလှတဲ့ ဘဝမျိုးစုံက ဒီအပင်ကြီးရဲ့အောက်မှာ စီး ဆင်းသွားခဲ့ ကြသည်၊ တချို့တွေက ပင်လယ်ထိရောက်အောင် စီးသွားနိုင်ကြပေမယ့် တချို့က တော့ လမ်းမှာတင်ပဲ ရပ်တန့်ပြီး မြစ်ကျိုးအင်းတွေ ဖြစ်သွားကြသည်၊ သောင်ထွန်းပြီး လမ်းကြောင်း လွဲခဲ့ရတဲ့ ဘဝတွေလည်း အများကြီး ရှိမှာပါပဲ၊ ယူကလစ်ပင်ကြီးကတော့ ကြည်ကြည်လင်လင်နဲ့ ရှက်ရွံ့သိမ်မွေ့စွာ စီးဆင်းတတ်တဲ့ စမ်းချောင်းလေးတွေ ကိုတွေ့ဖူးသလို နောက်ကျိမည်းညစ်ပြီး တဝေါဝေါ အော်မြည်စီးဆင်းတတ်တဲ့ တောင်ကျချောင်းတွေကိုလည်း ငေးမောခဲ့ဖူးသူ ဖြစ်သည်၊

မြူခိုးဝေသီတဲ့ ဆောင်းရဲ့နံနက်ခင်းတွေမှာ ငြိမ်းအေးစွာ တကိုယ်တည်းရပ်နေတဲ့ ဒီအပင်ကြီးရဲ့ အောက် သူ့ရင်ခုန်သံတွေက ခေါင်းလောင်းသံတွေနဲ့ အပြိုင် ဆူညံနေခဲ့ဖူးသည်၊ ရွှေအိုရောင် အလင်းစက်တွေ လူးပေစွန်းထင်းနေတဲ့ ညနေခင်းတချို့မှာလည်း ဒီအပင်ကြီးရဲ့အောက်မှာပဲ သူ့ရဲ့ အလွမ်းတွေ ဖိတ်စဉ်ကျခဲ့ဖူးပါသည်၊ အိပ်စက်ပစ်ရမှာ နှမြောစရာ ကောင်းလှတဲ့ ညချမ်းတချို့ကို အကျရည် ခပ်များများနဲ့ ရောသောက်ပစ်ဖို့ ကျောင်းရှေ့က ကဖေးဆိုင်လေးကို သူလာထိုင်လေ့ ရှိ သည်၊ အဲဒီလို အခါတွေမှာ လင်းပအေးမြတဲ့ လရောင်ရဲ့အောက်မှာ ယူကလစ်ပင်ကြီးက အော်ပရာ တစ်ပုဒ်ကို ကျူးရင့်နေတတ်သည်၊ သူ တစ်ဦးတည်းနားဆင်ဖို့ ချစ်ခြင်းဖွဲ့ အော်ပရာ ဖြစ်ပါသည်၊

တခါမှာတော့ ယူကလစ်ပင်ကြီးနဲ့ ပတ်သက်တဲ့ ခံစားမှုကို သူငယ်ချင်းတစ်ယောက်နဲ့ သူမျှဝေဖူး သည်၊ သူပြောတာဆုံးသွားတဲ့အခါသူငယ်ချင်းက ဘီစီ ၃၀၀ ဝန်းကျင်က မီးအိမ်ရှင်ကြီးဒိုင်အိုဂျီးနိစ် ကိုကြည့်တဲ့ ဂရိတွေ၏ အကြည့်မျိုးနှင့် သူ့အားကြည့်သည်၊ ပြီးတော့မှ ‘ မင်းဟာလေ... အတော့်ကို ကြောင်တဲ့ကောင်ပဲ၊ ဒီလိုဘာမဟုတ်တဲ့ သစ်ပင်ကိုများ ခံစားချက်တွေဘာတွေ လုပ်နေသေးတယ် ’ လို့တော့ မပြောပါဘူး၊ ဘာမှလည်း ထပ်မမေးခဲ့၊ သူကလည်း ဘာမှ ဆက်မပြောခဲ့၊ ဘာမှလည်း ဆက်မဖြစ်ခဲ့၊ ဘာမှမဟုတ်ခြင်းတွေနဲ့ပဲ ပြည့်နေသော လောကမှာ အဲဒီဘာမှ မဟုတ်ခဲ့တာလေးက လည်း တခြားဘာမှ မဟုတ်တာတွေလိုပဲ ဘာမှမဟုတ်ခဲ့ပါဘူး၊ ဒါပေမယ့် သူတခုတ်တရ ရက်ထုတ် ခဲ့ချင်တဲ့ ဘဝရက်ထည်တွေထဲမှာ ဒီယူကလစ်ပင်ကြီး ပါဝင်တာတော့ သေချာပါသည်၊ သူနှစ်ခါပြန် မက်ချင်တဲ့ အိပ်မက်တွေအကြောင်း ဒီအပင်ကြီးက သိထားလို့ပါပဲ၊

ယူကလစ်ပင်ကြီး၏ အနောက်ဖက်မှာတော့ ကျောင်းကလေးရှိသည်၊ ‘ အထက ၂ မရမ်းကုန်း ’ ဟူ သော အမည်နာမတစ်ခုကို ပိုင်ဆိုင်သည့် ကျောင်းကလေးသည် ခပ်ကျဉ်းကျဉ်းကလေးသာ ဖြစ် သည်၊ သူ့အနေဖြင့် သူ့ကျောင်းသားတွေကို တပေါင်းတစည်းတည်း၊ တချိန်တည်း ကျောင်းတက် ခွင့်ပင် မပေးနိုင်ရှာ...၊ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေက မနက်ပိုင်းမှာ တက်ရပြီး ငါးတန်းမှ ခုနှစ်တန်းအထိက ညနေပိုင်းမှာ တက်ရသည်၊ သူ ငါးတန်းကျောင်းသားအဖြစ် ရောက်လာတော့ ကျောင်းကလေးကို မဝံ့မရဲနှင့်အကဲခတ်မိသည်၊ ကျောင်းကလေးက တမနက်ခင်း လုံး လှုပ်လှုပ်ရှားရှားဖြင့် ရှိခဲ့သောကြောင့် သူကျောင်းတက်ရမည့် နေ့လည်ခင်းအချိန်မှာ ချွေး ကလေး တစို့စို့ ဖြစ်နေလေပြီ၊ ဂုဏ်ဒြပ်မပါသော ရိုးသားခြင်းအပြည့်ဖြင့် ကျောင်းကလေးက သူ့ကိုဆီးကြို နေရာပေးခဲ့ပါသည်၊ ကျောင်းကလေး၏ ပွင့်လင်းဖော်ရွေသော ဆက်ဆံရေးကြောင့် သိပ်မကြာခင်မှာပဲ သူလည်း ကျောင်းကလေးထဲက ကျောင်းသားတစ်ယောက် ဖြစ်သွားခဲ့တော့ သည်၊

သူကျောင်းရောက်ပြီး သိပ်မကြာခင် သတိပြုမိတာက ခေါင်းလောင်းသံဖြစ်သည်၊ ခေါင်းလောင်းသံ က ကလင်ကလင် မြည်သောလျှပ်စစ်ဘဲလ်သံ မဟုတ်သလို ဂလောင်ဂလောင် မြည်သော လက်ထိုးခေါင်းလောင်းသံ လည်းမဟုတ်၊ ဒေါင် ဒေါင် ဒေါင် ဟုတစ်ချက်ချင်း မြည်သောအသံ ဖြစ်သည်၊ သူ စိတ်ဝင်စားသွားပြီး လိုက်ရှာကြည့်တော့ မထင်မှတ်ထားတာ သွားတွေ့သည်၊ ကုန်တင်ကားဘီးတစ်ခု၏ သံခွေကို ကျောင်းဝရန်တာ ထုတ်တန်းမှာချိတ်ပြီး ကျောင်းသားတစ် ယောက်က သံချောင်းတိုတစ်ခုဖြင့် တီးသော ခေါင်းလောင်းဖြစ်သည်၊ ကျောင်းတက်ကျောင်းဆင်း ဖြစ်စေ အချိန်ပြောင်းခေါင်းလောင်း ဖြစ်စေ တီးတိုင်း သူ့မျက်စိထဲ ကင်းတဲသံချောင်းကိုပဲ မြင်ယောင်မိပြီး ရယ်ချင်နေခဲ့သည်၊ ကျောင်းမှာ လျှပ်စစ်ခေါင်းလောင်း မရှိတာတော့လည်း မဟုတ်၊ တခါမှာ လျှပ်စစ်ခေါင်းလောင်းသံကို ထူးထူးဆန်းဆန်း သူကြားရဖူးသည်၊ သို့သော် အဲဒါကလည်း တစ်ပတ်လားပဲ ခံပြီး ပျောက်သွားသည်၊ နောက်တော့လည်း ကြားနေကျ ကားသံခွေ တဒေါင် ဒေါင်ပဲ ပြန်ဖြစ်ခဲ့သည်၊ သူတက်ခဲ့ရာ မူလတန်းကျောင်းကလေး မှာပင် လျှပ်စစ်ခေါင်းလောင်း ရှိပါလျက် ဒီအထက်တန်းကျောင်းမှာ ဘာ့ကြောင့် လျှပ်စစ်ခေါင်းလောင်း မသုံးသလဲဟု သူ နားမလည် နိုင်ခဲ့ချေ၊ နောက်တော့လည်း သံချောင်းခေါက်သံသည် သူ့ နားထဲမှာ ချိုသွားတော့ သည်၊

စင်စစ် ကျောင်းကလေးက သူ့ကျောင်းသားတွေလိုပဲ မရှိမရှားထဲကဖြစ်သည်၊ သူ့မှာ မုန့်ဆိုင်တန်း ကလေးက ၆ ဆိုင်လား ၇ ဆိုင်လားပဲရှိသည်၊ စာသင်ခန်းတွေထဲမှာ များသောအားဖြင့် သောက်ရေ အိုးမရှိ၊ အမိုးလေး တစ်ခုအောက်မှာ ရေဘုံဘိုင် ၅ ခုစီကို ၂ တန်းဆောက်ထားပြီး ကျောင်းသား ကျောင်းသူအားလုံးက အဲဒီမှာပဲ သောက်ကြသည်၊ အဲဒီဘုံဘိုင်တွေဘေးမှာ အုတ်ကန်ကြီးရှိသည်၊ တခါမှာ အဲဒီအုတ်ကန်ကြီးထဲ ဖားပြုတ်အကြီးကြီးတစ်ကောင် သေနေတာ သူတွေ့သွားပြီး တစ်ပတ် လောက် ရေသွားမသောက်တော့၊ နောက်တော့လည်း ခြောက်သွေ့လာသော လည်ချောင်းက ဖား ပြုတ်ကို မေ့သွားစေခဲ့သည်၊

ကျောင်းကလေးမှာ သစ်ပင်ဆိုလို့ ကျောင်းရှေ့က ယူကလစ်ပင်နှင့် ကျောင်းလယ်မှ ဗာဒံပင် နှစ်ပင် ပဲရှိသည်၊ စာသင်ဆောင်ဆိုလို့ ၃ ဆောင်ပဲ ရှိတဲ့ကျောင်းကလေး၊ သူ့ကျောင်းသားတွေအတွက် ဘော်လုံးကွင်းမပြောနဲ့ ဘော်လီဘောကွင်း တစ်ကွင်းတောင် မဖြည့်ဆည်းပေးနိုင်ရှာတဲ့ ကျောင်းက လေး၊ ရန်ကုန်-အင်းစိန် ကားလမ်းမကြီးပေါ်ကို ကျောင်းတက် ကျောင်းဆင်းချိန်တိုင်း သူ့ကျောင်း သားတွေကို သွန်,သွန်ချတတ်လို့ ကားသမားတွေရဲ့ ငြိုငြင်ခြင်း ခံရတဲ့ ကျောင်းကလေး၊ မငြိမ်မ သက်ကာလတွေမှာ မကြာခဏ စောင့်ကြည့်ခြင်း ခံရတဲ့ ကျောင်းကလေး၊ ရှားရှားပါးပါး ပန်းချီနည်း ပြ ဆရာလေးတစ်ယောက် ရှိပေမယ့် အဲဒီဆရာလေးက အချိန်မတိုင်မီ ခွဲခွာသွားလို့ ပူဆွေး ကျန်ရစ်ခဲ့ရတဲ့ ကျောင်းကလေး...၊ ကျောင်းကလေးက အဲဒီလို ဝမ်းနည်းရိပ်လွှမ်းတဲ့ နာမဝိသေသ နတွေ အများကြီး ပိုင်ဆိုင်ပါသည်၊

ဒါပေမယ့် ကျောင်းကလေးမှာ ဂုဏ်ယူစရာတွေလည်း ရှိသည်၊ နဖူးမှာ မှဲ့တစ်လုံးပါတဲ့ မြန်မာစာပြ ဆရာမကြီးအတွက် သူကဂုဏ်ယူသည်၊ ဆရာမကြီးက စာသင်ကောင်းသည်၊ အရိုက်ကြမ်းကြမ်း ဆရာ နှစ်ယောက်သုံးယောက်ကြောင့် ခပ်ဆိုးဆိုး ကျောင်းသားတွေကို ထိန်းနိုင်ခြင်းအပေါ် ဂုဏ်ယူ သည်၊ ထူးချွန်ထက်မြက်သော သူ့ကျောင်းသားတွေအတွက် ဂုဏ်ယူသည်၊ တိုင်းအဆင့်ထိ နာမည် ရှိခဲ့တဲ့ ဘင်ခရာတပ်ဖွဲ့အတွက် ဂုဏ်ယူသည်၊ အထက်တန်း ကျောင်းကြီးတစ်ကျောင်းရဲ့ ရုပ်ပိုင်း ဆိုင်ရာ အင်္ဂါရပ်တွေနဲ့ မပြည့်စုံပေမယ့် ကျောင်းကလေးက သူ့ကျောင်းသားတွေအတွက် နွေးထွေး ပါသည်၊ ကျောင်းကလေးက ဘဝပင်လယ်ကို ထွက်ကြမည့် သူ့ရင်သွေးတွေအတွက် တည် ဆောက်ပြင်ဆင်ရာ သင်္ဘောကျင်းတစ်ခု ဖြစ်သည်၊ ရက်စက်ကောက်ကျစ်သော သတ်ကွင်းတွေထဲ မတိုးမီ ချပ်ဝတ်ဆင်ယင်ရာ ရဲတိုက်ဖြစ်သည်၊ ခြောက်သွေ့ကြမ်းတမ်းသော ကန္တာရကို မလျှောက်မီ ရိက္ခာဖြည့်တင်းရာ အိုအေစစ်ကလေး ဖြစ်သည်၊

အခုပြန်ကြည့်တော့ နှစ်ပေါင်း ၁၇ နှစ်တောင် ကြာခဲ့လေပြီ၊ ကျောင်းကလေးမှ အဝေးကြီးကို သူ ရွက်လွှင့်မောင်းနှင်ခဲ့ပါပကော၊ ဒီကျောင်းကလေးမှာ တက်ခဲ့ရခြင်းအတွက် သူဂုဏ်ယူပါသည်၊ အခု ဆိုရင် ကျောင်းကလေးက ဘယ်လိုပုံစံ ရှိနေမည်လဲ၊ ၁၇ နှစ်ဆိုသော အချိန်အတိုင်းအတာသည် ဇရာ၏ စုပ်ယူဝါးမြိုခြင်းကို ခံရဖို့ ကောင်းကောင်းလုံလောက်သည်၊ ကျောင်းကလေး ညှိုးချုံးရင့်ရော် နေလေမလား၊ သူ့မျက်စိထဲမှာတော့ ကျောင်းကလေးက အဖြူအစိမ်းလှိုင်းလုံးတွေကြားမှာ မီးခိုးတလူလူဖြင့် ခုတ်မောင်းနေသော ပင်လယ်ကူးသင်္ဘော တစ်စီးနှယ်၊ အဲဒီလှိုင်းလုံးတွေ ကြားမှာ အမြဲရှိနေမည့် သင်္ဘော၊ လှိုင်းအဟောင်းတို့ ဖြတ်သန်းတွန်းတိုက်သွားပြီး လှိုင်းအသစ်တို့၏ ထိတွေ့ ကျီစယ်မှုကို ခံယူနေဦးမည့် သင်္ဘော၊ ယူကလစ်ပင်ကြီးကကော...၊ သူကလည်း အဲဒီ သင်္ဘောဦးမှာ တလူလူလွင့်နေမည့် အလံတစ်ခုနှယ် လတ်ဆတ်မွှေးပျံ့လျက် သက္ကရာဇ်တွေကို ရင်ကော့ဖြတ် သန်းနေမှာ မြင်ယောင်မိသည်၊ သူ လွမ်းနေမိလေသည်။ ။


ညီလင်းသစ်
၅ ဖေဖော်ဝါရီ၊ ၂၀၀၉

22 January 2009

ခရီးထွက်ရန်ရှိသည်။


မနက်ဖြန်မှာ ကျနော်အရှေ့အလယ်ပိုင်းဒေသကို တစ်ပတ်ကြာ ခရီးသွားဖို့ရှိပါတယ်၊ ဒီအတောအတွင်းမှာ ပို့စ် အသစ်တင်ဖြစ်ဦးမှာ မဟုတ်သေးပါဘူး၊

ဒီတစ်ပတ်ထဲမှာ ရေးစရာတွေတန်းစီ ပေါ်လာပေမယ့် ခရီးမသွားခင် အလုပ်တချို့ကို အပြတ်ဖြတ်ချင်တာနဲ့ပို့စ် လေးတွေက ခေါင်းထဲကနေ ထွက်လာခွင့် မရခဲ့ကြရှာဘူး၊ ပြန်လာတဲ့အခါကျရင် သူတို့လေးတွေ အပြင်ရောက် လာအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပါပဲခင်ဗျာ၊

အားလုံးပဲ ငြိမ်းချမ်းပျော်ရွှင်ပါစေ...။ ။


ညီလင်းသစ်
၂၂ ဇန်နဝါရီ၊ ၂၀၀၉

17 January 2009

သားကလေး, Johanna နှင့် baby-sitting


ပြီးခဲ့တဲ့ စနေနေ့က သားကလေးရဲ့ဘဝမှာ ပထမဦးဆုံးအကြိမ် baby-sitting ဆိုတာကို မြည်းစမ်းခွင့်ရတယ်၊ အခု ၁၆ လသားအရွယ်အထိ သားက အဖေ၊အမေကလွဲရင် အဖွားတို့အဒေါ်တို့နဲ့ပဲ နေဖူးသေးတယ်၊ ကျနော်တို့ အလုပ်သွားတဲ့အချိန် တစ်ပတ်မှာ ၂ ရက် အမေဖက်က အဖွားက ထိန်းပေးတယ်၊ အဖွားကိုတော့သူ ကောင်း ကောင်းသိနေပြီ၊ သူ့ကို အဖွားအိမ်မှာ ထားခဲ့ရင် ပျော်ပျော်ရွှင်ရွှင်ပဲ နေခဲ့တယ်၊

အခု baby-sitting ကတော့ သူ့အတွက် မိသားစုဝင် မဟုတ်တဲ့သူတစ်ယောက်နဲ့ ပထမဦးဆုံးအကြိမ် နေရခြင်း ပါပဲ၊ ဒါပေမယ့် လာထိန်းပေးတဲ့ ကောင်မလေးက တခြားသူစိမ်းတော့ မဟုတ်ပါဘူး၊ ကျနော်တို့မိတ်ဆွေ လင်မယားရဲ့ သမီးလေးပါ၊ Johanna လို့ခေါ်တယ်၊ သူက သားကလေးကို သိပ်ချစ်တယ်၊ တစ်ရက်သူတို့အိမ် အလည်သွားကြရင်းနဲ့ မအိမ်သူက Johanna ကို ကလေးထိန်းပေးချင်လားလို့ ကျီစယ်ရင်းမေးလိုက်တယ်၊ Johanna ကပျော်သွားပြီး ချက်ချင်းပဲ ထိန်းပေးမယ်လို့ ပြန်ဖြေတယ်၊ ပြီးတော့ သူ့အမေကို လှမ်းကြည့်တော့ သူ့ အမေကလည်း သဘောတူတယ်လို့ လှမ်းပြောတယ်၊

အခုလို Johanna က သားကလေးကို ထိန်းပေးမယ်ဆိုတော့ ကျနော်တို့လည်း အပြင်သွားပြီး တခြားလုပ်စရာ တွေလုပ်လို့ရတယ်၊ သူ့အတွက်လည်း သားကလေးနဲ့ ကစားခွင့်ရမယ်၊ နေ့စဉ်ဘဝကနေ တမျိုးတဖုံ အပြောင်း အလဲဖြစ်မယ်၊ ပြီးတော့ သူ့ကိုယ်ပိုင်လုပ်အားခနဲ့ မုန့်ဖိုးရှာခွင့်ရမယ်လေ၊ တကယ်တော့ Johanna တို့မိသားစုက ချောင်ချောင်လည်လည်ထဲကပါ၊ သူ့မိဘတွေက ကလေးထိန်းလို့ ရမယ့်မုန့်ဖိုးလောက်ကို ကောင်းကောင်းပေး နိုင်ပါတယ်၊ ဒါပေမယ့် အခုလိုဆိုတော့ Johanna အတွက် သူကိုယ်တိုင်ရှာရတဲ့အခါ ငွေရဲ့တန်ဖိုးကို ပိုသိမယ်၊ ကျနော်တို့အတွက်လည်း ကူဖော်လောင်ဖက် ဖြစ်စေတယ်၊ သူ့မိဘတွေကလည်း ကျနော်တို့ကို ကူညီနိုင်လို့ ဝမ်းသာမယ်၊ သုံးဦး သုံးဖလှယ်အကျိုးရှိတဲ့ ကိစ္စပါပဲ၊

ရယ်စရာကောင်းတာ တခုက Johanna ဟာသားအတွက် ပထမဦးဆုံး မိသားစု ပြင်ပကလာတဲ့ ကလေးထိန်း ဖြစ်သလို သားဟာလည်း Johanna အတွက် ပထမဦးဆုံး မိသားစုပြင်ပမှာထိန်းရတဲ့ ကလေးပါ၊ ဒါပေမယ့် အားလုံး ချောချောမောမောပါပဲ၊ ကလေးအများစုရဲ့ ထုံးစံအတိုင်း သားကလေးဟာလည်း Johanna ကိုအကဲ ခတ်ရင်း သူကျွေးတဲ့ ထမင်းကိုစားလိုက်၊ သူသိပ်တဲ့အခါ အိပ်လိုက်၊ နိုးလာတော့ သူနဲ့ကစားလိုက်နဲ့...၊ ၁၂ နှစ် ဆိုတဲ့အရွယ်နဲ့ မလိုက်အောင်ပဲ Johanna က သားကလေးကို ပျော်ရွှင်အောင် ထားရင်း ထိန်းသွားခဲ့ပါတယ်။ ။


IMG_2029a


Le fiston, Johanna et baby-sitting

Notre fiston a connu ce que c’est un baby-sitting (la garderie) le samedi dernier. Jusqu’à maintenant, à l’âge de 16 mois, il n’avait l’habitude de rester qu’avec sa grand-mère et sa tante en nos absences. Pendant la semaine où on travaille, il passe 2 jours avec sa grand-mère maternelle qu’il connaît bien. On peut bien le laisser chez elle sans le moindre souci. Il y est content.

Le baby-sitting qu’il a connu maintenant, c’est pour la première fois avec quelqu’un en dehors de la famille. Mais, la baby-sitter n’est personne d’autre que la fille du couple d’amis à nous : Johanna. Elle aime bien notre fiston. Un jour, on leur a rendu visite chez eux et mon épouse a demandé à Johanna si elle voulait garder Alexy pour une fois. Et là...Johanna a tout de suite répondu ‘ oui ’ d’un air très joyeux et tout en regardant sa maman. Sachant bien ce que sa fille voulait demander, la maman a donné son feu vert avec un grand sourire.

Ainsi, on pourrait aller dehors et faire ce qu’on a à faire. Pour Johanna, elle pourrait jouer avec Alexy et ça serait un petit changement dans la vie quotidienne. De plus, elle pourra avoir l’argent de poche, gagné de son propre effort. En fait, la famille de Johanna ne semble pas faire partie des gens qui ont la difficulté financière et certes, ses parents ont les moyens de lui offrir l’équivalent de l’argent de poche gagné par baby-sitting. Néanmoins, si elle est payée pour ce qu’elle a réellement fait, elle comprendra mieux la valeur du travail et de la récompense. Pour nous, ça serait un petit service non-négligeable. Quant à ses parents, ils seraient contents pour nous et fiers de leur fille. Que du bonheur pour tout le monde !

Ce qui est un peu drôle, c’est que pour notre fiston, Johanna est la première baby-sitter en dehors de la famille et vice versa, pour Johanna, Alexy est le premier enfant à garder en dehors de la famille. Mais, tout s’est très bien déroulé. Comme la majorité des enfants, notre fils a mangé ce que Johanna lui avait donné, s’est couché quand elle l’a mis au lit et a joué avec elle lors du réveil tout en observant et se posant des questions sur la personnalité de cette mignonne demoiselle qui était devant lui. Malgré ses 12 ans, Johanna a fait un travail remarquable dans la joie et la bonne humeur pour garder notre fiston unique bien aimé.


IMG_2024a



ညီလင်းသစ်
၁၇ ဇန်နဝါရီ၊ ၂၀၀၉

16 January 2009

Snow...


Snow (1)
IMG_2013a
Canon EOS 450d, 18 mm, f/13, 1/400, ISO 200


Snow (2)
IMG_2014a
Canon EOS 450d, 28 mm, f/11, 1/200, ISO 200


Snow (3)
IMG_2017a
Canon EOS 450d, 63 mm, f/10, 1/250, ISO 200


Snow (4)
IMG_2015a
Canon EOS 450d, 35 mm, f/13, 1/250, ISO 200

13 January 2009

ကျနော့်အနားက ကမ္ဘာ့စီးပွားပျက်ကပ်

ဒီနေ့အလုပ်မှာ Elena ဆိုတဲ့အမျိုးသမီးကြီးနဲ့ တွေ့တော့သူမျက်နှာမကောင်းတာ သတိထားမိတယ်၊ ဒါနဲ့မေးကြည့် တော့မနေ့က သူ့ယောက်ျားအလုပ် ပြုတ်သွားလို့တဲ့၊ မနက်ပိုင်း လုပ်နေကျ ဝန်ထမ်းအစည်းအဝေး မှာဆုံးဖြတ်ပြီး တခါတည်း ထုတ်လိုက်တာပါပဲ၊ သူ့ယောက်ျားက Karcher ဆိုတဲ့ high pressure သုံးရေပိုက်တွေ ထုတ်တဲ့ကုမ္ပဏီမှာ လုပ်နေခဲ့တာ ၁၀ နှစ်ကျော်လောက် ရှိနေပြီ၊ အခုတော့ ၃ လအ တွက်လစာနဲ့အတူ ခွင့် ၇ ပတ်ပေးလိုက်တယ်၊ အဲဒါပြီးရင်တော့ ပြန်လာစရာ မလိုတော့ဘူးတဲ့၊ မနှစ်ကတည်းက စ,လိုက်တဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ဝန်ထမ်းတွေ လျှော့ချတဲ့သတင်းတွေကို နေရာတိုင်းမှာ ကြားနေရတယ်၊ အခု Elena ရဲ့ယောက်ျားက အကြီးအကျယ်စိတ်တွေတိုပြီး တပြိုင်တည်းမှာ စိတ်ဓါတ်တွေကျ နေတယ်-တဲ့၊ သူ့အသက်က ၅၉ နှစ်ရှိပြီမို့ နောက်အလုပ်တစ်ခုကို လွယ်လွယ်နဲ့တွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး၊ ဆွစ်ဇာလန်မှာ လုပ်သက်ပင်စင်က ၆၅ နှစ်ဆိုတော့ သူ့ကို တော်ရုံလူက ဘယ်ခန့်တော့မှာလဲ၊ အလုပ်လက်မဲ့ တွေကူညီစောင့်ရှောက်ရေး ရုံးမှာစာရင်းသွားသွင်းရင် တစ်နှစ်စာလောက်တော့ လစာရနိုင်ပါတယ်၊ ဒါပေမယ့် အဲဒါပြီးရင်တော့ ပြီးပြီဆိုတော့ သူစိတ်ဓါတ်ကျမယ်ဆိုလည်း ကျစရာပါပဲ၊

ကျနော့်မိတ်ဆွေတစ်ယောက်က အကြီးစားစက်မှုလုပ်ငန်းတစ်ခုက ဒါရိုက်တာအဆင့်ရှိသူ တစ်ယောက်ပါ၊ အခု ဝန်ထမ်းလျှော့ချရေးဂယက်ကြောင့် သူ့ရာထူးလည်း ခပ်လှုပ်လှုပ်လို့ပြောတယ်၊ ဒီစီပွားရေး အကျပ်အတည်းဟာ ကော်လာဖြူ၊ ကော်လာပြာဝန်ထမ်းတွေကအစ ကိုယ်ပိုင်စီးပွားရေးလုပ်နေသူတွေအလယ် တပိုင်တနိုင် အိမ်တွင်းမှုလေးတွေ လုပ်နေသူတွေအဆုံး အားလုံးကို အနည်းနဲ့အများ ထိခိုက်စေပါတယ်၊ ပုဂံညောင်ဦး မြင်းကပါ ဝက်ကြီးအင်းက လူတွေ မိရိုးဖလာ တစ်သက်လုံးလုပ်လာတဲ့ ယွန်းလုပ်ငန်းဘယ်လိုမှ အဆင်မပြေ တော့လို့ ဒီအတိုင်းထိုင်နေတဲ့လူကထိုင်၊ ရွှေကျင်တဲ့လူကကျင် ဖြစ်ကုန်တဲ့အကြောင်း သတင်းတစ်ပုဒ်မှာ ဖတ်ရ ပြန်တယ်၊ ကမ္ဘာဟာရွာကြီး တစ်ရွာဖြစ်လာခဲ့ပြီ ဆိုတော့ရွာဦးရဲ့ဂယက်ဟာ တစ်ရွာလုံးကိုရိုက်ခတ်စေတယ်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန် အလှန်ဆက်သွယ်မှု ပုံစံသစ်တွေအရ ဘုန်းကြီးမှု ရွာပတ်တာပဲလို့ ပြောလို့မရတော့ ပါဘူး၊

ကျနော့်သူငယ်ချင်းဆန်းထွန်း စင်ကာပူမှာ အလုပ်လုပ်ဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာလက ရောက်လာခဲ့တယ်၊ မူလလုပ်ဖို့ ရည်ရွယ်ထားတာက manpower field ထဲမှာပါ၊ ဒါပေမယ့် စီးပွားပျက်ကပ်ကြောင့် ထင်သလိုဖြစ်မလာတော့ ဘူး၊ အခုဒီကောင် ကျောင်းပြီးကတည်းက ချောင်ထိုးထားခဲ့တဲ့ အင်ဂျင်နီယာဘွဲ့ကို ပြန်ပြီးအရောင်တင်ဖို့ လုပ်နေရပြီ၊ တဆက်တည်းမှာ မြန်မာပြည်က ကျနော့်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို သတိ ရမိတယ်၊ ရွှေဝါရောင်တော်လှန်ရေး ပြီးကတည်းက ကျသွားလိုက်တဲ့ tourism၊ ပြန်ထမယ်ကြံကာရှိသေး နာဂစ် ကရိုက်ချသွားပြန်တယ်၊ အခုတစ်ခါ ကမ္ဘာ့စီးပွားပျက်ကပ်...၊ တဖက်ကလည်း တစ်ရစ်ပြီးတစ်ရစ် ကျပ်လာတဲ့ စားဝတ်နေရေး...၊ ဆိုးဝါးပြီး ကံမကောင်းတဲ့နှစ်လို့ အများကယူဆကြတဲ့ ၂၀၀၈ အလွန်မှာ အားလုံးက ၂၀၀၉ ကိုမျှော်လင့်ချက်အပြည့်နဲ့ ကြိုဆိုကြတယ်၊ သူကကော...? တကယ်ပဲ ကံကောင်းခြင်းတွေ သယ်ဆောင်လာမှာ လား? လောလောဆယ်တော့ အဖျားရောဂါ အကြီးအကျယ်ခံစားခဲ့ရတဲ့ ဝေဒနာသည်တစ်ယောက်လို ခပ်ယဲ့ယဲ့ နဲ့ နာလန်ထလာဆဲပါပဲ၊

အလုပ်ကအိမ်ကိုအပြန်မှာ လေးလံလွန်းတဲ့ ဝန်ထုပ်ကြီးတစ်ခုကို ထမ်းပိုးထားရသလို ခြေလှမ်းတွေက မသွက် ချင်ဘူး၊ တော်ပါသေးရဲ့...တနင်္ဂနွေနေ့က ချက်ထားလို့ စားစရာအဆင်သင့် ရှိနေတယ်ဆိုပြီး အနည်းငယ် သက်သာရာ ရမိတယ်၊ ဒါပေမယ့် ဗိုက်မဆာတော့ဘူး၊ အပင်ပန်းခံ ချက်ထားတဲ့ ဟင်းတွေကရှေ့မှာ...။ ။

11 January 2009

ဟင်းချက်တဲ့ တနင်္ဂနွေ

ဒီတနင်္ဂနွေရဲ့ နေ့လည်ခင်းကတော့ ဟင်းချက်တာနဲ့ပဲ ကုန်ဆုံးသွားခဲ့တယ်၊ နေ့လည် ၃ နာရီခွဲလောက်ကစ, ချက်တာ ညနေ ၆ နာရီခွဲကျော်ကျော်မှာမှ ပြီးတယ်၊ ဒီညနေစားဖို့အပြင် လာမယ့်တပတ်မှာပါ စားနိုင်အောင် ကြိုပြီးချက်ထားလိုက်တယ်၊ ညနေတိုင်း လုပ်နေရမယ့်အတူတူ အခုတစ်ခါပဲ အပင်ပန်းခံလိုက်မယ်ဆိုပြီး လုပ် လိုက်တာပါပဲ၊

အလုပ်ကနေ ပြန်လာတဲ့တချို့ညနေတွေမှာ စားစရာဘာမှ မရှိဘူး၊ မဟုတ်သေးဘူး၊ ကျနော်ပြောချင်တာက စားစရာက ရေခဲသေတ္တာထဲမှာ ရှိတယ်၊ ချက်ထားပြီးသား ဘာမှမရှိတာ...၊ ကျနော်ကလည်း ဒီဖက်ပိုင်းရက်တွေ မှာ အတော်လေးပျင်းနေတယ်၊ ဘာကြောင့်မှန်းလည်း မသိဘူး၊ လူက ဒီဇယ်အင်ဂျင်တပ်ထားတဲ့ ကားတစ်စီးလို ချမ်းချမ်းစီးစီး ရာသီဥတုကြားမှာ စက်ကလွယ်လွယ်ကူကူ နှိုးလို့မရချင်ဘူး၊ ဗိုက်ကလည်းဆာ... ချက်ဖို့ကလည်း ပျင်း...၊ အဲဒီလိုအခါတိုင်းမှာ မအိမ်သူက ပြင်ဆင်လေ့ရှိတယ်၊ ဒါပေမယ့် အမြဲတမ်းလိုလို သူ့ချည်းပဲလုပ်ခိုင်းလို့ ဘယ်ကောင်းမှာလဲ၊ သူ့မှာလည်း အလုပ်တဖက်နဲ့ ပင်ပန်းရှာမှာပေါ့၊

ဒီတော့ ဒီနေ့နေ့လည်ခင်းမှာ စမ်းပြီး ဟင်းတွေကြိုချက်ထားကြည့်လိုက်တယ်၊ တစ်ပတ်စာတော့ မရည်ရွယ်ပါ ဘူး၊ ၂ ရက် ၃ ရက်လောက်ဆိုရင်ပဲ မဆိုးဘူး၊ ချက်တာကတော့ သခွားဖရုံကြော်ချက်၊ ကြက်သားအာလူးဆီပြန်၊ ခရမ်းသီးနှပ်နဲ့ အမဲအူကြမ်းကို ချင်း၊ ငရုတ်သီးနဲ့ အခြောက်ကြော် စ,တာတွေပါပဲ၊ ကျနော်က စိတ်ကူးတည့်ရာ လျှောက်ချက်လေ့ရှိတော့ တခါတလေလည်း အစပ်အဟပ်က မတည့်တတ်ပြန်ဘူး၊ ဒါပေမယ့် ကိစ္စမရှိဘူး၊ စားစ ရာတစ်ခုခုရှိနေရင် ပြီးတာပဲမဟုတ်လား၊ စားဖို့အသက်မရှင်ချင်ဘဲ အသက်ရှင်ဖို့ပဲ စားချင်တယ်။