18 August 2009
09 August 2009
ကျနော်နှင့် မီးရှူးမီးပန်း
သြဂုတ်လ ၁ ရက်နေ့ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ အမျိုးသားနေ့ ဖြစ်ပါတယ်၊ ခါတိုင်းနှစ်တွေမှာတော့ ဒီရက်ကို အမှတ်တမဲ့ပဲ ကျော်ဖြတ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၁ ရက်နေ့ကတော့ ကျနော် နဲနဲစိတ်စောနေမိတယ်၊ အဲဒီနေ့ညမှာ ပစ်လွှတ်မယ့် မီးရှူးမီးပန်းတွေကို ဓါတ်ပုံရိုက်ချင်တဲ့ အတွက်ပါ၊
မီးရှူးမီးပန်းကို ဓါတ်ပုံရိုက်ရတာ သိပ်အခက်ကြီး မဟုတ်ပေမယ့် အရမ်းတော့လည်း မလွယ်ကူပါဘူး၊ Camera setting တချို့ကို သိထားဖို့လိုတယ်၊ နေရာယူ မှန်ဖို့လိုတယ်၊ ပစ်လွှတ်လိုက်တဲ့မီးပန်းနဲ့ ချိန်သားကိုက်ဖြစ် အောင် မြန်ဆန်ဖို့လိုတယ်၊ ဒီလောက်ပါပဲ၊ ကျန်တာကတော့ ကံကြမ္မာရဲ့ အပိုင်းပေါ့လေ၊ ကံမကောင်းရင် အလောတကြီး စိတ်လှုပ်ရှားပြီး ကင်မရာကြီး လွတ်ကျကွဲတာတို့၊ မှောင်နဲ့မဲမဲမှာ ကင်မရာအဖုံးတို့၊ memory card တို့ ကျပျောက်တာတို့၊ မမြင်မကန်းနဲ့ ခွေးချေး တက်နင်းမိတာတို့ စတဲ့ တွက်ချက်ထားတာထဲမှာ မပါတဲ့ ဟာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊
မီးပန်းကို ရိုက်မယ်ဆိုရင်တော့ကင်မရာ ရဲ့ automatic function တွေကို မေ့ထားလိုက်ဖို့ လိုပါတယ်၊ အမှောင် ထဲမှာ ရိုက်တာဖြစ်လို့ full manual setting ကိုပဲ သုံးပါတယ်၊ မီးရှူးမီးပန်းအတွက် အများဆုံး သုံးကြတဲ့ aperture က f/8, f/11 နဲ့ f/16 ဖြစ်ပါတယ်၊ ဒီသုံးခုထဲက တစ်ခုခုနဲ့ အဆင်ပြေလေ့ ရှိတယ်၊ shutter speed ကတော့ မီးပန်းရဲ့ ကြာချိန်ပေါ်မူတည်လို့ ၈ စက္ကန့်၊ ၄ စက္ကန့်၊ ၂ စက္ကန့် စသဖြင့် အမျိုမျိုး ဖြစ်နိုင်တယ်၊ ISO ကို တော့ သိပ်အများကြီး မထားတာ ကောင်းပါတယ်၊ ၁၀၀ ဒါမှမဟုတ် ၂၀၀ လောက်ဆို ရပြီ၊ ဒီနေရာမှာ မရှိမဖြစ် လိုအပ်တာက tripod ပါပဲ၊ အလင်းတံခါး ဖွင့်ထားချိန်က နဲနဲကြာတဲ့အတွက် tripod မပါဘဲ ရိုက်မယ်ဆိုရင် ပုံရိပ် တွေမပြတ်သားဘဲ ဖြစ်တတ်ပါတယ်၊ Format ကိုတော့ သေချာရင် jpeg နဲ့ရိုက်၊ မသေချာရင်တော့ raw နဲ့ရိုက်၊ ကျနော်ကတော့ သိပ်မသေချာပေမယ့်လည်း jpeg နဲ့ပဲ ရိုက်ဖြစ်ပါတယ်၊ Raw ကနောက်ပိုင်းမှာ exposure နဲ့ white balance ကိုကြိုက်သလို ပြန်ပြင်လို့ရတဲ့အတွက် အဆင်ပြေပေမယ့် ကျနော်က အများအားဖြင့် post-processing အတွက် ပျင်းနေတတ်တာကြောင့် risk ယူပြီး jpeg နဲ့ ရိုက်ပါတယ်၊
ဒါတွေအားလုံး ပြင်ဆင်ပြီးသကာလ မီးပန်းလွှတ်မယ့် နေရာဆီကို ကျနော်ချီတက်သွားလိုက်တယ်၊ သီအိုရီနဲ့ ဟုတ်နေပေမယ့် လက်တွေ့မှာနဲနဲတော့`စား’ တယ်၊ Tripod နေရာချဖို့နဲ့တင် အတော်စဉ်းစားရတယ်၊ လွတ်လပ် ပွင့်လင်းနေတဲ့ ကောင်းကင်ကျယ်ကြီးထဲ မီးပန်းက ဘယ်လောက်အမြင့်ထိ တက်မှာလဲဆိုတာ ခန့်မှန်းရခက်ပါ တယ်၊ ဒီကြားထဲ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေ ဝင်တိုက်သွားမှာစိုးလို့ tripod ကို လက်မလွှတ်ရဲဘူး၊
ပုံမှန်အားဖြင့် manual focus နဲ့ရိုက်မှာဖြစ်လို့ ကြိုပြီး focus ဖြတ်ထားဖို့ လိုပါတယ်၊ ဘာမှမရှိတဲ့ ကောင်းကင်ထဲ မှာ focus ဖြတ်ဖို့က သိပ်တော့မလွယ်ဘူး၊ တချို့က အလင်းရောင်ရှိနေတုန်း စောစောသွားပြီး တိမ်၊ ခပ်ဝေးဝေး ကသစ်ပင် စ,တာတွေအပေါ်မှာ focus ဖြတ်ကြတယ်၊ ဒါပေမယ့် ကျနော့်အတွက် ကောင်းသွားတာက အဲဒီညမှာ လ,ကထိန်ထိန်သာနေတယ်၊ ဒါနဲ့ သူ့ကိုချိန်ပြီး ဖြတ်လိုက်တယ်၊ မကောင်းတာကတော့ အဲဒီလ,က ကျနော်ရိုက် မယ့် မြင်ကွင်းထဲမှာ ထင်းထင်းကြီး ရှိနေတာပဲ၊ သူ့ကြောင့် မီးပန်းနဲ့ ကောင်းကင်ရဲ့ contrast လျော့သွား နိုင်ပါ တယ်၊ ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် လ,ကို တိမ်ဖုံးသွားရင် ကောင်းမှာပဲလို့ စဉ်းစားမိတယ်၊ ဘေးနားမှာ တော့ ကလေးတွေက မီးပန်းတွေ စ,လွှတ်နေပြီ၊ သူတို့ကို စမ်းရိုက်ရင် ကောင်းမလားလို့ စဉ်းစားသေးပေမယ့် ကင်မရာနဲ့ tripod ချိန်ထားတာတွေ ပျက်သွားမှာ စိုးတာနဲ့ ဒီလိုပဲ ကြည့်နေလိုက်တော့တယ်၊
ဒီလိုနဲ့ ရွာကကျင်းပတဲ့ မီးပန်းတွေ စ,လွှတ်ပါပြီ၊ ကျနော်လည်း ကမန်းကတန်း ရိုက်ဖို့ပြင်တယ်၊ အဲဒီမှာ မထင် မှတ်တာ သွားဖြစ်တယ်၊ တကယ်တမ်းမှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေရဖို့ ကင်မရာခလုတ်ကိုတောင် မနှိပ် သင့်ပါဘူး၊ ခလုတ်ပေါ်ကို လက်အဖိ၊ လက်အနှုတ်မှာ ဖြစ်တတ်တဲ့ မဆိုစလောက် လှုပ်ရှားမှုလေးက ပုံရိပ်ကို ဝေဝါးသွားစေတတ်ပါတယ်၊ ဒါ့ကြောင့် ပရို(Pro)တွေက ရီမုတ်နဲ့ ရိုက်ကြတယ်၊ ကျနော့်မှာက ရီမုတ်မရှိသေးဘူး၊ ဒါပေမယ့် ကင်မရာမှာက self-timer ၂ စက္ကန့် function ပါတယ်၊ မူလရည်ရွယ်တာက အဲဒီခလုတ်ကို နှိပ်မယ်၊ ကင်မရာလှုပ်ချင်လှုပ်မယ်၊ ကိစ္စမရှိဘူး၊ ၂ စက္ကန့်ကြာမှ အလင်းတံခါး ပွင့်မှာဖြစ်လို့ ဘာမှမထိခိုက်နိုင်ဘူး၊ ဒီလို..၊ ဒါပေမယ့် မြန်ဆန်၊ဆူညံလှတဲ့ မီးပန်းတွေနဲ့ ကင်မရာအလုပ်,လုပ်ချိန်နဲ့ ဘယ်လိုမှ ချိန်သားမကိုက်ပါဘူး၊
ဒါနဲ့ ပုံမှန်ပဲ ရိုက်ဖို့ပြင်ရတယ်၊ ကင်မရာရေ... လှုပ်ချင်လည်း လှုပ်တော့ကွာ၊ မတတ်နိုင်တော့ဘူး၊ Shutter speed ကို ၄ စက္ကန့်နဲ့ စ,ရိုက်တယ်၊ ပုံကိုကြည့်တယ်၊ သိပ်ကြာလွန်းတယ်၊ ၂ စက္ကန့်ကို ပြောင်းရိုက်တယ်၊ ကြာ သေးတာပဲ၊ ဒါနဲ့ ၁/၁၀ စက္ကန့်နဲ့ ရိုက်တယ်၊ သိပ်မြန်သွားပြီ၊ ပုံတစ်ခုလုံး မခြုံမိတော့ဘူး၊ နောက်ဆုံးမှာတော့ ၁ စက္ကန့်ထားရိုက်ပြီး ကျေနပ်လိုက်ရတော့တယ်၊ တကယ်တော့ အခုလို speed မဆုံးဖြတ်နိုင်တဲ့ အခြေအနေတွေ မှာသုံးဖို့ ကင်မရာမှာ bulb ဆိုတဲ့ function ပါ,ပါတယ်၊ သူက ခလုတ်နှိပ်ထားရင် နှိပ်ထားသလောက် အလင်း တံခါး ဖွင့်ပေးထားတယ်၊ ဆိုတော့ မီးပန်းပစ်လိုက်သံ ကြားရင် ခလုတ်ကိုနှိပ်ထားလိုက်၊ မြင်ကွင်းထဲက မီးပွင့် တွေပျောက်သွားမှ လက်လွှတ်လိုက်၊ ဒါဆိုရင် လိုအပ်တဲ့ စက္ကန့်ကို သိပြီပေါ့၊ ကျနော်က အဲဒါကို တခါမှ မသုံးဖူး သေးတော့ ရှိတယ်ဆိုတာပဲ သိတယ်၊ ဘယ်ခလုတ်အောက်မှာ သွားရှာရမှန်း မသိဘူး၊ အခုမှ လိုက်ရှာနေဖို့ လည်း နောက်ကျသွားပြီ၊ ဖြစ်ပုံများ အဲဒီလို...၊ ဒီကြားထဲမူလဖြတ်ထားတဲ့ focus ကမပြတ်တော့လို့ မီးပန်းတချို့ ကိုချိန်ပြီး ထပ်ဖြတ်ရသေးတယ်၊
ဒီနှစ်မှာမှ မီးပန်းလွှတ်တဲ့ လူတွေကလည်း ခဏလေးပဲ လွှတ်တယ်၊ ပုံမှန်ဆိုရင် နာရီဝက်လောက်တော့ ကြာပါ တယ်၊ ပြီးတော့ အသေးရော အကြီးရော အစီအစဉ်မကျပြန်ဘူး၊ ဆိုတော့ အသေးအတွက် zoom ကိုဆွဲ၊ focus အမြန်ဖြတ်၊ တခါ.. အကြီးဆိုပြန်တော့ wide-angle ပြန်ဆုတ်၊ focus တခါပြန်ဖြတ်...၊ အဲဒါကြောင့် တချို့ပုံတွေ မှာ မီးပွင့်တွေက ဘောင်ထဲ မဝင်တာကို တွေ့ပါလိမ့်မယ်၊
အစဉ်အလာအရ မီးပန်းလွှတ်ပြီးရင် မီးပုံကြီး ဖိုတဲ့အလေ့ ရှိပါတယ်၊ ထင်းချောင်းအကြီး,ကြီးတွေနဲ့ မီးပုံလုပ်၊ လူတွေက ဝိုင်းကြည့်၊ မတော်တဆ မဖြစ်ရအောင် မီးသတ်တွေက မီးပုံဘေးနားကို ကြိုပြီးရေဖြန်း၊ ဒါပါပဲ၊ အမျိုး သားနေ့ အထိမ်းအမှတ် မီးပုံဆိုပါစို့၊ ကျနော်လည်း တဆက်တည်း အဲဒါကိုပါ ဓါတ်ပုံဆက်ရိုက်လိုက်တယ်၊ မီး တောက်မီးလျှံတွေကို ရိုက်ရတာလည်း တမျိုးစိတ်ဝင်စားဖို့ ကောင်းတာပါပဲ၊
ပုံတွေကို ပြန်ကြည့်တော့ တစ်ပုံနှစ်ပုံက လွဲရင် စိတ်တိုင်းမကျပါဘူး၊ ပုံတွေအားလုံးကို Canon EOS 450D, Sigma 18-200mm OS Ex နဲ့ရိုက်ပါတယ်၊ မိတ်ဆွေတို့ကော...ဘယ်လိုမြင်ပါသလဲ၊ ဝေဖန်ပေးပါဦး။ ။
Firework (1)
51mm, f/11, 1/4, iso200, tripod
Firework (2)
21mm, f/11, 1 , iso200, tripod
Firework (3)
28mm, f/11, 1, iso200, tripod
Firework (4)
35mm, f/11, 2, iso200, tripod
Firework (5)
78mm, f/11, 2, iso200, tripod
Firework (6)
63mm, f/11, 1, iso200, tripod
Firework (7)
63mm, f/11, 1, iso200, tripod
Bonfire (1)
21mm, f/4, 1/10, iso200, hand-held
Bonfire (2)
96mm, f/10, 1/20, iso200, hand-held
Bonfire (3)
173mm, f/6.3, 1/50, iso200, hand-held
ညီလင်းသစ်
၉ သြဂုတ်၊ ၂၀၀၉
Posted by
ညီလင်းသစ်
au
9.8.09
4
comments
15 June 2009
Special Tulips
အခုတလောမှာ ကြားရကြုံရတဲ့ သတင်းတွေကြောင့် ဘလော့ဂ်ဖက်လှည့်ဖို့ကို ကျနော်သိပ်စိတ်မပါခဲ့ဘူး၊ ကိုယ့်ဘလော့ဂ်ကို နှစ်ရက်တခါ သုံးရက်တခါ ဆိုသလိုပဲ ရောက်ဖြစ်တော့တယ်၊ အင်တာနက်တက်တိုင်းမှာ သတင်းဆိုဒ်တွေကို ရောက်ဖြစ်ပါတယ်၊ သတင်းတွေ ဖတ်ပြီးရင်တော့ ပို့စ်လေးတစ်ပုဒ်လောက်ဖြစ်ဖြစ် တင်မယ်လို့ အမြဲလိုလို စိတ်ကူးထားပေမယ့် တကယ်တမ်း သတင်းတွေ ဖတ်ပြီးချိန်မှာ တော့ ဘာမှရေးချင်စိတ်မရှိတော့တာနဲ့ ပြန်,ပြန်လှည့်သွားခဲ့ပါတယ်၊ စီဘောက်စ်မှာ လာနှုတ်ဆက်သူတွေကိုတောင် ကျနော်ဘာမှ ပြန်မပြောဖြစ်ဘူး၊ ဒီအတွက်တော့ ဗွေမယူကြပါနဲ့ဗျာလို့.....၊
အခုပုံတွေကတော့ ရိုက်ထားတာ နှစ်လလောက်တောင် ရှိပြီလား မသိဘူး၊ အမှန်က ရိုက်ပြီးပြီးချင်းမှာ စီးရီးအလိုက်ဖြစ်ဖြစ် ဆက်တိုက်တင်ဖို့ အားလုံးပြင်ဆင်ထားပြီးသား...၊ Upload လုပ်ရမယ့် အဆင့်ရောက်မှပဲ ဘာမှမလုပ်ချင်တော့လို့ ပစ်ထားလိုက်တော့ တယ်၊ ကျူးလစ်ကိုတော့ လူတော်တော်များများ ရိုက်ပြီးသားပါ၊ ကလီရှေးလို့လည်း ဆိုနိုင်ပါတယ်၊ ဒီနားက မြို့ကလေးမှာ နွေဦးရာသီ ကျူးလစ်ပန်းပြပွဲလုပ်တုန်းက သွားရိုက်ဖြစ်ထားတာတွေပါ၊ အခုတော့ဂေါ်ဖီပန်းတွေကိုပဲ ကြော်စားဖို့ ပိုစိတ်ဝင်စားနေတယ် :)
ပုံတွေအားလုံးကို Canon EOS450d, Canon Macro 100mm USM နဲ့ရိုက်ပါတယ်၊ မလှုပ်မယှက် ငြိမ်သက်နေတဲ့ ဘလော့ဂ်လေးကို ဖုတ်ဖက်ခါတဲ့ ပို့စ်လေးတစ်ပုဒ်ပါပဲ...။
Tulip (1)
f/8.0, 1/640, under exposure -1, iso200
Tulip (2)
f/5.6, 1/400, iso200
Tulip (3)
f/5.6, 1/400, iso200
Tulip (4)
f/7.1, 1/500, iso200
Tulip (5)
f/6.3, 1/400, iso200
Tulip (6)
f/5.0, 1/250, iso200
Tulip (7)
f/2.8, 1/800, under exposure -1, iso100
Tulip (8)
f/2.8, 1/500, iso100
Tulip (9)
f/7.1, 1/640, iso200
Tulip (10)
f/4.5, 1/200, iso200
Tulip (11)
f/5.6, 1/320, iso200
ကောင်မလေးကမေးပါတယ် : Which tulips are the most beautiful?
ကောင်လေးကပြန်ဖြေလိုက်တယ် : The ones which are between your nose and chin.
Posted by
ညီလင်းသစ်
au
15.6.09
11
comments
Labels: Photo
10 May 2009
မက်ခရိုဖိုတိုဂရပ်ဖီ
Macro photography ကိုကျနော် စိတ်ဝင်စားနေခဲ့တာတော့ ကြာပြီ၊ ကျနော်တို့ နေ့စဉ်ဘဝမှာ သာမန်ဖြတ်သွား၊ ဖြတ်လာ သတိမထားမိတဲ့ အရာတွေဟာ မက်ခရိုဖိုတိုဂရပ်ဖီရဲ့ ပြုစားမှုအောက်မှာ ရင်သပ်ရှု မောရလောက်အောင် တောက်ပခမ်းနား လာတတ်တယ်၊ ဘယ်သူမှ အရေးတယူ မရှိခဲ့တဲ့ အရာဝတ္ထု သေးသေးကွေးကွေးလေးတွေ၊ အင်းဆက်ပိုးမွှားလေးတွေ၊ ပန်းဝတ်မှုံ ဝတ်ဆံလေးတွေဟာ ပြတ်သားဝင့်ထည်စွာ မျက်စိအောက်ကို ရောက်လာတတ်ကြတယ်၊ ရှင်းလင်းကြည်လင်တဲ့ ပုံရိပ်တွေကို ပေးလေ့ရှိတဲ့ မက်ခရို မှန်ဘီလူးတွေအောက်မှာ အရာရာဟာ ပကတိအတိုင်း ထင်ထင်ရှားရှား... ...၊
မက်ခရိုအိပ်မက်တွေနဲ့ နေသားတကျ ဖြစ်နေခဲ့တာ ကြာလွန်းမက ကြာလာတဲ့အခါမှာတော့ မက်ခရိုမှန်ဘီလူး တစ်ခုလောက်တော့ ပိုင်ဆိုင်ချင်တဲ့စိတ် ကျနော့်မှာ ဖြစ်လာခဲ့တယ်၊ အဲဒီအခါ မက်ခရို မှန်ဘီလူးတွေကို ကျနော် နဲနဲတော့ လေ့လာဖြစ်ပါတယ်၊ အဓိကအားဖြင့် တံဆိပ် ၂ ခုက စိတ်ဝင်စားဖို့ ကောင်းတာ တွေ့ရတယ်၊ Canon နဲ့ Sigma (for Canon) ဖြစ်ပါတယ်၊ ထပ်ပြီးဆစ်ပိုင်းရရင် ဆစ်ဂ်မာက 50mm, 70mm နဲ့ 105 mm မှန်ဘီလူးတွေဖြစ်ပြီး ကင်နွန်က 60mm နဲ့ 100mm တို့ဖြစ်ပါတယ်၊ ဒီမှန်ဘီလူးတွေနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ကျနော်လေ့လာကြည့်တယ်၊ အားလုံးက သူ့ဟာနဲ့သူ ကောင်းကြတာချည်းပါပဲ၊
ယေဘုယျ ပြောရရင် ဆစ်ဂ်မာကကင်နွန်နဲ့ နစ်ကွန်အတွက် မှန်ဘီလူးတွေ အများကြီး ထုတ်ပေးတဲ့ third party lenses ဖြစ်လို့ ဈေးနှုန်းက အများအားဖြင့် ချိုပါတယ်၊ ဒါပေမယ့် သူ့မှာအားနည်းချက်လေးတွေက မထင်ရင်မထင်သလို ရှိတတ်တယ်၊ တချို့ဆစ်ဂ်မာတွေက focal length ပေါ်မူတည်ပြီး sharpness တွေ ကွာချင်ကွာသွား တာမျိုးလည်း ရှိတယ်၊ ကျနော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတာကတော့ focus ဖြတ်ချိန်မှာ မှန်ဘီလူးကိုယ်ထည်က ရှည်ထွက်လာတာပါ၊ မက်ခရိုဆိုတော့ နီးနီးကပ်ကပ် ချိန်နေရတဲ့ကြားထဲ မှန်ဘီလူးက ရှည်ထွက်လာတော့ အတိုးအလျော့ လုပ်ရတာနဲနဲပိုမယ်၊ အင်းဆက်တို့ လိပ်ပြာတို့ဆိုရင် အခန့်မသင့်ရင် ထပျံ သွားနိုင်သေးတယ်၊ ကင်နွန်မှာတော့ internal focus ဆိုတော့အဲဒီပြဿနာမရှိပါဘူး၊ အဲ..ဈေးကတော့ ပိုကြီးပါ တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ မျက်စိမှိတ်ပြီး Canon macro EF 100mm F/2.8 USM ကိုပဲ ယူလိုက်ပါတယ်၊
ဒီမှန်ဘီလူးကတော့ ကျနော်သိထားသလောက် တော်တော်ကောင်းပါတယ်၊ အထူးသဖြင့် ပြတ်သားမှုအရာမှာ သိသာလှတယ်၊ မက်ခရိုမှန်ဘီလူးတွေက portrait အတွက်လည်း အရည်အသွေး ကောင်းလေ့ရှိလို့ တစ်ချက် ခုတ်နှစ်ချက်ပြတ်ပါပဲ၊ ဒီ 100mm မက်ခရိုနဲ့ ပတ်သက်ပြီး ပြောကြတာ နှစ်ခုရှိတယ်၊ `ဒီမှန်ဘီလူးရပြီဆိုတာနဲ့ ဘာကို ရိုက်ရပါ့မလဲလို့ မြေကြီးပေါ် ကြမ်းပြင်ပေါ်က သေးသေးမွှားမွှား အရာလေးတွေကို တကုန်းကုန်းနဲ့ လိုက် ရှာတတ်ကြလို့ ခါးနာ၊ ဇက်ကျောတက် ဖြစ်လာရင်တော့ ဝယ်သူရဲ့ တာဝန်သာ ဖြစ်ပါတယ် ' တဲ့၊ နောက်တစ်ခု ကတော့ ' ဒီမှန်ဘီလူးဟာ portrait အတွက်လည်း ပြတ်သားလွန်းလို့ ကိုယ့်ဇနီး၊ ကိုယ့်ချစ်သူကို ရိုက်တဲ့အခါ သတိထားပါ ' တဲ့၊ ' အကြောင်းကတော့ သူတို့က ဓါတ်ပုံမော်ဒယ်လ်တွေလို ပြင်ဆင်မထားမိရင် မျက်နှာက အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ ပေါ်လာမှာ ဖြစ်တဲ့အတွက် ခင်ဗျားကို စိတ်ဆိုး၊ စိတ်ကောက် လုပ်ပါလိမ့်မယ် ' တဲ့၊ ကြော်ငြာလိုက်ပုံများ...၊
မှန်ဘီလူး စမ်းမယ့်နေ့မှာပဲ မအိမ်သူက ပန်းတစ်စည်းကို အိုးထိုးထားတာ တွေ့တာနဲ့ ကျနော့်အတွက်တော့ အချိုရှာသကာတွေ့ ပေါ့၊ မက်ခရိုစမ်းဖို့ အတော်ပဲဖြစ်သွားတယ်၊ portrait အတွက်မော်ဒယ်လ်ကတော့ ထုံးစံ အတိုင်း သားပဲပေါ့။
Macro lens test (1)
EOS 450d, macro 100mm, f/13, 0.3, iso200, Tripod
Macro lens test (2)
EOS 450d, macro 100mm, f/16, 1/4, iso200, Tripod
Macro lens test (3)
EOS 450d, macro 100mm, f/5.6, 1/8, iso200, Tripod
Macro lens test (4)
EOS 450d, macro 100mm, f/2.8, 1/80, iso200, Tripod
Macro lens test (5)
EOS 450d, macro 100mm, f/4, 1/60, iso200, Flash
Macro lens test (6)
EOS 450d, macro 100mm, f/4, 1/60, iso200, Flash
Macro lens test (7)
EOS 450d, macro 100mm, f/4, 1/60, iso200, Flash
Posted by
ညီလင်းသစ်
au
10.5.09
7
comments
Labels: Photo
07 May 2009
အရောင်များနှင့် နေထိုင်ခြင်း
ဒီရက်ပိုင်းတွေမှာ ကျနော်လည်း ဘလော့ဂ်ဖက်ကို သိပ်မလှည့်နိုင်ခဲ့ပြန်ဘူး၊ အများသူငါ လိုပါပဲ၊ အလုပ်ရှုပ်တာနဲ့၊ မအားတာနဲ့၊ ပျင်းနေ တာနဲ့၊ စိတ်မပါတာနဲ့....၊ ဒီကြားထဲ Champion's league ဆီမီးဖိုင်နယ်ပွဲတွေကလည်း ကြည့်ရသေးပြန်တော့ တချို့ရက်တွေမှာ ကွန်ပျူတာတောင် မဖွင့်ဖြစ်ဘူး၊ တခါတခါ ကျနော်တွေးကြည့်မိတယ်၊ ဒီဘလော့ဂ်မှာ စာလေးတစ်ပုဒ်၊ နှစ်ပုဒ်၊ ဓါတ်ပုံလေး သုံးလေးပုံ လောက်တက်လို့ လူတွေက ပုံမှန်လာဖတ်တော့မယ်ဆိုရင် ကျနော်က တစ်ပတ်ဆယ်ရက်လောက် ပျောက်သွားပြန်ရော...၊ အကြောင်းမ ကြား၊ ဘာမကြားနဲ့...၊ ဒီတော့ လာရတဲ့လူတွေတော့ စိတ်ညစ်ချင် ညစ်နေမှာပါပဲ၊ :-(
ဒီရက်ပိုင်းတွေမှာတော့ ဓါတ်ပုံအတော်များများ ရိုက်ဖြစ်တယ်၊ ဓါတ်ပုံနဲ့ ပတ်သက်တဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်၊ အခုလည်း ဟိုတလောဆီက ရိုက်ထားတဲ့ ပုံအချို့ပါပဲ၊ စိတ်ကူးကတော့ အရောင်တွေကို အပိုင်းတွေနဲ့ တင်သွားချင်တာပါ၊ ဒါပေမယ့် ဘယ်လောက် လုပ်ဖြစ်မလဲတော့ မသိသေးဘူး၊ လောလောဆယ်တော့ အလင်းတွေနဲ့ ရက်လုပ်ခဲ့တဲ့ အရောင်တွေအကြောင်း ဆိုပါတော့....။
အရောင် (၁)
EOS 450d, Sigma 18-200mm, 42mm, f/4.5, 1/60, iso200, External flash
ဘယ်ဖက်အစွန်က Methylene blue လို့ခေါ်တဲ့ pigment ကို ရေဖျော်ပြီး၊ အရောင်ပျော့အောင် ရေရောထားတာဖြစ်ပါတယ်၊ အလယ်က တော့အဲဒီ Methylene blue ကိုပဲ ရေမရောရသေးတဲ့ အနေအထားပါ၊ ဒီ colour pigment ကို အများအားဖြင့် analytical chemistry မှာ သုံးပါတယ်၊ ဆိုကြပါစို့၊ ရေထဲမှာ ကလိုရင်း (chlorine)၊ အောက်စီဂျင် (oxygen)၊ စတဲ့ oxydizing agents တွေရှိရင် သူ့အရောင်ဟာ ပြာနေပြီး၊ ရေဆိုး ရေပုပ်လို အောက်စီဂျင် နည်းပါးတဲ့ နေရာမှာဆိုရင်တော့ အရောင်မဲ့ (colourless) ဖြစ်သွားတယ်၊ Redox experiment လို့ခေါ်ပါတယ်၊ ညာဖက်အစွန်က အနီရောင်အရည်ကတော့ Rhodamine B ဖြစ်ပါတယ်၊ ဒီအနီရောင်မှုန့် နဲနဲလေးက ရေလီတာပေါင်း များစွာကို အနီရောင်ပြောင်းလဲစေနိုင်လို့ Tracer element အဖြစ်သုံးပါတယ်၊ မြစ်ချောင်းတွေမှာ ရေကြောင်းဘယ်လိုစီးတယ်၊ တူးမြောင်းတွေ၊ ရေပိုက်တွေမှာ ဘယ်ရေက ဘယ်ကလာတယ်ဆိုတာတွေ သိဖို့ သူ့ကိုစီးဆင်းစေပြီး လမ်းကြောင်းကို Trace လိုက်ယူပါ တယ်၊ အခုတလော သတင်းထွက်လာတဲ့ ငပိတွေကို ပန်းရောင်သန်းစေဖို့ ဆိုးတယ်ဆိုတဲ့ Rhodamine B ဟာသူပါပဲ၊
အရောင် (၂)
EOS 450d, Sigma 18-200, 51mm, f/5, 1/60, iso200, External flash
Pedology မှာသုံးတဲ့ ပလစ်စတစ် ပစ္စည်းတွေပါ၊ ဒီခက်ရင်း၊ ဓါး၊ ခွက် စတာတွေကို မြေစိုင်၊ မြေခဲတွေ ခွဲစိတ်ဖြတ်တောက်၊ သိမ်းဆည်းရာ မှာသုံးပါတယ်၊ ဘာရယ်မဟုတ်ဘူး၊ အရောင်နဲနဲစုံလို့ ရိုက်ထားလိုက်တာ...၊
အရောင် (၃)
EOS 450d, Sigma 18-200, 154mm, f/6.3, 1/60, iso200, External flash
အရောင် (၄)
EOS 450d, Sigma 18-200, 154mm, f/6.3, 1/4, iso200
Posted by
ညီလင်းသစ်
au
7.5.09
3
comments
Labels: Photo
23 April 2009
ဘာသာစကား၊ အကြားအာရုံနှင့် စုံသောအသံများ
ဘာသာစကားများအကြောင်း ကျနော်စဉ်းစားမိသည့်အခါ အမြဲလိုလိုပင် အံ့သြခြင်း ဖြစ်ရသည်၊ လူတစ်ဦးနှင့် တစ်ဦးကြားမှာ ဆက်သွယ်ရေးအတွက်သုံးသည့် ဘာသာစကားတစ်ခု၏ ကြွယ်ဝမှုက တကယ့်ကို မယုံနိုင်စရာ၊ အကြောင်းအရာပေါ်လိုက်လို့ သံတူကြောင်းကွဲ၊ ကြောင်းတူသံကွဲတွေ များစွာရှိတတ်သည်၊ စကားလုံးမထပ် အောင် အမျိုးမျိုး ပြောင်းသုံးနိုင်သည်၊ စကားကို တန်ဆာဆင် ပြောနိုင်သည်၊ တဲ့တိုးပြောနိုင်သည်၊ စကားကြီး ဆယ်မျိုး ပြောနည်းဖြင့် ပြောနိုင်သည်၊ ပြောရလျှင် ဘာသာစကား၏ သိမ်မွေ့နက်ရှိုင်းမှုကို ဘာသာစကားဖြင့် ပြန်ရှင်းပြဖို့ပင် ခပ်ခက်ခက်...၊
တိရိစ္ဆာန်လောကမှာတော့ ရှင်းသည်၊ မကြိုက်ပါက ခွေးဆိုလျှင် မာန်ဖီပြမည်၊ ဆင်ဆိုလျှင် နားရွက်တွေ ကားပြီး ရှေ့တိုးနောက်ဆုတ် လုပ်မည်၊ ခလောက်မြွေဆိုလျှင် အမြီးကို တဆတ်ဆတ် လှုပ်၍ သတိပေးမည်၊ ဆိုလိုသည် မှာ သင်္ကေတနှင့် ဖော်ပြပုံသည် တသမတ်တည်း ဖြစ်သည်၊ လူတွေအတွက် ဘာသာစကားမှာတော့ ဒီစကား တစ်ခုတည်းကိုပင် အဖိ၊ အဖေါ့၊ အပျော့၊ အမာ၊ မျက်နှာထိ မျက်နှာထားကိုလိုက်လို့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကွဲပြားသွားတတ်လေသည်၊ ဒီကြားထဲ စကားလုံး ရွေးချယ်ပုံကလည်း အရေးကြီး လိုက်သေးသည်၊ ကျနော်ပြော ချင်တာက စကားကို အသေးစိတ် တွက်ချက်ရွေးချယ်၍ ပြောမည်ဆိုလျှင် ကျွမ်းကျင်မှု၊ နှံ့စပ်မှုပေါ် မူတည်၍ လှပသိမ်မွေ့ နိုင်သလို ရှုပ်ထွေးခက်ခဲမှုလည်း ဖြစ်နိုင်ပါသည်၊ သို့သော် ထိုမျှလောက်လည်း မလိုပါ၊ ကျနော်တို့ အားလုံး နေ့စဉ်သုံး စကားများကို စာတမ်းရေးသလို မဟုတ်ဘဲ ပေါ့ပါးသွက်လက်စွာ ပြောတတ်ကြပါသည်၊
ကျနော် နေထိုင်ရာ ဆွစ်ဇာလန် နိုင်ငံမှာတော့ ဘာသာစကား၏ ရိုက်ခတ် အရေးပါမှုကို နေ့စဉ်လိုလို ထိတွေ့ ဆက်ဆံရလေသည်၊ ဒီနိုင်ငံမှာ တရားဝင် ရုံးသုံးဘာသာစကားက ၄ မျိုးရှိပါသည်၊ ဂျာမန်၊ ပြင်သစ်၊ အီတာလျံ နှင့် ရိုမော့န်ခ်ျ (Romanche) ဘာသာတို့ ဖြစ်ပါသည်၊ လူဦးရေ၏ ၆၅% ခန့်က ဂျာမန်စကားပြောပြီး ၂၁% ခန့် က ပြင်သစ်စကား ပြောကြသည်၊ ၇% နီးပါးခန့်က အီတာလျံစကား ပြောပြီး ရိုမော့န်ခ်ျကတော့ ပြောသူ ၁% ပင် မပြည့်ပါ၊ ဒါပေမယ့် သူကလည်း တရားဝင် ရုံးသုံးဘာသာအဖြစ်က တပြားမှမလျှော့...၊ ဒီစကားက ဂျာမန်၊ ပြင် သစ်၊ အီတာလျံတို့ကို နည်းနည်းစီ ရောသမမွှေပြီး ဒေသသုံး ဒိုင်ယာလက်ခ်တချို့ ပေါင်းထည့်ထားတာမျိုး ဖြစ် သည်၊ ကျနော့်မိတ်ဆွေ ဆွစ်လူမျိုးများထဲမှာတော့ ရိုမော့န်ခ်ျ ပြောတတ်သူ တစ်ဦးတစ်ယောက်မှ မတွေ့ဖူးပါ၊
ဒီမှာပြောသည့် ဂျာမန်စကားကလည်း တစ်မျိုးဖြစ်သည်၊ ဆွစ်ဂျာမန်ဟု ခေါ်သည့်ထိုစကားသည် ဂျာမနီမှာပြော သည့် ဂျာမန်စကားနှင့် လုံးဝနီးပါး ခြားနားသည်၊ ထိုထက်ပိုသည်က ဆွစ်ဂျာမန်စကားသည် ဒိုင်ယာလက်ခ် အပြောသက်သက် ပုံစံသာရှိ၍ အရေးပုံစံ (written form) မရှိခြင်းဖြစ်သည်၊ ဒီတော့ ကျောင်းတွေမှာ standard ဂျာမန်စကားကို သင်ပြီး အပြင်မှာတော့ ဆွစ်ဂျာမန်စကား ပြောကြသည်၊ ဂျာမနီမှ ဂျာမန်တစ်ယောက် ဒီကိုလာ သောအခါ သူ့ဂျာမန်စကားကို ဆွစ်ဂျာမန်တို့ နားလည်ပြီး ၄င်းတို့ပြောသည့် ဆွစ်ဂျာမန်စကားကိုမူ ထိုဂျာမန်နား မလည်နိုင်ပါ၊ ပြင်သစ်ဘာသာကတော့ အချို့နေရာတွင် လေယူလေသိမ်း အနည်းငယ်ကွဲသည်မှအပ ဆွစ်ဇာ လန်မှာ ပြောသည့်စကားနှင့် ပြင်သစ်ပြည်မှာ ပြောသည့်စကား အတူတူပင်ဖြစ်သည်၊ အီတာလျံစကားလည်း ဆွစ်အီတာလျံနှင့် အီတလီမှအီတာလျံ အတူတူနီးပါးပင် ဖြစ်သည်၊ ထိုသို့သော ဘာသာစကား ခြားနားမှုများ ကြောင့် အရွယ်အားဖြင့် မြန်မာပြည်ထက် ၁၅ ဆခန့် ငယ်ပြီး လူဦးရေလည်း ၇ သန်းကျော်ကျော်သာ ရှိသော အနှီ ဆွစ်ဇာလန်နိုင်ငံသည် တစ်ပုဒ်တည်းသော အမျိုးသားသီချင်းကို အဆိုပါ ဘာသာ ၄ မျိုးဖြင့် ထားပေးရလေ သည်၊
ဆွစ်ဂျာမန်ကလေးတွေက မူလတန်းအဆင့် ၃ တန်းသို့ ရောက်သည်နှင့် ပြင်သစ် သို့မဟုတ် အီတာလျံ တစ်ခုခု ကို ဒုတိယဘာသာအဖြစ် သင်ကြရပြီး၊ ကျန်ဆွစ်ပြင်သစ်နှင့် ဆွစ်အီတာလျံ ကလေးတွေကလည်း ထိုဘာသာ ၃ ခုတွင် မိခင်ဘာသာစကား မဟုတ်သည့် နှစ်ခုအနက် တစ်ခုကို မသင်မနေရ ရွေးချယ်ရလေသည်၊ ထို့ကြောင့် ဆွစ်လူမျိုးအများစုသည် အနည်းဆုံး ဘာသာစကား ၂ မျိုး သို့မဟုတ် ၃ မျိုးကို ပြောတတ်ကြသည်၊ သို့သော် ကျနော်မြင်ရသလောက် ဆွစ်ပြင်သစ်တွေဂျာမန်စကား ပြောနိုင်တာထက် ဆွစ်ဂျာမန်တွေက ပိုပြီးပြင်သစ်စကား ပြောနိုင်ကြသည်၊ ပထမအချက်မှာ ဆွစ်ဂျာမန်တွေက စည်းစနစ်၊ ဇွဲနဘဲအရာမှာ တယူသန်၊ တလမ်းသွား ပိုကျ ပြီး အစွမ်းကုန် ကြိုးစားပြောကြသောကြောင့် ဖြစ်သည်၊ ဒုတိယအချက်မှာ ဂျာမန်စကားက ထောင့်တောင့် တောင့် ကြမ်းတမ်းတမ်း ဖြစ်၍ ဆွစ်ပြင်သစ်အများစုမှာ ပြောရန်စိတ်မပါသောကြောင့် ဖြစ်သည်၊
ဤနိုင်ငံလေးမှာ ၃ နာရီခန့် ရထားစီးမည်ဆိုလျှင် နိုင်ငံ၏တဖက်နယ်စပ်မှ အခြားတဖက်နယ်စပ်သို့ ရောက်ပါ လိမ့်မည်၊ ပြင်သစ်စကားပြော အပိုင်းဖြစ်ပါက ရထားပေါ်တွင် ပြင်သစ်စကားဖြင့် ပထမကြေညာပြီးမှ ဂျာမန် စကားဖြင့် ထပ်ဆင့်ကြေညာသည်၊ ခရီးသွားတစ်ယောက်သည် ပြင်သစ်စကား အရင်ကြားရမည့်အစား ဂျာမန်စကားကို ပထမကြားရပါက ဂျာမန်စကားပြောသည့် အပိုင်းသို့ရောက်လာပြီ ဖြစ်ကြောင်း သိနိုင်ပါသည်၊ မည်သို့ပင်ဖြစ်စေ ဆွစ်ဂျာမန်ပိုင်းကို ရောက်ဖြစ်သည့်အခါ ကြားနေကျ ပြင်သစ်စကား နေရာမှာ ဂျာမန်စကား ကြားရသောကြောင့် အခြားနိုင်ငံတစ်ခုကို ရောက်သလို ကျနော် မကြာခဏ ခံစားရသည်၊ ဈေးဝယ်သည့်အခါ ကုန်ပစ္စည်းများ ပေါ်မှာရှိသည့် စကား ၃ မျိုးအနက်မှ ကိုယ်နှင့်သက်ဆိုင်သည့် စကားကို ရှာဖွေဖတ်ရှုရခြင်းအား အစပိုင်းတွင် ကျနော်အထူးအဆန်း ဖြစ်နေခဲ့ဖူးသည်၊ မကြာခဏ ကြုံရသည့် နောက်ထပ်တစ်ခုမှာ ဆွစ်လူမျိုး အချင်းချင်း အင်္ဂလိပ်လို ပြောနေကြခြင်းဖြစ်သည်၊ ဆွစ်ဂျာမန်တွေက ပြင်သစ်လို ကြိုးစားပြောချင်သော်လည်း ဆွစ်ပြင်သစ်တွေက ဂျာမန်လိုပြန်မပြောချင်၊ ပြန်မပြောနိုင်သည့်အခါ ၄င်းတို့အချင်းချင်း နောက်ဆုံး၌ အင်္ဂလိပ် လိုသာ ပြောကြတော့သည်၊ သို့သော် ဘာသာစကား ကွဲပြားသော်လည်း သူတို့ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင် ကြပါသည်၊
လူတစ်ယောက် ဘာသာစကား တစ်ခုကို ပြောဖို့အတွက် အရင်ဦးဆုံး လိုအပ်သည်မှာ မည်သည့်အရာနည်းဟု တစုံတယောက်က မေးလာခဲ့မည်ဆိုလျှင် ထိုစကားကို ကြားနိုင်သော အကြားစွမ်းရည် ဖြစ်သည်ဟု ကျနော်ဖြေ မိမည် ထင်ပါသည်၊ မှန်ပါသည်၊ စကားတစ်ခုကို မှန်ကန်စွာ မကြားနိုင်ဘူးဆိုလျှင် ထိုစကားကို မှန်ကန်စွာပြော နိုင်ရန် အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်သည်၊ ကျနော် မြန်မာပြည်မှာ ဧည့်သည်များနှင့်မကြာခဏ ခရီးသွားစဉ် အခါက မြန်မာစကားအကြောင်း သူတို့ကို ပြောဖြစ်တိုင်း ထိုအချက်ကို ကျနော်သတိပြုမိသည်၊ ဥပမာ- ကျနော် က ‘ငပိ’ ဟုပြောသည့်အခါ သူတို့က ‘နပိ’ ဟုကြားကြသည်၊ ကျနော်က ထိုစကားနှစ်ခုကို သေသေချာချာ အသံ ထွက်ပြသော်လည်း သူတို့ကမူ အတူတူပဲ ကြားရသည်ဟု ဆိုသည်၊ ကျနော်တို့၏ မိခင်ဘာသာနှင့် ဘာဆိုဘာမျှ နီးစပ်ခြင်း မရှိသော စကားတစ်ခုကို မှန်ကန်စွာ ကြားနိုင်ဖို့ ဆိုသည်မှာ အမြဲတမ်းတော့ မလွယ်ကူနိုင်ပါ၊ ကွဲပြား သော စကားတစ်ခုကို မှန်ကန်စွာ မကြားနိုင်သည်မှာ အသာထားဦး၊ အမြဲတသမတ်တည်း ရှိနေသော အသံတစ် ခုကိုပင် ကျနော်တို့အားလုံး ကြားပုံကြားနည်းချင်း မတူကြပါ၊
ထို့ကြောင့်ပင် တစ်ကောင်တည်းသောကြက်၏ တစ်သံတည်းသော တွန်သံကိုပင် မြန်မာက ‘အောက်အီးအီး အွတ်’ ဟုကြားစဉ် အင်္ဂလိပ်က ‘ကော့က ဒူးဒယ်လ်ဒူး’ (cock-a-doodle-do)ဟု ကြား၏ ပြင်သစ်တို့ကမူ ‘ကော်ကော်ရီကို’ (cocorico) ဟုကြားကြသည်၊ တစ်ကောင်တည်းသောကြောင်က ကျနော်တို့ရှေ့တွင် ‘ညောင်’ ဟုအော်၍ ဆွစ်တို့ရှေ့တွင်မူ ‘မြဦး’ (Miaou) ဟုအော်လေသည်၊ အကယ်၍သာ တိရစ္ဆာန်များ စကားပြောတတ် ပါက ကျနော်တို့အားလုံး မှားကြသည်ဟု ပြောကောင်းပြောနိုင်ပါသည်၊ စင်စစ် အသံတစ်သံတည်းကိုထိုသို့အမျိုး မျိုးကြားကြခြင်းမှာ ကျနော်တို့ မိခင်ဘာသာစကား၏ အသံဖွဲ့စည်းပုံစနစ်များကြောင့် ဖြစ်ပါသည်၊
ဘာသာစကား အသီးသီးတွင် အသံထွက်အလိုက် သတ်မှတ်နိုင်သော Frequency range များရှိကြသည်၊ အကျသံ၊ အလေးသံများသော ဘာသာစကားများက frequency အနိမ့်ပိုင်းမှာ ရှိကြပြီး အတက်သံ၊ နှာခေါင်းသံ၊ စူးရှသံများသော စကားများက အမြင့်ပိုင်းမှာ ရှိကြသည်၊ Frequency ကွဲပြားသော စကားကို ပြောသောလူနှစ် ယောက်သည် အသံတစ်သံကို ကြားပုံချင်းလည်း မတူညီနိုင်ပါ၊ ၄င်းတို့၏ အကြားအာရုံက သက်ဆိုင်ရာ မိခင် ဘာသာစကား၏ ဖွဲ့စည်းပုံကိုသာ အသားကျနေသောကြောင့် ထိုဖွဲ့စည်းပုံ frequency range အတွင်းမှမဟုတ် သောအသံများကို ကြားသောအခါ နားစည်မှ ပေးပို့သော သတင်းအချက်အလက်ကို ဦးနှောက်မှ ကွဲလွဲစွာ ဘာသာပြန်တတ်ပါသည်၊ ဥပမာ- ပြင်သစ်စကားသည် frequency range ၁၂၅ Hz မှ ၂၀၀၀ Hz အတွင်းသာ ရှိသည်၊ ဆိုလိုသည်မှာ အလေးဆုံး၊ အကျဆုံးအသံသည် ၁၂၅ ဟာ့ဇ်မှာရှိပြီး အတက်ဆုံးအသံသည် ၂၀၀၀ ဟာ့ဇ်ဝန်းကျင်ခန့်မှာ ရှိသည်၊ အင်္ဂလိပ်စကားမှာမူ ၁၂၅ မှ ၁၂၀၀၀ ဟာ့ဇ်အတွင်း ရှိသောကြောင့် frequency range ပိုမို ကျယ်ဝန်းပါသည်၊ အကျိုးဆက်အနေဖြင့် အင်္ဂလိပ်တွေ ပြင်သစ်စကား ပြောသောအခါ လေသံသိပ် မဝဲဘဲ သွက်သွက်လက်လက် ပြောနိုင်ပြီး ပြင်သစ်တွေ အင်္ဂလိပ်စကား ပြောသောအခါ အလွန်ဝဲသောလေသံ ဖြင့် အာလေးလျှာလေး ပြောကြလေသည်၊ ထို့ကြောင့် ဘာသာစကားတစ်ခုသည် အလွန်နိမ့်သော အကျသံများ ဖြင့်ဖွဲ့စည်းထားသလို မြင့်သောအတက်သံများလည်း ပါဝင်သည် ဆိုပါစို့၊ ထိုစကားကို ပြောသောလူမျိုးများသည် အခြားစကားများကို မှန်ကန်စွာ ကြားတတ်ကြပြီး အသံထွက်လည်း မှန်ကန်စွာ ထွက်နိုင်ကာ အတတ်မြန်ကြ လေသည်၊ စကင်ဒီနေးဗီးယား နိုင်ငံများ၊ ရုရှား၊ ပိုလန် စသောနိုင်ငံများမှ လူများသည် အခြားလူမျိုးများထက် language ပိုင်းတွင် ပိုပြီး တတ်လွယ်ကြသည်၊
တကယ်တော့ ကျနော်တို့အားလုံးတွင် အင်မတန် အာရုံခံစားမှု ကောင်းသောအကြားစနစ်များ မွေးကတည်းက ပါလာခဲ့ပါသည်၊ စကားပြောတတ်ကာစ ကလေးတစ်ယောက်သည် ၂၀ ဟာ့ဇ်မှ ၂၀ ၀၀၀ ဟာ့ဇ်အတွင်း အသံ များအားလုံးကို မှန်ကန်စွာ ကြားနိုင်ပါသည်၊ အင်မတန်မှ ကျယ်ပြန့်သော frequency range ဖြစ်သည်၊ သို့သော် ထို range မှာကြီးလာသည်နှင့်အမျှ ကြားနေကျ သက်ဆိုင်ရာ မိခင်ဘာသာစကားအလိုက် ကျဉ်းမြောင်းပြောင်း လဲသွားကာ ကျနော်တို့၏ အကြားအာရုံမှာလည်း စူးရှမှု နည်းပါးသွားတော့သည်၊
စင်စစ် စကားတစ်ခုကို မှန်ကန်စွာ ကြားပြီဟု ဆိုသည့်တိုင်အောင် ထိုစကားအတိုင်း မှန်ကန်စွာ အသံပြန်ထွက် နိုင်ဖို့ အမြဲတမ်း မလွယ်ကူပြန်ပါ၊ ကျနော်ပြင်သစ်ဘာသာကို ပထမဆုံး စသင်ခဲ့သည်မှာ မြောက်ဥက္ကလာပရှိ ဘုန်းကြီးကျောင်းတွင် ဖြစ်ပါသည်၊ ထိုကျောင်းတွင် ကံကောင်းထောက်မစွာ အင်မတန်စာသင်ကောင်းသော ဆရာမနှစ်ယောက်နှင့် သင်ကြားခဲ့ရသည်၊ သို့တိုင် ကျောင်းစ,တက်သည်မှ ခြောက်လကြာသည်အထိ ကျနော် တို့မှာ စကားပြောနိုင်ဖို့ဝေးလို့၊ အသံထွက်ကိုပင် မှန်အောင်မထွက်နိုင်သေးပါ၊ အင်္ဂလိပ် အသံထွက် များနှင့်ယဉ်ပါး ခဲ့သော ကျနော်၏လျှာကြွက်သားများက ခပ်လေးလေး ပြင်သစ်အသံတို့ကြားမှာ တဝဲလည်လည် ဖြစ်နေခဲ့ရ သည်၊ ခက်ခဲသော သဒ္ဒါစနစ်၊ များမြောင်လှသော ချွင်းချက်များ၊ ခန့်မှန်းရခက်သော အသံထွက်များ၊ အရာရာ တိုင်းကို အထီးအမ ခွဲခြားထားသော Gender စနစ်တို့ကြောင့် လှော်တိုင်းမရောက်သော ပြင်သစ် ပင်လယ်မှာ ကျနော်အတော်စိတ်ရှည်ရှည်ဖြင့် ရွက်စုံလွှင့်ခဲ့ရသည်၊
တခါတုန်းက ဖတ်ခဲ့ရသော အင်တာဗျူးတစ်ခုကို သတိရမိပါသည်၊ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အလုပ် လုပ်သော အစိုးရအဖွဲ့၏ စကားပြန်တစ်ယောက်ကို မေးမြန်းထားခြင်းဖြစ်သည်၊ ထိုသူမှာ ဘာသာစကား ၅၃ မျိုး ပြောတတ်သည်ဟု ဆိုသည်၊ သူ၏အဆိုအရ ဘာသာစကား သင်ယူတာများလာလေလေ စကားအသစ်အတွက် ပေးရသောအချိန် နည်းလာလေလေဖြစ်သည်၊ ပထမစကားကို ၃ နှစ်သင်ရသည် ဆိုလျှင် နောက်ထပ်စကားကို ၁ နှစ်ခွဲလောက်သင်လျှင် တတ်နိုင်သည်၊ နောက်ထပ်စကားကို ၁ နှစ်၊ နောက်တစ်ခုကို ခြောက်လ စသဖြင့်...၊ သူစကားသင်ယူ နည်းမှာ စိတ်ဝင်စားစရာ ကောင်းပါသည်၊ သူက ဘာသာစကားတစ်ခုကို ဖတ်နိုင်ဖို့ အရင်ဆုံး ကြိုးစားသည်၊ ထိုအတွက် ယေဘုယျအားဖြင့် ၃ လခန့်ကြာသည်၊ “ ခင်ဗျား စကားတစ်ခုကို ဖတ်နိုင်ပြီဆိုရင် အဲဒီစကားကို ခင်ဗျားတတ်ပြီလို့ ဆိုနိုင်တယ်ဗျ၊ ဒီလို ဖတ်တတ်ဖို့က အကြမ်းဖျဉ်း ပြောရရင် ၃ လလောက်တော့ ကြာမယ်ဗျာ၊ အဲဒါနောက်ပိုင်းမှာတော့ ခင်ဗျားလုပ်ရမှာက အဘိဓါန်ကောင်းကောင်း တစ်အုပ်ရှာပြီး အဲဒီစကားနဲ့ ရေးထားတာတွေကို ရနိုင်သလောက်သာ ရှာပြီးဖတ်ပေတော့...” တဲ့၊ ဖြစ်နိုင်ပါသည်၊ သို့သော် ထိုစကားကို သွက်သွက်လက်လက် ပြောနိုင်ဖို့ဆိုလျှင် စာဖတ်သောအခါ ခပ်ကျယ်ကျယ် အသံထွက်ဖတ်ဖို့တော့ လိုအပ်ပါ လိမ့်မည်၊ ထိုလူကတော့ စကားအသစ် ထပ်သင်ဖို့ ပြဿနာမရှိဘဲ သင်ထားပြီးသမျှကို မေ့မသွားအောင် ပိုပြီး အားထုတ် ဂရုစိုက်နေရပါသည်-တဲ့၊
ယနေ့ကမ္ဘာဟာ ရွာကြီးတစ်ရွာဖြစ်လာပြီး ထိုရွာကြီးဟာလည်း ပြားသထက်ပြားလာသောအခါ ကျနော်တို့ရှေ့မှာ ဘာသာစကားတို့ တိုးဝှေ့တွန်းတိုက် မိကြတာကို တစ်ကြိမ်ထက် တစ်ကြိမ်ဆိုသလို မြင်နေရပါသည်၊ အရောင်စုံ အသွေးစုံ၊ အသံစုံသော စကားတို့က မြန်ဆန်သော ဓါတ်ရထားများသဖွယ် တစ်နေရာမှ တစ်နေရာသို့ လွန်းထိုး သွားလာနေကြသည်၊ သက်ဆိုင်ရာ ရထားတစ်စင်း,စင်းကိုသာ စီးနိုင်မည်ဆိုလျှင် လိုရာခရီးကို ကျနော်တို့ ပိုမို မြန်ဆန်စွာ ရောက်နိုင်ပါသည်၊ လောလောဆယ် ကျနော်ကတော့ ပီဇာရနံ့သင်းသော၊ စပါဂက်တီ ရနံ့သင်းသော ရထားတစ်စင်းကို စီးဖို့ စိတ်စောနေမိသည်။ ။
ညီလင်းသစ်
၂၃ ဧပြီ၊ ၂၀၀၉
Posted by
ညီလင်းသစ်
au
23.4.09
13
comments
13 April 2009
Flash Test
ပြီးခဲ့တဲ့ တစ်ပတ်က Camera Flash Test တစ်ခုလုပ်ဖြစ်ပါတယ်၊ အဲဒီနေ့က အလုပ်မှာ ကျနော်က chemicals တွေအတွက် ဒေတာဘေ့စ် တစ်ခုလုပ်နေတုန်း ဒီ flash စမ်းသပ်မှုလုပ်ဖို့ ရုတ်တရက် အကြံပေါ်လာခဲ့တယ်၊ ကျနော်တို့ Lab မှာရှိတဲ့ chemicals တွေအားလုံးကို တစုတစည်းထဲ ဒေတာဘေ့စ် တစ်ခုတည်းအောက်မှာထား ဖို့အတွက် ပြင်ဆင်တော့ အဲဒီဓါတုပစ္စည်းတွေကို သက်ဆိုင်ရာ ဓါတ်ပုံတွေနဲ့ထားရင် ရှာရတဲ့လူအဖို့ ပိုပြီးလွယ် နိုင်တယ်လို့ ကျနော်ယူဆတယ်၊ တကယ်က chemical တွေအားလုံးမှာ တိကျတဲ့ သက်ဆိုင်ရာ C.A.S number, ဖော်မြူလာ, အရပ်အခေါ်, ဓါတုအခေါ် စတာတွေ ရှိပြီးသားမို့ မှားစရာ အကြောင်းက သိပ်မရှိပါဘူး၊ ဒါပေမယ့် ကျနော်ကိုယ်တိုင်က အဲဒါတွေကို ဓါတ်ပုံရိုက်ချင်နေတော့ နည်းနည်းအကြောင်းပြချက် လိုက်ရှာတဲ့ သဘောလည်း ပါ,ပါတယ်၊ ကျန်တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေသည့်တိုင် ပုံလေးပါ ကြည့်လိုက်ရတော့ ပိုပြီး သေချာသွားတာပေါ့လေ ဆိုပြီး ကိုယ့်ဟာကိုယ် အဆိုပြု၊ ကိုယ့်ဟာကိုယ် ထောက်ခံပြီး ကိုယ့်ဟာကို အတည် ပြုလိုက်တယ်၊
အဲဒီလို ပုံတွေရိုက်ရင်း တချို့နေရာတွေမှာ flash test လေးတွေ ကြိုကြားကြိုကြား လုပ်ဖြစ်ပါတယ်၊ သိတဲ့အတိုင်း ဓါတ်ပုံကို တကယ်တမ်း အနုပညာမြောက်အောင် ရိုက်မယ်ဆိုရင် flash ကိုကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လည်း အရေးကြီးတာကိုး...၊ ဒီလိုပြောလို့ ကျနော်က ဓါတ်ပုံတွေကို တန်းဝင်အောင် ရိုက်တော့မယ် လို့ဆိုလိုတာ မဟုတ်ပါဘူး၊ အဝေးကြီး လိုပါသေးတယ်၊ အခုဟာက ကိုယ်သုံးမယ့် ပစ္စည်းတစ်ခုကို နဲနဲလောက် ထဲထဲဝင်ဝင် သိရအောင်ပါပဲ၊ စမ်းဖြစ်တဲ့ flash gun ကတော့ Canon Speedlite 430 Ex II ဖြစ်ပါတယ်၊ Speedlite 580 နဲ့ယှဉ်မယ်ဆိုရင်တော့ သိပ်မကြီးပါဘူး၊ ဒါပေမယ့် ကျနော်သုံးတဲ့ EOS 450d အတွက်ကတော့ အတော်ပါပဲ၊ တချို့နေရာတွေမှာ 450d ရဲ့ built-in flash နဲ့တင် အသုံးတည့်ချင် တည့်တတ်သေးတော့ အခု ဒီ external flash နဲ့ဆိုရင် အလင်းအတွက်ကတော့ ပူစရာ သိပ်မလိုတော့ပါဘူး၊ So, let there be light.....!
Flash test (1) [EOS 450d, Sigma 18-200mm, 78mm, f/5.6, 1/60, ISO200]
ဘယ်ဖက်ပုံက flash မပါဘဲနဲ့ ညာဖက်ကပုံကတော့ flash ကို သုညဒီဂရီ horizontal အပြည့်ယူထားပါတယ်၊ ဘယ်ဖက်ပုံက နဲနဲမှောင်ပြီး ပုလင်းရဲ့ အနားသတ်တွေ မပြတ်သားပါဘူး၊ ညာဖက်ပုံကတော့ အလင်းများလွန်းပြီး ပုလင်းက ရောင်ပြန်ဟပ်တဲ့အပြင် အနောက်ဖက်မှာ ကျနေတဲ့ အရိပ်ကလည်း အရုပ်ဆိုးစေပါတယ်၊
ဒီတတိယပုံကတော့ flash ကို ၆၀ ဒီဂရီ လှန်တင်ပြီး ရိုက်တာပါ၊ အရင် ၂ ပုံနဲ့စာရင်တော့ ပုလင်းအနားသတ်တွေ ပိုပြတ်သားပြီး အရိပ် လည်းနည်းသွားတယ်၊ ဒါပေမယ့် လုံးဝတော့ မပျောက်သေးဘူး၊ တကယ်တော့ ဖန်ပစ္စည်းတို့၊ ပုလင်းတို့ကို ရိုက်ရတာ ခက်ပါတယ်၊ ကျနော် subject ရွေးတာလည်း မှားချင်မှားနိုင်ပါတယ်၊ စတူဒီယိုထဲမှာလို မီးအပြည့်နဲ့ဆိုရင်တော့ ဘယ်လိုနေမယ် မသိဘူး၊
Flash test (2) [EOS 450d, Sigma 18-200mm, 63mm, f/5, 1/60, ISO200]
ဘယ်ဖက်က flash ကို သုညဒီဂရီ ယူထားပြီး ညာဖက်ကတော့ ၄၅ ဒီဂရီ ဖြစ်ပါတယ်၊ ဖန်ပုလင်းနဲ့စာရင် အရိပ်နည်းပေမယ့် ရှိတုန်းပါပဲ၊
ဘယ်ဖက်က ၆၀ ဒီဂရီ flash ဖြစ်ပြီး ညာဖက်ကတော့ ၇၅ ဒီဂရီ ဖြစ်ပါတယ်၊ ၇၅ ဒီဂရီမှာ နောက်ဖက်အရိပ်က ပျောက်သလောက်ဖြစ် သွားပေမယ့် subject ပေါ်မှာကျတော့ အလင်းက မလောက်တော့ပြန်ဘူး၊ subject ရဲ့အနောက်ကို အလင်းဖြန့်ပို့ပေးတဲ့ ပစ္စည်းသုံးရမယ် ထင်တယ်၊ ဒါမှမဟုတ်လည်း ဘေးနှစ်ဖက်ကနေ ရောင်ပြန်ထိုးပေးပေါ့၊
Flash test (3) [EOS 450d, Sigma 18-200mm, 42mm, f/4.5, 1/60, ISO200]
ဘယ်ဖက်ပုံက ၆၀ ဒီဂရီ flash တစ်ခုတည်းနဲ့ ရိုက်ထားတာ ဖြစ်ပြီးတော့ ညာဖက်ကတော့ အဲဒီ ၆၀ ဒီဂရီကိုပဲ Lab ထဲမှာ ရှိသမျှမီး အားလုံးဖွင့်ပြီး ရိုက်ပါတယ်၊ ပုံရဲ့ background/foreground စပ်ဟပ်မှု မတူတာကို သတိထားမိမှာပါ၊
Flash test (4) [EOS 450d, Sigma 18-200mm, 96mm, f/5.6, 1/60, ISO200]
ဒါကတော့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ fume hood ထဲကို လှမ်းရိုက်ကြည့်လိုက်တာပါ၊ ဘယ်လောက်အသေးစိတ်အထိ မြင်နိုင်မလဲ ဆိုတာ သိရအောင် ဖြစ်ပါတယ်၊
အခုစမ်းသပ်ခဲ့တဲ့ test တချို့ဟာ ပြီးပြည့်စုံခြင်း မရှိတာ သေချာပါတယ်၊ Flash တစ်ခု ဘယ်လောက်အလုပ်လုပ်တယ် ဆိုတာသိရဖို့ စမ်းသပ်ရမယ့် parameter တွေအများကြီး ရှိမှာပါ၊ အခုစမ်းသပ်မှုတွေကလည်း ရှေ့ဆက်လုပ်ရမယ့် test တွေအတွက် ရှေ့ပြေးသက်သက်သာ ဖြစ်ပါတယ်၊ ကျနော်စိတ်ကူးရသလို စမ်းခဲ့တာဖြစ်လို့ ကောက်ချက်လွဲခဲ့ရင်၊ တင်ပြပုံလွဲခဲ့ရင် ကျနော့်ရဲ့အားနည်း ချက်ပဲ ဖြစ်ပါလိမ့်မယ်၊ နည်းပညာပိုင်းဆိုင်ရာ အကြံပေးချက်များ ရှိခဲ့ရင်လည်း ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။
ညီလင်းသစ်
၁၄ ဧပြီ၊ ၂၀၀၉
Posted by
ညီလင်းသစ်
au
13.4.09
4
comments