09 December 2010

သွား


‘ကျေးဇူးပြု၍ ဘဲလ်တီးပြီးမှ ဝင်ခဲ့ပါ’ ဟုရေးထားသော စာတန်းလေးကို တချက်စိုက်ကြည့်ပြီး အောက်ဖက်က ဘဲလ်ခလုတ်လေးကို သူနှိပ်လိုက်သည်၊ ပြီးတော့ တဆက်တည်း တံခါးကို ဆွဲဖွင့်ပြီး ဝင်သွားလိုက်သည်၊ အထဲ မှာ ဘယ်သူမှ ရှိမနေ၊ နှစ်စက္ကန့်မျှ စောင့်ကြည့်ပြီး သူ့ကိုယ်ပေါ်က အနွေးထည်ပွပွကြီးကို ချွတ်လိုက်သည်၊ သူ့ဘယ်ဖက်ဘေးမှာ ကြီးမားသော အညိုရောင် သစ်သားဘီဒိုကြီးတစ်လုံးရှိသည်၊ သူမှတ်မိသလောက် ထိုဘီဒို ကြီးထဲမှာ အနွေးထည်များ ချိတ်လေ့ရှိသည်၊ ထို့ကြောင့် သူ့ကုတ်အင်္ကျီကိုထားဖို့ လက်လှမ်းလိုက်စဉ်မှာပဲ သူ့ ရှေ့တည့်တည့်စင်္ကြန်မှာ အဖြူရောင်ဝမ်းဆက်နှင့် အမျိုးသမီးတစ်ယောက် ပေါ်လာသည်၊ အသက် ၃၅ နှစ် ဝန်းကျင်ခန့် ဟု ထင်ရသောအမျိုးသမီးသည် အဖြူရောင်ဘောင်းဘီရှည်ပေါ်မှ အဖြူရောင်လက်တို ရှပ်အင်္ကျီ နှင့် လန်းဆန်း တက်ကြွလျက် ရှိသည်၊ သူမက အပြုံးမျက်နှာဖြင့်…

“ ဘွန်ရှူး…”

“ ဘွန်ရှူး..” ဟု သူကလည်း ပြန်နှုတ်ဆက်လိုက်သည်၊

တဆက်တည်းမှာ သူမက သူ့ထံမှ ကုတ်အင်္ကျီကို လှမ်းယူလိုက်ပြီး ဘီဒိုကြီးထဲမှာ ချိတ်လိုက်သည်၊ တဆက်ထဲ

“ နှစ်မိနစ်လောက်တော့ စောင့်ပါနော် ”ဟု ဆိုကာ သူ့ညာဖက်ရှိ waiting room ကို ညွှန်ပြသည်၊ သူက ခေါင်း ဆတ်ပြလိုက်ပြီး အခန်းလေးထဲသို့ ဝင်လာလိုက်သည်၊

စင်စစ် သူရောက်နေသော နေရာသည် သူနေသော နေရာမှ ၁၀ မိနစ်ခန့် သွားရသည့် သွားဆေးခန်း တစ်ခုဖြစ် လေသည်၊ အခန်းလေးထဲရှိ ခုံလေးခုံအနက်မှ တစ်ခုတွင်ဝင်ထိုင်ရင်း ဘယ်တုန်းက သူ ဒီကိုနောက်ဆုံးအကြိမ် လာခဲ့တာပါလိမ့်ဟု စဉ်းစားနေမိသည်၊ မနှစ်က မလာခဲ့တာတော့ သေချာသည်၊ ထို့ထက်ပို၍ သူမမှတ်မိ…၊ ဒီဆေးခန်းလေးကို သုံးလေးကြိမ်ထက်မနည်း သူရောက်ဖူးပါသည်၊ ဒါကလည်း မအိမ်သူက သူ့ကိုအတင်း တွန်းလွှတ်လိုက်၍ ဖြစ်သည်၊ ဒါ့အရင်ကတော့ သွားဆေးခန်းဆိုတာ သူနဲ့ သူစိမ်းပြင်ပြင်...၊ အထူးသဖြင့် ဒီနိုင်ငံမျိုးမှာ သွားနှင့် ပတ်သက်သည့် ကုန်ကျစရိတ်တွေကို ကိုယ့်ဟာကိုယ် ပေးကြရတာများသည်၊ ကျန်းမာရေး အာမခံထဲမပါ...၊ အခုလည်းမအိမ်သူကပင် သူမ သွားတွေကို လာစစ်တုန်း သူ့အတွက်ပါ ‘သွား’ ကျန်းမာရေး စစ်ဆေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်၊



သူချိန်းထားခဲ့သော အပွိုင့်မင့်န်သည် နေ့လယ် ၁ နာရီခွဲမှာ ဖြစ်သည်၊ သူ့လက်မှ နာရီကိုကြည့်လိုက်တော့ နေ့လယ် ၁ နာရီ ၂၉ မိနစ်တိတိဖြစ်သည်၊ သူ နောက်ကျမနေသည့်အတွက် စိတ်သက်သာရာ ရသွားသည်၊ သူ့ ရှေ့ရှိ စားပွဲပုလေးပေါ်မှ မဂ္ဂဇင်းများကို တချက်ဝေ့ကြည့်လိုက်ရင်း ပြုံးချင်ချင် ဖြစ်သွားသည်၊ အများစုက ဖက်ရှင်မဂ္ဂဇင်းများ ဖြစ်ကြသည်၊ ယခင်က ဒီလို စောင့်ဆိုင်းရသည့် နေရာတွေကို လာတိုင်း အခုလို ခင်းကျင်း ထားသည့် စာအုပ်တွေကို သူ အငမ်းမရ ဖတ်ချင်လေ့ရှိသည်၊ ဒါပေမယ့် ပြဿနာက ဘာမှဖတ်လို့မရ၊ တခုခုကို သူ သေသေချာချာ ဖတ်တော့မည်ဆိုလျင် သူ့အလှည့်ရောက်လာတော့သည်၊ တခါတုန်းကတော့ ဆောင်းပါး တစ်ပုဒ် ကိုဖတ်လို့ ကောင်းခန်းရောက်နေတုန်း သူစောင့်ဆိုင်းနေသူနှင့်တွေ့ရန် အလှည့်ကျလာသည်၊ သူ စိတ်ညစ်သွားသည်၊ သူ့နောက်ကလူကို ‘ခင်ဗျားအရင်သွားလိုက်ဗျာ’ ဟုပင် ပြောလိုက်ဖို့ သူစိတ်ကူးသေးသည်၊ နောက်မှ ဒီကိုလာတာ စာဖတ်ဖို့လာတာမှ မဟုတ်တာဟု ကိုယ့်ကိုယ်ကို ပြန်အားပေးရင်း လေးတိလေးကန်နှင့် သူ ထ,လိုက်သွား ခဲ့သည်၊ ထို့နောက်မှာတော့ အခုလို စောင့်ဆိုင်းခန်းတွေမှာ သူဘာမှ ဟုတ်တိပတ်တိ မဖတ် တော့၊ အခုလည်း ဓါတ်ပုံအသားပေးသော မဂ္ဂဇင်းတစ်ခုကို ကောက်ကိုင်ပြီး တစ်ရွက်လား၊ နှစ်ရွက်လားပဲ လှန်ရ သေး… ခုနက အဖြူရောင်ဝမ်းဆက်နှင့် ဆရာမလေးက သူ့ကိုလာခေါ်သည်၊ ဒီတစ်ခါတော့ ငါမခံရတော့ဘူး ဟူသောအပြုံးမျိုး ဖြင့် သူ ထ,လိုက်သွားလိုက်သည်၊



နောက်မှီကို လှန်ချလို့ရသည့် လူနာထိုင် ထိုင်ခုံပေါ်မှာ သူဝင်ထိုင်လိုက်ချိန်မှာ ဆရာမလေးက သူ့မှတ်တမ်းတွေ ကို ပြန်ဖတ်နေသည်၊ ထို့နောက်...

“ မတွေ့တာ ကြာပြီနော် ” ဟု ဆိုသည်၊ သူကလည်း ...

“ ဟုတ်တယ်ဗျာ၊ မနှစ်ကတော့ ကျနော်မလာဖြစ်တာ သေချာတယ်ဗျ ” ဟု အလိုက်သင့်ပြန်ပြောလိုက်သည်၊ ဆရာမလေးက ပြုံးလိုက်ရင်း...

“ ရှင် နောက်ဆုံးလာတာ ၂၀၀၇ ဒီဇင်ဘာလကပါ ” ဟုဆိုသည်၊ သူ အံ့သြသွားသည်၊ သို့သော်...

“ အင်း... ၂၀၀၈ တုန်းက ကျနော် တစ်ခေါက်လောက်တော့ လာခဲ့သေးသလားလို့ ” ဟု ပြောလိုက်သေးသည်၊ ဆရာမလေးက ...

“ ကျမတို့ဆီမှာရှိတဲ့ မှတ်တမ်းတွေအရတော့ ၂၀၀၇ က နောက်ဆုံးအကြိမ်ပါပဲ ”ဟု အခိုင်အမာ ပြန်ပြောသည်၊ သူ သိပ်မယုံချင်သော်လည်း တဖက်က မှတ်တမ်းမှတ်ရာနှင့်မို့ ငြိမ်နေလိုက်ရသည်၊ ဆရာမလေးက သူ့ဘေးကို လာရင်း လိုအပ်သည့် ကိရိယာတွေကို ပြင်ဆင်နေချိန်မှာ သူ တစ်ခု သတိရသွားသည်၊

“ ပုံမှန်ဆိုရင် ဆရာမတို့က ကျနော်တို့ဆီကို ၆ လတစ်ကြိမ်၊ ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ် သွားလာစစ်ဖို့ သတိပေးစာ ပို့တယ် မဟုတ်လား ” ဟု ဆင်ခြေပေးလိုက်သည်၊ သဘောက ‘ကျနော့်ကို ခင်ဗျားတို့ကမှ သတိ မပေးတာ၊ ကျနော်ပုံမှန် လာမစစ်တာ ဘာမှ မဆန်းဘူး’ ဟု စောဒက တက်လိုက်ခြင်းပဲ ဖြစ်သည်၊ ဆရာမလေးက ပြုံးပြီး လေသံ အေးအေးလေးဖြင့် ...

“ ၂၀၀၈ ဒီဇင်ဘာလက ကျမတို့ ရှင့်ကို သတိပေးစာ ပို့ပါတယ်၊ ဒါပေမယ့် ရှင့်ဖက်က ဘာမှ အကြောင်းမပြန်လို့ ကျမတို့ရဲ့ ပေါ်လစီအရ ရှင့်ကို system ထဲကနေ ထုတ်လိုက်တာပါ၊ တခြားဆေးခန်း တစ်ခုခုကို ရှင်ပြောင်းသွား တာလည်း ဖြစ်နေနိုင်တယ်လေ...” ဟု ရှင်းပြသည်၊ သူ ဘာမှမပြောနိုင်တော့ဘဲ အသာပဲ ငြိမ်နေလိုက်ရသည်၊

“ အဲဒီတော့ရှင်... ရှင့်သွားတွေကို နောက်ဆုံး ဓါတ်မှန်ရိုက်ခဲ့တာက လွန်ခဲ့တဲ့ ၃ နှစ်ကဆိုတော့ အခုနောက်တခါ ဓါတ်မှန် ပြန်ရိုက်ဖို့ ကျမ အကြံပေးချင်တယ်၊ ၃ နှစ်အတွင်းမှာ အရာအများကြီး ပြောင်းလဲသွားနိုင်တယ်လေ ” ဟု သူမ,က ဆိုသည်၊ သူကတော့ ‘အင်း...ကောင်းသလိုသာ စီစဉ်ပါ တော့ ဗျာ’ ဟုသာ ဆိုနိုင်တော့သည်၊



ဆရာမလေးက သူ့ ညာဖက်ပါးမှတခါ၊ ဘယ်ဖက်ပါးမှတလှည့် ဓါတ်မှန်ရိုက်သည်၊ ဓါတ်မှန်ကို ကူးနေချိန်မှာ သူ့ကို ‘သွား’ သန့်ရှင်းရေးလုပ်ဖို့ ပြင်သည်၊ သူမက သွားဆရာဝန်တော့ မဟုတ်ပါ၊ Hygienist ဟုခေါ်သည့် သွားကျန်းမာရေး၊ သွားသန့်ရှင်းရေးတို့ကို အဓိက တာဝန်ယူရသူသာ ဖြစ်သည်၊ ဒီဆေးခန်းမှာ အခြား သွား ဆရာဝန်တစ်ယောက်လည်း ရှိသေးသည်၊ သူ့သွားတွေကို တိုက်ချွတ်၊ ဆေးကြောမှု scaling လုပ်ရန် စတီးလ် ချောင်းလို အရာကို တဖက်ကကိုင်ပြီး ပလတ်စတစ် တုတ်ချောင်းလိုအရာကို အခြားတဖက်ကကိုင်ကာ သူမက သူ့ခေါင်းရင်းဖက်မှာ ဝင်ထိုင်သည်၊ ပြီးတော့ သူထိုင်နေသည့် ထိုင်ခုံနောက်မှီကို နှိမ့်ချလိုက်သည်၊ တဆက်ထဲ ..

“ ၂၀၀၇ ဓါတ်မှန်ထဲမှာ အံဆုံးတွေ ကိစ္စပြောထားတာ ဘာမှ ဆက်မလုပ်ဖြစ်ဘူး ထင်တယ်နော် ”ဟု ဆိုသည်၊ ထိုအခါမှ သူလည်း သတိရတော့သည်၊ ကြည့်စမ်း… ဟုတ်သားပဲ၊ ထိုစဉ်က ဓါတ်မှန်ထဲမှာ သူ့အံဆုံးတွေကို တွေ့ရသည်၊ သူ့မှာ အံဆုံးလုံးဝမပေါက်ပါ၊ အသက် အစိတ်ကျော်လာခဲ့ချိန် သူငယ်ချင်းတွေက ‘မင်း အခုနေသာ အံဆုံးပေါက်လို့ကတော့ နာဖို့သာပြင်ထား’ဟု ဝိုင်းစေတနာ ထားကြသည်၊ သို့သော် ထိုအချိန်မှ နောက်ထပ် ၁၀ နှစ်သာ စွန်းလာသည်၊ အနှီအံဆုံးကား မပေါက်...၊ ယခုဓါတ်မှန်ထဲမှာတော့ လေးချောင်းစလုံးကို မြင်ရသည်၊ သွားဆရာဝန်က ဓါတ်မှန်ကိုကြည့်ပြီး အံဆုံးမပေါက်နိုင်တော့ကြောင်း၊ အခုလောလောဆယ်တော့ ဘာမှထူးခြား မှုမရှိသော်လည်း အကောင်းဆုံးမှာ ခွဲထုတ်လိုက်ဖို့ အကြံပေးချင်ကြောင်း ပြောခဲ့သည်၊ သူ နားမထောင်ခဲ့ပါ၊ ဘာမှနာကျင်မှုရှိမနေသောကြောင့် နောင်ခါလာနောင်ခါဈေးဟုပဲ သဘောထားခဲ့သည်၊ အခု ဒီကိစ္စကို မေးနေ ပြန်ပြီ၊

“ အေးဗျာ…အဲဒါကလည်း လုပ်မယ်၊ လုပ်မယ်နဲ့ပဲ…” ဟု ယောင်ဝါးဝါးပဲ ဖြေလိုက်ရသည်၊

Hygienist ဆရာမ ကတော့ သွားတွေကို သန့်ရှင်းရေး စ,လုပ်နေပြီ၊ လင်းထိန်နေသော မီးအုပ်ဆောင်းကြီး အောက်မှာ သူ့ ပါးစပ်ကို အစွမ်းကုန် ဟ,ထားပေးရင်း မျက်လုံးများကိုပဲ ပိတ်ထားလိုက်တော့သည်၊ သူ့စိတ်တွေ က သူတို့ ညီအစ်ကိုတွေ ငယ်ငယ်တုန်းက ငယ်သွားလဲချိန်ကို သတိရမိသွားသည်၊ အဲဒီတုန်းက ကလေးတို့ထုံးစံ ခပ်နဲ့နဲ့ ဖြစ်နေသည့် ရှေ့ သွားလေးကို လျှာနဲ့ထိုးထိုးနေဖြစ်တာ သူ သတိရသည်၊ မနေတတ်မထိုင်တတ် ခိုးလိုး ခုလု ဖြစ်နေပါသည်ဆိုမှ ထိုသွားကလေးကလည်း မကျိုးနိုင်၊ နောက်တော့ သူ့ကို ဘယ်သူက မြှောက်ပေးလိုက် သလဲမသိ၊ အိပ်နေတုန်း ကျိုးသွားရင် အဲဒီသွားက ဗိုက်ထဲကျသွားနိုင်သည်တဲ့၊ အမြန်ဆုံး နှုတ်ပစ်ရမတဲ့၊ နှုတ်နည်းက သွားမှာ အပ်ချည် ကြိုး သုံးလေးချောင်းပူးကိုချည်၊ ကျန်တဖက်ကို တံခါးလက်ကိုင်မှာ ချည်ပြီး တံခါးဆောင့်ပိတ်လိုက်ရုံပဲ-တဲ့၊ သူ နည်းနည်းမျက်လုံးပြူးသွားသော်လည်း စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်၊ တကယ်တမ်းမှာတော့ သွားနှင့်တံခါး ကြိုးတန်းလန်း ဖြစ်နေချိန်မှာ တံခါးကိုကိုင်ပြီး သူအကြာကြီး တွေဝေနေခဲ့ သည်၊ တခါးရွက်ကို သူနှင့်ဝေးရာသို့ တွန်းပစ်လိုက်ရမည့်အစား ဖြစ်နိုင်ခြေတွေပဲ သူစဉ်းစားနေခဲ့သည်၊ သူတို့ ပြောသလို သွားက ဆတ်ကနဲ ကျိုးသွားမှာလား၊ ဒါမှမဟုတ် အပ်ချည်ပဲ ပြတ်သွားမလား၊ ဒါမှမဟုတ် သွားလည်း မကျိုးခင် အပ်ချည်လည်းမပြတ်ခင် မသိစိတ်နဲ့ တခါးနောက်ကို ခြေတစ်လှမ်း ခုန်လိုက်သွားမိမလား၊ မိနစ်တွေ တော်တော်လွန်သွားပြီးချိန်မှာတော့ အပ်ချည်ကြိုးကိုပဲ သူပြန်ဖြုတ်ခဲ့ပါသည်၊ ခဏတဖြုတ်ဟု ဆိုသည့်တိုင် နာကျင်မှုကို သူ မလိုချင်ပါ၊ နောက်တော့လည်း သွားကလေးက လက်နှင့်တစ်ကြိမ်ထိစဉ်မှာ သူ့ဟာသူ အသာ လေး ကျိုးသွားခဲ့သည်၊

“ ပလုတ်ကျင်းလိုက်ပါဦး၊ ကျမ ရှင့်ရဲ့ဓါတ်မှန် သွားယူလိုက်ပါဦးမယ် ”...၊

ဆရာမလေးရဲ့ အသံကြောင့် တံခါးရွက်နောက်က သူ့စိတ်တွေ သွားဆေးခန်းထဲ ပြန်ရောက်လာကြသည်၊ ဘယ် ဖက်ဘေးမှာရှိသည့် ပလတ်စတစ်ခွက်လေးထဲမှ ခံတွင်းဆေးရည်အနီရောင်ဖြင့် ကြွေဇလုံလေးထဲ လေးငါးခါ ပလုတ်ကျင်းလိုက်သည်၊ ပါးစပ်ထဲမှာ ပူရှိန်းရှိန်းဖြင့် မွှေးပျံ့သွားသည်၊

“ အင်း..ရှင့်အတွက် သတင်းကောင်းပဲ၊ သွားတွေအားလုံး ကောင်းတယ်၊ ပိုးစားတာတို့ ပျက်စီးတာတို့ တခုမှ မရှိ ဘူး ...” ဟု ဆရာမက ဓါတ်မှန်စာရွက်ဖြင့် ပြန်ဝင်လာရင်း ပြောသည်၊

“ ဟာ..ကောင်းတာပေါ့၊ ဝမ်းသာစရာပဲ ” ဟု သူက ပြန်ပြောလိုက်သည်၊ သူ တကယ်လည်း ဝမ်းသာပါသည်၊ သွားတစ်ချောင်းကို ပြုပြင်လျှင် ကုန်ကျမည့်ပိုက်ဆံဖြင့် ဓါတ်ပုံဆိုင်ရာ ပစ္စည်းကောင်းကောင်းတစ်ခု အသာလေး ဝယ်နိုင်ပါသည်၊

“ အခု သွားတစ်ချောင်းနဲ့တစ်ချောင်းကြား အောက်ခြေအထိ သန့်ရှင်းအောင် ဒီ dental floss နိုင်လွန်ကြိုးလေးနဲ့ သန့်ရှင်းရေးလုပ်မယ် ”ဟု ပြောပြောဆိုဆို သူ့ကို အဖြူရောင်နိုင်လွန်ကြိုးလေးတစ်ခုပြသည်၊

သူ ပါးစပ်ဟ,ပေးရပြန်သည်၊ သွားတွေ တစ်ချောင်းချင်းကြား နိုင်လွန်ကြိုးလေးဖြင့် ဟိုဖက်ဒီဖက် ပွတ်ဆွဲကာ စိတ်ရှည်ရှည်ဖြင့် သန့်ရှင်းပေးနေသည့် ဆရာမလေးရှေ့မှာ သူ့ကိုယ်သူ မိကျောင်းတစ်ကောင်ဟုပင် ထင်မှတ် လာမိသည်၊ သူမ သန့်ရှင်းရေးလုပ်ဖို့ အစွမ်းကုန် ပါးစပ်ဟ,ထားပေးရသော သူ့အဖြစ်က မြစ်ချောင်းကမ်းပါးမှာ နေပူစာလှုံရင်း သွားကြားမှ ညပ်နေသည့်အစာကို ငှက်ကလေးတွေလာစားစေဖို့ ပါးစပ်ကြီးတွေဟ,ထားသော မိကျောင်းတွေနှင့် တူနေနိုင်ပါသည်၊ ဒါပေမယ့် ကိုယ့်ရဲ့ တကိုယ်ရေသန့်ရှင်းရေးကို အခြားသူတစ်ယောက်က လုပ်ပေးနေသောအဖြစ်က သူ့ကို အနည်းငယ် နေရထိုင်ရခက်စေသည်၊ သူ့ သွားတွေက တကယ်ပဲ ညစ်ပတ် နေတာလား၊ ဆရာမလေးက သူ ပလုတ်ကျင်းဖို့ ထိုင်ခုံပြန်မတ်ပေးလိုက်ချိန်မှာ သူ မေးလိုက်သည်၊

“ ကျနော်တို့ နေ့တိုင်းနေ့တိုင်း သေသေချာချာ သွားတိုက်တာတောင် အခုလို သန့်ရှင်းရေးမျိုး လုပ်ဖို့လိုသလား ”

“ ဘယ်လိုပဲ သွားတိုက်,တိုက် ကျမတို့တွေအားလုံး အခုလို သန့်ရှင်းရေးမျိုး အနည်းနဲ့အများ လိုအပ်ပါတယ်၊ အနည်းဆုံး တစ်နှစ်တစ်ခါလောက်ပဲ ဖြစ်ဖြစ်ပေါ့၊ ဒီလိုဆိုတော့ သန့်ရှင်းရေးလုပ်တာအပြင် တော်ရုံတန်ရုံ သတိ မမူဖြစ်တဲ့ သွားအပျက်အစီး၊ ပိုးပေါက် စ,တာတွေကိုလည်း တခါတည်း စစ်လို့ရတာပေါ့၊ ပြီးတော့ နေ့စဉ်ဘဝမှာ ညအိပ်ရာဝင် သွားတိုက်ပြီးတိုင်း အခု ကျမလုပ်သလို dental floss နဲ့ သွားကြားတွေကို သန့်ရှင်းရေး လုပ်ပေး နိုင်ရင် အကောင်းဆုံးပါပဲ ”ဟု သူမက ပြန်ဖြေသည်၊

ဒီကမ္ဘာကြီးမှာ အခုလို သန့်ရှင်းရေးလုပ်ဖို့လိုတာ သူတစ်ယောက်တည်း မဟုတ်သည့်အတွက် အတန်ငယ် စိတ် သက်သာရာ ရသွားသည်၊ ဆရာမလေးကတော့ တစ်နေ့တစ်နေ့ လူဘယ်နှစ်ယောက်လောက်များ အခုလိုလုပ် ပေးနေကျလဲမသိ...၊ ဘာမှ ထူးခြားဟန်မပြ၊ နောက်ဆုံးပိတ် သန့်ရှင်းရေးအတွက် ပြင်ဆင်နေသည်၊

“ ဒီ ဘရပ်ရှ်မှာ သွားတိုက်ဆေးလိုဟာမျိုး သုတ်ထားတယ်၊ အဲဒါနဲ့ ပေါလစ်ရှ်တိုက်မယ်၊ သွားတိုက်သလိုမျိုးပါပဲ၊ ဒါပြီးရင်တော့ ပြီးပါပြီ ”ဟု ဆိုသည်၊ သူကြည့်လိုက်တော့ လျှပ်စစ်သွားပွတ်တံလို ဟာမျိုးနှင့် ခပ်ဆင်ဆင်တူ သည့်ကိရိယာထိပ်မှာ ဘီးလိုလို ဘရပ်ရှ်လေး တပ်ထားတာ တွေ့ရသည်၊ အင်း...နောက်ဆုံးပိတ်ဆိုပဲ၊ ကဲ..ပါးစပ် ဟ,လိုက်ဦး မိကျောင်းရေ...၊

သွား ပေါလစ်ရှ်တိုက်ခြင်းသည် စက်သံ တဂျစ်ဂျစ်နှင့်အနည်းငယ် ဆူညံသည်မှအပ နာကျင်မှုမရှိပါ၊ တပြိုင်နက် တည်းမှာ သင်းပျံ့ပျံ့ ပူရှိန်းရှိန်း ရနံ့တမျိုး သူ့ပါးစပ်ထဲမှာ ခံစားရသည်၊ သူ မျက်စိကိုမှိတ်လိုက်ရင်း ပဒေသရာဇ် ခေတ် သက်ဦးဆံပိုင် ဘုရင်တွေကို မဆီမဆိုင် သတိရမိသွား ပြန်သည်၊ သူတို့တွေကော သွားကိစ္စပေါ်ရင် ဘယ် လိုလုပ်ခဲ့ကြသလဲ၊ ခပ်ဝေးဝေးက အနော်ရထာတို့၊ ဘုရင့်နောင်တို့တော့ ထားလိုက်ပါတော့၊ ကုန်းဘောင်ခေတ် ဘုရင်တွေဆို ဘယ်လိုများ ဖြေရှင်းကြပါလိမ့်၊ ဆိုကြပါစို့ မင်းတုန်းနဲ့သီပေါ...၊ ဒီဘုရင်တွေ လက်ထက်မှာ နန်း တော်ထဲအထိ နိုင်ငံခြားသား ပညာရှင်တွေ ရောက်နေခဲ့ကြပြီ၊ သူတို့အထဲမှာ သွားဆရာဝန် တစ်ယောက်တလေ များ ပါခဲ့သလား၊ ဒါမှမဟုတ် သွားဆရာဝန်က ဘိုးဘေးစဉ်ဆက် နန်းတွင်းသုံး သမားတော်တွေလား၊ နိုင်ငံခြား သားဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် ဘုရင့်ကို သွားနှုတ်ပေးရမည့်အရေးသည် ကျားမြီးဆွဲတာထက် အဆပေါင်းများစွာ ဆိုးနိုင်ပါသည်၊ စိတ်မထင်လျှင် လက်ငင်းအနေနှင့် သန်လျက်က ချက်ချင်းရောက်လာနိုင်သလို ကိစ္စပြီးမှ ထိပ်တုံးနှင့်လည်း နှစ်ပါးသွားရနိုင်သည်၊ ထို့အပြင် မြန်မာဘုရင်တွေ ကွမ်းစားလေ့ရှိတာ သူသိပါသည်၊ ဒီလိုဆို သွားတွေလည်း ကွမ်းချိုးတွေ တက်နေလေ့ရှိမှာပေါ့၊ ဘုရင်တွေတော့ dental floss သုံးလိမ့်မည် မထင်ပါ၊ ဖြတ် ကနဲ ပေါ်လာသော အတွေးတွေကြား စဉ်းစားကြည့်သလောက်တော့ ဘုရင့်ရဲ့သွားဆရာဝန်အကြောင်း မကြား ဖူးပါ၊ သူ ဗဟုသုတ နည်းတာလည်း ဖြစ်နိုင်ပါသည်၊

ထိုစဉ်မှာပဲ စက်သံတဂျစ်ဂျစ်က တိကနဲ ရပ်သွားသည်၊ တပြိုင်တည်းလိုလိုပင် ဆရာမလေးက ...

“ ကဲ..အားလုံး ပြီးပါပြီရှင်၊ ပလုတ်ကျင်းပြီးရင် ရပါပြီ ”...ဟု ဆိုသည်၊

အခန်းလေးထဲက သူ ထွက်လာတော့ သူမ,က တံခါးဝအထိ လိုက်ပို့ရင်း ဘီဒိုထဲမှ ကုတ်အင်္ကျီကို သူ့အား ကမ်း ပေးသည်၊ သူက လှမ်းယူလိုက်ရင်း ... ...

“ အခုဆိုရင်တော့ ကျနော့်နာမည်က ဆရာမတို့ရဲ့ system ထဲကို ပြန်ရောက်သွားပြီ ထင်တယ်နော် ” ဟုပြော လိုက်သည်၊

သူ ဘာဆိုလိုသည်ကို ချက်ချင်းရိပ်မိသော သူမ,က ...

“ ဟင်း ဟင်း.. သိပ်သေချာတာပေါ့၊ အချိန်ကျတဲ့အခါ ရှင့်ဆီကို သတိပေးစာ ရောက်လာပါလိမ့်မယ် ” ဟု ရယ်မောရင်း ပြန်ဖြေသည်၊ ထို့နောက် ...

“ ကောင်းသော နေ့လယ်ခင်းပါရှင်၊ အော်ခ်ဗွား ” ဟု နှုတ်ဆက်သည်၊

သူလည်း ပြန်လည်နှုတ်ဆက်ရင်း လှည့်ထွက်လာသည့်အခါ တီဗီမှာ ပြတတ်သည့် သွားတိုက်ဆေး ကြော်ငြာ တွေ မျက်စိထဲ သွားမြင်လေသည်၊ အခု သူပြုံးလိုက်ရင် သူ့သွားတွေလည်း ဒီလိုပဲ ဖိတ်ဖိတ်တောက် ဖြူလက်နေ မှာလား မသိ၊ စွယ်သွားလေးပေါ်မှာ ကြယ်ပွင့်အလင်းတန်းကလေး ဖြတ်ကနဲပေါ်ကာ ချွင်ကနဲပင် အသံမြည်ချင် မြည်သွားပေဦးမည်၊ ဒါပေမယ့် လောလောဆယ်တော့ သူ့ပါးစပ်က ညောင်းညာနေပြီး သွားတွေက နာကျင် နေလေသည်။ ။


ညီလင်းသစ်
၉ ဒီဇင်ဘာ၊ ၂၀၁၀

01 December 2010

အမေ...

ဒီကမ္ဘာပေါ်က မြောက်မြားလှစွာသော အမျိုးသမီးတွေထဲမှာမှ ကျနော်တို့တစ်ယောက်စီတိုင်းမှာ အမေ လို့ သတ်သတ် မှတ်မှတ် ခေါ်ရမယ့် အမျိုးသမီးတစ်ယောက်တော့ ရှိကြပါတယ်၊ ဝမ်းနဲ့လွယ်ပြီး မွေးပေးခဲ့တဲ့ မိခင်ရယ်လို့ တစ်ယောက်ပဲ ရှိနိုင်ပေမယ့် ဘဝခရီးတလျှောက်မှာ ကိုယ့်ရဲ့အမေအရင်းလိုပဲ လေးစားချစ်ခင် ရမယ့် အမေများစွာလည်း ကြုံတွေ့နိုင်ပါတယ်၊ ဒီလိုနဲ့ ဖလောရင့်စ် နိုင်တင်ဂေးလ်တို့လို မာသာထရီဇာ တို့လို မိခင်တွေကို လူ့သမိုင်းက လက်ဆောင်အဖြစ် ရခဲ့တာပဲ မဟုတ်လား၊ ပြောရရင်တော့... ဒီကမ္ဘာမြေ အတွက် ဘုရားသခင်ရဲ့ တန်ဖိုးအရှိဆုံး လက်ဆောင်ကတော့ ကြီးမြတ်တဲ့ မိခင်တွေပဲဖြစ်ပါတယ်၊

ချစ်ခြင်းမေတ္တာနဲ့ ယှဉ်လာရင်တော့ အနည်းငယ်သော ခြွင်းချက်အချို့ကလွဲလို့ မိခင်တိုင်းဟာ သူတို့ရဲ့သား၊ သမီးတိုင်းအတွက် ကြီးမြတ်သူချည်းပါပဲ၊ ဒီအထဲမှာမှ အချို့သောမိခင်တွေက ရင်မှဖြစ်သော သားသမီးတွေ အတွက်သာမကဘဲ သမိုင်းကငတ်မွတ်၊ တောင်းဆိုလာတဲ့ သားသမီးများစွာအတွက်ပါ မားမားမတ်မတ် ရပ်ခံသူ၊ ရင်ဆိုင်ဖြေရှင်းသူ၊ ဦးဆောင်လမ်းညွှန်သူ၊ ရဲရင့်စွာကာကွယ်သူတို့ ဖြစ်လာခဲ့ကြပါတယ်၊

ဒီလိုအမေတွေက သူတို့ရဲ့သားသမီးအရင်းတွေကိုတောင် ကျော်လွန်ပြီး ဆာလောင်မွတ်သိပ်နေတဲ့ “ခေတ်ရဲ့သားသမီး” တွေအတွက် အမြဲပဲ ပေးဆပ်လေ့ရှိတယ်၊ တခါတခါတော့လည်း သူတို့ရဲ့ ရှားရှားပါးပါး ကိုယ်ရေး ကိုယ်တာ ကွက်ကွက်ကလေးက သူတို့အတွက် ဘဝအမောတွေ ပြေစေဖို့ပါပဲ၊

ကျနော်တို့အားလုံးရဲ့အမေ ကျန်းမာရွှင်လန်းပြီး ဘေးအန္တရာယ်အလုံးစုံမှ ကင်းဝေးပါစေ...။ ။


IMG_9417_mother


ညီလင်းသစ်
၁ ဒီဇင်ဘာ၊ ၂၀၁၀

05 November 2010

စပျစ်ခင်းများထဲမှာ...


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆောင်းရာသီအချိန်ပြန်ပြောင်းပါတယ်၊ နာရီတွေကို အရှေ့တစ်နာရီ တိုးပြီး ပြန်ရွှေ့ရပြန်တယ်၊ ဒါ မတိုင်ခင်က ညနေဖက်အလုပ်ပြန်လာရင် အလင်းရောင်လေး နဲနဲရှိနေသေးတော့ တရွေ့ရွေ့နဲ့ဝင်လာတဲ့ ဆောင်းဦးက သိပ်ပြီး ပီပီပြင်ပြင်မဟုတ်သေးဘူးလို့ ထင်ရတယ်၊ အချိန်ပြောင်းပြီး နောက်နေ့ တနင်္လာနေ့ ညနေမှာတော့ အလုပ်က ပြန်ချိန်မှာ သေသေချာချာကို မှောင်နေပါပြီ၊ ပြီးတော့ တနေ့လုံး ကြွေနေတဲ့ သစ်ရွက်တွေရယ်၊ တချက်တချက် သုတ်ကနဲ တိုက်တတ်တဲ့ မြောက်ပြန်လေရယ် ပေါင်းလိုက်တော့ ဆောင်းရဲ့ရှေ့ပြေးရာသီဟာ တစ္ဆေတစ်ကောင်အလား အနားမှာ ဘွားကနဲ...၊

မနှစ်က ဒီလိုအချိန် မတိုင်ခင်လေးမှာ ကျနော်တို့ အပျော်စီးရထားလေးတစ်စင်း သွားစီးဖြစ်တဲ့အကြောင်း သတိရမိတယ်၊ သားက ကလေးတို့ထုံးစံ ရထားစီးချင်တယ် ပူဆာတော့ အဲဒီရထားကို စီးဖို့ဖြစ်လာခဲ့တယ်၊ ကျနော်တို့ အိမ်ကနေ မိနစ် ၂၀ လောက်သွားရတဲ့ ရွာကလေးမှာ သွားစီးရပါတယ်၊ Lavaux Express လို့အမည်ပေးထားတဲ့ ရထားလေးက Lavaux ဆိုတဲ့ စပျစ်ခင်းတွေကြားမှာ သွားတဲ့ရထားပါ၊ ရထားဆိုပေမယ့် တကယ်တော့ နောက်တွဲနှစ်တွဲ တပ်ထားတဲ့ ကားငယ် လေးပါပဲ၊ ရထားပုံစံလေးချိုးထားပြီး အပျော်စီးဖို့ လုပ်ထားတဲ့ ယာဉ်ပါ၊ ဆွစ်ဇာလန်မှာ အဲဒီလို ရထားပုံစံလုပ်ထားတဲ့ ကားလေးတွေ မြို့တော်တော်များများမှာ ရှိပါတယ်၊ ဒါပေမယ့် ဒီတစ်စင်း ကတော့ စပျစ်ခင်းတွေကြားထဲကို သွားတဲ့ရထားမို့ နဲနဲစိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ပြီးတော့ အဲဒီ Lavaux ဒေသက စပျစ်ခင်းတွေက Unesco ရဲ့ world heritage စာရင်းမှာပါလို့ သေသေချာချာ ထိန်းသိမ်းထားတဲ့ စပျစ်ခင်းတွေပါ၊ ရှုမျှော်ခင်းကောင်းတာ၊ စက်ရုံအလုပ်ရုံတွေရဲ့ အဝေးမှာရှိတာ၊ စပျစ်ကိုစနစ်တကျစိုက်ပျိုးတာ အစ,ရှိတာတွေကြောင့် နာမည်ကြီးဒေသပါပဲ၊ စပျစ်ကောင်းတယ်ဆိုတော့ ဝိုင်လည်းကောင်းတာပဲပေါ့၊ ဒေသခံတွေကတော့ သူတို့ရဲ့ စပျစ်တွေ ဟာ သုံးနေရ (နေရောင်သုံးမျိုးရ) စပျစ်လို့ တင်စားပြောကြတယ်၊ ကောင်းကင်က နေရယ်၊ ရေကန်ထဲက အလင်းပြန် လာတဲ့နေရယ်၊ စပျစ်ခင်းတွေကို အနားသတ်ထားတဲ့ အုတ်ရိုးတွေက ပြန်ထွက်လာတဲ့နေ (အပူ)ရယ် မျှတလို့ စပျစ် လည်းကောင်း၊ ဝိုင်လည်းကောင်းလို့ ဂုဏ်ယူကြတယ်၊ ဟုတ်ပါတယ်...အဲဒီက ဝိုင်က တကယ်ကောင်းပါတယ်..။


Photobucket
ဟိုးအောက်ခြေ ရေကန်စပ်နားက ရွာလေးကနေ ထွက်လာပြီးတော့ နာရီဝက်လောက်မောင်းတက်လာတော့ စပျစ်ခင်း ထဲကို ရောက်ပါတယ်၊



Photobucket
ရထားမထွက်မီ... ...၊



Photobucket
တောင်ကုန်းမှာ စိုက်ထားလို့ စပျစ်ခူးချိန်ကျတော့ လက်နဲ့ပဲခူးကြတာ များပါတယ်၊ တောင်စောင်းတွေမှာ စက်သီးနဲ့ ပုံးတွေကို ချိတ်ပြီး ခူးထားတဲ့စပျစ်တွေကို သယ်ကြလေ့ရှိပါတယ်၊



Photobucket
ဝိုင်နီဖောက်မယ့် စပျစ်နီရော ... ...



Photobucket
ဝိုင်ဖြူလုပ်မယ့် စပျစ်ဖြူပါ စိုက်ကြတယ်၊ ဒီဒေသမှာ စပျစ်ကို စ,စိုက်ကတည်းက ဝိုင်အတွက် ရည်ရွယ်ပြီး စိုက်ပါတယ်၊



Photobucket
ဟိုးခပ်လှမ်းလှမ်း ရေကန်အစွန်းနားကတော့ ကျနော်တို့နေတဲ့ Lausanne မြို့ပါပဲ၊



Photobucket
ကမ်းစပ် ရွာလေးကို ပြန်မဆင်းမီ ... ...၊



ညီလင်းသစ်
၎ နိုဝင်ဘာ၊ ၂၀၁၀

17 October 2010

စပါဂက်တီများဖြင့် ရစ်နှောင်ခဲ့သော...


ကျနော် အင်မတန်လိုချင်ခဲ့တဲ့ lens တစ်ခုကိုဝယ်တော့မယ်လို့ ဆုံးဖြတ်ချက်ချတော့ မဝယ်ခင် နောက်ဆုံး အဆင့်အနေနဲ့ သေချာအောင် field test ဓါတ်ပုံအချို့ရိုက်ဖြစ်ပါတယ်၊ မြို့ထဲက ကင်မရာရောင်းတဲ့ဆိုင်ကို သွားပြီး အဲဒီလို lens မျိုးတစ်ခုငှား၊ ပြီးတော့ အိမ်းနားတဝိုက် အနီးအဝေး လျှောက်ရိုက်ကြည့်ပါတယ်၊ လူ၊ သစ်ပင်၊ ရေကန်၊ တိမ်၊ တောင်တန်း စသဖြင့် အမျိုးအစားစုံအောင် စမ်းကြည့်တယ်၊ ဝယ်ချင်တဲ့ မှန်ဘီလူး က pro lens ဖြစ်လို့ ဈေးတော်တော်ကြီးပါတယ်၊ ဒါပေမယ့် Lens ငှားခက တကယ် ဝယ်မယ့် lens ရဲ့ ၄% လောက်ပဲ ပေးရတာမို့ စမ်းကြည့်ရတာ တန်ပါတယ်၊ မဟုတ်ရင် ဝယ်ပြီးကာမှ တခုခုအဆင်မပြေဘူးဆိုရင် ဆုံးရှုံးမှုက တော်တော်ကြီးပါလိမ့်မယ်၊ ပြီးတော့ ကျနော့်ကိုယ် ကျနော်သိတယ်၊ အဲဒီလို အမှားမျိုးလုပ်မိရင် ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာတဲ့အထိ မပြေပျောက်နိုင်ဘဲ တနုံ့နုံ့နဲ့ ဖြစ်နေမှာပါ၊

အထူးသဖြင့် ဒီ lens ကိုဝယ်ဖို့အတွက် နေ့လည်စာကို အလုပ် ကင်န်တင်းမှာ မစားဘဲ အိမ်ပြန် စပါဂက်တီ စားပြီး ပိုက်ဆံစုခဲ့ရတာမို့ အတိမ်းအစောင်း မခံချင်ပါဘူး၊ အလုပ်နဲ့အိမ်က လမ်းလျှောက်ရင် ၅ မိနစ်ပဲ ကြာတဲ့ခရီးမို့ တော်သေးတယ်၊ အဲဒီရက်တွေမှာ routine က နေ့လည် ၁၂ နာရီဝန်းကျင် အိမ်ကို ပြန်၊ ရေနွေးတည်၊ ဆူရင် spaghetti ခေါက်ဆွဲချောင်းတွေထည့်၊ တပြိုင်နက်တည်း ခရမ်းချဉ်သီးဆော့စ်ကို တည်၊ စောင့်နေရင်း တီဗီသတင်း ခဏကြည့်၊ ခေါက်ဆွဲ နဲနဲပျော့တာနဲ့ စား၊ ပန်းကန်ဆေး၊ အလုပ်ကိုပြန်...၊ ဒါပါပဲ၊ နောက်ဆုံးတော့ ကျနော်အဲဒီလို လုပ်နေတာကို သိသွားတဲ့ မအိမ်သူနဲ့ ကျနော့်ညီမက နဲနဲသနား သွားတယ်ထင်ပါရဲ့၊ ကျနော့်ရဲ့မွေးနေ့လက်ဆောင်အဖြစ်ဆိုပြီး သူတို့လည်း တစိတ်တပိုင်း contribute လုပ်ပါတယ်၊ ဒါနဲ့ပဲ အဲဒီ lens က ကျနော့်လက်ထဲ ရောက်လာခဲ့တော့တယ်၊

ဒီပုံက အငှားမှန်ဘီလူးနဲ့ စမ်းရိုက်ကြည့်တာတွေထဲက တစ်ပုံပါ၊ အဲဒီနေ့ကလည်း ဖြစ်ချင်တော့ ရာသီဥတု ကကိုယ့်ဖက် သိပ်မပါပြန်ဘူး၊ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ၊ ငှားထားပြီးမှတော့ ရိုက်ရုံပဲရှိတော့တာပေါ့...။


Standing alone...
Photobucket
Canon EF 70-200mm f/2.8L IS USM, 73mm, f/10, 1/250, iso100, Ev-2

အဲဒီ lens အကြောင်း နဲနဲသိချင်ရင်တော့ ဒီမှာ ကြည့်လို့ရပါတယ်၊


ညီလင်းသစ်
၁၇ အောက်တိုဘာ၊ ၂၀၁၀

12 October 2010

မြင်းများ


Photobucket

မြင်းများ

ရွှေဘိုဇာတိ မဟုတ်သလို
မဒရပ်စ်မှာလည်း မကြီးပြင်းခဲ့ကြပါဘူး၊

အရှင်မွေး နေ့ချင်းကြီး
ဒီနေရာလေးမှာပဲ လူလားမြောက်
ပရေရီမြက်ခင်းတွေကို မသိ
မွန်ဂိုစတက်ပ်တွေကို မသိ
ဟောဒီ သဲထူထူနေရာလေးသာ ချည်တိုင်ပါ၊

ဘယ်သူ့အတွက်မှ
တလက်ကိုင် အဖြစ်မခံခဲ့ဘူး၊

ကုန်းနှီးမလို
ဇက်ကြိုးမလို
နှင်တံမလို
စီးချင်သပ ဆို
သောကကို ဘေးအသာချ
ကျောပေါ်တက်လိုက်ရုံပ...၊

အဲဒီကျောကုန်းတွေပေါ်မှာပေါ့
သားတွေက အဖေတွေဖြစ်သွားကြ
သမီးတွေက အမေတွေဖြစ်သွားကြ
လူကြီးတွေက ကလေးတွေပြန်ဖြစ်သွားကြနဲ့...၊

စိတ်ကူးလေးသာ ဇက်ဖွင့်လိုက်စမ်းပါ
တလုံးပြီး တလုံး လှိမ့်တက်လာမယ့်
ဖုန်လုံးကြီးတွေနဲ့အတူ
စကြာဝဠာ တံတိုင်းအထိ
ဒုန်းစိုင်းသွားမယ့် သူတွေပေါ့...။ ။


ညီလင်းသစ်
၁၂ အောက်တိုဘာ၊ ၂၀၁၀


သားကလေး သွား,သွားကစားလေ့ရှိတဲ့ ပန်းခြံထဲက သစ်သားမြင်းရုပ်တွေပါ၊ ရှေ့တိုးနောက်ဆုတ် လှုပ်ရှားနိုင် အောင် စီမံထားလို့ တခြား ဒန်းတို့၊ လျှောတို့နဲ့အတူ ကလေးတွေ ပျော်ပျော်ပါးပါး စီးလေ့ရှိပါတယ်၊ သားရဲ့ အိမ်မက်တွေကတော့  ဘယ်အထိ မြင်းစီးထွက်သလဲ ကျနော်မသိရပါဘူး၊ ကျနော့်အတွက်တော့  ကဆုန်စိုင်း သွားတဲ့ အဲဒီမြင်းတွေ တွန်းချ၊ တိုက်ချသွားလို့ ကြပ်ညပ်၊ ပိတ်ဆို့နေတဲ့ဦးနှောက်က  ကဗျာလေးတစ်ပုဒ် ထွက် ကျလာခဲ့တယ်။

06 October 2010

မိသားစုနဲ့ မနက်စာ


ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ စားသောက်၊ နေထိုင်နည်းတွေထဲမှာ မနက်စာ (breakfast) ကို အချိန်ပေးပြီး ကောင်းကောင်း စားတာလည်း တစ်ခုအပါအဝင်ပါ၊ ဒါပေမယ့် သိသာသိတယ်၊ မလိုက်လျှောက် နိုင်ပါဘူး၊ မြောက်များလှစွာသော မြို့ပြလူ တန်းစားများနည်းတူ ကျနော်တို့လည်း မိုးလင်းတာနဲ့ ကတိုက်ကရိုက် ပြေးရလွှားရတာပါပဲ၊ တကယ်ဆို အချိန်လေး ၁၅ မိနစ်လောက်စောထပြီး လုပ်မယ်ဆိုရင် ဖြစ်နိုင်ရဲ့သားနဲ့ လက်တွေ့မှာတော့ မနက်စာကို နေ့တိုင်း မစားဖြစ်ဘူး၊ ဒါတောင် အိမ်မှာကလေးတစ် ယောက်ရှိလာလို့ သူ့ကိုဂရုစိုက်ရင်း နဲနဲဝင်စားဖြစ်လာတာ...၊ အရင်ကဆို ပိုဆိုး....၊

ဒီတော့ ကျနော်တို့ သုံးယောက်စလုံး အတူတကွ မနက်စာ စားဖြစ်တာကတော့ စနေ၊ တနင်္ဂနွေမှာပါပဲ၊ အဲဒီ အခါမျိုးတွေမှာတော့ အများအားဖြင့် အေးအေးဆေးဆေး ရှိတတ်ပါတယ်၊ ဒီလိုအချိန်တွေမှာ ကျနော်တွေးမိ တတ်တာက ကျန်တဲ့နေ့တွေမှာလည်း အခုလောက် အေးအေးလူလူ မရှိရင်တောင် အထိုက်အလျောက် အချိန်ယူပြီး နေ့တစ်နေ့ကို အခုလို အစ,ပြုရရင် ကောင်းမှာပဲ-လို့၊ အင်း...ကြိုးစားဦးမှပါပဲ-ပေါ့လေ၊ ဒါပေမယ့် တနင်္လာနေ့လည်း ရောက်ရော ဒုံရင်းက ဒုံရင်းပါပဲ၊ သားကိုပဲ မဖြစ်မနေ စားခိုင်းပြီးတော့ ကျနော် တို့ကတော့ လောနေရတာပဲ၊ "To know and not to do is not yet to know" ဆိုတော့ တကယ်မသိ သေးဘူးလို့ပဲ ဆိုရမှာပေါ့...။ =)

မိသားစု
Photobucket


ကျနော် အခုကော်ဖီ ထည့်သောက်လေ့ရှိတဲ့ခွက်က အဲဒီခွက်အညိုလေး မဟုတ်တော့ပါဘူး၊ သူက ဒီမှာ ကွဲသွားခဲ့တာကိုး...။

ညီလင်းသစ်
၆ အောက်တိုဘာ၊ ၂၀၁၀

04 October 2010

သူ့အကြိုက် ကိုယ့်အကြိုက်


ဟိုတလောဆီက ဓါတ်ပုံပြိုင်ပွဲတစ်ခု ကျနော်ဝင်ပြိုင်ဖြစ်တယ်၊ ပြိုင်ပွဲဝင်ခေါင်းစဉ်က စိတ်ဝင်စားဖို့ကောင်း သလို ဖော်ပြရမယ့်အကြောင်းအရာကလည်း ကျနော့်ရဲ့အလုပ်နဲ့ တိုက်ရိုက်နီးပါးကို ဆက်စပ်နေတဲ့အတွက် ကြိုးစားကြည့်မယ်ဆိုပြီး ဝင်ပြိုင်ဖြစ်သွားတာပါပဲ၊ ခေါင်းစဉ်က "Sustainable Development" တဲ့၊ စကားလုံးအနေနဲ့ ကျစ်လစ် သလောက် တင်ပြမယ်ဆိုရင်တော့ အင်မတန်ကျယ်ဝန်းပါတယ်၊ ကျနော်တို့ နေ့စဉ်ဘဝမှာ ပြုမူနေကျ အမူ အကျင့်လေးတွေမှ စပြီး Energy saving field ထဲ မှာတီထွင် ထုတ်လုပ် သုတေသနလုပ်နေကြတဲ့ အလုပ် တွေအဆုံး အားလုံး အကြုံးဝင်ပါတယ်၊

သွားတိုက်နေတုန်းမှာ ရေဘုံဘိုင်ကို ပိတ်ထားတာ၊ ခဏတဖြုတ် လက်ဆေးဖို့အတွက် ရေနွေးဘုံဘိုင် မဖွင့် ဘဲ ရေအေးပဲဖွင့်တာ၊ အိမ်မှာ မလိုအပ်တဲ့ မီးတွေကို ပိတ်ထားတာ၊ အမှိုက်တွေကို တွေ့ကရာ မပစ်ဘဲ စနစ်တကျ ခွဲပြီး သူ့အစုနဲ့သူ စွန့်ပစ်တာ၊ စ,တဲ့အပြုအမူလေးတွေကလည်း sustainable development ပါပဲ၊ ယေဘုယျပြောရင်တော့ ကိုယ်ရဲ့နေထိုင်ပုံ၊ ကျင့်ကြံပြုမူပုံ တစုံတရာဟာ လက်ရှိကိုယ့်ပတ်ဝန်းကျင် ကိုရော နောင်လာမယ့်မျိုးဆက်အတွက်ရော မထိခိုက်၊ အကျိုးမဲ့ မဖြစ်အောင် ကြိုးစားတာဟာ sustainable development ပါပဲ၊ မြန်မာလိုတော့ ဘယ်လိုခေါ်ရမလဲ၊ တာရှည်ခံ ဖွံ့ဖြိုးမှု လို့ဆိုမလား၊ မြန်မာမှုပြုပြီးသား ရှိလား ကျနော်မသိပါဘူး၊

ဒီနေ့ကာလမှာ sustainable development, green energy, environmental protection စတဲ့အသံတွေ က တဖြေးဖြေးနဲ့ ပို,ပိုပြီး ကျယ်လောင်လာပါတယ်၊ နာတာရှည်လူမမာကြီးဖြစ်နေတဲ့ ကမ္ဘာကြီးကလည်း တရှောင်ရှောင်နဲ့ဆိုတော့ ပိုပြီးဆိုးမသွားအောင် တတ်နိုင်သလောက် ဝိုင်းဝန်းကယ်ဆယ်ဖို့ တိုက်တွန်းတဲ့ အသံတွေလည်း ပိုပြီးကြားလာရပါတယ်၊ ပြိုင်ပွဲကို ကျနော်အလုပ်လုပ်တဲ့ ကျောင်းမှာရှိတဲ့ ဓါတ်ပုံအသင်းက စီစဉ်ပြီးတော့ ဓါတ်ပုံ ၃ ပုံအထိ ပေးပို့နိုင်ပါတယ်၊ ကျနော် တတိယဆုပဲ ရပါတယ်၊ ဒါပေမယ့် သူတို့ ရွေးလိုက်တဲ့ပုံက ကျနော်သိပ်မမျှော်လင့်ထားတဲ့ပုံမို့ နဲနဲတော့အံ့သြသွားတယ်၊ ပုံက ရေဘုံဘိုင်ခေါင်းက ရေတစ်စက်ချင်း ကျနေတဲ့ပုံ နံပါတ် (၃)ပါ၊ အဲဒီပုံက ဒီပွဲအတွက် ရည်ရွယ်ပြီး ရိုက်ထားတဲ့ပုံလည်း မဟုတ် ပါဘူး၊ ကျနော်က အကယ်၍ဆုရမယ်ဆိုရင် ဒီပုံတော့ မဖြစ်နိုင်ဘူးလို့ တွေးထားတာကိုး၊ ပြိုင်ပွဲကို ပို့ခဲ့တဲ့ ၃ ပုံစလုံး ကို မူရင်း Title နဲ့အတူ ဖော်ပြလိုက်ပါတယ်၊ အကယ်၍ မိတ်ဆွေသာ အကဲဖြတ်ဒိုင်အဖွဲ့ထဲက တစ်ယောက် ဆိုရင် အဲဒီပုံကိုပဲ ရွေးမလား? တခြားပုံတစ်ခုကို ရွေးဖြစ်မလား?

(1) Our needs, without depriving someone else's
Photobucket
The persistent and non-biodegradable substances such as pesticides, pharmaceutical compounds, biocides, etc. are found more and more in the lakes. A balance between consumption and removal is part of sustainable development.
(Canon EOS 450d, EF 70-200mm f/2.8L IS, 70mm, f/11, 1/200, iso100, Exp -1)


(2) Water: A durably good and sufficient inheritance
Photobucket
Will we be able to leave behind for our children water of same quality and quantity as the one, left by our parents?
(EOS 450d, EF-S 18-55mm f/3.5-5.6 IS, 55mm, f/5.6, 1/200, iso100)


(3) Use but not waste
Photobucket
In the world, an every five person doesn't have drinking water, especially in rural area.
(Canon EOS 450d, EF-S 18-55mm f/3.5-5.6 IS, 55mm, f/5.6, 1/200, iso200, flash)


ညီလင်းသစ်
၎ အောက်တိုဘာ၊ ၂၀၁၀