ကျနော့်ရဲ့ကွန်ပြူတာအသစ် တပ်ဆင်ခြင်းအမှုကိစ္စ ဒီနေ့မှပဲ အားလုံးပြီးပါတယ်၊ စာလာဖတ်တဲ့ လူတွေက တော့ ထင်မလားပဲ... OS ဆင်မယ်၊ Drivers တွေပြန်ထည့်မယ် ဆိုပြီး ဘယ်ပျောက်သွားပြန်တာလဲ-လို့၊ ဖြစ်ပုံက ဒီလိုပါ...၊
ပြီးခဲ့တဲ့ပို့စ်မှာ ရေးခဲ့သလို ကျနော်ကွန်ပြူတာအသစ်တစ်လုံး ဝယ်ပါတယ်၊ အိမ်ရောက်တော့ Operating System ထည့်၊ လိုအပ်တဲ့ Drivers တွေထည့်နဲ့ပေါ့၊ OS က Windows 7 ဆိုတော့ ဘယ်အချိန် ဘယ် ဆော့ဖ်ဝဲနဲ့ ပြဿနာထ,တက်မလဲလို့ ရင် တထိတ်ထိတ်နဲ့...၊ ကျနော်သုံးနေကျ ဆော့ဖ်ဝဲတွေအားလုံးကို အဆင်ပြေပြေနဲ့ ထည့်လို့ရသွားတယ်၊ ဒါနဲ့ Printer ကိုလည်းတပ်ရော.. compatible မဖြစ်ဘူးဆိုပြီး လက်မခံပါဘူး၊ ဘယ်လိုပဲလုပ်လုပ် မရဘူး၊ ဒါနဲ့ Microsoft ရဲ့ ဆိုဒ်မှာ သွားကြည့်တော့ ကျနော့်ရဲ့ Printer ကတကယ်ပဲ Windows 7 နဲ့ compatible မဖြစ်ပါဆိုပြီး ပြောထားတယ်၊ Printer တွေအများစုက W7 နဲ့ အဆင်ပြေပါတယ်၊ အနည်းစုသာ...၊ ကျနော့်ဟာက အဲဒီအနည်းစုထဲမှာ ပါနေတော့ ဘယ်လိုမှ သုံးလို့မရ တော့ဘူး၊ နဲနဲတော့ အောင့်သက်သက်နဲ့...၊ ဘယ့်နှယ်.. ကွန်ပြူတာတစ်လုံးပျက်လို့ နောက်တစ်လုံးဝယ် တာ Printer တစ်လုံးပါ အပိုဆုံးရှုံးရမယ့်ပုံ ဖြစ်နေပြီ၊ ဘယ်တတ်နိုင်မလဲ၊ Printer အတွက်နဲ့တော့ W7 ကနေ XP ကို ပြန်မဆင်းချင်တော့ဘူး၊ ရှိစေတော့....၊
ဒါနဲ့ လိုအပ်တာတွေ ဆက်တပ်ဖို့ အစီအစဉ်ဆွဲနေတုန်း မော်နီတာနဲ့ စက်က ကွန်နက်ရှင်သိပ်မကောင်း သလို ဖြစ်နေတာ သတိထားမိတယ်၊ လေ့လာကြည့်တော့ ကျနော့်မော်နီတာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက် က ထုတ်ထားခဲ့တာ၊ အခုနောက်ပိုင်းသုံးလာကြတဲ့ digital cable တွေအတွက်ပါ input ပလပ်ပေါက်ပါပေ မယ့် HD quality အစရှိတဲ့ နောက်ပိုင်းနည်းပညာတွေကို မပို့ပေးနိုင်ဘူး၊ အထူးသဖြင့် ကွန်ပြူတာဖွင့်ချိန် မှာ ဘာမှမပေါ်ဘူး၊ Reset ခလုတ်ပြန်,ပြန်နှိပ်ပြီး ဖွင့်မှရတယ်၊ သိပ်တော့ မဟုတ်သေးဘူး၊ ဒီအတိုင်းဆို မော်နီတာအဟောင်းကြောင့် ကွန်ပြူတာအသစ် ပျက်သွားနိုင်တယ်၊ ဒါနဲ့ပဲ သူနဲ့လိုက်ဖက်မယ့် မော်နီတာ တစ်လုံး သွား,ထပ်ဝယ်လိုက်ရပြန်ရော...၊ ရှိစေတော့...၊
ဒါနဲ့ ကွန်ပြူတာကို ဘီဒိုထဲထည့်ဖို့လုပ်တယ်၊ အိမ်မှာက ကွန်ပြူတာအတွက် ဘီဒိုအသေးလေးတစ်လုံး ရှိပါတယ်၊ ကျနော်တို့မသုံးတဲ့အချိန်မှာ အဲဒီဘီဒိုလေးထဲမှာ တခါးပိတ်ထားလေ့ ရှိပါတယ်၊ အခုအဲဒီထဲကို ထည့်ဖို့လုပ်တော့ ကွန်ပြူတာက မဆံ့ပြန်ဘူး၊ ဟုတ်တယ်... ကျနော်အခုဝယ်လိုက်တဲ့ကောင်က နဲနဲပိုကြီး နေတာကိုး၊ ဟိုဖက်လှည့်ထည့်ကြည့် ဒီဖက်လှည့်ထည့်ကြည့်..ဘယ်လိုမှ မရဘူး၊ နောက်ဆုံးတော့ အဲဒီ ဘီဒိုရဲ့နောက်ဖက်နံရံကို ဖောက်ပစ်လိုက်တယ်၊ မှတ်ပလား....ဟင်း၊ ဘီဒိုက မတန်မရာဈေးနဲ့ ကွန်ပြူတာကိုများ လာယှဉ်ချင်ရတယ်လို့...၊ ဒီ ကွန်ပြူတာ နေရာရဖို့က အရေးကြီးတာကိုး၊ ရှိစေတော့...၊
ဒါနဲ့တင်ပြီးပြီလားဆိုတော့ မဟုတ်ပြန်ဘူး၊ မြန်မာစာဖောင့် သွင်းဖို့လုပ်တော့ ပြဿနာတက်ပြန်ရော၊ ပထမဆုံး စာဖတ်ဖို့ ဇော်ဂျီကို သွင်းလိုက်တယ်၊ အိုကေ...၊ စာရေးဖို့အတွက် ကီးဘုတ် Installer ကိုလည်း သွင်းရော ဘာဖြစ်တယ်မသိဘူး၊ Install လုပ်လို့မရဘူး၊ နှစ်ခါသုံးခါ ပြန်လုပ်တယ်၊ မရဘူး၊ ကျနော့်မှာလည်း တခြားဇော်ဂျီ လက်ကွက် မရှိဘူး၊ ဒါနဲ့ အင်တာနက်မှာ ဟိုရှာဒီရှာ လုပ်တော့ ဖိုင်တစ်ခု သွားတွေ့တယ်၊ ဇော်ဂျီဆိုဒ်က ပါပဲ၊ ဒါနဲ့ သူ့ကိုပဲ သွင်းကြည့်တော့ အဆင်ပြေသွားတယ်၊ ဟူး...ဆို သက်ပြင်းချပြီး အင်း..အခုမှပဲ..လို့ ပြောမလို့ကြံကာ ရှိသေး၊ စီပုံးနဲ့ ကွန်မန့်တွေမှာ မြန်မာလို ရေးလို့မရသေးတာ သွား,သတိရတယ်၊ ဟုတ်တာပေါ့၊ အင်တာနက် Browser ကို မြန်မာလိုမှ မပြောင်းရသေးတာပဲ၊ ဒါနဲ့ အရင်တုန်းက ပြောင်းခဲ့တာကို ပြန်စဉ်းစားတော့ ခပ်ရေးရေး ပေါ်လာတယ်၊ ဒါပေမယ့် ခက်နေတာက အဲဒီမှာထည့်ဖို့ ကျနော့်မှာ *CSS ဖိုင် မရှိတော့ဘူး၊ အဲဒီဖိုင်ကို ဘယ်လိုရေးထားတယ် ဆိုတာလည်း မမှတ်မိတော့ဘူး၊ အင်း...ခက်တော့နေပြီ၊ ကိုယ်ဟာကိုယ် စမ်းရေးကြည့်တယ်၊ မရဘူး၊ အင်တာနက်မှာ ရှာကြည့်တယ်၊ မတွေ့ဘူး၊ အတော်စိတ်လေသွားတယ်၊ ကိုယ်ရေးချင်တာကို word မှာရေးပြီး ကော်ပီကူး၊ တင်ရင်တော့ ရတာပေါ့၊ ဒါပေမယ့် ဒါကလည်း ရေရှည်မှာ မဟုတ်သေးဘူး၊ ရက်တွေ ကုန်သွားပြန်တယ်၊ လွန်ခဲ့တဲ့ ညဦးပိုင်းကတော့ ကြံရာမရတဲ့အဆုံး ကွန်ပြူတာထဲက ရှိသမျှဖိုင်တွေ တခုပြီးတခု ဖွင့်ရှာကြည့်တယ်၊ အဲဒီမှာ စေတန်ဂေါ့ရဲ့ ဘလော့ဂ်လုပ်နည်း ဖိုင်လေး သွားတွေ့တယ်၊ ဟိုး..ကျနော် ဘလော့ဂ် လုပ်ခါစတုန်းက ကူးထားခဲ့တာ...၊ ဒီဖိုင်လေး ရှိနေတာ မေ့တောင်နေပြီ၊ အဲဒီမှာမှ သူပြထားတဲ့ *CSS ဖိုင်မျိုး အမြန်ရေးပြီး တင်ကြည့်တော့....အိုကေ..၊
ကဲ...အခုတော့ ဒုက္ခမိုးတွေ စဲသွားတဲ့အကြောင်း ဒီပို့စ်ကို ရေးမယ်ဆိုပြီး စ,ရေးတော့ အောက်ကမြစ်တို့၊ တချို့တချောင်းငင်၊ ဟထိုး စ,တာတွေက နေရာပြောင်းနေတာ သွားတွေ့တယ်၊ ဒါနဲ့ ကျနော် install လုပ်ထားတဲ့ ဇော်ဂျီကီးဘုတ်ရဲ့ ဗားရှင်းကို ပြန်ကြည့်တော့ ၂၀၀၇ ဖြစ်နေတယ်၊ ကျနော် အရင်သုံးနေကျက ၂၀၀၅ ပါ၊ ဆိုတော့ ခပ်မြန်မြန် ရိုက်ဖို့အတွက် ကီးဘုတ် layout ကို တခါဖွင့်ပြီး ရိုက်ရပြန်တယ်၊ မိုးစဲပြီ အောက်မေ့တာ.. တိမ်တိုက်ပါးပါးလေး ကျန်သေးတာကိုး၊ ကီးဘုတ်ခလုတ် သုံးလေးခုက လွဲရင် ကျန်တာက ဘာမှအပြောင်းအလဲ မရှိလို့ တော်သေးတယ်၊ သူများတွေက ယူနီကုတ် ပြောင်းဖို့ ပြောနေကြချိန်မှာ ကျနော်က ဇော်ဂျီနဲ့ ကျင့်သားရဖို့ ပြန်လုပ်နေရတုန်း....၊ ရှိစေတော့.....၊
ဒါတွေက တစ်ရက်ထဲမှာ ဖြစ်ခဲ့တာ မဟုတ်ပါဘူး၊ ဥပမာ၊ ဘီဒိုဖောက်တာဆိုရင် ကျနော်အလုပ်က ပြန်ရောက်တာ နောက်ကျတာနဲ့၊ လိုအပ်တဲ့ ကိရိယာ မရှိတာနဲ့ တော်တော်နဲ့ မလုပ်ဖြစ်ဘူး၊ ဒီလိုနဲ့ ရက်တွေက ရွေ့လျားသွားကြတယ်၊ အခုတော့ အားလုံးအဆင်ပြေသွားပုံ ပါပဲ၊ ဆိုတော့ ဒီပို့စ်လေးနဲ့ မိတ်ဆွေတွေကို ပြန်နှုတ်ဆက်ရင်း 'ကဲ..အခုမှပဲ...' လို့ သက်ပြင်းချလိုက် ပါတယ်၊ အင်း...အသက်လေးတော့ အောင့်ထားနေမိတုန်း ပဲဗျာ...။ ။
ညီလင်းသစ်
၁၅ ဇန်နဝါရီ၊ ၂၀၁၁