လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီမှာ ကျန်ခဲ့တဲ့ ဟိုးအရင် ဘဝတွေတုန်းက တနေ့တာ ဖြတ်သန်းမှုဆိုတာ လေထဲမှာ သင်းပျံ့နေတဲ့ ကောက်သင်းရနံ့လေးတွေ၊ နားစည်မှာ လာရောက် ရိုက်ခတ်တတ်တဲ့ ရွာဦးစေတီက ဆည်းလည်းသံ ခပ်လွင်လွင်လေးတွေ၊ မြင်လွှာမှာ နူးညံ့စွာ ပေါ်လာတတ်တဲ့ စိမ်းစိမ်းစိုစို လယ်ကန်သင်းတွေနဲ့ အနည်းနဲ့အများ ရိုးရိုး ရှင်းရှင်း ငြိမ်းငြိမ်း ချမ်းချမ်း ရှိနေခဲ့မှာ သေချာပါတယ်၊ ဒီဖက်ခေတ်လို တိုးတက်မှုတွေ တိုးဝှေ့၊ တွန်းတိုက်နေတဲ့ ကာလမှာတော့ တနေ့တာ ဖြတ်သန်းမှုထဲမှာ အရောင်တွေ၊ အရိပ်တွေ အများကြီး ပြောင်းသွားသလို အမောတွေကိုလည်း တော်တော်များများ သယ်ပိုးခရီးနှင်နေ ကြရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် နေ့စဉ်ဘဝ ရုန်းကန်လှုပ်ရှား ရတာတွေထဲမှာ တစိမ့်စိမ့်နဲ့ ကြိုက်နှစ်သက်တာတွေ ရှိသလို ပြေးရင်းလွှားရင်း ဖြတ်ကနဲ ကြိုက်မိတာတွေလည်း ရှိမှာပါ၊ လူဆိုတာက ကိုယ်ကျင်လည်ရာ ဝန်းကျင်မှာ နှစ်သက်တာလေးတွေ ရှိတဲ့အခါ အခိုက်အတန့်လေးပဲ ဖြစ်စေဦးတော့၊ ဘဝဟာ နေပျော် တယ်လို့ ထင်မိကြတာမျိုး မဟုတ်လား၊ တကယ်တော့ ဘာကို ကြိုက်သလဲဆိုတာက အရေးမကြီးပါဘူး၊ ကြိုက်တတ်တဲ့ စိတ်ကလေး၊ အသိအမှတ်ပြု နှစ်သက်တတ်တဲ့ စိတ်ကလေး ရှိနေဖို့က ပိုပြီး အရေးကြီးတာပါ၊
မသက်ဝေ တဂ်လာတဲ့ Daily likes ဆိုတဲ့ ပို့စ်လေး ဖြစ်ပါတယ်...၊
# အိပ်ရာထ နှိုးစက်ကို အလျော့တွက်နဲ့ ပေးပြီး နှိုးစက်သံ ကြားကြားချင်း မထဘဲ ၅ မိနစ်လောက် ဆက်အိပ်ခွင့်ရတဲ့ အိပ်တဝက်၊ နိုးတဝက် အဲဒီ အခိုက်အတန့်လေးကို ကြိုက်တယ်၊
# ရေတဖန်ခွက် သောက်တဲ့အခါ တညလုံး ခြောက်သွေ့နေတဲ့ အာခေါင်၊ ရင်ခေါင်း၊ အူနံရံတလျှောက် ရေအေးအေး တွေ စီးကျသွားတာကို ခံစားရတာ ကြိုက်တယ်၊
# အိပ်ရာထထချင်းမှာ ခေါင်းလောင်းပြီး ရေချိုးရတာကို ကြိုက်တယ်၊ ဆေးကြော်ငြာတွေမှာ တွေ့ရတဲ့ before and after ခြားနားချက်လိုပဲ လူက ချက်ချင်း လန်းဆန်းသွားလို့...၊
# ပေါ့ပေါ့ပါးပါး တီရှပ်တစ်ထည်နဲ့ ဂျင်းဘောင်းဘီတွေ ဝတ်ရတာကြိုက်တယ်၊ တကူးတက ဖြီးသင်နေစရာ မလိုဘဲ ခေါင်းလိမ်းဆီ ခရင်မ် လက်ညှိုးတကော်နဲ့ ဆံပင်တွေကို လက်နဲ့သပ်လိုက်ရတာ ကြိုက်တယ်၊
# အလုပ်ကို ၅ မိနစ်အတွင်း ရောက်သွားတာကို ကြိုက်တယ်၊ ကျောင်းတက်ခဲ့တုန်းက အသွား ၁ နာရီခွဲ၊ အပြန် ၁ နာရီခွဲ အချိန်ပေးခဲ့ရတာ ကို ပြန်တွေးလေ အခုလို အလုပ်နဲ့အိမ်နဲ့ နီးတာကို ပိုပြီး နှစ်သက်လေပါပဲ၊
# မနက် ၇ နာရီခွဲမှာ အလုပ်စလို့ ရသလို ၁၀ နာရီခွဲမှ စလို့ရတဲ့ လွတ်လပ်မှုကိုလည်း ကြိုက်တယ်၊
# ဘာမှ မလုပ်ခင် ဘလော့ဂ်တကိုက် ကော်ဖီတကျိုက်နဲ့ လျှောက်လည်ရတာကို ကြိုက်တယ်၊
# ဓါတ်ခွဲခန်းထဲမှာ သီချင်းဖွင့်ထားပြီး ဘယ်သူနဲ့မှ စကားပြောစရာ မလိုဘဲ အလုပ်လုပ်ရတာ ကြိုက်တယ်၊
# မနက် ၁၁ နာရီခွဲမှာ ကင်န်တင်း ဖွင့်ဖွင့်ချင်း နေ့လယ်စာ သွားစားရတာကြိုက်တယ်၊ (၁၂ နာရီလောက်ဆို အတန်းတွေ ဆင်းပြီး ကျောင်းသားတွေနဲ့ ကင်န်တင်းက ပြည့်ပြည့်သွားတတ်လို့...)
# တစ်ယောက်ထဲ စားတဲ့အခါ မှန်ပြတင်းနားမှာ ထိုင်၊ ကော်ရစ်ဒါက လမ်းသွားလမ်းလာတွေကို ငေး၊ တွေးချင်ရာတွေးပြီး ထမင်းစားရတာ ကြိုက်တယ်၊
# အလုပ်စားပွဲ ပြန်ရောက်တော့ အက်စပရက်ဆို တစ်ခွက်နဲ့အတူ ဘလော့ဂ်တွေကို အချိုတည်းရတာ ကြိုက်တယ်၊
# စောစောအိမ်ပြန်လို့ရအောင် analysis တွေ လုပ်စရာမရှိတဲ့ နေ့လယ်ခင်းတွေကို ကြိုက်တယ်၊
# အိမ်ရောက်ရောက်ချင်း ဖိနပ်နဲ့ ခြေစွပ်ချွတ်လိုက်တဲ့အခါ ရတဲ့ ပေါ့ပါးလွတ်လပ်မှုကို ကြိုက်တယ်၊ (အလုပ်က ဖိစီးမှု တွေက အဲဒီ ဖိနပ်၊ ခြေစွပ်တို့နဲ့အတူ ကျွတ်ပြီး အိမ်ဝမှာပဲ ကျန်ခဲ့တယ်လို့ ခံစားရတယ်)
# မအိမ်သူ ညစာပြင်နေတုန်း သားနဲ့ အေးအေးဆေးဆေး ကစားရတာကို ကြိုက်တယ်၊
# ည ၉ နာရီ မထိုးခင် သားအိပ်ပျော်သွားလေ့ ရှိတဲ့ ညတွေကို ကြိုက်တယ်၊ ကျနော့်အတွက် စာဖတ်ဖို့၊ တီဗီကြည့်ဖို့၊ ဘလော့ဂ်ရေးဖို့ အချိန်ပိုရလို့...၊း)
# တခါတလေ ရုပ်ရှင်ကောင်းကောင်း တစ်ခုကြည့်နေတုန်း မအိမ်သူက 'ရေခဲမုန့် စားမလား'လို့ (သူစားချင်တိုင်း) လာလာ အဖော်စပ်ပြီး မေးတာကို ကြိုက်တယ်၊ (ကိုယ့်ဟာကိုယ်ဆိုလည်း ကျနော်က ဘယ်တော့မှ ရေခဲမုန့်စားဖို့ သတိတရ မရှိတတ်ပါဘူး)
# ည ၁၂ နာရီ မထိုးခင်မှာ လေးလံပိကျ လာတဲ့ မျက်ခွံတွေကို ကြိုက်တယ်၊ ဒါပေမယ့် ဒါဟာ တကယ့်ကိုပဲ အင်မတန် ရှားတောင့်ရှားပါး နိုင်လှတဲ့ အဖြစ်ပါ...၊း)
ကျနော့်ရဲ့ တနေ့တာက ဖတ်ရတာ ပျင်းရိငြီးငွေ့စရာများ ကောင်းနေမလားပဲ၊ ဒါပေမယ့် ဒါဟာ တနင်္လာကနေ သောကြာ အတွင်း ကျနော်အများဆုံး ဖြတ်သန်းလေ့ရှိတဲ့ ယေဘုယျ ပုံစံပါပဲ၊ ပြင်သစ်လူမျိုးတွေ ပြောလေ့ရှိတဲ့ အီဒီယမ် တစ်ခု ရှိပါတယ်၊ métro, boulot, dodo တဲ့၊ métro ကတော့ subway ပါ၊ boulot က အလုပ်၊ dodo က အိပ်တာ...၊ မြို့ပြ လူတန်းစား ဘဝက တနေ့တနေ့ ရထားပေါ်မှာနဲ့ အလုပ်မှာ အချိန်ကုန်၊ အိမ်ရောက်တော့ ပင်ပန်းပြီးအိပ်၊ နောက်တနေ့ ဒီလိုပဲ ပြန်စ,နဲ့ လုံးလည်ချာလည် လိုက်နေတာကို ဆိုချင်တာပါ၊ Stuck in a rut ဆိုတာနဲ့ ခပ်ဆင်ဆင်ပါပဲ၊ ပုံစံကျပြီး ထပ်ပြန်တလဲလဲ ဖြစ်စဉ်တွေနဲ့ဆိုရင်တော့ နေ့စဉ်ဘဝက အနှေးနဲ့အမြန် ငြီးငွေ့စရာ ဖြစ်လာမှာပါပဲ၊ တနေ့တာ ဖြတ်သန်းမှုမှာ နှစ်သက်မိတာလေးတွေကို နှစ်သက်ကြောင်း သတိလေးထားပြီး ကြည့်နိုင်မယ်ဆိုရင် ဒါဟာလည်း ဘဝကို နေပျော်အောင် နေကြည့်ဖို့ အခြေခံပဲ ဖြစ်မလားလို့ တွေးနေမိပါတယ်...။ ။