28 August 2013

အိတ်မှောက်သွန်ပစ် နှစ်ဆယ့်ရှစ် (တဂ်ပို့စ်)


အစ်မသက်ဝေ တဂ်ထားတဲ့ ပို့စ်လေးပါ၊ အမှန်တော့ ဒီပို့စ်က အမျိုးသမီးတွေနဲ့ ပိုပြီးတော့ သက်ဆိုင်တဲ့ ပို့စ်လို့ပြောရမယ်၊ ဟုတ်တယ်လေ..၊ သွားလေရာ ယူသွားနေကျ အိတ်ထဲမှာပါတဲ့ အရာတွေအကြောင်း ပြောရမှာဆိုတော့ အမျိုးသမီးတွေအတွက် ရေးကွက်ကောင်းတဲ့၊ ရေးလို့ လက်သွက်စေတဲ့ ပို့စ်ပေါ့၊ ကုန်ကြမ်းတွေက အိတ်ထဲမှာကို တနင့်တပိုးနဲ့ ရှိနေတာ မဟုတ်လား၊း) တကယ်တမ်းမှာလည်း ရေးလာကြသူ အများစုက အစ်မတွေ၊ ညီမငယ်တွေ ပါပဲ...၊ ဒါပေမယ့် အစ်မသက်ဝေက ညီမငယ်တွေ ရေးပေးပါလို့ မပြောဘဲ စာရေးဖော်တွေ အားလုံး ပျော်ပျော်ပါးပါး ရေးပေးဖို့ တဂ်ပါတယ်ဆိုတော့ ယောက်ျား၊ မိန်းမ ရင်ပေါင်တန်းနေကြတဲ့ ၂၁ ရာစုမှာ နေထိုင်သူပီပီ ကျနော်လည်း ဒီတစ်ပွဲမှာ ဝင်နွှဲဖို့ ဖြစ်လာတော့တာ ပါပဲဗျာ...၊

ပြောရရင် ရေးဖို့သာ စိတ်ကရှိတာ..၊ ရေးစရာကုန်ကြမ်းက လောက်လောက်လားလားကို ရှိတာမဟုတ်ဘူး၊ မရှိဆို အပြင်သွားရင် လွယ်နေကျ၊ သယ်နေကျ အိတ်ရယ်လို့မှ မရှိတာကိုး...၊ ဟိုးအရင် ကျောင်းတက်တုန်းကတော့ တခြားကျောင်းသားတွေလိုပဲ ကျောပိုးအိတ်နဲ့၊ စာအုပ်တွေ၊ ကွန်ပါဗူးတွေနဲ့ပေါ့..၊ အခုတော့ ကျောင်းသားလည်း မဟုတ်တော့သလို အလုပ်ကလည်း ထမင်းဗူးတို့၊ ပစ္စည်းကိရိယာတို့ သယ်သွားရတဲ့ အလုပ်မျိုးမဟုတ်ပြန်ဘူး၊ ဆိုတော့ အလုပ်သွား၊ အလုပ်ပြန်မှာ ကျောပေါ်မှာ၊ ပုခုံးပေါ်မှာ ဘာအိတ်မှ မလွယ်ဖြစ်ပါဘူး၊ အခုနောက်ပိုင်း အပြင်သွားလို့ အိတ်တစ်လုံး လွယ်ဖြစ်တယ်ဆိုရင် ဘာအိတ်လဲလို့ ဗေဒင်မမေးနဲ့၊ ဆန်ကုန်တယ်..၊ အဲဒီအိတ်ဟာ ကင်မရာအိတ်ပဲ၊ ဖြစ်နေပုံများတော့ အဲဒီလို...၊

ဒီလိုလူက ဒီတဂ်ပို့စ်ကို ရေးမယ်ဆိုတော့ ကိုရင့်နှယ်.. ဝ,မရှိဘဲ ဝိလုပ်ချင်ပြန်ကော လို့တော့ မတွေးလေနဲ့ဗျို့၊ သယ်စရာ၊ ပိုးစရာအိတ်မရှိပေမယ့် ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်းဆိတ်အထွာမို့ အိတ်ကပ်တွေထဲမှာ ထည့်ထားတဲ့ ပစ္စည်းလေးတွေတော့လည်း ရှိပြန်တယ်၊ အခု အဲဒါလေးတွေအကြောင်း ပြောရသေးတာပ ...၊



(၁) ပိုက်ဆံအိတ် (အရှေ့ ညာဖက်ဘောင်းဘီအိတ်)

ဒီပိုက်ဆံအိတ်က ဒီနိုင်ငံရောက်ပြီးမှ ကိုင်တဲ့အထဲမှာ ဒုတိယမြောက် အိတ်ပါ၊ သူ့အရင် သားရေပိုက်ဆံအိတ်လေးက မန္တလေးက ဝယ်လာတာ..၊ မန္တလေးမှာ ဘုရားကပ်တဲ့ ရွှေဆိုင်းတွေလုပ်တဲ့ မျက်ပါးရပ်ဆိုတာ ရှိပါရောလား၊ ဧည့်သည်တွေကို ရွှေဆိုင်းဘယ်လို လုပ်တယ်ဆိုတာ လိုက်ပြရင်း အဲဒီမျက်ပါးရပ်ကို ရောက်နေကျ..၊ တစ်ရက်မှာတော့ ကျနော်ပြနေကျ အိမ်နဲ့ ဓါးလွယ်ခုတ်လောက်မှာ ထူးထူးဆန်းဆန်း သားရေဂျာကင်၊ သားရေအိတ်၊ သားရေခါးပတ် စတာတွေ အစအဆုံး ကိုယ်တိုင်ချုပ်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင် ဖွင့်လာတာ တွေ့တယ်၊ မန္တလေးဆိုတာက သူ့အရပ်နဲ့ သူ့လက်မှုပညာနဲ့ လုပ်စားကြတဲ့ မြို့ဆိုတော့ ရွှေဆိုင်းလုပ်ငန်းတွေ အလယ်မှာ အဲဒီသားရေပစ္စည်းဆိုင်က ထူးခြားနေတာပေါ့၊ တစ်ရက်မှာ စကားလေးဘာလေး သွားပြောရင်းနဲ့ အဲဒီဆိုင်ကနေ ဆိတ်သားရေနဲ့ လုပ်ထားတဲ့ ပိုက်ဆံအိတ်လေး တစ်အိတ် ဝယ်လာဖြစ်တယ်၊ အဲဒီတုန်းကတော့ ဘာရယ်မဟုတ် ဒီလိုပဲ ဝယ်လိုက်တာပါ၊ နောက်ပိုင်း ဒီနိုင်ငံ ရောက်လာတော့မှ အဲဒီအိတ်လေးကို လက်ကမချ တသသ ဖြစ်လာရတော့တာ..၊ မြန်မာမင်း နန်းစိုက်ခဲ့တဲ့ နောက်ဆုံး နေပြည်တော်က (အဲဒီအချိန်တုန်းက နောက်ထပ် နေပြည်တော်တစ်ခု ပေါ်လာမယ်လို့ မသိသေးဘူး) ဝယ်လာခဲ့တဲ့ အိတ်ကလေး ဆိုပြီး...၊ မသိရင်ဘဲ သီပေါမင်းရဲ့ ဘီဒိုလှည်း ပါတော်မူဖို့ ဂေါဝိန်ဆိပ်ကို အဆင်းမှာ ဆိုင်ရှေ့က ဖြတ်တုန်း ချုပ်လုပ်ထားတဲ့ ပိုက်ဆံအိတ်လိုလို ဘာလိုလိုနဲ့၊ နောက်တော့ နောက်ဆုံးမြန်မာဘုရင်ရဲ့ နေပြည်တော်က ဝယ်လာခဲ့တဲ့ အိတ်ကလေးလည်း တိုင်းတပါးမှာ ဇာတ်သိမ်းသွားရတယ်၊ အခု ဓါတ်ပုံထဲက အိတ်ကတော့ မန္တလေးက ဝယ်လာတဲ့ အိတ်နဲ့ အရောင်၊ အနံ့၊ အရသာ တစ်ထေရာတည်းတူ.. အဲ.. ရောကုန်ပြီ၊ တစ်ပုံစံထဲ အားလုံးတူလို့ ဝယ်ထားတဲ့ အိတ်ပါ၊

အိတ်ထဲမှာတော့ ငွေစက္ကူအသေး ၂ ရွက်၊ အကြွေတချို့နဲ့အတူ အကြွေးဝယ်ကဒ်၊ ငွေထုတ်ကဒ်၊ ဆိုင်တစ်ချို့ရဲ့ အသင်းဝင်ကဒ်၊ သွေးအုပ်စုကဒ်၊ ကားပျက်ရင် လာဆွဲပေးမယ့် ဝပ်ရှော့ကကဒ်၊ ကျန်းမာရေး အာမခံကဒ်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းမှတ်ပုံတင်၊ ပီဇာဝယ်ရင် ၁၂ ခုမြောက်တိုင်း ၁ ခု အလကားပေးတဲ့ ပီဇာဆိုင်ကဒ် စတာတွေ ရှိပါတယ်၊ အဲဒါတွေထဲမှာ ပိုနေတယ်လို့ ယူဆရတဲ့ အရာ ၃ ခုကို ဆွဲထုတ်လိုက်တယ်၊ ဓါတ်ပုံထဲမှာ ပြထားတဲ့ ဟာတွေပါ၊ အမေရိကန်ဒေါ်လာ ၂ ဒေါ်လာတန်က ဘယ်သူ ပေးသွားမှန်း မမှတ်မိတော့ဘူး၊ “ရော့.. ၂ ဒေါ်လာတန်က တွေ့ရခဲတယ်၊ ဆောင်ထား..၊ လာဘ်ကောင်းတယ်” လို့ ပြောသွားတာတော့ မှတ်မိတယ်၊ ကျနော် အဲဒါတွေကို မယုံပါဘူး၊ နောက်တော့ ပြန်ထုတ်လိုက်မယ်လေ-လို့ ထားရင်းကပဲ နှစ်တွေက ကြာလာခဲ့တာ၊ နောက်တစ်ခုက တက္ကစီကို ဖုန်းနဲ့ခေါ်ဖို့ကဒ်၊ ဒါပေမယ့် တက္ကစီက စီးခဲသလို စီးရင်လည်း ဖုန်းနံပါတ်ထဲမှာ အသင့်ထည့်ထားပြီးသား နံပါတ်ကိုပဲ တန်းပြီးနှိပ်လေ့ ရှိတော့ ဒီကဒ်ကလည်း အပိုပါပဲ၊ နောက်ဆုံးတစ်ကဒ်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ စင်္ကာပူ သွားတုန်းက ဝယ်ထားခဲ့တဲ့ M1 prepaid card..၊ သူ့ရဲ့ ဆင်းမ်ကဒ်က ဖုန်းထဲမှာ ထည့်ပြီးသားဖြစ်လို့ ဒီကဒ်ကို လွှင့်ပစ်မယ်ဆိုရင် ပစ်လို့ရပါပြီ၊ ဒါပေမယ့် လိုလိုမယ်မယ် ကြည့်ချင်တာရှိရင် ကြည့်ရအောင်ဆိုပြီး ထည့်ထားမိတာ အခုထိပဲ၊ ပြီးတော့ ဒီကဒ်လေး ပိုက်ဆံအိတ်ထဲမှာ ရှိနေတာက ချစ်ခင်ရသူတွေရှိတဲ့ Little red dot လေး ကိုယ်နဲ့မကွာ တချိန်လုံး ရှိနေသလိုလို ဘာလိုလိုနဲ့....၊း)

(၂) လက်ကိုင်ဖုန်း (အရှေ့ ဘယ်ဖက်ဘောင်းဘီအိတ်)

ဖုန်းကို ဘောင်းဘီအိတ်ထဲမှာ ထားတာ မကောင်းမှန်းသိပေမယ့် တခြားဘယ်မှာထားရမှန်း မသိလို့ ဒီလိုပဲ ဆက်ထားဖြစ်နေတယ်၊ ဘယ်လောက်တောင်လဲ ဆိုရင် တခါတုန်းက ဂရိကမ်းခြေ တစ်ခုမှာ ရေထဲဝမ်းသာအားရ ဆင်းဆော့တယ်၊ ဟိုတယ်မှာကတည်းက ဝတ်လာတာက ရေကူးဘောင်းဘီ ဆိုတော့ ဘာမှကို တွေးမနေတော့တာ...၊ နာရီဝက်လောက်နေမှ ̔ဟင်̕ ကနဲဖြစ်ပြီး ရုတ်တရက် သတိရတယ်၊ ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ဖို့ မေ့သွားတယ် ဆိုတာ..၊ ဘယ်ရတော့မလဲ၊ သွားပြီပေါ့၊ အခု ဒီဖုန်းကိုတော့ ရေကူးတတ်လား၊ ပင်လယ်ရေထဲမှာ ကူးနိုင်လားဆိုတာ မစမ်းကြည့်ရသေးဘူး...၊း)

(၃) သော့တွဲ (အနောက် ညာဖက်ဘောင်းဘီအိတ်)

တစ်ခုတည်းသော သော့တွဲပါ..၊ ရှိသမျှသော့တွေ အကုန်တွဲထားတယ်၊ ရုံးခန်းသော့၊ အိမ်ခန်းသော့၊ အိမ်ခန်းမင်းတုပ်သော့၊ အောက်ထပ် အိမ်တံခါးမကြီးသော့၊ စာတိုက်သေတ္တာသော့၊ စက်ဘီးထားတဲ့ အခန်းသော့၊ တိုလီမုတ်စထားတဲ့ မြေအောက်ခန်းသော့၊ အားလုံးပေါင်း ၇ ချောင်း...၊ မအိမ်သူက သူ့လိုမျိုး ရုံးခန်းသော့တစ်တွဲ၊ အိမ်သော့တွေတစ်တွဲ နဲ့ စာတိုက်သော့၊ စက်ဘီးခန်းသော့၊ မြေအောက်ခန်းသော့ တစ်တွဲ ထားပါလားလို့ အကြံပေးတယ်၊ တစ်ရက်နှစ်ရက် လုပ်ကြည့်တယ်၊ ဟိုအတွဲမေ့၊ ဒီအတွဲမေ့နဲ့.. ဘယ်လိုမှ အဆင်မပြေတာနဲ့ သော့တွေအားလုံးကို တပေါင်းတစည်းထဲ ချစ်ချစ်ခင်ခင် ရှိပါစေဆိုပြီး အတူပြန်ထားလိုက်တယ်၊ နောက်နေ့ကျတော့ မအိမ်သူက စတီးလ်နဲ့ လုပ်ထားတဲ့ အဲဒီဝေလငါး သော့ချိတ်လေး ဝယ်လာပေးတယ်၊ သူပေးတဲ့အကြံ နားမထောင်လို့ မသိမသာ ပညာပြတာလားတော့ မသိဘူး၊ အဲဒီနေ့ကစပြီး ဘောင်းဘီအိတ်ထဲက သော့တွဲကြီးထုတ်ရင် ဝေလငါး အမြီးနဲ့ ဘောင်းဘီနဲ့ ငြိရင်ငြိ၊ မငြိရင် ဟောဟို ကလန်ကလားနဲ့ မြေအောက်ခန်းသော့တံကြီးနဲ့ ငြိနေတတ်ပါ လေရော...၊

(၄) လက်ကိုင်ဖုန်းနားကြပ် (အနောက် ဘယ်ဖက်ဘောင်းဘီအိတ်)

ရုံးအသွား ဆယ်မိနစ်၊ ရုံးအပြန် ဆယ်မိနစ် လမ်းလျှောက်သွားချိန်မှာ သီချင်းနားထောင်ဖို့...၊ တခါတလေလည်း ဓါတ်ခွဲခန်းထဲမှာ တစ်ယောက်တည်း အလုပ်,လုပ်ရင်း နားထောင်ဖြစ်ပါတယ်၊ အဲဒီလို နားမထောင်ဖြစ်ရင်တော့ အသာလေးခွေပြီး ဘောင်းဘီအိတ်ထဲ ထည့်ထားလိုက်တယ်...၊

အင်း... ရေးချင်လို့သာ ရေးလိုက်ပေမယ့် ကျနော့်မှာက သူများတွေလို ၃ ကီလိုခွဲလောက် လေးတဲ့အိတ် မရှိတဲ့အပြင် ချပြစရာ ဆိုတာကလည်း SD card မရှိ၊ thumb drive မရှိ၊ လုံးခြေထားတဲ့ တစ်ရှူးမရှိ၊ ထီးမရှိ၊ ဘီးမရှိနဲ့...၊း) ဘာပဲဖြစ်ဖြစ် ဟိုးအရင် ဘလော့ဂ်တွေ စည်ကားစဉ်တချိန်က အလားတူတဂ်ပို့စ်တစ်ခုမှာ ယောက်ျားလေးတွေကလည်း ကိုယ့်ပိုက်ဆံအိတ် ကိုယ်ဖွင့်ပြကြရင်း အပြန်အလှန် ရေးကြတာကို အောက်မေ့ချင်စရာပါ၊ အခုလို ခြောက်ကပ်နေတဲ့ အချိန်မှာ ပေါ့ပေါ့ပါးပါး တဂ်ပို့စ်လေးနဲ့ ရေးဖော်ရေးဖက်တွေ လှုပ်ရှားအသက်ဝင်လာတာ တွေ့ရလို့ ကျနော်ကလည်း ဝမ်းသာအားရနဲ့ ပူးပေါင်းအားဖြည့်ချင်မိရုံ သက်သက်ပါပဲ၊ ကျနော်ရေးတာ တစ်ရက်နောက်ကျလို့ ခေါင်းစဉ်ကိုတော့ နည်းနည်း ပြင်လိုက်ရပါတယ်၊ ယောက်ျားမိန်းမ မခွဲခြားဘဲ ရေးဖော်တွေ အားလုံးကို သတိတရ တဂ်တဲ့ အစ်မသက်ဝေကိုလည်း ကျေးဇူးတင်ပါတယ်...။


ညီလင်းသစ်
၂၈ သြဂုတ်၊ ၂၀၁၃

23 August 2013

ကိုယ်မိခဲ့သော နဂါးငွေ့တန်း


ပြီးခဲ့တဲ့ပို့စ်မှာ ရေးခဲ့သလို ဒီတစ်ခေါက်တောင်ပေါ်ကို သွားတော့ ကျနော့်မှာ ရည်ရွယ်ချက်တိတိကျကျတစ်ခု ပါသွားခဲ့တယ်၊ နဂါးငွေ့တန်းဂလက်ဆီကို ဓါတ်ပုံရိုက်ဖို့...၊ Milky way လို့ခေါ်ကြတဲ့ နဂါးငွေ့တန်း ဂလက်ဆီရဲ့ ဓါတ်ပုံတွေကို အတော်များများလည်း တွေ့ဖူးကြမှာပါ၊ ကမ္ဘာအနှံ့ နေရာဒေသမျိုးစုံမှာ ရိုက်ထားတဲ့ ပုံတွေက တမျိုးစီ စိတ်ဝင်စားဖို့ ကောင်းတယ်၊ အဲဒီလိုပုံတွေကို လိုက်ကြည့်ရင်းနဲ့ နဂါးငွေ့တန်းဂလက်ဆီကို ဘယ်လိုဓါတ်ပုံရိုက်ရသလဲ ဆိုတဲ့ ကျူတိုရီယယ်တွေ ဖတ်ရတဲ့အခါ ကျနော်လည်း တစ်ခါလောက်တော့ အဲဒီကြယ်စုကြီးကို မြင်ဖူးချင်၊ ဓါတ်ပုံရိုက်ချင်နေ ခဲ့တယ်၊ အဲဒီလိုအခြေအနေမှာ တောင်ပေါ်ကိုသွားကြမယ် ဆိုတော့ အရင်ဦးဆုံး လုပ်မိတာက မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေ လိုက်ကြည့်မိတာပါပဲ၊ တီဗီသတင်း၊ ရေဒီယိုသတင်း၊ အင်တာနက်သတင်း အားလုံးက အဲဒီရက်တွေမှာ ရာနှုန်းပြည့် သာယာမယ့်အကြောင်း ကြေညာထားကြတယ်၊ အိုကေ...၊ ရာသီဥတုက ကိုယ့်ဖက်တော့ပါပြီ၊ တောင်ပေါ်ဆိုတော့ မီးရောင်တွေနဲ့လည်း ဝေးမယ်ဆိုတော့ ဒါဟာအခွင့်ကောင်းပဲ မဟုတ်လား၊ ကင်မရာ ဓါတ်ခဲ၊ မင်မိုရီကဒ်မှ စပြီးတော့ လိုအပ်တဲ့ ဓါတ်ပုံရိုက်ပစ္စည်းတွေ အားလုံးကို ပြင်ဆင်ပါတယ်၊ တကယ်တမ်း တောင်ပေါ်တက်ကြတော့ sleeping bag တွေ၊ ဓါတ်မီး၊ အနွေးထည်တွေ ထည့်ထားတဲ့ ကျောပိုးအိတ်ကြီးက တဖက်၊ ကင်မရာအိတ်နဲ့ ထရိုင်ပေါ့အိတ်က တဖက် ဖြစ်နေပေမယ့် ကျနော့်ခေါင်းပေါ်က တစ်နေရာရာမှာ ရှိနေမယ့် နဂါးငွေ့တန်း အကြောင်းကို ကြိုတွေးပြီး မောရကောင်းမှန်း မသိခဲ့ဘူး...၊

ကျနော်တို့ ညအိပ်တည်းမယ့် Alpage de la Peule တောင်ပေါ်စခန်းကို ရောက်သွားတော့ ကျနော်အရမ်း သဘောကျသွားတယ်၊ ဘေးပတ်ဝန်းကျင်မှာ ဘာရွာ၊ ဘာအိမ်တစ်လုံးမှ မရှိဘူး၊ တောင်ကြောကြီး တစ်ခုလုံးမှာ သူ့အဆောက်အဦး တစ်ခုပဲရှိတယ်၊ ဒီလိုနဲ့ ညစာစားအပြီး ည ၉ နာရီကျော်ကျော်မှာ မှောင်စပြုလာတာနဲ့ ကျနော့်မိသားစု အပါအဝင် ရှိသမျှလူတွေအားလုံး အိပ်ရာဝင်ကုန် ကြတယ်၊ ကျနော်တို့ဆီကို အလည်လာတဲ့ ညီမလေးတစ်ယောက် ကတော့ ညစာစားရင်း ကျနော်ကြိုပြောထားတဲ့ ကြယ်တွေ၊ ဂြိုဟ်တွေအကြောင်းပဲ စိတ်ဝင်စားသွား လို့လားတော့ မသိဘူး၊ မအိပ်သေးဘဲ ကျနော်နဲ့အတူ တဲအပြင်ဖက်မှာ နေခဲ့တယ်၊ တောင်ပေါ်ဖြစ်တဲ့အတိုင်း နေအလင်းရောင် ပျောက်တာနဲ့ ချက်ချင်းအေးလာတယ်၊ လေကလည်း တသုန်သုန် တိုက်နေတယ်၊ ကင်မရာကို ထရိုင်ပေါ့မှာ သေချာဆင်၊ long exposure ရိုက်မယ့် intervalometer timer ကို ကင်မရာမှာ တပ်ပြီး တဖြေးဖြေး၊ တအိအိနဲ့ အုပ်ဆင်းကျလာတဲ့ အမှောင်ထုကို စိတ်အေးလက်အေး ထိုင်စောင့်နေလိုက်တော့တယ်...၊


မွန်ဂိုတဲလေးထဲမှာတော့ သားရယ်၊ အတူလာတဲ့ မိသားစုက ကလေးနှစ်ယောက်ရယ်က မအိပ်ချင်ကြသေးဘူး၊ အမေတွေ ဟန့်နေတာကို မသိကျိုးကျွန်ပြုရင်း မီးအိမ်လေးကို ဖွင့်ပြီး နေနိုင်သလောက် နေဖို့ ကြိုးစားနေကြတယ်၊ တဲကလေးရဲ့ အပေါ်က ကောင်းကင်မှာတော့ နောက်ဆုံးလက်ကျန် အလင်းရောင်လေး မဆိုစလောက် ရှိနေသေးပေမယ့် တစ်စထက်တစ်စ များ,များလာတဲ့ ကြယ်တွေကို ပို,ပိုပြီး မြင်လာရပြီ၊ ဒီပုံလေးက အစောပိုင်း test shots တွေ ရိုက်အပြီး ည ၉ နာရီခွဲမှာ ရိုက်ထားခဲ့တာပါ...၊


သိပ်မကြာခင်မှာပဲ ကျနော့်ရဲ့ ခေါင်းပေါ်တည့်တည့်မှာ နဂါးငွေ့တန်းဂလက်ဆီ ကြယ်စုကြီးကို ထင်ထင်ရှားရှား တွေ့လိုက်ရတော့တယ်၊ ဟိုးငယ်ငယ်လေး ကတည်းက ကျောင်းမှာ သင်ခဲ့ရတဲ့ ကြယ်အစုအဝေးကြီး၊ ကျနော်တို့ ကမ္ဘာ့ နေအဖွဲ့အစည်း အပါအဝင် ကြယ်တွေဂြိုဟ်တွေ ကုဋေ ၄၀၀ လောက် ပူးပေါင်းလှည့်ပတ်နေတဲ့ ကြယ်အစုအဝေးကြီး၊ “မကြာခင်” နောက်ထပ် ဂလက်ဆီကြီး တစ်ခုဖြစ်တဲ့ Andromeda နဲ့ ဝင်တိုက်ပြီး စီးချင်းထိုးတော့မယ့် ကျနော်တို့ရဲ့ ကြယ်အစုအဝေးကြီး...၊ ကင်မရာက long exposure နဲ့ ရိုက်နေချိန်မှာ ကျနော်ကလည်း တသက်လုံးကြားဖူးခဲ့ပြီး အခုမှ မျက်မြင်ကိုယ်တွေ့ ကြုံရတဲ့ နဂါးငွေ့တန်းဂလက်ဆီကြီးကို မြေကြီးပေါ် ပက်လက်အိပ်ရင်း မမှိတ်မသုန် ကြည့်နေခဲ့မိတယ်၊


ပတ်ဝန်းကျင်တစ်ခုလုံးဟာ တကယ့်ကို ပကတိအမှောင်...၊ ကျနော်မှန်းထားတာထက်ကို အလင်းညစ်ညမ်းမှု နည်းပါးလှတယ်၊ ဒီလိုအမှောင်မျိုးကို မြို့ ပြမှာတော့ ဘယ်လိုမှ မရနိုင်ပါဘူး၊ Perseid meteor shower ကြယ်မိုးက စ,နေပြီဖြစ်လို့ အဲဒီနေ့ကလည်း ကြယ်တွေကြွေတာကို မျက်စိနဲ့ မြင်ခဲ့ရသလို အပေါ်က ပုံမှာလည်း ဖမ်းမိလိုက်တယ်၊


တခြားဖက်က ကြယ်တွေကို ဓါတ်ပုံလှည့်ရိုက်ပြီးတော့ နဂါးငွေ့တန်းဂလက်ဆီဖက် ကင်မရာကို ပြန်လှည့်တယ်၊ အခုတော့ ကောင်းကင်မှာ နဂါးငွေ့တန်းဂလက်ဆီရဲ့ တည်နေရာကို သိသွားပြီဖြစ်လို့ လွယ်ကူသွားပြီ၊ ညဥ့်ဦးပိုင်းတုန်းက ကျနော်ရှာတော့ ရုတ်တရက် ချက်ချင်းမတွေ့ဘူး၊ သူက ကြည့်နေမကျရင် ဖြစ်ဖြစ်၊ ကောင်းကင်က မှောင်သင့်သလောက် မမှောင်ရင်ဖြစ်ဖြစ် အဖြူရောင်မီးခိုး စုစုလေးတွေလို့ ထင်ရတယ်၊ နောက်ပိုင်းတော့ ညဥ့်ပိုနက်လာလေလေ မြင်လိုက်တာနဲ့ တန်းပြီးသိနိုင်လောက်အောင် ထင်ရှားလာလေလေ ပါပဲ၊ ပြီးတော့ အတော့်ကို ရှည်လျားပါတယ်၊ ဒီဂလက်ဆီဟာ ကြီးမှန်းသိပေမယ့် အဲဒီလောက်အထိ ရှည်မယ်လို့ ကျနော်က ထင်မထားမိလို့ အံ့သြသွားမိတယ်၊ ဒီပုံတွေက 16mm lens နဲ့ရိုက်ထားလို့ ပုံထဲမှာ အကုန်နီးပါး ဝင်ပေမယ့် အပြင်မှာတော့ ဟိုးတောင်တန်းတွေ ပေါ်ကနေ ကျနော့်ရဲ့ ခေါင်းပေါ်အထိ ကြီးမားရှည်လျား ပါတယ်၊ နဂါးငွေ့တန်း ဂလက်ဆီရဲ့ တည်နေရာကို အချိန်နဲ့အမျှ ပြပေးတဲ့ iPhone apps တစ်ခုကိုလည်း စိတ်ဝင်စားသူတွေ၊ မသိသေးသူတွေ သိရအောင် တပါတည်း လက်တို့ပါရစေ၊ Planets လို့ ခေါ်ပါတယ်၊ App store မှာ ရိုက်ရှာလိုက်ရင် ထိပ်ဆုံးက ထွက်လာပါလိမ့်မယ်၊ နဂါးငွေ့တန်းဂလက်ဆီ အပြင် နက္ခတ်တာရာ အစုအဝေးတွေ၊ ဂြိုဟ်ကြီးတွေရဲ့ တည်နေရာတွေ ကိုပါ ပြပါတယ်၊


ည ၁၂ နာရီလောက်မှာ ကျနော်ရပ်လိုက်တယ်၊ ပတ်ဝန်းကျင်က မှောင်လွန်းလို့ ၁၀ နာရီလောက် မှာကတည်းက ကြယ်တွေက ကောင်းကင်တခွင်လုံး ပြည့်သိပ်နေတာကို ကောင်းကောင်း မြင်နေရပါပြီ၊ တချက်တချက် ခပ်ပြင်းပြင်း တိုက်လိုက်တဲ့ တောင်ပေါ်လေတွေ ကလည်း စိမ့်ကနဲ ဖြစ်သွားစေတယ်၊ ဒီတစ်ခါတော့ မွန်ဂိုတဲလေးတစ်ခုလုံးက သူ့ကိုအုပ်မိုးထားတဲ့ နဂါးငွေ့တန်းဂလက်ဆီကြီး အောက်မှာ အေးအေးချမ်းချမ်းနဲ့ အိပ်မောကျနေ ခဲ့ပြီ...၊

ဓါတ်ပုံသမားတွေအတွက် Exif ကိုပြောရရင်တော့ ပုံတွေအားလုံးကို Canon 16-35mm L lens, f/2.8, 35 sec, ISO 3200, manual focus နဲ့ ရိုက်ပါတယ်၊ ကင်မရာ မလှုပ်အောင် ထရိုင်ပေါ့နဲ့အတူ Canon intervalometer timer TC-80N3 ကို သုံးပါတယ်၊

တောင်ပေါ်ဒေသကို ကျနော်အကြိမ်များစွာ ရောက်ဖူးပါတယ်၊ ဒါပေမယ့် ဒီအရပ်ဒေသမှာက တိမ်ကင်းစင်တဲ့ ညကောင်းကင်ကို မြင်နိုင်ဖို့ဆိုတာ အမြဲတမ်း မဖြစ်နိုင်တော့ ကျနော်ရောက်ခိုက်မှာ အခုလိုမျိုး ကြည်လင်၊ ရှင်းလင်းတဲ့ ကောင်းကင်ကို တစ်ခါမှ မတွေ့ရဖူး ပါဘူး၊ နောက်တစ်ခုကတော့ ကျနော် ပြောပြောနေတဲ့ အလင်းညစ်ညမ်းမှုပါ၊ မြို့ ပြနဲ့ဝေးတဲ့ ဟောဒီလို တောင်ပေါ်တွေမှာတောင်မှ ရွာလေးတွေ၊ လမ်းမီးတိုင်တွေက တခါတလေ အနှောင့်အယှက် ပေးတတ်ပါတယ်၊ အခုဟောဒီ Alpage de la Peule ကတော့ အီတလီနယ်စပ်၊ ပြင်သစ်နယ်စပ်နဲ့ ကပ်နေပြီး နည်းနည်းချောင်ကျ လို့လားတော့ မသိဘူး၊ လူလုပ်ထားတဲ့ အလင်းဟာ မရှိသလောက်ကို နည်းလှတယ်၊ အမှန်တော့ ကျနော် မအိပ်ချင်သေးဘူး၊ ကြည်လင်အေးချမ်းပြီး တိတ်ဆိတ်နေတဲ့ ညကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးပစ်လိုက်ရမှာ တကယ့်ကို နှမြောစရာ...၊ ကင်မရာပစ္စည်းတွေ သိမ်းနေရင်းနဲ့ တာရာမင်းဝေရဲ့ ဝတ္ထုခေါင်းစဉ်ဖြစ်တဲ့ “ကိုယ့်လက်နဲ့ဖမ်းမိတဲ့ နဂါးငွေ့တန်း” ဆိုတာ ဒါမှအစစ်လို့ တွေးမိပြီး ကျနော် ပြုံးမိသွားတယ်၊ တလက်စထဲ သီချင်းကလေး တပိုင်းတစတောင် နှုတ်ကနေ ထွက်ကျသွားလေရဲ့...။

♫♫ အလင်းကိုရှောင်ခွာ နေထိုင်ရင်း xxxx ညကိုနှစ်သက် ကျေနပ်ခဲ့ပြီလေ ♪♪ xxx ကျောက်ဆောင်တွေလို ငြိမ်သက်ရင်း အမြင့်မှာပွင့်တဲ့ ကြယ်ပန်းတစ်ခင်း xxx ♫♪ ပြန်လေဦး ကောင်းသောညရယ် နှုတ်ဆက်တယ်လေ... ♫♫♪


ညီလင်းသစ်
၂၃ သြဂုတ်၊ ၂၀၁၃

19 August 2013

စားကျက်မြေမှာ တစ်ညတာ ...


ပြီးခဲ့တဲ့ သောကြာတစ်ရက်က အဲ့လ်ပ်စ် တောင်တန်းတွေပေါ်က စားကျက်မြေတစ်ခုကို သွားဖြစ်ပါတယ်၊ အိမ်ကနေ တစ်နာရီခွဲလောက် သွားရတဲ့ အဲဒီနေရာက ဆွစ်-အီတာလျံ နယ်စပ်က အယ်လ်ပိုင်း စားကျက်မြေတစ်ခု ဖြစ်သလို တောင်ပေါ် trekking သွားသူတွေ ဖြတ်သွားဖြတ်လာ လုပ်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်၊ စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက အဲဒီတောင်ပေါ် စခန်းလေးမှာ ညအိပ်ရပ်နားဖို့အတွက် Yurt လို့ခေါ်တဲ့ မွန်ဂိုရွက်ဖျင်တဲ လေးတွေ ရှိတာပါပဲ၊ ပုံမှန်တည်းနေကျလို အခန်းထဲမှာ မဟုတ်ဘဲ ကွင်းပြင်ထဲက မွန်ဂိုတဲမှာဆိုတော့ တမျိုးလေး စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ တောင်ပေါ်ကို မသွားခင် အင်တာနက်ပေါ်မှာ မွန်ဂိုတဲပုံကို သားကိုပြတော့ သူက ပျော်ပြီး အခုထ,သွားမယ် လုပ်နေလို့ ခဏစောင့်ဖို့ ဖျောင်းဖျနေရသေးတယ်၊ ဒီလိုနဲ့ မူလကြိုတင် မှန်းထားတဲ့ သောကြာနေ့ နေ့လယ်ပိုင်းမှာတော့ ညအိပ်ခရီးအတွက် ပစ္စည်းအချို့ကို ယူပြီး မိတ်ဆွေမိသားစုနဲ့အတူ ကျနော်တို့ တောင်ပေါ် စားကျက်မြေကို ထွက်ခဲ့တော့တယ်...၊


တောင်ပေါ်စခန်းလေးရဲ့ နာမည်က Alpage de la Peule လို့ ခေါ်ပါတယ်၊ ဆိုင်းဘုတ်ပေါ်မှာ ပြင်သစ်၊ ဂျာမန် ၂ ဘာသာနဲ့ ရေးထားတာက ကောက်ရိုးပေါ်က စွန့်စားခန်း/တစ်ညတာ-တဲ့၊


ဒီနေရာက ကားပါကင်ပါ၊ အိမ်ကနေ ဒီနေရာလေးအထိကို တစ်နာရီခွဲလောက် လာရတယ်၊ ကားကို ဒီမှာထားခဲ့ပြီးတော့ တောင်ပေါ်ကို ခြေကျင် ဆက်တက်ရပါတယ်၊ တဆောင်းတွင်းလုံး ခဲနေခဲ့တဲ့ နှင်းတွေက အခုတော့ တောင်ကျချောင်းလေး အဖြစ်နဲ့ တသွင်သွင် စီးဆင်းနေပြန်ရော...၊ ကင်မရာအိတ်တဖက်၊ ထရိုင်ပေါ့ထ်အိတ် တဖက်အပြင် ညမှာအိပ်ဖို့ sleeping bag တွေထည့်ထားတဲ့ ကျောပိုးအိတ်ကို လွယ်လို့ တောင်တက်ခရီးကို အစ,ပြုလိုက်တယ်၊


လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက ထူးထူးဆန်းဆန်း နေ့တိုင်းသာနေတဲ့ နေဟာ ဒီနေ့လည်း ခေါင်းပေါ်မှာ လင်းလင်းထိန်ထိန်နဲ့ ရှိနေပြန်တယ်၊ ကားရပ်ခဲ့တဲ့ နေရာကနေ တောင်ပေါ်အထိကို အမြင့် မီတာ ၄၀၀ လောက် ထပ်တက်ရပါတယ်၊ လမ်းခရီးမှာ တက်သူထက် ဆင်းလာတဲ့သူတွေ အများကြီးနဲ့ ဆုံရတယ်၊ အကွေ့အကောက် လူသွားလမ်းလေးအတိုင်း အသက်ရှူမမှားအောင် အာရုံစိုက်ပြီး တစ်လှမ်းချင်းတက်တယ်၊ ကလေးတွေလည်းပါလို့ လမ်းမှာ ၃ ခါလောက် နားရတယ်၊ တောင်တက်ချိန် စုစုပေါင်း ၁ နာရီနဲ့ ၁၀ မိနစ် ကြာပါတယ်၊


နောက်ဆုံးမှာတော့ တောင်ပေါ်စခန်းလေးကို ရောက်သွားပါတယ်၊ အုတ်နဲ့ဆောက်ထားတဲ့ ဟောဒီအိမ်ရှည်လေးထဲမှာ စားသောက်ဆိုင်အပြင် dormitory (စုပေါင်းအိပ်ခန်း)လည်း ရှိပါတယ်၊ ဟိုးတဖက်မှာတော့ မွန်ဂိုတဲ (Yurt) ၂ လုံးရှိတယ်၊ အဲ့လ်ပ်စ် တောင်တန်းပေါ်မှာ ရှိတဲ့ ဒီစခန်းလေးက ၂၀၇၁ မီတာ (၆၇၉၄ ပေ) အမြင့်မှာ ရှိပါတယ်၊


ကျနော်တို့ ညအိပ်တည်းခဲ့တဲ့ မွန်ဂိုတဲလေး ဖြစ်ပါတယ်၊ ဒီလိုတဲမျိုး ၂ လုံးရှိပြီးတော့ ဒီတစ်လုံးမှာ ၁၀ ယောက်တည်းလို့ ရပါတယ်၊ နောက်ထပ်တစ်လုံးကတော့ ပိုကြီးပြီး ၁၅ ယောက်စာ ဖြစ်ပါတယ်၊ အဲဒီနေ့ကတော့ ဒီတဲထဲမှာ ကျနော်တို့အပြင် နယ်သာလန်က တစ်ကိုယ်တော် တောင်တက်သမား တစ်ယောက်လည်း ရှိတယ်၊ ဒီလူက အမှန်ဆို သူ့မှာပါတဲ့ တဲထိုးပြီး ကွင်းပြင်ထဲမှာ အိပ်ချင်တာ...၊ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန် ၃ နိုင်ငံကို ဖြတ်ကျော်ပြီး လမ်းလျှောက်နေတဲ့ လူပါ၊ ပြင်သစ်မှာ ကြုံသလို ကွင်းပြင်ထဲ တဲထိုးပြီး အိပ်ခဲ့ပေမယ့် အခုဒီဖက်က တောင်ပေါ်မှာတော့ အဲဒီလို ခွင့်မပြုလို့ ဒီမှာလာအိပ်ရတာပါ၊ ပိုက်ဆံပေးပြီး အိပ်ရလို့ သူ့ပိုက်ဆံတွေကို နှမြောနေတယ်...၊


Yurt တဲလေးထဲမှာ ကောက်ရိုးအပြည့် ခင်းထားပြီးတော့ စစ်သုံးစောင်တွေ၊ ခေါင်းအုံးတွေနဲ့ အောက်ခံအခင်းတွေ ထားပေးပါတယ်၊ ဒါပေမယ့် အားလုံးကတော့ စောင်တွေခင်းပြီးမှ အဲဒီအပေါ်မှာ ကိုယ်စီယူလာတဲ့ sleeping bag တွေနဲ့ အိပ်ကြတာပါပဲ၊ ကျနော်သိတဲ့ တကယ့် မွန်ဂိုတဲတွေထဲမှာတော့ အိပ်လည်း ဒီနေရာ၊ ထမင်းဟင်းချက်လည်း ဒီနေရာ၊ တီဗီကြည့်လည်း ဒီနေရာနဲ့ မိသားစုအားလုံး ခွေးတိုးဝက်ဝင် နေကြလေ့ ရှိတာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ မွန်ဂိုတဲလေးက မွန်ဂိုးလီးယား စတက်ပ်မြက်ခင်းတွေပေါ်မှာ မဟုတ်ပေမယ့် ကောက်ရိုးတွေနဲ့ နွေးနွေးထွေးထွေးတော့ ရှိလှပါတယ်၊


တကယ်တော့ ဟောဒီလို တောင်ပေါ်စခန်းတွေက နွေရာသီမှာ နွားတွေ၊ သိုးတွေ လှန်ထားလေ့ရှိတဲ့ စားကျက်မြေတွေပါ၊ ဆွစ်ဇာလန် တစ်နိုင်ငံလုံးမှာ အခုလို စားကျက်မြေ တောင်ပေါ်စခန်းတွေ ရှိပါတယ်၊ နွေရာသီဆိုရင် နွားတွေ၊ သိုးတွေကို မောင်းတင်လာပြီးတော့ စခန်းအနီးက မြက်ခင်းပြင်တွေမှာ လှန်ထားရင်း ပိုင်ရှင်တွေ၊ သူရင်းငှားတွေကလည်း အခုလို စခန်းတွေမှာပဲ နေကြတယ်၊ တစ်နွေတွင်းလုံးမှာ နွားနို့၊ ဆိတ်နို့တွေ ညှစ်ပြီး နို့်အဖြစ် ရောင်းတန်ရောင်း၊ ဒိန်ခဲအဖြစ် လုပ်တန်လုပ်ပြီး မြို့မှာ သွား,သွား ရောင်းကြတယ်၊ ဒါပေမယ့် ဒီဖက်ခေတ်ရဲ့ ကြပ်တည်းလာတဲ့ ဈေးကွက်စီးပွားရေးမှာ အခုလိုလုပ်ကြတဲ့ တောင်သူလယ်သမားတွေအဖို့ အမြတ်ဘယ်လောက်မှ မရကြပါဘူး၊ သူတို့တွေ အတော်လေး ချို့တဲ့ကြတယ်၊ ဒီလိုနဲ့ ဖွံ့ဖြိုးလာတဲ့ ခရီးသွားလုပ်ငန်းနဲ့အတူ တောင်ပေါ်ကို လမ်းလျှောက်ကြတဲ့ ခရီးသွားတွေ များလာတဲ့အခါ ညအိပ်စခန်းလေးတွေ တစထက်တစ ဖွင့်ရင်းနဲ့ တဖက်တလမ်းကနေ ဆွစ်လယ်သမားတွေဟာ ဝင်ငွေရှာလာ ကြတယ်၊ အဲဒီကနေမှ ဆွဲဆောင်မှုကောင်းအောင် တချို့တွေက အခုလို မွန်ဂိုတဲလေးတွေနဲ့ ငှားစားတာမျိုးတွေ လုပ်လာကြတာ ဖြစ်ပါတယ်၊ ဟောဒီ Alpage de la Peule စခန်းကတော့ နှစ်စဉ် ဇွန်လလယ်မှာ တက်လာပြီးတော့ စက်တင်ဘာလလယ်အထိ ၃ လလောက် နေကြလေ့ ရှိတယ်၊ အဲဒါပြီးရင်တော့ ဆောင်းတွင်းတစ်တွင်းလုံး နေသူမရှိဘဲ စခန်းကို ပိတ်ထားလိုက်ရော...၊


ညစာအဖြစ် စားခဲ့တဲ့ Croûte au fromage...၊ ဒီအစားအစာက တကယ်တော့ ဆွစ်ကျေးလက် အစားအစာပါ၊ တောသူတောင်သားတွေ စားကြတဲ့ ဟင်းပွဲလို့ ဆိုကြပါစို့၊ ပေါင်မုန့်ညို အကြမ်းကြီးတွေကို အချပ်လိုက် ဝိုင်အဖြူနဲ့ စိမ်ပါတယ်၊ အဲဒီ အပေါ်မှာမှ ဝက်ပေါင်ခြောက်အလွှာ ခင်းပြီး မီးဖိုပေါ်မှာ အပူပေးထားတဲ့ ဒီန်ခဲအနှစ်တွေ လောင်းချလိုက်တာပါ၊ ပြီးတော့မှ အပေါ်ကနေ ကြက်ဥကြော်နဲ့ အအီပြေ ကြက်သွန်ချဉ်တို့၊ သခွားချဉ်တို့ ဖြူးလိုက်ရင် Croûte au fromage ရပါပြီ၊ လယ်သမားတွေ ဖွင့်ထားတဲ့ တောင်ပေါ်စခန်း ဖြစ်တဲ့အလျောက် ဒီပန်းကန်ထဲက ပေါင်မုန့်အပါအဝင် ဟင်းအမယ်တွေ အားလုံးက ခြံထွက်နဲ့ သူတို့ကိုယ်တိုင် လုပ်ထားတဲ့ အော်ဂဲနစ် အစားအစာ စစ်စစ်တွေပါပဲ...၊း)


အဲ.. အချိုပွဲက အသီးတွေကတော့ သူတို့စိုက်ထားတာ မဟုတ်ပါဘူး၊း) တောင်ခြေက စိုက်ခင်းတွေမှာ ဆင်းဝယ်ထားတဲ့ အေပရီကော့၊ ကီဝီ၊ စပျစ်၊ ငှက်ပျော... စတာတွေပါ၊ ဒီတောင်ကြောကြီး တစ်ခုလုံးမှာ ညအိပ်စခန်းဆိုလို့ ဒီတစ်ခုပဲ ရှိတာဖြစ်လို့ တည်းခိုခနဲ့ ညစာအပါအဝင် half board ရောင်းကြပါတယ်၊ တည်းသူတွေအားလုံးကလည်း တစ်နေကုန်တစ်နေခန်း လမ်းလျှောက်ထားကြသူတွေ ဖြစ်လို့ အားလုံးက ညစာပါ စားကြတယ်၊ ဈေးနှုန်းစိတ်ဝင်စားသူတွေ အတွက် ပြောရရင် တစ်ညတာတည်းခ ကောက်ရိုးမွေ့ရာ၊ ညစာ၊ မနက်ခင်းစာ အတွက် လူကြီးတစ်ယောက်ကို ၄၇ ဒေါ်လာ ကျပါတယ်၊


ဒီတောင်ပေါ် စခန်းလေးက တကယ်တော့ ဥရောပရဲ့ အမြင့်ဆုံးတောင်ထွတ်ဖြစ်တဲ့ Mont Blanc နဲ့ သိပ်မဝေးတော့ပါဘူး၊ နွေရာသီမှာ Mont Blanc ကို တစ်ပတ်,ပတ်တဲ့ လမ်းလျှောက်ခရီးစဉ်တွေ ရှိပါတယ်၊ Mont Blanc က ပြင်သစ်နိုင်ငံ ပိုင်နက်ထဲမှာ ရှိပေမယ့် ဆွစ်ဇာလန်နဲ့ အီတလီတို့ရဲ့ နယ်နိမိတ်နဲ့လည်း ကပ်နေတယ်၊ ဆိုတော့ Mont Blanc ကို တစ်ပတ်လျှောက်တဲ့ ခရီးစဉ်က ဒီသုံးနိုင်ငံကို ဖြတ်သွားရပါတယ်၊ အများအားဖြင့် တောင်တစ်ပတ် လျှောက်ဖို့ကို ၁၀ ရက်ကြာပြီးတော့ တစ်ရက်ကို ၈ နာရီလောက် လျှောက်ရပါတယ်၊ ဆိုတော့ ဟောဒီ La Peule စခန်းလေးက အဲဒီလို လမ်းလျှောက်သူတွေ ဝင်လိုက်ထွက်လိုက်နဲ့ စည်ကားနေတော့တယ်...၊


ဒီတောင်ပေါ်ခရီးမှာ ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်က ကြယ်တွေကို ဓါတ်ပုံရိုက်ဖို့ ဖြစ်ပါတယ်၊ အဲဒါကြောင့် အိမ်ကနေ ထရိုင်ပေါ့ထ်မှအစ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အားလုံး ယူလာခဲ့တယ်၊ ညရောက်တော့ သူများတွေ အိပ်ရာဝင်သွားကြချိန်မှာ ကျနော်က ကြယ်တွေနဲ့အတူ ရှိနေခဲ့တယ်၊ အဲဒီဓါတ်ပုံရိုက်တဲ့ အကြောင်းကို ရှေ့လာမယ့် ပို့စ်မှာ သီးသန့်ရေးဖို့ ရှိပါတယ်...၊


နောက်တစ်နေ့ မနက်မှာတော့ စခန်းကနေ နောက်ထပ်ပိုမြင့်တဲ့ တောင်ပေါ်ကို ကျနော်တို့ ဆက်တက်ကြတယ်၊ လမ်းတွေက မတ်စောက်တဲ့ နေရာတချို့ ရှိပေမယ့် အများအားဖြင့်က ခပ်ပြေပြေနဲ့ မြင့်တက်သွားတာ များပါတယ်၊ သုံးလေးနှစ်အရွယ် ကလေးတွေပါတဲ့ မိသားစုတွေလည်း အများကြီး တွေ့ရတယ်၊ ဒီနိုင်ငံရဲ့ တဝက်ကျော်ကျော်လောက်က တောင်တန်းတွေပေါ်မှာ မေးတင်ထားတာဆိုတော့ ယေဘုယျအားဖြင့် ကလေးရောလူကြီးပါ လမ်းလျှောက်ခြင်းနဲ့ ရင်းနှီးကြတာ များပါတယ်၊ အနောက်ဖက်ကို လှည့်ကြည့်မိတော့ တစ်ညတာ အိပ်စက်ခဲ့တဲ့ မွန်ဂိုတဲနဲ့ တောင်ပေါ်စခန်းလေးက ဟိုးအောက်ဖက် ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့လေရဲ့...၊


တောင်ပေါ်ကို ဆက်တက်လာတယ် ဆိုပေမယ့် သိပ်တော့လည်း ဝေးဝေးသွားဖို့ မရည်ရွယ်ပါဘူး၊ တောင်ပေါ်မှာ ညအိပ်ရုံပဲ အိပ်ပြီး ပြန်ဆင်းလာတယ် ဆိုတာမျိုး မဖြစ်အောင်၊ ကလေးတွေ အတွက်လည်း ကိုယ်လက်လှုပ်ရှားဖြစ်အောင် နောက်ထပ် တစ်နာရီ သာသာလောက် ဆက်လျှောက်ဖြစ်တဲ့ သဘောပါပဲ၊ နွေရာသီဆိုပေမယ့် တစ်နှစ်ပတ်လုံး အရည်မပျော်တဲ့ ရေခဲဂလေစီယာတွေလည်း ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ ရှိနေကြတယ်၊ ကျနော်တို့ ခပ်ငယ်ငယ်က သူငယ်ချင်း အချင်းချင်းနောက်ကြသလို ̔ဒီတောင်ကို မောင်ကျော်နိုင်မယ် မထင်ပါဘူး̕ လို့ တစ်ယောက်က ပြောရင် နောက်တစ်ယောက်က ̔ကျော်မနေပါနဲ့ကွာ၊ ကျော်လည်း ဟိုဖက်မှာ နောက်ထပ်တောင်တစ်လုံးပဲ ထပ်တွေ့မှာပဲ̕ လို့ ပြောကြသလို တောင်စဉ်တောင်ဆက်က မြင်ရသလောက် မျက်စိတဆုံး ပါပဲ...၊ အဆင်ပြေတဲ့ တောင်စောင်းလေး တစ်ခုမှာထိုင်ပြီး နေ့လယ်စာအဖြစ် အသင့်ယူလာတဲ့ ပေါင်မုန့်၊ အသားခြောက်နဲ့ အသီးတစ်ချို့ကို စားပြီးတာနဲ့ ကျနော်တို့ တောင်အောက်က ကားရပ်ခဲ့တဲ့နေရာကို ပြန်ဆင်းလာကြ တော့တယ်၊ ဘာပဲဖြစ်ဖြစ် မြို့ပြရဲ့ အလင်းရောင်တွေ၊ ဆူညံသံတွေ ကနေ ကင်းကွာပြီး ကြယ်ရောင်ဆမ်းတဲ့ တောင်တန်းတွေဆီမှာ ခိုလှုံခွင့်ရခဲ့တဲ့ တစ်နေ့နဲ့ တစ်ညတာ အခိုက်အတန့်လေးက အမှတ်တရပါပဲ...။ ။


ညီလင်းသစ်
၁၉ သြဂုတ်၊ ၂၀၁၃

12 August 2013

ကြယ်ကြွေည သန်းခေါင်ယံ


ပြီးခဲ့တဲ့ တနင်္ဂနွေည သန်းခေါင်ယံနဲ့ တနင်္လာနေ့ မိုးသောက်ယံမှာ Perseids meteor ကြယ်တွေ ကြွေမယ့်အကြောင်းကို ဟိုးအစောကြီး ကတည်းက နက္ခတ်တာရာ ပြက္ခဒိန်မှာ ကျနော်မှတ်ထားမိတယ်၊ ဒါပေမယ့် မှတ်သာမှတ်ထားပေမယ့် မျှော်လင့်ချက် ကတော့ သိပ်အကြီးကြီး မထားမိပါဘူး၊ အကြောင်းက သြဂုတ်လဟာ နွေရာသီ ဆိုပေမယ့် တိမ်တွေထူ၊ မိုးတွေရွာချင်လည်း ရွာနေတတ်တာမျိုး မဟုတ်လား၊ အရင်ကလည်း အဲဒီလို မှတ်ထားပြီး သတ်မှတ်ရက် နီးလာတော့ ကောင်းကင်ကို တမော့မော့နဲ့ တိမ်တွေ ကင်းမှ ကင်းပါ့မလားလို့ စောင့်ကြည့်ရင်း ဘာမှ မမြင်လိုက်ရဘဲ ကျော်လွန်သွားတဲ့ ရက်တွေ ရှိခဲ့ဖူးတာကိုး...၊ ဒါပေမယ့် ဒီနှစ် ဥရောပရဲ့ နွေရာသီဟာ အပူလှိုင်းတွေဘာတွေ ဖြတ်တဲ့အထိကို ပူပါတယ်၊ ဒီလိုနဲ့ ကြယ်တွေအများဆုံး ကြွေမယ်ဆိုတဲ့ တနင်္ဂနွေညကို နီးလာတဲ့အထိ ရာသီဥတုကလည်း နေ့ရောညပါ ကြည်ကြည်လင်လင်နဲ့ ရှိနေခဲ့တော့ မျှော်လင့်ချက် ပါးပါးလေး ပြန်တက်လာခဲ့တယ်၊ D-day မတိုင်ခင် ၂ ရက်အလိုမှာ မိုးလေဝသ ခန့်မှန်းချက်ကို ကြည့်တော့ ကောင်းကင်ဟာ စနေကနေ တနင်္ဂနွေညမှာ အကြည်လင်ဆုံး ရှိနေမယ်၊ ဒါပေမယ့် ကြယ်ကြွေညရဲ့ အထွတ်အထိပ်လို့ ဆိုတဲ့ တနင်္ဂနွေကနေ တနင်္လာညမှာတော့ တိမ်စိုင်တချို့ ရှိနိုင်မယ်-တဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် တနင်္လာနေ့မှာ အလုပ်သွားရမှာ ဖြစ်လို့ တနင်္ဂနွေမှာ ညဥ့်နက်သန်းခေါင် နေဖို့ ကျနော့်အတွက် ခဲယဉ်းပါတယ်၊ ဒါနဲ့ပဲ စနေနေ့ညမှာ ကြယ်တွေကို ဓါတ်ပုံထွက်ရိုက်ဖို့ ရွေးချယ်လိုက်တော့တယ်...၊

တကယ်တော့ မူလအစီအစဉ်က ဟိုတလောက ကျနော်တို့သွားခဲ့တဲ့ observatory ရှိတဲ့တောင်ပေါ် ကို သွားဖို့ပါ၊ အဲဒီနေရာမှာ မြို့ ပြရဲ့ ̔အလင်းညစ်ညမ်းမှု̕ တွေ မရှိသလောက် နည်းပါးပါတယ်၊ ဒါပေမယ့် ဖြစ်ချင်တော့ အနီးကပ်မှ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ် မသိဘူး၊ ကျနော် ခါးမျက်သွားတယ်၊ ဒါနဲ့ပဲ တောင်ပေါ်သွားမယ့် အစီအစဉ်ကို စွန့်လွှတ်ပြီး အိမ်အနီးက မြင်ကွင်းမှာပဲ ကျေနပ်လိုက်ရ တော့တယ်၊


စနေနေ့ည ၁၁ နာရီ ၃၅ မိနစ်မှာ ဝရန်တာကနေ လှမ်းကြည့်တော့ ကောင်းကင်ဟာ တိမ်တွေလုံးဝ ကင်းစင်ပြီး ကြည်လင်နေခဲ့ပြီ၊ ဒါနဲ့ နေ့လယ်ကတည်းက ဓါတ်ခဲကို အားအပြည့်သွင်းထား၊ မဲင်မိုရီကဒ်ကို ရှင်းထားတဲ့ ကင်မရာကို ထရိုင်ပေါ့ထ်မှာတပ်၊ intervalometer timer ကို ကင်မရာမှာတပ်၊ အနွေးထည်နဲ့ ဓါတ်မီးကိုယူ၊ မအိမ်သူကို တခါတည်း ဂွတ်နိုက်လုပ်ပြီး အိမ်အောက်ကို ဆင်းလာခဲ့တယ်...၊


ဟိုး.. ငယ်ငယ်လေး ကတည်းက ကျောင်းစာတွေထဲမှာ သင်ခဲ့ရတဲ့ နဂါးငွေ့တန်း ဂလက်ဆီကို ကျနော့်ရဲ့ မျက်စိရှေ့တည့်တည့်မှာ ထင်းထင်းကြီးကို တွေ့နေရတယ်၊ ဒါတောင်မှ အိမ်နားမှာ ကားပါကင်က မီးတွေ၊ လမ်းမီးတွေ၊ အိမ်တချို့က မီးတွေနဲ့ လင်းနေလို့ အမှောင်ဆုံးဖြစ်တဲ့ သစ်ပင်ရိပ်တွေမှာ ကပ်သပ်ပြီး နေခဲ့ရတာပါ၊ မြန်မာပြည်မှာ ဆိုရင်တော့ မှောင်ရိပ်ခိုမှုနဲ့ အဆွဲခံရနိုင်ပေမယ့် အခုတော့ မီးမရှိတဲ့ အခိုက်အတန့်ကို ကျေနပ်နေမိတယ်၊ ဂလက်ဆီကို မြင်ကွင်းကနေ ပျောက်သွားမှာစိုးလို့ ကျနော်တော့ လက်နက်နဲ့ငြိမ်းချမ်းရေး မလဲချင်.. အဲ... အလင်းမဝင်ချင် သေးဘူး၊း) ဒီပုံကို တနင်္ဂနွေနေ့ မနက် ၁ နာရီ ၂၅ မိနစ်မှာ ရိုက်ပါတယ်...၊


နက္ခတ်တာရာ ပြက္ခဒိန် အလိုအရ ကြယ်ကြွေမှာကို ကောင်ကင်တခွင်လုံးမှာ မြင်ရမှာဖြစ်ပေမယ့် ကြယ်တွေက Perseus constellation ကနေ ကြွေမယ်လို့ ဆိုတယ်၊ ကျနော်နေတဲ့ အရပ်ကနေ ကြည့်မယ်ဆိုရင် Perseus constellation က မြောက်ဖက်မှာ ရှိပါတယ်၊ ကံဆိုးချင်တော့ အဲဒီမြောက်ဖက်မှာ အဆောက်အဦးတွေက မီးတွေ၊ လမ်းမီးတွေနဲ့ လင်းထိန်နေလို့ ကင်မရာကို ဘယ်လိုမှ လှည့်လို့မရနိုင်ခဲ့ဘူး၊ ဒါနဲ့ပဲ Milky way ရှိတဲ့ တောင်ဖက်အရပ်ကိုပဲ ကင်မရာကို အသေချိန်ထားပြီး ထိုင်ရိုက်နေလိုက် တော့တယ်၊ မနက် ၁ နာရီလောက်က စပြီးတော့ ကြယ်တွေက အရပ်ရှစ်မျက်နှာလုံးမှာ ကြွေပါတယ်၊ တစ်နာရီကို အလုံး ၅၀ ကနေ ၆၀ လောက်အထိ ကြွေမယ်လို့ ပြောထားပေမယ့် ကျနော့်မျက်စိရှေ့ မှာတော့ အဲဒီလောက် မများပါဘူး၊ တချို့ ကြယ်တွေက ခဏလေးနဲ့ မီးလောင်သွားလို့ ကြွေချိန်မြန်တာအပြင် ကျနော်က မြက်ခင်းပေါ်မှာ လှဲမအိပ်ဘဲ ထိုင်ရုံပဲထိုင်နေလို့ ကောင်းကင်တခွင်လုံးကို မြင်ကွင်းက မခြုံမိတာကြောင့်လည်း ပါ,ပါလိမ့်မယ်၊ အင်မတန်လှတဲ့ meteor fireball ကြယ်လုံးကြီး ၃ လုံး ကြွေတာကို မျက်စိနဲ့ မြင်လိုက်ရပေမယ့် ကင်မရာရှိတဲ့ဖက် မဟုတ်လို့ မမိလိုက်ဘူး၊ ကျနော်ရိုက်လို့ ရတဲ့အထဲက ခေါင်းပြတ်၊ အမြီးပြတ်၊ ဟိုတစောင်း၊ ဒီတစောင်း ပုံတွေကို ဖယ်ပြီး အဆင်အပြေဆုံး အပေါ်ကပုံနဲ့ပဲ ဒီတစ်ခေါက် ကျေနပ်လိုက်ရ ပါတယ်...၊

အိမ်ပေါ်ကို ပြန်တက်လာတော့ မနက် ၃ နာရီခွဲ ရှိနေပြီ၊ လုံးဝမည်းမှောင်တဲ့ နေရာကနေ ရိုက်ခဲ့တာ မဟုတ်လို့ ကြယ်တွေက လင်းသင့်သလောက်တော့ မလင်းပါဘူး၊ ဒါပေမယ့် နဂါးငွေ့တန်း ဂလက်ဆီအပါအဝင် Perseids meteor shower ရဲ့ ကြယ်ကြွေမိုး အမှတ်တရအဖြစ် တင်လိုက်ပါတယ်၊ ပုံတွေအားလုံးကို ISO 3200 နဲ့ f/2.8 မှာထားပြီး intervalometer timer နဲ့ စက္ကန့်သုံးဆယ် အလင်းပေးပြီး ရိုက်ပါတယ်...။ ။


ညီလင်းသစ်
၁၂ သြဂုတ်၊ ၂၀၁၃

02 August 2013

၂ မိနစ် ...


ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေက ကျနော်နေတဲ့ မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိပါတယ်၊ ဘူတာကြီးတွေမှာပဲ ရပ်တဲ့ အမြန်ရထားနဲ့ ရှိသမျှဘူတာစဉ် အကုန်ရပ်တဲ့ လော်ကယ်ရထားတို့ တိုက်မိတာ ဖြစ်ပါတယ်၊ ရထားတိုက်တဲ့ နေရာမှာ ရထားသံလမ်းက တစ်လမ်းပဲ ရှိတာဖြစ်လို့ ဒီတစ်လမ်းတည်းပေါ်မှာ ဟိုဖက်ဒီဖက်ကနေ မောင်းလာကြတဲ့ ရထားနှစ်စင်းအဖို့ ခေါင်းချင်းဆိုင် တိုက်မိတာ ဘယ်လိုမှ ရှောင်လွှဲမရတဲ့ ကိစ္စလို့ပဲ ပြောရမှာပါ၊ ပဏာမ စစ်ဆေးချက်တွေအရတော့ လော်ကယ်ရထားရဲ့ အမှားလို့ သိရတယ်၊ ပုံမှန်ဆို ဒီရထားက အက်ဆီးဒင့် ဖြစ်တဲ့နားက ဘူတာမှာ ခရီးသည်တွေ အတင်အချ လုပ်ပြီး မျက်နှာချင်းဆိုင်က လာတဲ့ အမြန်ရထားကို ဘူတာမှာပဲ ရပ်ပြီး စောင့်နေရမှာပါ၊ ရထားနှစ်စင်း လွှဲရှောင်နိုင်ဖို့ သံလမ်း နှစ်ခုရှိတဲ့ နေရာက အဲဒီဘူတာ တစ်ခုပဲရှိပါတယ်၊ အမြန်ရထား ဖြတ်သွားပြီးတော့မှ ဘူတာကနေ ရှေ့ဆက်သွားရလေ့ ရှိတယ်၊ ဒါပေမယ့် အဲဒီနေ့ ညနေကတော့ ဘာ့ကြောင့်မှန်း မသိဘဲ ခရီးသည်တွေ တက်ပြီးတာနဲ့ ရထားဟာ ဆက်ထွက်လာခဲ့တယ်၊ ဘူတာအထွက်မှာ ရှေ့ဆက်မသွားဖို့ တားမြစ်ထားတဲ့ မီးနီပြထားတာ တောင်မှ မလိုက်နာခဲ့ဘူး၊ ထွက်ပြီး ဘူတာကနေ မီတာ ၂၀၀ အကွာလောက်မှာပဲ မျက်နှာချင်းဆိုင်ကနေ အရှိန်နဲ့ လာနေတဲ့ အမြန်ရထားနဲ့ တိုက်မိကြတော့တယ်...၊

ရထားနှစ်စင်း တိုက်မိတဲ့ အခိုက်အတန့် point of impact မှာ လော်ကယ်ရထားက တစ်နာရီ ကီလိုမီတာ ၄၀ နဲ့ မောင်းနေပေမယ့် အမြန်ရထားကတော့ တစ်နာရီ ကီလို ၁၀၀ နှုန်းလောက်နဲ့ ဝင်လာခဲ့တယ်၊ သူက လမ်းကြောင်းအမှန်ဆိုတော့ ပုံမှန်အရှိန်အတိုင်း မောင်းလာခဲ့တာပါ၊ ရှေ့တူရှူကနေ တရှိန်ထိုး ဝင်လာတဲ့ အမြန်ရထားကိုလည်း မြင်ရော လော်ကယ်ရထား မောင်းသူက အရေးပေါ် ဘရိတ်ကိုဆွဲပြီး သူရှိနေရာခေါင်းတွဲကနေ အနောက်ဖက် လူစီးတွဲတွေဖက်ကို ပြေးထွက်သွားတယ်၊ အမြန်ရထားကလည်း အရေးပေါ်ဘရိတ်ကို ဆွဲတယ်လို့ သိရတယ်၊ ဒါပေမယ့် တစ်နာရီ ကီလိုမီတာ ၄၀ နဲ့ ၁၀၀ အရှိန်နှစ်ခုက ဘယ်လိုမှ မတူနိုင်ပါဘူး၊ အင်မတန် ကျယ်လောင်တဲ့ အသံကြီးနဲ့အတူ အမြန်ရထားရဲ့ ခေါင်းတွဲဟာ လော်ကယ်ရထား ခေါင်းတွဲထဲကို ၈ မီတာလောက် ကျွံ့ဝင်သွားတော့တယ်၊ ခရီးသည်တွေဖက်ကို ထွက်ပြေးသွားတဲ့ လော်ကယ်ရထား မောင်းသူက လွတ်သွားပေမယ့် အမြန်ရထား စက်ခေါင်းမောင်းကတော့ နေရာမှာပဲ ဆုံးသွားရှာတယ်၊ ပြင်သစ်ကနေ ဒီမှာလာပြီး အလုပ်လုပ်နေတဲ့ အသက် ၂၄ နှစ်ပဲ ရှိသေးတဲ့ လူငယ်လေး တစ်ယောက်ပါ၊ ခရီးသည် ၃ ယောက်က ဒဏ်ရာနည်းနည်း ပြင်းပေမယ့် ကျန်တဲ့ အယောက် ၂၀ လောက်က သာမန်ဒဏ်ရာလောက်ပဲ ရကြတယ်၊ ဒါဟာ တလောဆီက ဖြစ်သွားတဲ့ ပြင်သစ်နဲ့ စပိန်နိုင်ငံက ရထားအက်ဆီးဒင့်တွေရဲ့ နောက်ဆက်တွဲ ကံဆိုးမှုလို့ ပြောရမှာပါပဲ၊

ကျနော့်ရဲ့ အိမ်နီးနားချင်း တစ်ယောက်က ရထားစက်ခေါင်းမောင်းပါ၊ မနေ့က သူနဲ့ ဒီအကြောင်းကို စကားပြောဖြစ်ရင်း အကြောင်းတစ်ချို့ ထပ်သိခဲ့ရတယ်၊ စည်းကမ်းချိုးဖောက်တဲ့ လော်ကယ်ရထား မောင်းသူက အသက် ၅၄ နှစ်ရှိပြီ၊ ဒီလို စက်ခေါင်းမောင်းအလုပ်ကို လုပ်ခဲ့တာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီလို့ သိရတယ်၊ သူဟာ လုပ်သက်ရင့်သူ ဖြစ်တဲ့အလျောက် လူချစ်လူခင် များသူလို့ ဆိုတယ်၊ ‘သူက တစ်ယောက်တည်း နေတဲ့လူဗျ၊ အိမ်ထောင်လည်း မရှိဘူး၊ မိဘတွေကလည်း ကွယ်လွန်ကုန် ကြပြီ၊ သူ အမှားလုပ်တာကတော့ လုပ်တာပေါ့လေ၊ ဒါပေမယ့် အခုလို အချိန်မှာ ဟောဒီအဖြစ်ဆိုးကြီးကို သူ တစ်ယောက်တည်း ဘယ်လိုများ ရင်ဆိုင်မလဲလို့ ကျနော် တွေးနေမိတယ်’ လို့ ကျနော့်ရဲ့ အိမ်နီးချင်း ရထားမောင်းသူက ပြောတယ်၊ ဘာပဲဖြစ်ဖြစ် မထွက်ရမှန်းလည်း သိတယ်၊ မီးနီလည်း ပြထားလျက်နဲ့ ထွက်သွားတဲ့ သူ့အမှားက လုပ်ဖော်ကိုင်ဖက် လူငယ်လေး တစ်ယောက်ရဲ့ ဘဝကို ယူပစ်လိုက်တယ်၊ အမှားလုပ်မိတဲ့ အဲဒီ ရထားမောင်းသူ လိုပဲ သေသွားတဲ့ လူငယ်စက်ခေါင်းမောင်းကလည်း အလုပ်ထဲမှာ လူချစ်လူခင် ပေါသူပါပဲ-တဲ့၊ အမြဲတမ်း အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့ နေတတ်သူ တစ်ယောက်လို့ သိရတယ်၊ ကျနော့် အိမ်နီးချင်းက ဆက်ပြောပြတယ်၊ အဲဒီလူငယ်လေး မောင်းတဲ့ရထားက ပုံမှန်ဆိုရင် အဲဒီလမ်းပိုင်းကို ရောက်တဲ့အခါ အမြဲတမ်း ၂ မိနစ် နောက်ကျတယ်၊ အဲဒါဟာ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်ဘဲ.. နေ့တိုင်းလိုလို ၂ မိနစ် နောက်ကျတယ်၊ ဒါပေမယ့် အဲဒီနေ့ကတော့ သူ့ရထားဟာ ထူးဆန်းစွာနဲ့ပဲ သတ်မှတ်ချိန် အတိအကျ ဝင်လာခဲ့တယ်၊ အကယ်၍များ ထုံးစံအတိုင်း ၂ မိနစ် နောက်ကျခဲ့ရင် တစ်ဖက်က လော်ကယ်ရထားဟာ နောက်ထပ် ဘူတာတစ်ခုကို ရောက်ပြီး အဲဒီမှာ စောင့်နေလို့ ရကောင်းရခဲ့ နိုင်မှာပေါ့၊ ဒါမှမဟုတ် အမှားလုပ်မိတဲ့ စက်ခေါင်းမောင်းက သူ့အမှားကို သဘောပေါက်ပြီး အမြန်ရထားကို ချက်ချင်းဆက်သွယ်လို့ လမ်းမှာရပ်ထားဖို့ ပြောကောင်း ပြောနိုင်ခဲ့မယ်...၊

တကယ်တမ်း ပြောရရင်တော့ စောတာပဲဖြစ်ဖြစ်၊ နောက်ကျတာပဲ ဖြစ်ဖြစ်.. ဒီလိုဖြစ်မယ်လို့ ပြဌာန်းထားတယ် ဆိုရင် အဲဒီအတိုင်းပဲ ဖြစ်သွားရတာ မဟုတ်လား၊ ဆွစ်ဇာလန်က ရထားတွေက အချိန်တိကျ၊ မှန်ကန်တာနဲ့ ပတ်သက်ပြီး နာမည်ကောင်းရလေ့ ရှိပါတယ်၊ ဒါပေမယ့် ဒီတစ်ခါ အချိန်တိကျမှုကတော့ အပြစ်မဲ့တဲ့ လူတစ်ယောက်ရဲ့ အသက်နဲ့ထပ်တူ တန်ဖိုးကြီးလှတယ်လို့ ကျနော် တွေးနေခဲ့မိတော့တယ်...။ ။


ညီလင်းသစ်
၂ သြဂုတ်၊ ၂၀၁၃

29 July 2013

A frame at a time: သနပ်ခါး


ဒီရက်ပိုင်းတွေမှာ ရာသီဥတုက မယုံနိုင်စရာ ကောင်းလောက်အောင် ပူတယ်၊ မနက် ၁၁ နာရီလောက်ဆိုရင်ပဲ အပူချိန်က သိသာနေပြီ၊ နေ့လယ်ပိုင်းတွေမှာတော့ ဘာမှမလုပ်ဘဲ ထိုင်နေရင်းနဲ့ကို အပူရှိန်ကို ခံစားနေရတယ်၊ ရုံးခန်းထဲမှာ ထိုင်နေလည်းပူ၊ ဓါတ်ခွဲခန်းထဲမှာလည်းပူ၊ ဘယ်သွားသွား မလွတ်သလောက်ပါပဲ၊ မိုးလေဝသ သတင်းမှာ အပူလှိုင်းဖြတ်နေတယ်လို့ ကြေညာထားတယ်၊ ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းကတော့ အေးလိုက်တာ ဆိုတာ တကယ့်ကို မပြီးနိုင်မစီးနိုင်...၊ ပုံမှန်ဆို ဧပြီလလယ်လောက်မှာ နေရောင်ခြည် နွေးနွေးလေးနဲ့ နွေဦးရာသီ ရောက်လာနေကျပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီမှာတော့ နှင်းတွေအဖွေးသားနဲ့ ဆောင်းတွင်းပဲရှိသေးတယ်၊ တခါ မေလမှာလည်း အေးတုန်း...၊ ပြီးတော့ ဇွန်လမှာပါ မိုးတွေအုံ့၊ မိုးတွေရွာပြီး ဆက်တိုက်ကို အေးနေခဲ့တာ..၊ ဟော.. အခုကျပြန်တော့ နေတွေ ခြစ်ခြစ်တောက်ပူပြီး အိုက်စပ်နေတာ နှစ်ပတ်လောက်တောင် ရှိနေပြီ၊ ဆိုတော့ လူတွေက ဆောင်းတွင်းမှာ အေးတော့လည်း အေးလို့၊ အခု နွေရာသီမှာ ပူတော့လည်း ပူလို့နဲ့ ညည်းတွားကြပြန်ရော...၊း)

ညအချိန်ထိ ခပ်နွေးနွေးရှိနေသေးတဲ့ အပူရှိန်ကို တွန်းလှန်ဖို့ အကောင်းဆုံးအဖော်ကတော့ သနပ်ခါးပါပဲ၊ ခြေဆုံးခေါင်းဆုံး လိမ်းထားတဲ့ သနပ်ခါးရနံ့ သင်းသင်းလေးနဲ့ အိပ်ရာဝင်မှပဲ အေးအေးချမ်းချမ်း အိပ်ပျော်တော့တယ်၊ သားကို သနပ်ခါး လိမ်းပေးရင် ပါးကွက်ပါ ကွက်ပေးမှ သူကကြိုက်တယ်၊ သူ့ပါးပေါ်က သနပ်ခါးကို သွားပွတ်တံနဲ့ ခြစ်ပြီး ပါးကွက်,ကွက်ပေးနေရင်း ကျနော်တို့ငယ်ငယ်က အဖွား သနပ်ခါး လိမ်းပေးခဲ့တဲ့ အချိန်တွေကို သတိရတယ်၊ အဖွားက ကျနော်တို့ကို သနပ်ခါး လိမ်းပေးပြီးရင် မြေးတစ်ယောက်စီရဲ့ ပါးစပ်ထဲကို သနပ်ခါး တစ်တို့တော့ အမြဲခွံ့ တတ်တယ်၊ ̔စားကြဟဲ့...၊ ဝမ်အေးတယ်၊ ကျန်းမာရေး အတွက်ကောင်းတယ်̕ လို့လည်း ပြောသေးတယ်၊ သနပ်ခါးက စားလို့ရတဲ့ အကြောင်း သားကိုပြောပြတော့ သူက မယုံသလိုနဲ့ ကျနော့်ကို ကြည့်တယ်၊ ဒါနဲ့ ကျောက်ပျဉ်ပေါ်က သနပ်ခါးတစ်ကော် ယူစားပြလိုက်တော့ ̔သားသားလည်း စားကြည့်မယ်̕ တဲ့၊ သူ့ပါးစပ်ထဲ သနပ်ခါး နည်းနည်းလောက် ကျနော်ထည့်ပေးလိုက်ပြီး ̔ကောင်းလား̕ ဆိုတော့ ̔အရသာ မရှိဘူး̕ တဲ့၊ ခေါင်းခါတယ်...၊ ဘာပဲဖြစ်ဖြစ် ပူအိုက်လှတဲ့ နွေညတွေထဲမှာ သနပ်ခါးက ကျနော်တို့မိသားစုအတွက် အေးမြခြင်းတွေ ယူဆောင်လာပေးတာတော့ အမှန်ပါပဲ...။





ညီလင်းသစ်
၂၉ ဇူလိုင်၊ ၂၀၁၃

25 July 2013

ခုတလောဆီမှာ...


အားလုံးပဲ မင်္ဂလာပါဗျာ၊ ဒီတစ်ခေါက် ဘလော့ဂ်ရပ်ဝန်းကနေ ပျောက်သွားတာ ဘာလိုလိုနဲ့ အတော်ကြာသွားတယ်၊ နောက်ဆုံးပို့စ်ကို တင်ခဲ့တာ ဇွန်လ ၂၅ ရက်နေ့က ဆိုတော့ တစ်လတောင် ကြာသွားတဲ့ သဘောပေါ့၊ ပျောက်နေတဲ့ အကြောင်းကတော့ ဘာမှ ထူးထူးထွေထွေ မဟုတ်ပါဘူး၊ ထုံးစံအတိုင်း အလုပ်များနေလို့ အချိန်မရတာ၊ အချိန်ရပြန်တော့လည်း စာဖတ်နေတာ၊ တီဗီကြည့်နေတာ၊ အဲဒါတွေ မလုပ်တဲ့ အချိန်ကျတော့လည်း ပျင်းနေတာ... စသဖြင့်ပေါ့၊ ပြီးတော့ ဟိုတလောဆီက အတော်လေး လှုပ်ခတ်သွားတဲ့ သတင်းတွေနဲ့ အဖြစ်အပျက်တွေကလည်း ကျနော့်ရဲ့ စာရေးချင်စိတ်ကို အငွေ့ပျံ၊ ပျောက်ကွယ်စေခဲ့တယ်လို့ ဆိုရမှာပါပဲ၊ အဲဒီမှာ သတင်းတွေ၊ အဖြစ်အပျက်တွေနဲ့ တုံ့ပြန်ပုံတွေကို လိုက်ဖတ်ရင်း ဖေ့စ်ဘွတ်ခ်က စီးချင်းထိုးပွဲတွေ၊ တအုန်းအုန်း တဒိုင်းဒိုင်း ပစ်ခတ်ပေါက်ကွဲနေတဲ့ စကားလုံးမိုင်းတွေ အကြားကို ရောက်သွားခဲ့မိသေးတယ်၊ ဖေ့စ်ဘွတ်ခ်က ပြန်လာတော့ ကျနော့်ရဲ့ ခေါင်းထက်က ကောင်းကင်မှာ ညစ်ညူးနောက်ကျိတဲ့ မီးခိုးတွေနဲ့ အသက်ရှူ မဝဘူး၊ အဲဒီ မီးခိုးတွေ ရှူမိတဲ့အခါ လက်က ကွန်ပျူတာ ကီးဘုတ်ကို မနှိပ်ချင်တော့ဘဲ လေဖြတ်သွားတော့တယ်၊

ဒီအတောအတွင်းမှာ ဘယ်ကိုမှ မရောက်ဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ ပျက်ကွက်မှုတွေ အတွက်လည်း တောင်းပန်ရမှာပါပဲ၊ ကျနော်ကသာ မရောက်ဖြစ်ပေမယ့် တချို့မိတ်ဆွေ တွေကတော့ မပျက်မကွက် တံခါးလာလာခေါက်နေ ခဲ့တယ်၊ ကိုယ်က ခင်မင်လို့ လာခဲ့ပေမယ့် ငြိမ်သက်နေတဲ့ စာမျက်နှာချည်းပဲ အကြိမ်ပေါင်းများစွာ တွေ့နေရတဲ့အခါ သူတို့တွေ အနည်းနဲ့အများတော့ စိတ်ပျက်ပြီး ပြန်သွားရမယ်ဆိုတာ ကျနော် နားလည်ပါတယ်၊ ဘာပဲဖြစ်ဖြစ် အခုတော့လည်း ကျနော် ပြန်ရောက်လာပြန် ပါပြီ၊ ငြိမ်သက်နေတဲ့ ကိုယ့်ဘလော့ဂ်ကို ပြန်ကြည့်မိ တဲ့အခါ ၅ နှစ်ကျော်လောက် ရေးလာခဲ့တဲ့ ဘလော့ဂ်တစ်ခုဟာ ဒီလမှာ အဆုံးသတ်တော့မှာလားလို့ တွေးမိတော့ ̔နိုး.. အချိန်မကျ သေးဘူး̕ ဆိုပြီး ခေါင်းခါမိတယ်၊ ဘလော့ဂ်ရေးသူတွေ သိကြတဲ့အတိုင်း မရေးတာ ကြာသွားလို့ ပထမဦးဆုံး ပြန်ရေးတဲ့အခါ နည်းနည်းတော့ အိုးတိုးအမ်းတမ်းနဲ့ ကြောင်သလိုလို ဖြစ်တတ်ပါတယ်၊ အဲဒါကို ချေဖျက်ဖို့ အကောင်းဆုံးနည်းကတော့ ဓါတ်ပုံတွေတင်ပြီး အရှိန်ပြန်ယူတာ ပါပဲ၊ ကဲ.. တလောဆီက ရိုက်ထားတဲ့ ဓါတ်ပုံလေးတချို့ တင်လိုက်ပါတယ်၊


ပြီးခဲ့တဲ့ စနေတစ်ရက်က တောင်ပေါ်ကို သွားဖြစ်ခဲ့တယ်၊ အိမ်ကနေ တစ်နာရီသာသာလောက် ကားနဲ့သွားရတဲ့ Moléson ဆိုတဲ့ တောင်တန်းတစ်ခုပါ၊ မတွေ့တာကြာတဲ့ မိတ်ဆွေမိသားစုနဲ့ လမ်းအတူလျှောက်ရင်း၊ စကားပြောရင်းပေါ့၊ တောင်ပေါ်ကို ပထမ Funicular ရထားလေးနဲ့ တက်ရတယ်၊ အပေါ်က ပုံထဲမှာ မြင်ရတဲ့ ရထားလေးပါ၊ တောင်ရဲ့ ပိုမတ်တဲ့ ဒုတိယအဆင့်မှာတော့ ကေဘယ်လ်ကားနဲ့ ဆက်တက်ရတယ်...၊


Moléson (မိုလေဇွန်) က အဲ့လ်ပ်စ်တောင်တန်းကြီးရဲ့ မြောက်ဖက်အစွန် တစ်နေရာက တောင်ကြောတစ်ခုပါ၊ ၂၀၀၂ မီတာ မြင့်ပါတယ်၊ ရထားနဲ့ ကေဘယ်လ်ကားနဲ့ မတက်ချင်ဘဲ လမ်းလျှောက်တက်လာချင်လည်း ရပါတယ်၊ ၂ နာရီခွဲလောက် လျှောက်ရင် အခုနေရာကို ရောက်ပါတယ်၊


ဒါကတော့ တောင်ထိပ်မှာရှိတဲ့ ဟိုတယ်၊ စားသောက်ဆိုင်ပါ၊ ဟိုတယ်ဆိုပေမယ့် သီးသန့်ခန်းတွေ မရှိဘဲ စုပေါင်းအိပ်ခန်း dormitory တွေပဲ ရှိတယ်၊ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုကတော့ နက္ခတ်တာရာတွေ ကြည့်ဖို့ အခန်းလေး လုပ်ထားပေးတာပါပဲ၊ ခေါင်မိုးအနီနဲ့ အခန်းလေးမှာ ဘေးပတ်လည် ဖွင့်လို့ရတဲ့ မှန်ပြူတင်းပေါက်တွေနဲ့ တယ်လီစကုပ်တွေ ရှိပါတယ်၊ အဲဒီကနေ အရပ်ရှစ်မျက်နှာက ကောင်းကင်ကို ကြည့်ရုံပါပဲ၊ ကြယ်တွေကို ဓါတ်ပုံရိုက်ဖို့ တေးထားတဲ့ ကျနော့်အဖို့တော့ မှတ်သားထားရမယ့် နေရာ တစ်ခုပါ၊


တောင်အောက်မှာ ပူအိုက်နေပေမယ့် ဒီနေရာလေးမှာတော့ ချမ်းစိမ့်စိမ့်နဲ့...၊ လူတွေအများကြီး မတွေ့ရဘဲ လမ်းလျှောက်ရတာ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ရှိပါတယ်၊ အိမ်ကနေ အသင့်ယူလာတဲ့ အသားညှပ်ပေါင်မုန့်တွေကိုပဲ နေ့လယ်စာအဖြစ် စားခဲ့တယ်...၊


အချိုပွဲအနေနဲ့တော့ စားသောက်ဆိုင်ကနေ Meringue with double-cream မှာစားတယ်၊ ဒီဒေသက ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာရှိလှတဲ့ double-cream နာမည်ကြီးပါတယ်၊ Meringue ဆိုတာကတော့ ကြက်ဥအရည်ကြည် အဖြူရောင်ကို သကြားနဲ့ ခေါက်ထားတဲ့ ဟာပါ၊ ဆွစ်နဲ့ ပြင်သစ် အစားအစာတွေမှာ အချိုပွဲအနေနဲ့ မကြာခဏ တွေ့ရတတ်ပါတယ်၊ ဒီအချိုပွဲက သကြားတွေ၊ ခရင်မ်တွေနဲ့ ဆိုတော့ ခန္ဓာကိုယ်အလေးချိန် တိုးမှာ အရိပ်တကြည့်ကြည့်နဲ့ ရှိနေသူတွေ အဖို့တော့ အဆင်ပြေမယ် မထင်ဘူး၊ ကျနော်ကတော့ ခရင်မ်ပျစ်ပျစ်မှာ ပါတဲ့ ဝစေတဲ့ Shortening တွေကို အက်စ်ပရက်ဆို တစ်ခွက်နဲ့ မေ့ပစ်လိုက်တယ်...၊


ပြီးတော့လည်း အိပ်ပြန်ဖို့ပဲပေါ့၊ Funicular ရထားအလာကို စောင့်ရင်း စောစောက တက်ခဲ့တဲ့ တောင်ထိပ်ကို နှုတ်ဆက်လိုက်တယ်၊ ဒီနေရာက ဆောင်းတွင်းဆိုရင် နှင်းတွေအပြည့် ဖုံးတတ်တဲ့ နေရာပေါ့၊ အဲဒီအချိန် ဆိုရင်တော့ ရထားစီးစရာ မလိုဘဲ ပုံထဲမှာ မြင်ရတဲ့ chalet အိမ်လေး အရှေ့ကနေ ski နဲ့ တောင်အောက်ကို ပြန်ဆင်းသွားလို့ ရပါတယ်...။

အခုရက်တွေမှာတော့ ကျနော့်ရဲ့ ကောင်းကင်မှာ အစမှာ ပြောခဲ့တဲ့ စကားလုံးမိုင်းတွေက ထွက်လာတဲ့ မီးခိုးမြူတွေ တဖြည်းဖြည်းနဲ့ စဲသွားလို့ အရင်ကလိုပဲ စာတွေ၊ ဓါတ်ပုံတွေ ပုံမှန် ပြန်တင်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်၊ ကျနော် ငြိမ်သက်နေခိုက်မှာ တိတ်တိတ်လေး လာသွားသူတွေရော၊ ကျယ်ကျယ်လောင်လောင်နဲ့ စီဘောက်စ်ကနေ နှုတ်ဆက်သွားသူတွေရော... အားလုံးကို ကျေးဇူးတင်ပါတယ်...။


ညီလင်းသစ်
၂၅ ဇူလိုင်၊ ၂၀၁၃