05 November 2010

စပျစ်ခင်းများထဲမှာ...


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆောင်းရာသီအချိန်ပြန်ပြောင်းပါတယ်၊ နာရီတွေကို အရှေ့တစ်နာရီ တိုးပြီး ပြန်ရွှေ့ရပြန်တယ်၊ ဒါ မတိုင်ခင်က ညနေဖက်အလုပ်ပြန်လာရင် အလင်းရောင်လေး နဲနဲရှိနေသေးတော့ တရွေ့ရွေ့နဲ့ဝင်လာတဲ့ ဆောင်းဦးက သိပ်ပြီး ပီပီပြင်ပြင်မဟုတ်သေးဘူးလို့ ထင်ရတယ်၊ အချိန်ပြောင်းပြီး နောက်နေ့ တနင်္လာနေ့ ညနေမှာတော့ အလုပ်က ပြန်ချိန်မှာ သေသေချာချာကို မှောင်နေပါပြီ၊ ပြီးတော့ တနေ့လုံး ကြွေနေတဲ့ သစ်ရွက်တွေရယ်၊ တချက်တချက် သုတ်ကနဲ တိုက်တတ်တဲ့ မြောက်ပြန်လေရယ် ပေါင်းလိုက်တော့ ဆောင်းရဲ့ရှေ့ပြေးရာသီဟာ တစ္ဆေတစ်ကောင်အလား အနားမှာ ဘွားကနဲ...၊

မနှစ်က ဒီလိုအချိန် မတိုင်ခင်လေးမှာ ကျနော်တို့ အပျော်စီးရထားလေးတစ်စင်း သွားစီးဖြစ်တဲ့အကြောင်း သတိရမိတယ်၊ သားက ကလေးတို့ထုံးစံ ရထားစီးချင်တယ် ပူဆာတော့ အဲဒီရထားကို စီးဖို့ဖြစ်လာခဲ့တယ်၊ ကျနော်တို့ အိမ်ကနေ မိနစ် ၂၀ လောက်သွားရတဲ့ ရွာကလေးမှာ သွားစီးရပါတယ်၊ Lavaux Express လို့အမည်ပေးထားတဲ့ ရထားလေးက Lavaux ဆိုတဲ့ စပျစ်ခင်းတွေကြားမှာ သွားတဲ့ရထားပါ၊ ရထားဆိုပေမယ့် တကယ်တော့ နောက်တွဲနှစ်တွဲ တပ်ထားတဲ့ ကားငယ် လေးပါပဲ၊ ရထားပုံစံလေးချိုးထားပြီး အပျော်စီးဖို့ လုပ်ထားတဲ့ ယာဉ်ပါ၊ ဆွစ်ဇာလန်မှာ အဲဒီလို ရထားပုံစံလုပ်ထားတဲ့ ကားလေးတွေ မြို့တော်တော်များများမှာ ရှိပါတယ်၊ ဒါပေမယ့် ဒီတစ်စင်း ကတော့ စပျစ်ခင်းတွေကြားထဲကို သွားတဲ့ရထားမို့ နဲနဲစိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ပြီးတော့ အဲဒီ Lavaux ဒေသက စပျစ်ခင်းတွေက Unesco ရဲ့ world heritage စာရင်းမှာပါလို့ သေသေချာချာ ထိန်းသိမ်းထားတဲ့ စပျစ်ခင်းတွေပါ၊ ရှုမျှော်ခင်းကောင်းတာ၊ စက်ရုံအလုပ်ရုံတွေရဲ့ အဝေးမှာရှိတာ၊ စပျစ်ကိုစနစ်တကျစိုက်ပျိုးတာ အစ,ရှိတာတွေကြောင့် နာမည်ကြီးဒေသပါပဲ၊ စပျစ်ကောင်းတယ်ဆိုတော့ ဝိုင်လည်းကောင်းတာပဲပေါ့၊ ဒေသခံတွေကတော့ သူတို့ရဲ့ စပျစ်တွေ ဟာ သုံးနေရ (နေရောင်သုံးမျိုးရ) စပျစ်လို့ တင်စားပြောကြတယ်၊ ကောင်းကင်က နေရယ်၊ ရေကန်ထဲက အလင်းပြန် လာတဲ့နေရယ်၊ စပျစ်ခင်းတွေကို အနားသတ်ထားတဲ့ အုတ်ရိုးတွေက ပြန်ထွက်လာတဲ့နေ (အပူ)ရယ် မျှတလို့ စပျစ် လည်းကောင်း၊ ဝိုင်လည်းကောင်းလို့ ဂုဏ်ယူကြတယ်၊ ဟုတ်ပါတယ်...အဲဒီက ဝိုင်က တကယ်ကောင်းပါတယ်..။


Photobucket
ဟိုးအောက်ခြေ ရေကန်စပ်နားက ရွာလေးကနေ ထွက်လာပြီးတော့ နာရီဝက်လောက်မောင်းတက်လာတော့ စပျစ်ခင်း ထဲကို ရောက်ပါတယ်၊



Photobucket
ရထားမထွက်မီ... ...၊



Photobucket
တောင်ကုန်းမှာ စိုက်ထားလို့ စပျစ်ခူးချိန်ကျတော့ လက်နဲ့ပဲခူးကြတာ များပါတယ်၊ တောင်စောင်းတွေမှာ စက်သီးနဲ့ ပုံးတွေကို ချိတ်ပြီး ခူးထားတဲ့စပျစ်တွေကို သယ်ကြလေ့ရှိပါတယ်၊



Photobucket
ဝိုင်နီဖောက်မယ့် စပျစ်နီရော ... ...



Photobucket
ဝိုင်ဖြူလုပ်မယ့် စပျစ်ဖြူပါ စိုက်ကြတယ်၊ ဒီဒေသမှာ စပျစ်ကို စ,စိုက်ကတည်းက ဝိုင်အတွက် ရည်ရွယ်ပြီး စိုက်ပါတယ်၊



Photobucket
ဟိုးခပ်လှမ်းလှမ်း ရေကန်အစွန်းနားကတော့ ကျနော်တို့နေတဲ့ Lausanne မြို့ပါပဲ၊



Photobucket
ကမ်းစပ် ရွာလေးကို ပြန်မဆင်းမီ ... ...၊



ညီလင်းသစ်
၎ နိုဝင်ဘာ၊ ၂၀၁၀

17 October 2010

စပါဂက်တီများဖြင့် ရစ်နှောင်ခဲ့သော...


ကျနော် အင်မတန်လိုချင်ခဲ့တဲ့ lens တစ်ခုကိုဝယ်တော့မယ်လို့ ဆုံးဖြတ်ချက်ချတော့ မဝယ်ခင် နောက်ဆုံး အဆင့်အနေနဲ့ သေချာအောင် field test ဓါတ်ပုံအချို့ရိုက်ဖြစ်ပါတယ်၊ မြို့ထဲက ကင်မရာရောင်းတဲ့ဆိုင်ကို သွားပြီး အဲဒီလို lens မျိုးတစ်ခုငှား၊ ပြီးတော့ အိမ်းနားတဝိုက် အနီးအဝေး လျှောက်ရိုက်ကြည့်ပါတယ်၊ လူ၊ သစ်ပင်၊ ရေကန်၊ တိမ်၊ တောင်တန်း စသဖြင့် အမျိုးအစားစုံအောင် စမ်းကြည့်တယ်၊ ဝယ်ချင်တဲ့ မှန်ဘီလူး က pro lens ဖြစ်လို့ ဈေးတော်တော်ကြီးပါတယ်၊ ဒါပေမယ့် Lens ငှားခက တကယ် ဝယ်မယ့် lens ရဲ့ ၄% လောက်ပဲ ပေးရတာမို့ စမ်းကြည့်ရတာ တန်ပါတယ်၊ မဟုတ်ရင် ဝယ်ပြီးကာမှ တခုခုအဆင်မပြေဘူးဆိုရင် ဆုံးရှုံးမှုက တော်တော်ကြီးပါလိမ့်မယ်၊ ပြီးတော့ ကျနော့်ကိုယ် ကျနော်သိတယ်၊ အဲဒီလို အမှားမျိုးလုပ်မိရင် ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာတဲ့အထိ မပြေပျောက်နိုင်ဘဲ တနုံ့နုံ့နဲ့ ဖြစ်နေမှာပါ၊

အထူးသဖြင့် ဒီ lens ကိုဝယ်ဖို့အတွက် နေ့လည်စာကို အလုပ် ကင်န်တင်းမှာ မစားဘဲ အိမ်ပြန် စပါဂက်တီ စားပြီး ပိုက်ဆံစုခဲ့ရတာမို့ အတိမ်းအစောင်း မခံချင်ပါဘူး၊ အလုပ်နဲ့အိမ်က လမ်းလျှောက်ရင် ၅ မိနစ်ပဲ ကြာတဲ့ခရီးမို့ တော်သေးတယ်၊ အဲဒီရက်တွေမှာ routine က နေ့လည် ၁၂ နာရီဝန်းကျင် အိမ်ကို ပြန်၊ ရေနွေးတည်၊ ဆူရင် spaghetti ခေါက်ဆွဲချောင်းတွေထည့်၊ တပြိုင်နက်တည်း ခရမ်းချဉ်သီးဆော့စ်ကို တည်၊ စောင့်နေရင်း တီဗီသတင်း ခဏကြည့်၊ ခေါက်ဆွဲ နဲနဲပျော့တာနဲ့ စား၊ ပန်းကန်ဆေး၊ အလုပ်ကိုပြန်...၊ ဒါပါပဲ၊ နောက်ဆုံးတော့ ကျနော်အဲဒီလို လုပ်နေတာကို သိသွားတဲ့ မအိမ်သူနဲ့ ကျနော့်ညီမက နဲနဲသနား သွားတယ်ထင်ပါရဲ့၊ ကျနော့်ရဲ့မွေးနေ့လက်ဆောင်အဖြစ်ဆိုပြီး သူတို့လည်း တစိတ်တပိုင်း contribute လုပ်ပါတယ်၊ ဒါနဲ့ပဲ အဲဒီ lens က ကျနော့်လက်ထဲ ရောက်လာခဲ့တော့တယ်၊

ဒီပုံက အငှားမှန်ဘီလူးနဲ့ စမ်းရိုက်ကြည့်တာတွေထဲက တစ်ပုံပါ၊ အဲဒီနေ့ကလည်း ဖြစ်ချင်တော့ ရာသီဥတု ကကိုယ့်ဖက် သိပ်မပါပြန်ဘူး၊ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ၊ ငှားထားပြီးမှတော့ ရိုက်ရုံပဲရှိတော့တာပေါ့...။


Standing alone...
Photobucket
Canon EF 70-200mm f/2.8L IS USM, 73mm, f/10, 1/250, iso100, Ev-2

အဲဒီ lens အကြောင်း နဲနဲသိချင်ရင်တော့ ဒီမှာ ကြည့်လို့ရပါတယ်၊


ညီလင်းသစ်
၁၇ အောက်တိုဘာ၊ ၂၀၁၀

12 October 2010

မြင်းများ


Photobucket

မြင်းများ

ရွှေဘိုဇာတိ မဟုတ်သလို
မဒရပ်စ်မှာလည်း မကြီးပြင်းခဲ့ကြပါဘူး၊

အရှင်မွေး နေ့ချင်းကြီး
ဒီနေရာလေးမှာပဲ လူလားမြောက်
ပရေရီမြက်ခင်းတွေကို မသိ
မွန်ဂိုစတက်ပ်တွေကို မသိ
ဟောဒီ သဲထူထူနေရာလေးသာ ချည်တိုင်ပါ၊

ဘယ်သူ့အတွက်မှ
တလက်ကိုင် အဖြစ်မခံခဲ့ဘူး၊

ကုန်းနှီးမလို
ဇက်ကြိုးမလို
နှင်တံမလို
စီးချင်သပ ဆို
သောကကို ဘေးအသာချ
ကျောပေါ်တက်လိုက်ရုံပ...၊

အဲဒီကျောကုန်းတွေပေါ်မှာပေါ့
သားတွေက အဖေတွေဖြစ်သွားကြ
သမီးတွေက အမေတွေဖြစ်သွားကြ
လူကြီးတွေက ကလေးတွေပြန်ဖြစ်သွားကြနဲ့...၊

စိတ်ကူးလေးသာ ဇက်ဖွင့်လိုက်စမ်းပါ
တလုံးပြီး တလုံး လှိမ့်တက်လာမယ့်
ဖုန်လုံးကြီးတွေနဲ့အတူ
စကြာဝဠာ တံတိုင်းအထိ
ဒုန်းစိုင်းသွားမယ့် သူတွေပေါ့...။ ။


ညီလင်းသစ်
၁၂ အောက်တိုဘာ၊ ၂၀၁၀


သားကလေး သွား,သွားကစားလေ့ရှိတဲ့ ပန်းခြံထဲက သစ်သားမြင်းရုပ်တွေပါ၊ ရှေ့တိုးနောက်ဆုတ် လှုပ်ရှားနိုင် အောင် စီမံထားလို့ တခြား ဒန်းတို့၊ လျှောတို့နဲ့အတူ ကလေးတွေ ပျော်ပျော်ပါးပါး စီးလေ့ရှိပါတယ်၊ သားရဲ့ အိမ်မက်တွေကတော့  ဘယ်အထိ မြင်းစီးထွက်သလဲ ကျနော်မသိရပါဘူး၊ ကျနော့်အတွက်တော့  ကဆုန်စိုင်း သွားတဲ့ အဲဒီမြင်းတွေ တွန်းချ၊ တိုက်ချသွားလို့ ကြပ်ညပ်၊ ပိတ်ဆို့နေတဲ့ဦးနှောက်က  ကဗျာလေးတစ်ပုဒ် ထွက် ကျလာခဲ့တယ်။

06 October 2010

မိသားစုနဲ့ မနက်စာ


ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ စားသောက်၊ နေထိုင်နည်းတွေထဲမှာ မနက်စာ (breakfast) ကို အချိန်ပေးပြီး ကောင်းကောင်း စားတာလည်း တစ်ခုအပါအဝင်ပါ၊ ဒါပေမယ့် သိသာသိတယ်၊ မလိုက်လျှောက် နိုင်ပါဘူး၊ မြောက်များလှစွာသော မြို့ပြလူ တန်းစားများနည်းတူ ကျနော်တို့လည်း မိုးလင်းတာနဲ့ ကတိုက်ကရိုက် ပြေးရလွှားရတာပါပဲ၊ တကယ်ဆို အချိန်လေး ၁၅ မိနစ်လောက်စောထပြီး လုပ်မယ်ဆိုရင် ဖြစ်နိုင်ရဲ့သားနဲ့ လက်တွေ့မှာတော့ မနက်စာကို နေ့တိုင်း မစားဖြစ်ဘူး၊ ဒါတောင် အိမ်မှာကလေးတစ် ယောက်ရှိလာလို့ သူ့ကိုဂရုစိုက်ရင်း နဲနဲဝင်စားဖြစ်လာတာ...၊ အရင်ကဆို ပိုဆိုး....၊

ဒီတော့ ကျနော်တို့ သုံးယောက်စလုံး အတူတကွ မနက်စာ စားဖြစ်တာကတော့ စနေ၊ တနင်္ဂနွေမှာပါပဲ၊ အဲဒီ အခါမျိုးတွေမှာတော့ အများအားဖြင့် အေးအေးဆေးဆေး ရှိတတ်ပါတယ်၊ ဒီလိုအချိန်တွေမှာ ကျနော်တွေးမိ တတ်တာက ကျန်တဲ့နေ့တွေမှာလည်း အခုလောက် အေးအေးလူလူ မရှိရင်တောင် အထိုက်အလျောက် အချိန်ယူပြီး နေ့တစ်နေ့ကို အခုလို အစ,ပြုရရင် ကောင်းမှာပဲ-လို့၊ အင်း...ကြိုးစားဦးမှပါပဲ-ပေါ့လေ၊ ဒါပေမယ့် တနင်္လာနေ့လည်း ရောက်ရော ဒုံရင်းက ဒုံရင်းပါပဲ၊ သားကိုပဲ မဖြစ်မနေ စားခိုင်းပြီးတော့ ကျနော် တို့ကတော့ လောနေရတာပဲ၊ "To know and not to do is not yet to know" ဆိုတော့ တကယ်မသိ သေးဘူးလို့ပဲ ဆိုရမှာပေါ့...။ =)

မိသားစု
Photobucket


ကျနော် အခုကော်ဖီ ထည့်သောက်လေ့ရှိတဲ့ခွက်က အဲဒီခွက်အညိုလေး မဟုတ်တော့ပါဘူး၊ သူက ဒီမှာ ကွဲသွားခဲ့တာကိုး...။

ညီလင်းသစ်
၆ အောက်တိုဘာ၊ ၂၀၁၀

04 October 2010

သူ့အကြိုက် ကိုယ့်အကြိုက်


ဟိုတလောဆီက ဓါတ်ပုံပြိုင်ပွဲတစ်ခု ကျနော်ဝင်ပြိုင်ဖြစ်တယ်၊ ပြိုင်ပွဲဝင်ခေါင်းစဉ်က စိတ်ဝင်စားဖို့ကောင်း သလို ဖော်ပြရမယ့်အကြောင်းအရာကလည်း ကျနော့်ရဲ့အလုပ်နဲ့ တိုက်ရိုက်နီးပါးကို ဆက်စပ်နေတဲ့အတွက် ကြိုးစားကြည့်မယ်ဆိုပြီး ဝင်ပြိုင်ဖြစ်သွားတာပါပဲ၊ ခေါင်းစဉ်က "Sustainable Development" တဲ့၊ စကားလုံးအနေနဲ့ ကျစ်လစ် သလောက် တင်ပြမယ်ဆိုရင်တော့ အင်မတန်ကျယ်ဝန်းပါတယ်၊ ကျနော်တို့ နေ့စဉ်ဘဝမှာ ပြုမူနေကျ အမူ အကျင့်လေးတွေမှ စပြီး Energy saving field ထဲ မှာတီထွင် ထုတ်လုပ် သုတေသနလုပ်နေကြတဲ့ အလုပ် တွေအဆုံး အားလုံး အကြုံးဝင်ပါတယ်၊

သွားတိုက်နေတုန်းမှာ ရေဘုံဘိုင်ကို ပိတ်ထားတာ၊ ခဏတဖြုတ် လက်ဆေးဖို့အတွက် ရေနွေးဘုံဘိုင် မဖွင့် ဘဲ ရေအေးပဲဖွင့်တာ၊ အိမ်မှာ မလိုအပ်တဲ့ မီးတွေကို ပိတ်ထားတာ၊ အမှိုက်တွေကို တွေ့ကရာ မပစ်ဘဲ စနစ်တကျ ခွဲပြီး သူ့အစုနဲ့သူ စွန့်ပစ်တာ၊ စ,တဲ့အပြုအမူလေးတွေကလည်း sustainable development ပါပဲ၊ ယေဘုယျပြောရင်တော့ ကိုယ်ရဲ့နေထိုင်ပုံ၊ ကျင့်ကြံပြုမူပုံ တစုံတရာဟာ လက်ရှိကိုယ့်ပတ်ဝန်းကျင် ကိုရော နောင်လာမယ့်မျိုးဆက်အတွက်ရော မထိခိုက်၊ အကျိုးမဲ့ မဖြစ်အောင် ကြိုးစားတာဟာ sustainable development ပါပဲ၊ မြန်မာလိုတော့ ဘယ်လိုခေါ်ရမလဲ၊ တာရှည်ခံ ဖွံ့ဖြိုးမှု လို့ဆိုမလား၊ မြန်မာမှုပြုပြီးသား ရှိလား ကျနော်မသိပါဘူး၊

ဒီနေ့ကာလမှာ sustainable development, green energy, environmental protection စတဲ့အသံတွေ က တဖြေးဖြေးနဲ့ ပို,ပိုပြီး ကျယ်လောင်လာပါတယ်၊ နာတာရှည်လူမမာကြီးဖြစ်နေတဲ့ ကမ္ဘာကြီးကလည်း တရှောင်ရှောင်နဲ့ဆိုတော့ ပိုပြီးဆိုးမသွားအောင် တတ်နိုင်သလောက် ဝိုင်းဝန်းကယ်ဆယ်ဖို့ တိုက်တွန်းတဲ့ အသံတွေလည်း ပိုပြီးကြားလာရပါတယ်၊ ပြိုင်ပွဲကို ကျနော်အလုပ်လုပ်တဲ့ ကျောင်းမှာရှိတဲ့ ဓါတ်ပုံအသင်းက စီစဉ်ပြီးတော့ ဓါတ်ပုံ ၃ ပုံအထိ ပေးပို့နိုင်ပါတယ်၊ ကျနော် တတိယဆုပဲ ရပါတယ်၊ ဒါပေမယ့် သူတို့ ရွေးလိုက်တဲ့ပုံက ကျနော်သိပ်မမျှော်လင့်ထားတဲ့ပုံမို့ နဲနဲတော့အံ့သြသွားတယ်၊ ပုံက ရေဘုံဘိုင်ခေါင်းက ရေတစ်စက်ချင်း ကျနေတဲ့ပုံ နံပါတ် (၃)ပါ၊ အဲဒီပုံက ဒီပွဲအတွက် ရည်ရွယ်ပြီး ရိုက်ထားတဲ့ပုံလည်း မဟုတ် ပါဘူး၊ ကျနော်က အကယ်၍ဆုရမယ်ဆိုရင် ဒီပုံတော့ မဖြစ်နိုင်ဘူးလို့ တွေးထားတာကိုး၊ ပြိုင်ပွဲကို ပို့ခဲ့တဲ့ ၃ ပုံစလုံး ကို မူရင်း Title နဲ့အတူ ဖော်ပြလိုက်ပါတယ်၊ အကယ်၍ မိတ်ဆွေသာ အကဲဖြတ်ဒိုင်အဖွဲ့ထဲက တစ်ယောက် ဆိုရင် အဲဒီပုံကိုပဲ ရွေးမလား? တခြားပုံတစ်ခုကို ရွေးဖြစ်မလား?

(1) Our needs, without depriving someone else's
Photobucket
The persistent and non-biodegradable substances such as pesticides, pharmaceutical compounds, biocides, etc. are found more and more in the lakes. A balance between consumption and removal is part of sustainable development.
(Canon EOS 450d, EF 70-200mm f/2.8L IS, 70mm, f/11, 1/200, iso100, Exp -1)


(2) Water: A durably good and sufficient inheritance
Photobucket
Will we be able to leave behind for our children water of same quality and quantity as the one, left by our parents?
(EOS 450d, EF-S 18-55mm f/3.5-5.6 IS, 55mm, f/5.6, 1/200, iso100)


(3) Use but not waste
Photobucket
In the world, an every five person doesn't have drinking water, especially in rural area.
(Canon EOS 450d, EF-S 18-55mm f/3.5-5.6 IS, 55mm, f/5.6, 1/200, iso200, flash)


ညီလင်းသစ်
၎ အောက်တိုဘာ၊ ၂၀၁၀

29 September 2010

ဆန္ဒရှိသူများအကြောင်း


ကျနော်လက်ရှိနေ,နေတဲ့ ဆွစ်ဇာလန်နိုင်ငံ အကြောင်းတွေ ရေးဖို့ မိတ်ဆွေတစ်ယောက်က တိုက်တွန်းဖူးပါ တယ်၊ အဲဒီတုန်းကတော့ ကောင်းသားပဲဆိုပြီး တေးထားလိုက်မိတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ တကယ်တမ်း ရေးဖို့လည်းလုပ်ရော စိတ်မပါတော့ပြန်ဘူး၊ ဒီနိုင်ငံအကြောင်းကို စိတ်ဝင်စားတယ်ဆိုရင် ဝီကီတို့၊ ဂူးဂဲလ်တို့မှာ ကြိုက်သလောက် ရှာဖတ်လို့ရပါတယ်၊ ဖွဲ့စည်းပုံ၊ အစိုးရ၊ ပထဝီဝင်၊ သမိုင်း အားလုံးကို စိတ်ဝင်စားရာအလိုက် ဖတ်လို့ရတယ်၊ ကျနော်ဘယ်လောက်ရေးရေး အဲဒီဟာတွေလောက် မပြည့်စုံနိုင်ဘူးလို့ စဉ်းစားမိတာနဲ့ သွေး အေး သွားတယ်၊ ဒါပေမယ့် နိုင်ငံတွင်းမှာ နေသူတစ်ဦးရဲ့ နေ့စဉ်အဖြစ်အပျက်တွေ၊ အွန်လိုင်းမှာရှာလို့ လွယ် လွယ်နဲ့ မတွေ့နိုင်မယ့် အကြောင်းအရာတွေလည်း ရှိနိုင်တာပဲဆိုတာ ပြန်တွေးမိတာနဲ့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်၊ ရှင်းရှင်းလင်းလင်းဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားရေးပါ့မယ်၊

လူဦးရေ ၇ သန်းကျော်ကျော်လေးပဲ ရှိတဲ့ဒီကုန်းတွင်း နိုင်ငံလေးဟာ ဥရောပတိုက်ရဲ့ အလယ်မှာ တည်ရှိပေမယ့် EU အဖွဲ့ဝင်တော့ မဟုတ်ပါဘူး၊ တည်နေရာကို နဲနဲမေ့နေသူတွေအတွက် မျက်စိထဲမြင်အောင် ပြောရရင် အနောက်ဖက်မှာ ပြင်သစ်၊ မြောက်ဖက်မှာ ဂျာမနီ၊ အရှေ့ဖက်မှာ သြစတြီးယားနဲ့ တောင်ဖက်မှာ အီတလီနိုင်ငံ တို့ ရှိပါတယ်၊ အိမ်နီးချင်းက တကယ်တမ်း ၅ နိုင်ငံပါ၊ ဆွစ်နဲ့ သြစတြီးယား အကြားမှာ Liechtenstein (လိရှတင်းန်ရှတိုင်း) လို့ခေါ်တဲ့ နိုင်ငံသေးသေးလေး ရှိပါသေးတယ်၊ အဲ..နိုင်ငံဆိုတာထက် Principality လို့ခေါ် တဲ့အစောင့်အရှောက်ခံ နယ်မြေလေးပါ၊ ပြင်သစ်တောင်ပိုင်းက Monaco (မိုနာကို)လိုပါပဲ၊ ထားပါတော့…၊

ဆွစ်ဇာလန်နိုင်ငံမှာ တခြားနိုင်ငံတွေနဲ့ မတူဘဲ ထူးခြားတာလေးတွေ ရှိပါတယ်၊ ဥပမာ-ရုံးသုံးဘာသာစကား ၄ မျိုးရှိတာ၊ နိုင်ငံတော်သီချင်းကို စကား ၄ မျိုးနဲ့ထားတာ၊ နိုင်ငံရဲ့ တရားဝင်အမည်ကို ဒီစကား ၄ မျိုးစလုံး ဘက်မ လိုက်ဘဲ Confoederatio Helvetica (CH) လို့ လက်တင်လို ပေးထားတာ … အစ,ရှိသဖြင့်ပါ၊ နောက် တခြား ကွဲလွဲတာတွေဖြစ်တဲ့ တိုင်းပြည်မှာ သမ္မတ၊ ဝန်ကြီးချုပ် မရှိဘဲ Federal Advisor လို့ခေါ်တဲ့ အကြီးအကဲ ၇ ဦးက အုပ်ချုပ်တာ၊ အလံက တခြားနိုင်ငံတွေလို ထောင့်မှန်စတုဂံ မဟုတ်ဘဲ စတုရန်းဖြစ်နေတာ (ဆွစ်နဲ့ ဗာတီကန် အလံနှစ်ခုက စတုရန်း ဖြစ်ပြီးတော့ ကျန်တဲ့ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ အလံတွေဟာ ထောင့်မှန်စတုဂံဖြစ်ပါတယ်) စ,တာတွေ ရှိပါသေးတယ်၊ ဒါပေမယ့် ကျနော်အဓိက ပြောချင်တာက ဒီနိုင်ငံရဲ့ ဒီမိုကရေစီ အကြောင်းပါ၊

ဆွစ်ဇာလန်နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်က လူထုက ခန့်ခွဲတဲ့တိုက်ရိုက်ဒီမိုကရေစီ ဖြစ်ပါတယ်၊ အချုပ်အခြာအာဏာ သည် ပြည်သူလူထုထံမှ ဆင်းသက်သည် ဆိုတာကို လက်တွေ့မြင်ရတဲ့ နေရာဖြစ်ပါတယ်၊ အကြောင်းကတော့ တိုင်းပြည်ရဲ့ စည်းမျဉ်းဥပဒေတွေကို လူထုရဲ့ဆန္ဒခံယူပွဲတွေနဲ့ ဆုံးဖြတ်တတ်လို့ပါပဲ၊ ဟုတ်ပါတယ်၊ ဆွစ်ဇာလန် မှာ မဲခွဲဆုံးဖြတ်တယ်ဆိုတာ နေရာတိုင်းလိုလိုမှာ တွေ့ရတဲ့အလေ့ပါပဲ၊ ကျောင်းအစည်းအဝေး၊ ရုံးအစည်းအဝေး တွေမှာ လက်မြှောက်ပြီး မဲခွဲဆုံးဖြတ်တာမှအစ အမျိုးသားလွှတ်တော်၊ အထက်လွှတ်တော်တွေမှာ မဲပုံးနဲ့ဆန္ဒ ခံယူတာအဆုံး နေရာတိုင်းမှာ အများသဘောတူတာကို အတည်ပြုရွေးချယ်တဲ့ မူကိုကျင့်သုံးပါတယ်၊ နေ့စဉ်ဘဝ မှာ ဆန္ဒခံယူပွဲ မရှိဘူးပဲထားဦး၊ ဆွစ်နိုင်ငံသား တစ်ဦးဟာ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ်တော့ ဆန္ဒမဲ ပေးရပါ တယ်၊ နှစ်စဉ် နွေဦးပေါက်နဲ့ ဆောင်းဦးပေါက်မှာ မဲဆန္ဒ ခံယူပွဲတွေ ကျင်းပကြပါတယ်၊

ဒီမဲဆန္ဒခံယူပွဲတွေမှာ အဆင့် ၃ ဆင့်အတွက် မဲပေးကြရပါတယ်၊ ဖက်ဒရယ်အဆင့်၊ Canton (ပြည်နယ်) အဆင့် နဲ့ Commune (ရပ်ကွက်) အဆင့်ဖြစ်ပါတယ်၊ ဖက်ဒရယ်ဆိုတာကတော့ ရှင်းပါတယ်၊ ဒီအဆင့်မှာ ပေးကြတဲ့ မဲ တွေက တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စမျိုးတွေ ဖြစ်ပါတယ်၊ လွှတ်တော်နဲ့ အစိုးရကိုယ်တိုင်က တင်ပြလာတဲ့ အရေးကိစ္စမျိုးတွေ ဖြစ်ပါတယ်၊ Canton ကတော့ ပြည်နယ်အဆင့်ဖြစ်ပါတယ်၊ ဆွစ်ဇာလန်က ဖယ်ဒရယ် ပြည်ထောင်စုဖြစ်ပြီး ပြည်နယ် ၂၆ ခုနဲ့ ဖွဲ့စည်းထားလို့ ပြည်နယ်တွေကလည်း သူ့အုပ်ချုပ်ရေးနဲ့သူ ရှိကြပါတယ်၊ တိုင်းပြည်ကလေးကသာ မြန်မာပြည်ထက် ၁၅ ဆလောက်ငယ်တာ၊ သူ့မှာလည်း ပြည်နယ်တွေနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေနဲ့...၊ ဆန္ဒမဲပေးချိန် ရောက်တိုင်း ပြည်နယ်တိုင်းလိုလိုမှာ မဲခွဲဆုံးဖြတ်ရမယ့်ကိစ္စ တစ်ခုမဟုတ် တစ်ခု အမြဲပဲ ရှိနေတတ်ပါတယ်၊ နောက်ဆုံးအဆင့်ဖြစ်တဲ့ ကွန်မြူးန်မှာတော့ ရံဖန်ရံခါလောက်သာ မဲပေးရတတ် ပါတယ်၊ ရပ်ကွက်ရဲ့ သာရေးနာရေးနဲ့ဆိုင်တဲ့ ကိစ္စကြီးငယ်တွေကို ဒီမှာ ဆုံးဖြတ်ကြပါတယ်၊

မဲပေးရမယ့်ရက် မတိုင်မီ တစ်လလောက်အလိုမှာ ရေဒီယို၊ တီဗီနဲ့ သတင်းစာတွေကနေ နိုင်ငံအဆင့်နဲ့ ပြည်နယ် အဆင့်အတွက် ဘာတွေဆန္ဒမဲပေးဖို့ ရှိတယ်ဆိုတာကို စ,ပြီး ကြေညာပါတယ်၊ တပြိုင်တည်းလိုလိုမှာ လမ်းဆုံ၊ လမ်းခွတွေမှာ ပါတီတွေရဲ့ သဘောထားကို ဖော်ပြတဲ့ ပိုစတာ၊ ဆိုင်းဘုတ်တွေ ထောင်ကြတယ်၊ ဥပမာ-လွန်ခဲ့ တဲ့ သုံးလေးနှစ်လောက်က ဆွစ်ဇာလန်ကို ဥရောမသမဂ္ဂထဲဝင်ဖို့ အဆိုပြုကြတဲ့ကိစ္စမှာ လက်ယာပါတီကြီးတွေ က “အိမ်နီးချင်း ဥရောပနိုင်ငံတွေနဲ့ အပြန်အလှန် အမှီသဟဲပြုခြင်းဖြင့် အကျိုးများမယ်၊ vote YES”လို့ တိုတို တုတ်တုတ်နဲ့ ပါတီ့သဘောထား ကြေညာသလို လက်ဝဲပါတီတွေကလည်း “ပြင်ပက နိုင်ငံခြားသားတွေကြောင့် အလုပ်လက်မဲ့တွေ တိုးလာနိုင်တယ်၊ ငွေကြေးတန်းညှိရလို့ စီးပွားရေးမတည်ငြိမ်ဖြစ်မယ်၊ vote NO”လို့ သူတို့ရဲ့ ခံယူချက်ကို လမ်းကြောင်းပေးပါတယ်၊

သုံးပတ်လောက် အလိုမှာတော့ မဲပေးခွင့်ရှိတဲ့ လူတိုင်းဆီကို စာတိုက်ကနေ စာအိတ်တစ်အိတ် ရောက်လာပါ တယ်၊ အဲဒီထဲမှာ ဒီတစ်ခေါက်အတွက် ဆန္ဒမဲပေးရမှာက ဖက်ဒရယ်အဆင့်မှာ ဒါတွေဖြစ်ပြီး ပြည်နယ်အဆင့်မှာ တော့ ဒီအချက်တွေ ဖြစ်ပါတယ်လို့ ရှင်းပြထားတဲ့ စာရွက်လေးတစ်ရွက် ပါ,ပါတယ်၊ ရပ်ကွက်အတွက် ပေးရမယ် ဆိုရင်လည်း အဲဒီမှာပဲ တခါတည်း ရှင်းပြပါတယ်၊ အဲဒီစာရွက်နဲ့အတူ စာစောင်လေးတစ်စောင်လည်း ပါတယ်၊ အဲဒီထဲမှာတော့ ဘာ့ကြောင့်ဒီအချက်တွေကို မဲပေးဖို့ အာဏာပိုင်တွေက ဆုံးဖြတ်ရသလဲဆိုတာ ရှင်းပြထားပြီး တော့ YES လို့ပေးဖို့ တိုက်တွန်းတဲ့ပါတီတွေရဲ့ ဖြေရှင်းတင်ပြချက်ကို ဖော်ပြပါတယ်၊ တဆက်တည်းမှာပဲ NO လို့ တိုက်တွန်းတဲ့ ပါတီတွေရဲ့ အကြောင်းပြချက်ကိုလည်း ဖော်ပြပါတယ်၊ နောက်ဆုံးစာမျက်နှာမှာတော့ ပါတီ တွေနဲ့ သူတို့ရဲ့သဘောထားကို နံပါတ်စဉ်လိုက် ထပ်ပြီးဖော်ပြပါတယ်၊ ဒါတွေဖတ်ပြီးရင် မဲဆန္ဒရှင်က စာရွက်ပေါ် မှာ ရက်စ်, နိုး ရေးလိုက်ရုံပါပဲ၊ ဥပမာ-ဆွစ်ဇာလန်ကို ဥရောပသမဂ္ဂထဲဝင်ဖို့ အဆိုကို သင်လက်ခံပါသလား၊ ဤ ပြည်နယ်မှာ ဒုတိယ အဝေးပြေးလမ်း ထပ်ဖောက်ရန် သင်သဘောတူပါသလား၊ စ,တဲ့ မေးခွန်းတွေဘေးမှာ ပြင်သစ်လို OUI ဒါမှမဟုတ် NON ရေးဖို့ပါပဲ၊ အဲဒီစာရွက်ကို အသင့်ပါလာတဲ့ စာအိတ်ထဲကိုထည့်၊ အတူပါလာ တဲ့ မေးပေးခွင့်ကဒ်ပြားမှာ မွေးသက္ကရာဇ်ဖြည့်ပြီး စာတိုက်ကဖြစ်ဖြစ်၊ လူကိုယ်တိုင်ပဲဖြစ်ဖြစ် ရပ်ကွက်ရုံးကို သွားပေးလိုက်ရင် ဆန္ဒမဲပေးခြင်းအမှု ပြီးပါပြီ၊ မဲပုံးဖွင့်တဲ့နေ့မှာတော့ တီဗီနဲ့ ရေဒီယိုကနေ ရလဒ်ကို စဉ်ဆက်မ ပြတ် ကြေညာပေးပါတယ်၊

မဲပေးကြတဲ့ အကြောင်းအရာတွေကတော့ အစုံပါပဲ၊ ကျနော် မှတ်မိသလောက် ဖက်ဒရယ်အဆင့်မှာဆိုရင် ဗလီ တွေမှာ Minaret (မျှော်စင်ခေါ်မလား၊ ခေါင်းလောင်းစင်ခေါ်မလား) မဆောက်ဖို့ တားမြစ်တာ၊ ဆွစ်ဇာလန်က အီးယူထဲ မဝင်ပေမယ့် တိုးရစ်စ်ဗီဇာကိုတော့ Schengen ဗီဇာထဲဝင်ဖို့ အဆိုပြုတာ၊ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ တဲ့သူတွေကို ဆေး,မစစ်မနေရစနစ် ကျင့်သုံးဖို့ အဆိုပြုတာ စ,တဲ့ကိစ္စတွေပါ၊ ပြည်နယ်အဆင့်မှာတော့ စားသောက်ဆိုင်နဲ့ အများပြည်သူသုံး နေရာတွေမှာ ဆေးလိပ်သောက်ခွင့် တားမြစ်တဲ့ကိစ္စ၊ ဈေးတွေမှာ ဈေးခွန် ကို တိုးမြှင့်ကောက်ခံမယ့်ကိစ္စ၊ စည်ပင်သာယာရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့ကို ပေါင်းစည်းဖို့ကိစ္စ အစ,ရှိသဖြင့်ကိစ္စ တွေမှာ လူထုရဲ့ ဆန္ဒသဘောထားကို တောင်းခံ အတည်ပြုပါတယ်၊

ဆန္ဒမဲပေးတာနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ ကောင်းတာတချက်လည်း ရှိပါသေးတယ်၊ အဲဒါက Initiative နဲ့ Referendum ပါပဲ၊ လူတစ်ယောက်၊ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ကိစ္စတစ်ရပ်ကို အဆိုပြုချင်ရင် Initiative လုပ်ပြီး သဘောတူတဲ့လူတွေရဲ့လက်မှတ်တွေ ကောက်ခံခွင့် ရှိပါတယ်၊ ဈေးတွေ၊ အလုပ်တွေ နီးစပ်ရာ နီးစပ်ရာ အလိုက် အဆိုပြုမယ့်အရာကို ရှင်းပြပြီး လက်မှတ်ကောက်ခံတာ ဖြစ်ပါတယ်၊ အကြောင်းအရာပေါ် မူတည်လို့ ဘယ်နှစ်ရက်အတွင်းမှာ လက်မှတ်ဘယ်နှစ်ခုရ,ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်၊ စည်းမျည်းနဲ့ ကိုက် ညီတဲ့ အဆိုပြုလွှာတွေကို ပြည်နယ်အာဏာပိုင်တွေက လက်ခံဆုံးဖြတ်၊ လာမယ့် ဆန္ဒမဲပေးပွဲမှာ ထည့်သွင်းပြီး လူထုတရပ်လုံးရဲ့ သဘောထားကို မဲပေးဆုံးဖြတ်စေပါတယ်၊ အဲဒီမှာမှ အများစုက လက်ခံရင် မူလအဆိုပြုလွှာ ဟာ ဥပဒေကဲ့သို့ အာဏာတည်သွားပါတယ်၊ ပမာပြရ,ရင်... ကျနော်နေတဲ့ ပြည်နယ်မှာ အရင်တုန်းက စနေနေ့ ဆိုရင် ဈေးဆိုင်တွေက ညနေ ၅ နာရီမှာ ပိတ်ပါတယ်၊ ဒီအချိန် ဆိုင်တွေပိတ်တာဟာ လူအများစုအတွက်ဈေး ဝယ်ဖို့ တော်တော် ကသီလင်တ, နိုင်ပါတယ်၊ ဒါနဲ့ Initiative လုပ်ပြီး ဆိုင်တွေကို ညနေ ၆ နာရီမှပိတ်ဖို့ အဆိုပြု ပြီး မဲပေးကြတော့ အများစုက ဝမ်းမြောက်ဝမ်းသာ လက်ခံကြတယ်၊ ဒီလိုနဲ့ ဆိုင်တွေက တစ်နာရီတိုးပြီး ဖွင့်ကြရ တယ်၊ ဈေးဝယ်တွေက ကျေနပ်ကြပေမယ့် ဈေးသည်တွေကတော့ တစ်နာရီ ပိုအလုပ်,လုပ်ရလို့ သိပ်မကျေနပ် ကြဘူး၊ ဒါပေမယ့် ဒါဟာအများလက်ခံတဲ့ ဥပဒေမို့ စောဒကတက်ခွင့် မရှိပါဘူး၊

Referendum မှာတော့ mandatory နဲ့ optional ဆိုပြီး နှစ်မျိုးရှိပါတယ်၊ လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေ တရပ်,ရပ်ကို ပါတီတွေက သံသယရှိတဲ့အခါ သုံးကြပါတယ်၊ အဲဒီအခါ optional referendum ဆိုရင် ရက်ပေါင်း ၁၀၀ အတွင်းမှာ လက်မှတ် ၅၀,၀၀၀ ရအောင် ကောက်နိုင်ရင် အဲဒီဥပဒေကို အတည်ပြုဖို့ လူထုရဲ့ဆန္ဒနဲ့ မဲခွဲရ ပါတယ်၊ ဒီလိုမှမဟုတ်ဘဲ မလုပ်မနေရ mandatory ဆိုရင်တော့ တခါတည်း ဆန္ဒခံယူပွဲမှာ တင်လိုက်လေ့ ရှိပါ တယ်၊

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒီနှစ်အတွက် ဒုတိယအကြိမ် မဲပေးကြတဲ့ ရက်ဖြစ်ပါတယ်၊ စီးပွားပျက်ကပ်ကြောင့် အလုပ်လက်မဲ့ရုံးမှာ စာရင်းသွင်းသူတွေများလာတဲ့အတွက် ဒေါ်လာ သန်း ၇၀ ဘတ်ဂျက်လိုငွေပြနေတယ်၊ အဲဒါ ကို ပြန်ကာမိအောင် လူတိုင်းရဲ့လစာထဲကနေ လက်ရှိနှုတ်နေကျ ၂% အစား ၂.၂% ဖြတ်ဖို့ အဆိုပြု ပါတယ်၊ ဒါက ဖက်ဒရယ်အဆင့်မှာပါ၊ လူအများစုက ၅၀.၃% နဲ့လက်ခံလိုက်ကြပါတယ်၊ ကျနော်နေတဲ့ ပြည်နယ်အဆင့် မှာတော့ ရပ်ကွက်နှစ်ခုက ရုံးတစ်ခုတည်းပေါင်းဖြစ်သွားရင် ရပ်ကွက်ကောင်စီဝင်တွေအဖို့ တာဝန်တွေ လွှဲ ပြောင်းဖို့ နောက်ထပ် ၆ လ,ကို ရွေးကောက်ပွဲ ဖြတ်စရာမလိုဘဲ ဆက်လုပ်ခွင့်ပြုဖို့နဲ့ အိမ်ရှင်အိမ်ငှါးဆိုင်ရာ တရားရုံးကို အခမဲ့အစား အခကြေးငွေယူပြီး ဝန်ဆောင်မှုပေးဖို့ အကြောင်း ဆန္ဒမဲပေးကြပါတယ်၊ ပထမတစ်ခုကို လက်ခံကြပြီး ဒုတိယတစ်ခုကိုတော့ NO လို့ ဆုံးဖြတ်ကြတယ်၊ သဘာဝကျပါတယ်၊ အလကားရနေတာကို ဘယ်သူက ပိုက်ဆံပေးချင်မှာလဲ၊

ခေါင်းစဉ်မှာ ပါတဲ့အတိုင်းပါပဲ...၊ ဆန္ဒတွေကို ထုတ်ဖော်ပြသ,ခွင့် ရှိသူတွေအဖို့တော့ သေးငယ်တဲ့ အကြောင်း အရာလေးပဲ ဖြစ်စေဦးတော့၊ ကိုယ့်ရဲ့ဆန္ဒမဲနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိကြပါတယ်။ ။


ညီလင်းသစ်
၂၉ စက်တင်ဘာ၊ ၂၀၁၀

24 September 2010

သုံးနှစ်တာ (နောက်ဆက်တွဲ)


ဒီနှစ် သားရဲ့ သုံးနှစ်ပြည့် မွေးနေ့ကို ဘာမှ ထူးထူးထွေထွေ မလုပ်ပါဘူး၊ သား မွေးနေ့ကျတဲ့ ရက်သတ္တပတ် မှာလည်း ကျနော်က ပိုလန်ကို သင်တန်းတစ်ခု သွားတက်နေရတာမို့ မွေးနေ့ကို နှစ်ပတ်စောပြီး လုပ်ဖြစ် သွားတယ်၊ အဲဒီလို နှစ်ပတ်စောပြီး ရွေးလိုက်တဲ့ရက်က ဒီမှာ ခရီးသွားရာသီနဲ့ တိုက်ဆိုင်နေပြန်ရော၊ ဆိုတော့ ကျနော်တို့ မိတ်ဆွေတွေထဲက ဘယ်သူမှ မလာနိုင်ကြဘူး၊ ရှိတဲ့ မိသားစုနဲ့ပဲ နေ့လည်ခင်းတစ်ခုမှာ ဝိုင်းဖွဲ့စားသောက်တဲ့ ပုံစံမျိုးပါပဲ၊ နောက်နှစ်ဆိုရင်တော့ သူဖိတ်ချင်တဲ့ သူငယ်ချင်းတွေကို ဖိတ်ပေးမယ်လို့ ကျနော်တို့ စဉ်းစားထားပါတယ်၊ ဒီတစ်ခေါက် သူ့ရဲ့မွေးနေ့မှာ မြန်မာပြည်က အဖိုးအဖွားလည်း ပါဝင်ခွင့်ရ တာတော့ အမှတ်တရနဲ့ ဝမ်းသာစရာပါပဲ။


Photobucket




Photobucket
သားက ၅ လသား အရွယ်ကတည်းက နေ့ကလေးထိန်းကျောင်းကို သွားရတယ်၊ ဒီမှာက သူ့ကို နေ့ခင်းပိုင်း ထိန်းမယ့်သူ မရှိတာကြောင့် တစ်ပတ်ကို လေးရက် သွားခဲ့ရတယ်၊ ဒါက သူ့ရဲ့ ဒုတိယ ကျောင်းပေါ့၊ ဒီ နေ့ကလေးထိန်းကျောင်းက ကျနော်တို့ နှစ်ယောက်လုံး အလုပ်လုပ်တဲ့ အင်စတီကျုရဲ့ ဝန်ထမ်းသားသမီး တွေအတွက် ဖွင့်တဲ့ကျောင်းပါ၊ တခြားကလေး တွေရဲ့မွေးနေ့ပွဲတွေကို ပြန်,ပြန်ပြောပြတတ်တာနဲ့ ဒီတစ်ခါ သူ့အလှည့် ဖြစ်ပါစေဆိုပြီး ကျနော်တို့စီစဉ် ပေးလိုက်တဲ့ ပထမဆုံး ကျောင်းမွေးနေ့ပွဲလည်း ဖြစ်ပါတယ်။ ကျနော်တို့ နှစ်ယောက်လုံး မသွားနိုင်တာကြောင့် ဆရာမတွေကပဲ ဓါတ်ပုံရိုက်ပေးပါတယ်။


Photobucket
ကျောင်းက သူ့ကို အဲဒီ ဝံပုလွေပုံပြင်စာအုပ် လက်ဆောင်ပေးပါတယ်၊ သားက ဝံပုလွေတွေကို ကြောက်လည်း ကြောက်၊ ဝံပုလွေပါတဲ့ ပုံပြင်ဆိုရင်လည်း နားထောင်ချင်နဲ့...၊ သူလုပ်တဲ့ အပြစ်ဆိုလည်း ဝံပုလွေလုပ်တာလို့ ပြောတတ်တယ်၊ စားပွဲအောက်က ထမင်းလုံးတွေ ဘယ်သူလုပ်လို့ ကျနေတာလဲ၊ ဝံပုလွေလုပ်တာ...၊ သားရဲ့ ဒီကားဘီးလေးကို ဘယ်သူဖြုတ်ပစ်တာလဲ၊ ဝံပုလွေ ဖြုတ်တာ...၊ အစရှိသဖြင့်ပေါ့လေ၊ ဝံပုလွေကတော့ လူဆိုးကြီး လုံးလုံးကို ဖြစ်လို့... ...။


Photobucket




Photobucket
ဟိုတစ်နေ့က စိတ်ကူးရတာနဲ့ သားရဲ့ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲပုံကို ဒီလိုစုစည်းကြည့်တယ်..။



ညီလင်းသစ်
၂၄ စက်တင်ဘာ၊ ၂၀၁၀