23 September 2014

မြူခိုး၊ တိမ်ငွေ့၊ တောင်တန်းများနှင့်...


ပြီးခဲ့တဲ့ လတုန်းက နွေရာသီအားလပ်ရက်အနေနဲ့ ကျနော် ခွင့် ၂ ပတ်ယူဖြစ်ခဲ့တယ်၊ အဲဒီ ၂ ပတ်ထဲက ပထမအပတ်မှာ မိသားစုနဲ့အတူ တောင်ပေါ်က ရွာလေးတရွာကို သွားလည်ဖြစ်ပါတယ်၊ နာမည်က Nax လို့ခေါ်ပြီး လူဦးရေ တထောင်တောင်မှ မရှိတတ်တဲ့ Alps တောင်တန်းပေါ်က ရွာကလေးပါ၊ ပင်လယ်ရေမျက်နှာပြင် အမြင့် မီတာ ၁၂၈၆ မှာ တည်ရှိပြီးတော့ အိမ်ကနေ တနာရီခွဲလောက် ကားနဲ့သွားရတယ်၊ အဲဒီရွာမှာ တောင်ပေါ်အိမ် chalet လေးတလုံးကို တပတ်စာ ငှားထားပြီး အေးအေးလူလူ သွားနေဖြစ်ခဲ့တဲ့ ခရီးစဉ်လေးတခုအကြောင်း ကျနော် ပြောပြချင်ပါတယ်…၊


ဒီ chalet အိမ်ကလေးကို မနှစ်တုန်းက စ,ငှားဖြစ်ရင်း သဘောကျမိတာနဲ့ ဒီနှစ်မှာလည်း နောက်တခေါက် ထပ်ငှားဖြစ်သွားတယ်၊ ဆွစ်ဇာလန်ရဲ့ တောင်ပေါ်ရွာတွေမှာ လုံးချင်း chalet အိမ်ကလေးတွေ၊ ဒါမှမဟုတ် apartment တွေ ငှားလို့ရပါတယ်၊ အများအားဖြင့် စနေနေ့ကနေ နောက်တပတ် စနေအထိ တပတ်စာ ငှားကြပေမယ့် သောကြာနဲ့ တနင်္လာလို ရုံးပိတ်ရက်ကျတဲ့ long weekend တွေမှာလည်း ငှားလို့ရပါတယ်၊ ဒီအိမ်ကလေးမှာ အိမ်ခန်း ၃ ခန်းနဲ့အတူ ရေချိုးခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း၊ ဧည့်ခန်း စတာတွေပါ,ပါတယ်၊ သဘောကျစရာ ကောင်းတဲ့အချက်ကတော့ အိမ်ဘေးနားမှာ တခြားအိမ်တွေ နီးနီးကပ်ကပ် မရှိသလို အိမ်ရှေ့မှာ ညီညာပြန့်ပြူးတဲ့ မြက်ခင်းပြင်ကျယ်ကျယ်တခု ရှိတဲ့အချက်ပါ၊


Chalet အိမ်ကလေးကို လာဖို့အတွက် Nax ရွာထဲကို ဖြတ်ပြီး နည်းနည်းအမြင့်ကို ထပ်တက်ရပါတယ်၊ အိမ်က ရွာရဲ့ အပေါ်ဖက်မှာ ရှိတဲ့သဘောပေါ့၊ အဲဒီလို ၂ ကွေ့လောက် ထပ်မောင်းတက်ပြီးမှ ဟောဒီ လမ်းကလေးအတိုင်း ဝင်လာခဲ့ရင် အဆုံးလောက်မှာ ရောက်ပါပြီ…၊


တောင်ပေါ်ရွာဖြစ်တဲ့ အတိုင်း မြူခိုးတွေ၊ တိမ်စိုင်တိမ်ခဲတွေက မထင်ရင်မထင်သလို ရောက်ရောက်လာတတ်ပါတယ်၊ ကိုချောပြောတဲ့ “တိမ်တွေနဲ့ တောင်တန်းတွေရဲ့ လင်ခန်းမယားခန်း အနေအထိုင်တွေ” ကို မကြာခဏ တွေ့ရတတ်တဲ့ နေရာပေါ့၊ တောင်ပေါ်ဒေသတွေမှာ ရာသီဥတုက ဘယ်တော့မှ အစိုးမရတတ်ပါဘူး၊ အိမ်ကထွက်လာတုန်းက မြေပြန့်မှာ နေတွေပူနေပေမယ့် တောင်ပေါ်မှာ မိုးတွေရွာ၊ မြူတွေပိတ်ချင်လည်း ပိတ်နေတတ်တယ်၊ ဒါပေမဲ့ ကျနော်တို့နေခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ အလွန်အမင်း အေးနေတာမျိုး ကံကောင်းစွာနဲ့ မကြုံခဲ့ရဘူး…၊ အိမ်ရှေ့ကနေ ကြည့်လိုက်ရင် အောက်ဖက် ခပ်လှမ်းလှမ်းမှာ Nax ရွာကလေးရှိမယ်၊ သူ့ရဲ့ အရှေ့ဖက်မှာတော့ တိမ်တွေက ထွေးပွေ့ထားတဲ့ မြေပြန့်ကိုဆင်းရာ တောင်ကြားချိုင့်ဝှမ်း…၊


မိုးကလေး တဖွဲနှစ်ဖွဲကျတဲ့ ရက်တွေမှာ cheese fondue လုပ်စားဖြစ်တယ်၊ သူက ရိုးရိုးရှင်းရှင်း ရှိလှသလို ခပ်အေးအေးရှိတဲ့ ရာသီဥတုနဲ့လည်း လိုက်ဖက်ပါတယ်၊ ပေါင်မုန့်ခြမ်းတွေ ထည့်ဖို့ သစ်သားဇလုံကလေးရယ်၊ အရည်ပျော်နေတဲ့ ဒိန်ခဲကိုထည့်ဖို့ သံ ဒါမှမဟုတ် မြေနဲ့လုပ်တဲ့ အိုးရယ်၊ ဒိန်ခဲတွေ ပြန်မခဲအောင် မီးအပူပေးထားမယ့် မီးဖိုကလေးရယ်ရှိရင် ရပါပြီ၊ ပေါင်မုန့်ကို တဖဲ့,ဖဲ့ပြီး ခက်ရင်းရှည်ထိပ်မှာ တပ်၊ စားပွဲအလယ်က ဒိန်ခဲအိုးထဲကို နှစ်ပြီးမွှေ၊ ပြီးတော့ ပန်းကန်ထဲမှာ အသင့်ဖြူးထားတဲ့ ငရုတ်ကောင်းမှုန့်နဲ့ တို့ပြီး စားရုံပါပဲ၊ ထုံးတမ်းစဉ်လာအနေနဲ့ ပြောရရင် အဲဒီလို ပေါင်မုန့်ကို ဒိန်ခဲအိုးထဲ ထည့်မွှေနေတုန်း ပေါင်မုန့်က မတော်တဆ အိုးထဲမှာ ပြုတ်ကျသွားခဲ့ရင် အဲဒီပေါင်မုန့်ပိုင်ရှင်က စားပွဲမှာထိုင်နေတဲ့ ကျန်တဲ့သူတွေ ခိုင်းတာကို လုပ်ပေးရပါတယ်၊ ဥပမာ-ကဗျာတပုဒ် ရွတ်ခိုင်းတာမျိုး၊ သီချင်းကလေး တပိုင်းလောက် ဆိုခိုင်းတာမျိုး၊ ပေါင်မုန့်တွေ ထပ်လှီးခိုင်းတာမျိုး စသဖြင့်ပေါ့…၊ အထူးသဖြင့် လူငယ်တွေက ဒီအစဉ်အလာကို လုပ်ကြတာများတယ်၊ စားရင်းသောက်ရင်း ပျော်ပျော်ရွှင်ရွှင် ရှိစေလိုတဲ့ သဘောဖြစ်မှာပါ၊ ကျနော့်ရဲ့ သားကတော့ အဲဒီဓလေ့ကို သိသွားတဲ့နေ့ကစပြီး fondue စားတိုင်း အဲဒီလို အခိုင်းခံချင်လို့ သူ့ ပေါင်မုန့်ကို ခက်ရင်းထိပ်မှာ လျော့တိလျော့ရဲ့ တပ်ပြီး မပြုတ်၊ ပြုတ်အောင် လုပ်လေ့ရှိတယ်၊ ပေါင်မုန့်က ပြုတ်ကျသွားရင် ဟာ.. ကျသွားပြီဆိုပြီး သူ့ကိုဘာများ ခိုင်းမလဲလို့ စားပွဲက လူတွေရဲ့ မျက်နှာကို မျှော်လင့်တကြီးနဲ့ လိုက်ကြည့်တတ်တယ်၊ ဒါတင်မကသေးဘူး၊ သူများတွေရဲ့ ပေါင်မုန့်ကိုလည်း ပြုတ်ကျအောင် မွှေနေချိန်မှာ သူ့ခက်ရင်းနဲ့ လိုက်လိုက်ဖိတယ်၊ fondue စားရင်းနဲ့ သူက ကစားဖို့ပဲ ကြံစည်နေတာ…၊ နောက်တခုက fondue စားရင်း တွဲသောက်ဖို့က အများအားဖြင့် ဝိုင်ဖြူကိုပဲ သုံးရပါတယ်၊ ဝိုင်နီတို့ ဝိုင်ပန်းရောင်တို့ မသောက်ကြပါဘူး၊ ဝိုင်မသောက်တဲ့သူတွေကတော့ ရေနွေးကြမ်းဖြစ်ဖြစ်၊ လက်ဖက်ရည်ဖြစ်ဖြစ် သောက်ကြတယ်၊ စားပြီးရင်လည်း ရေအေး မသောက်သင့်ပါဘူး၊ ဗိုက်ထဲမှာ ပူပူနွေးနွေးရှိနေတဲ့ ဒိန်ခဲက ရေအေးနဲ့ထိတဲ့အခါ မာသွားပြီး အစာမကြေတာ၊ ဗိုက်အောင့်တာ ဖြစ်မှာစိုးလို့ပါ…၊


ကျနော့်ရဲ့ ဖုန်းအော်ပရေတာက တောင်ပေါ် တချို့နေရာတွေမှာ လိုင်းပျောက်တတ်ပါတယ်၊ ဒါပေမယ့် Nax ရွာမှာတော့ ထူးထူးခြားခြား လိုင်းမိနေတယ်၊ ဒါနဲ့ပဲ အင်တာနက်သုံးဖို့ အဆင်ပြေသွားတယ်၊ မြို့ပြလူသားပီပီ တပတ်လုံးလုံး အင်တာနက်မသုံးရဘူး ဆိုရင်လည်း မဖြစ်သေးပြန်ဘူး မဟုတ်လား၊ ဖုန်းကို ကွန်ပျူတာမှာချိတ်ပြီး အင်တာနက်သုံးကြည့်တာ ဒါ ပထမဆုံးအကြိမ် ပါပဲ၊ ဒါနဲ့ စကားမစပ် ဘေးနားက ပုလင်းက သစ်တော်သီးကနေ ထုတ်ထားတဲ့ digestive spirit ပါ၊ တောင်ပေါ်ဒေသတွေမှာတော့ အစာကြေဆေးအနေနဲ့ မှီဝဲကြသလို ချမ်းအေးတဲ့ ရာသီဥတုကို အံတုဖို့ အရည်ဖျော်ထားတဲ့ အနွေးထည်တမျိုးဆိုလည်း မမှားပါဘူး…၊း)


တယ်လီဖုန်းနဲ့ချိတ်ပြီး အင်တာနက်သုံးလို့ရတယ်ဆိုတာကို လှမ်းမြင်သွားတဲ့ ကျနော့်ရဲ့ မြန်မာစာကျောင်းသားလေးကလည်း ချက်ချင်းလိုလို အနားရောက်လာပြီး လတ်တလောသူကြည့်နေတဲ့ Marsupilami ကာတွန်းဇတ်လမ်းလေးတွေ ကြည့်ဖို့ နားပူးနားဆာလုပ်တော့တာပဲ၊ ယူကျုမှာ မိနစ် ၂၀ စာ ဇတ်လမ်းလေးတွေရှိတော့ သူ့အတွက်လည်း အဆင်ပြေပါတယ်၊ အဆင်မပြေတာက ကျနော့်ရဲ့ ဖုန်းဘက်ထရီ…၊ အဖေနဲ့သား အကြားမှာ အနိစ္စသဘောကို သူ ကောင်းကောင်းသဘောပေါက်သွားရတယ်…၊


အဲဒီ တပတ်တာကာလမှာ သားကို မိုနိုပိုလီ ကစားနည်း ကျနော်တို့ သင်ပေးဖြစ်လိုက်တယ်၊ သူက ပိုက်ဆံစက္ကူတွေမြင်တော့ စိတ်ဝင်စားနေတာနဲ့ ရှင်းပြရင်း၊ ရှင်းပြရင်းနဲ့ ကစားနည်းတခုလုံးကို သင်ပေးသလို ဖြစ်သွားရော…၊ အဲဒီအချိန်ကစပြီး မိုနိုပိုလီ ကစားမယ်ချည်းလုပ်နေလို့ ဒီတပတ်တော့ အေးအေးဆေးဆေး စာဖတ်မယ်ဆိုတဲ့ ကျနော့်ရဲ့ အကြံအစည်တွေလည်း မိုနိုပိုလီရဲ့ အရင်းရှင်စနစ်က ဝါးမြိုတာ ခံလိုက်ရတယ်၊ ကျနော်တို့ငယ်ငယ်က ကစားခဲ့တဲ့ မိုနိုပိုလီကိုလည်း ပြန်သတိရမိတယ်၊ မြို့နာမည်တွေက ရန်ကုန်၊ မန္တလေးစတဲ့ မြန်မာနာမည်တွေနဲ့…၊ အခုခေတ် မြန်မာပြည်က ကလေးတွေကော မိုနိုပိုလီဆိုတာ သိကြပါအုံးတော့မလားလို့လည်း တွေးနေမိခဲ့တယ်၊


မိုးလေကင်းစင်တဲ့ အချိန်တွေမှာတော့ ရွာရဲ့ အထက်ပိုင်းက တောင်ပေါ်မှာ လမ်းလျှောက်ဖြစ်ပါတယ်၊ သဘာဝစိမ့်စမ်းရေ ထွက်တဲ့နေရာကနေ တောင်ခြေရွာလေးတွေအထိ တောင်ကျချောင်းရေကို မြောင်းဖောက်၊ သွယ်ယူထားတဲ့ မြောင်းကလေးတွေ ရှိပါတယ်၊ စိုက်ခင်းတွေမှာ သုံးဖို့သွယ်ယူထားတာပါ၊ ထင်းရှူးတောထဲက အဲဒီလို ရေသွယ်မြောင်းလေးတွေတလျှောက်မှာ ကျနော်တို့ လမ်းလျှောက်ကြ ပါတယ်၊ တပေ၊ တပေခွဲသာသာလောက်ပဲ အကျယ်ရှိတဲ့ မြောင်းကလေးတွေက ဘာမှ လှလှပပ မဟုတ်ပေမယ့် သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကျောက်တုံး၊ ပျဉ်ပြားတွေသုံးပြီး သွယ်တန်းထားတာက ကီလိုမီတာပေါင်းများစွာ ရှည်လျားပါတယ်၊ တသွင်သွင်စီးနေတဲ့ တောင်ကျရေသံကို နားထောင်ရင်း၊ ထင်းရှူးရနံ့ကို ရှူရှိုက်ရင်း၊ စိတ်အေးလက်အေး လမ်းလျှောက်ရတာ စိတ်ချမ်းမြေ့စရာ ကောင်းပါတယ်၊


အဲဒီနေ့မှာ ကျနော်တို့နဲ့ အတူပါလာတဲ့ သူငယ်ချင်းတယောက်က မှိုနဲ့ပတ်သက်ရင် အတော်လေး ကျွမ်းကျင်ပါတယ်၊ သူက ဒီလိုအချိန်ဆို မှိုတွေပေါက်နေတတ်ပြီ ဖြစ်ကြောင်း၊ ဟောဒီလို ဟောဒီလို နေရာတွေမှာ ရှိတတ်ကြောင်း၊ ဘယ်မှိုက ဘာအမျိုးအစားဖြစ်ကြောင်း စတာတွေရှင်းပြတာနဲ့ ကျနော်တို့လည်း သူ့အားကိုးနဲ့ မှိုတွေလိုက်နှုတ်ဖြစ် ကြတယ်၊ ကျနော့်ဟာနဲ့ကျနော်ဆို ဘာမှိုမှ ဟုတ်တိပတ်တိ မသိတာနဲ့ ဒီလိုပဲ ကျော်သွားဖြစ်မှာ သေချာတယ်၊ သိတယ်မဟုတ်လား… မြို့ကြီးသားလေ…၊း) အဲဒီနေ့က တကယ်လည်း မှိုတွေအများကြီး တွေ့ပါတယ်၊ အဲ… မှိုတွေ နှုတ်နေရင်း ကိုယ့်ကိုယ်ကို selfie ရိုက်ဖို့မေ့သွားလို့ “မှိုရတဲ့မျက်နှာ” ဆိုတာ ဘယ်လိုမှန်းတော့ မသိလိုက်ရဘူး…၊းD


မှိုနဲ့ပတ်သက်ရင် နကန်းတလုံးမှ မသိဘူးဆိုပေမဲ့ ဟောဒီလို အရောင်တောက်တောက် မှိုတွေဟာ အဆိပ်ရှိတယ် ဆိုတာလောက်တော့ ကျနော်သိပါသေးတယ်၊ ဟင်းချက်စားဖို့ အသုံးမဝင်ပေမယ့် တစိုတပြေနဲ့ လှနေတဲ့မှိုမို့လို့ ဓာတ်ပုံလေးတပုံ ရိုက်ဖြစ်ခဲ့တာ…၊


Chalet ပြန်ရောက်တော့ အဲဒီ မှိုအိတ်စပတ် သူငယ်ချင်းကပဲ နှုတ်လာတဲ့ မှိုတွေကိုတပွင့်ချင်းစီ သေသေချာချာ ရေဆေး၊ အခြောက်ခံရေစစ်၊ ဖြတ်တောက်ပြီး ကြော်ပေးပါတယ်၊ တောထဲက နှုတ်လာတဲ့မှိုကို ရေဆေးသန့်စင်ရတာ အတော်လက်ဝင်မှန်း၊ အတော် နူးညံ့စိတ်ရှည်ရမှန်း အဲဒီတော့မှ သိတော့တယ်…၊


အဲဒီနေ့က ကျနော့်ရဲ့ ညနေစာ…၊ မှိုကြော်၊ ဇုကီနီကြော်၊ အသားကင်၊ အာလူးဟင်း…၊ ကိုယ်ကိုယ်တိုင် နှုတ်လာတဲ့မှိုကို ကြော်စားရတာ လတ်လတ်ဆတ်ဆတ်နဲ့ အတော့်ကို အရသာရှိပါတယ်၊ မှိုဆိုရင် ဈေးဆိုင်ကြီးတွေကပဲ ဝယ်စားဖူးတဲ့ မြို့ကြီးသားတယောက်ဟာ မှိုနှုတ်တာကနေ ပန်းကန်ထဲရောက်တဲ့အထိ ဖြစ်စဉ်တခုလုံးကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လိုက်ရလို့ ကျေနပ်တဲ့စိတ်တွေနဲ့ အဲဒီညနေက ဗိုက်လေးသွားခဲ့တယ်…၊


ဟိုးခပ်လှမ်းလှမ်း တဖက်တောင်ကြောက မီးပွင့်လေးတွေ တပွင့်ချင်း၊ တပွင့်ချင်း လင်း,လင်းလာတာကို ထိုင်ကြည့်ရင်း နေဝင်ရီတရော ညနေခင်းတခုမှာ သူငယ်ချင်းတွေကို ကျနော်သတိရ နေခဲ့တယ်၊ Alps တောင်တန်းပေါ်က အိမ်ကလေးတလုံး အရှေ့ မှာပေါ့…။ ။


ညီလင်းသစ်
၂၃ စက်တင်ဘာ၊ ၂၀၁၄

08 September 2014

မြန်မာစကားသည် တို့စကား


သားကလေး ဒီနှစ်ပထမတန်း စ,တက်လို့ သုံးရက်မြောက်နေ့ အိမ်ကိုပြန်လာတော့ သူ့ရဲ့အာဂျင်ဒါထဲမှာ အတန်းပိုင်ဆရာမရဲ့ မှတ်ချက်လေးတခု ပါလာခဲ့တယ်၊ ဒီ အာဂျင်ဒါက ကျောင်းမှာ ကလေးတွေဘာသင်ရလဲ၊ ဘာတွေ အိမ်စာပေးလိုက်သလဲ၊ စတာတွေကို ဖော်ပြဖို့အပြင် မိဘနဲ့ဆရာ ဆက်သွယ်ဖို့အတွက် ရေးစရာရှိရင် ရေးဖို့လည်း ဖြစ်ပါတယ်၊ အဲဒီမှာ ပါလာတဲ့မှတ်ချက်လေးက Bonjour (ဘွန်ရှူး) ကို မြန်မာလို ဘယ်လိုရေးသလဲဆိုတာ ကျေးဇူးပြု၍ ရေးပေးပါ-တဲ့၊ ဒါနဲ့ အဲဒီမှတ်ချက်လေးရဲ့ အောက်မှာပဲ Bonjour ကို မြန်မာလို “မင်္ဂလာပါ” လို့ ရေးပါတယ် ဆိုပြီး မြန်မာစာလုံး မင်္ဂလာပါ ကို ရေးလိုက်တဲ့အပြင် သီးသန့် A4 စာရွက်တရွက်မှာလည်း စာရွက်အပြည့်နီးပါး မင်္ဂလာပါ-လို့ စာလုံးအကြီးကြီး ကျနော် ရေးပေးလိုက်တယ်၊ ဒါ့အပြင် အဲဒီစာလုံးတွေကို ဘယ်လိုရေးတယ်ဆိုတာကို မြှားလေးတွေနဲ့လည်း ပြပေးထားလိုက်တယ်၊ ဥပမာ-“မ” ကို တဆက်ထဲ ဆွဲတာ မဟုတ်ဘဲ ဘယ်ဖက်က အောက်ဖက်အလယ်ထိ တခါဆွဲ၊ ညာဖက်ကနေ အောက်ဖက်ကိုဆွဲပြီးမှ အလယ်က အဆံသတ်ရပြီး ရေးရတယ် ဆိုတာကိုပေါ့၊ နောက်ရက်တွေ သားကို ကျောင်းလိုက်ပို့တော့ အဲဒီအတန်းပိုင်ဆရာမက ကျနော့်ကိုလာနှုတ်ဆက်ပြီး “မင်္ဂလာပါ” စာလုံးကို သေသေချာချာ ရေးပေးတဲ့အပြင် ရေးနည်းပါ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း တခုတ်တရ လာပြောတယ်၊ A4 စာရွက်နဲ့ ကျနော် ရေးပေးလိုက်တဲ့ “မင်္ဂလာပါ” ကိုလည်း ပလပ်စတစ်လောင်းပြီး စာသင်ခန်းနံရံမှာ ကပ်ထားပါတယ်-တဲ့…၊

တကယ်တော့ အခုလိုမျိုး ရေးပေးရတာ သား ပထမတန်း ရောက်မှ မဟုတ်ပါဘူး၊ သူ မူကြိုတက်ကတည်းက ဆရာမတယောက်က ရေးပေးပါဆိုလို့ ကျနော် ရေးပေးခဲ့ဖူးတယ်၊ အဲဒါကိုလည်း အခန်းထဲမှာ ကပ်ထားတာ တွေ့ခဲ့ရတယ်၊ ဒီ ဆရာမတွေရဲ့ ရည်ရွယ်ချက်က အတန်းထဲက တခြားဘာသာစကား ပြောတဲ့ကလေးတိုင်းကို အဲဒီသက်ဆိုင်ရာ ဘာသာစကားရဲ့ နှုတ်ခွန်းဆက် စကားလေးကို ရေးခိုင်းပြီး မတူကွဲပြားတဲ့ အသံထွက်တွေ၊ ရေးပုံရေးနည်းတွေကို ကလေးတို့ကို ရှင်းပြ၊ နားလည်စေဖို့ ဖြစ်ပါတယ်၊ ကျနော်သိသလောက် သားရဲ့ အတန်းထဲမှာ ပြင်သစ်စကားအပြင် အင်္ဂလိပ်စကားပြော၊ အီတာလျံ စကားပြော၊ ဂျာမန်စကားပြော၊ ရုရှားစကားပြော၊ စပိန်စကားပြောတဲ့ ကလေးတွေ ရှိပါတယ်၊ ဒီကလေးတွေကို ပြင်သစ်စာ သင်ပေးတဲ့အခါ ကမ္ဘာပေါ်မှာ ပြင်သစ်စာအပြင် ဟောဒီလို တခြားစကားတွေလည်း ပြောကြ၊ ရေးကြတယ်ဆိုတာ သိစေဖို့ ဖြစ်ပါတယ်၊ ဒီလိုနည်းအားဖြင့် ကလေးတွေဟာ ကွဲပြားမှုတွေ အတူယှဉ်တွဲ ရှိနေတဲ့အကြောင်း အခုအရွယ်ကတည်းက နားလည်စေမှာဖြစ်သလို အခြား ဘာသာစကားတွေကိုလည်း လေးစား၊ တန်ဖိုးထားတတ်စေဖို့ ပါပဲ…၊

ဒီအဖြစ်အပျက်လေးကို တွေးနေရင်းနဲ့ ဟိုတလောဆီက မမေ (မေဓာဝီ)နဲ့ အွန်လိုင်းမှာ အမှတ်မထင် စကားပြောဖြစ်တုန်း သူပြောသွားတဲ့ စကားတွေက ခေါင်းထဲရောက်လာတယ်၊ သူ့ကျောင်းက ကလေးတွေထဲမှာ မြန်မာစကားကို မပြောတတ်တဲ့ မြန်မာကလေးတွေ အများကြီးပဲ ဆိုတဲ့အကြောင်း၊ ကလေးတွေရဲ့ မိဘတွေကိုယ်တိုင်က အဖေမြန်မာ၊ အမေမြန်မာ၊ မွေးကတည်းက အခုချိန်ထိ နေလာတာကလည်း မြန်မာပြည်မှာ၊ နိုင်ငံခြားလည်း အလည်အပတ်သဘောမျိုးတောင် မသွားခဲ့ပါဘဲနဲ့ မြန်မာစကားကို နားမလည်တဲ့အကြောင်း၊ အိမ်မှာလည်း အင်္ဂလိပ်လိုပဲ ပြောကြတဲ့အကြောင်း၊ အဲဒီကလေးတွေကို မြန်မာစာသင်တဲ့အခါ အင်္ဂလိပ်စကားကိုသုံးပြီး ရှင်းပြရတဲ့အကြောင်း စတာတွေ ပြောပြတယ်၊ ကျနော့်မှာ ကိုယ့်နားကို ကိုယ်မယုံနိုင်အောင် ပါပဲ၊ အခုခေတ်မှာ ကိုယ့်နာမည်ကိုတောင် ကိုယ် မြန်မာလို မရေးတတ်တော့တဲ့ မြန်မာလူမျိုး ကလေးငယ်တွေ များလာနေပြီ ဆိုတဲ့အကြောင်း မြန်မာပြည်က သူငယ်ချင်းတချို့ကလည်း ပြောဖူးတယ်၊ ဒါ့အပြင် စင်္ကာပူမှာနေပြီး မြန်မာစကား မပြောတတ်တော့တဲ့ မြန်မာကလေးငယ်တွေအကြောင်း ညီမလေးဇွန် (ဇွန်မိုးစက်) ရေးဖူးတဲ့ ပို့စ်တပုဒ်မှာလည်း ဖတ်ခဲ့ရဖူးတယ်၊

အဲဒီလို အဖြစ်တွေကြားရတဲ့အခါ ကျနော် အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်…၊ ကာလံဒေသံအရ အခုခေတ်မှာ အင်္ဂလိပ်စကား၊ တရုတ်စကား၊ တခြားဘာသာစကား တွေကို သင်ရမယ်ဆိုတာ ကျနော်တို့ ငြင်းလို့မရတဲ့ အမှန်တရားပါ၊ နိုင်ငံရပ်ခြားမှာ နေတဲ့ ကလေးတွေအဖို့ သက်ဆိုင်ရာနိုင်ငံအလိုက် ဘာသာစကား အမျိုးမျိုးကို ကျောင်းမှာ၊ ပတ်ဝန်းကျင်မှာ ပြောနေ၊ ကြားနေရသလို မြန်မာပြည်မှာ နေ,နေတဲ့ ကလေးတချို့ကလည်း အင်တာနေရှင်နယ်ကျောင်း၊ ပုဂ္ဂလိကကျောင်း အမျိုးမျိုးမှာတက်ပြီး ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်နေ၊ ပြောနေရတယ်၊ ဒါဟာ ခေတ်ရဲ့ လိုအပ်ချက်အလျောက်၊ နိုင်ငံတွေရဲ့ နယ်နိမိတ်မျဉ်းတွေ မှိန်လာတဲ့အလျောက်၊ ကမ္ဘာ့ ပထဝီနိုင်ငံရေးအရွေ့တွေ အလှမ်းကျယ်လာတဲ့အလျောက် ဖြစ်လာတဲ့ ကိစ္စပါ၊ အင်္ဂလိပ်စကားပဲသင်သင်၊ ပြင်သစ်စကားပဲသင်သင်၊ တရုတ်စကားပဲသင်သင်… ဘာသာစကားဆိုတာ များများပြောတတ်လေလေ၊ ကိုယ့်အတွက် အကျိုးရှိလေလေပါပဲ၊ သိပ်ကောင်းပါတယ်၊ ဒါပေမယ့် အဲဒီဘာသာစကားတွေက ကိုယ့်ရဲ့ မိခင်ဘာသာစကားအပေါ် လွှမ်းမိုး၊ အစားထိုးလာမယ်ဆိုရင် ကျနော်တို့အားလုံး ခဏလောက်ရပ်တန့်ပြီး ဆန်းစစ်ဖို့ လိုပါလိမ့်မယ်၊ ကိုယ့်ရဲ့ သား ဒါမှမဟုတ် သမီးက အိမ်မှာလည်း ကိုယ့်ကို အင်္ဂလိပ်စကား ဒါမှမဟုတ် တခြားဘာသာစကားနဲ့ ပြန်ပြောတာတွေ များလာပြီဆိုရင်တော့ ကျနော်တို့ တဦးချင်းစီရဲ့ ယဉ်ကျေးမှုဆိုင်ရာ သတိပေးခေါင်းလောင်းသံဟာ ကျယ်ကျယ်လောင်လောင် မြည်နေပြီပဲ ဖြစ်ပါတယ်၊ ဒီခေါင်းလောင်းသံကို အကြားသင့်ဆုံး၊ နားစိုက်ထောင်ဖို့ တာဝန်အရှိဆုံး လူတွေကတော့ မိဘတွေပါပဲ…၊

ကျနော့်ရဲ့ သားကလေး လူ့လောကကို ရောက်လာတော့မယ်လို့ သိလိုက်ရတဲ့ အချိန်ကစလို့ တကယ်တမ်းမွေးလာတဲ့ အချိန်အထိ ဒီကလေးကို ဘယ်ဘာသာစကားနဲ့ ပြောရမလဲလို့ တခါမှယောင်လို့ ကျနော် မတွေးမိခဲ့ဘူး၊ မြန်မာလူမျိုး အဖေတယောက်ရဲ့ နှုတ်က သူ့သားအတွက် ထွက်လာမယ့်စကားဟာ မြန်မာစကားပဲ ဖြစ်ရမယ်ဆိုတာ ကျနော့်အတွက်တော့ နှစ်ခါပြန် စဉ်းစားစရာတောင် မလိုတဲ့ သေချာမှုပါပဲ၊ တကယ်တမ်းမှာလည်း သားကလေးမွေးလို့ တရက်သားအရွယ်ကတည်းက အခု ၇ နှစ်အရွယ်အထိ တလျှောက်လုံး မြန်မာလိုပဲ ကျနော်ပြောခဲ့တယ်၊ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ်၊ ဘယ်သူတွေ အရှေ့မှာပဲ ဖြစ်ဖြစ် သားကို ကျနော် မြန်မာလိုပဲ ပြောတယ်၊ ကျနော့်အဖို့ မိတ်ဆွေတွေနဲ့ ပြင်သစ်လို ပြောချင်ပြောနေမယ်၊ အင်္ဂလိပ်လို ပြောချင်ပြောနေမယ်၊ အဲဒီလို ပြောနေရင်းက သားကို စကားလှည့်ပြောပြီ ဆိုတာနဲ့ ကျနော့်နှုတ်ကနေ အလိုအလျောက် ပြောင်းပြီး ထွက်လာတာက မြန်မာစကားပဲ၊ ဒီအတွက် တကူးတက အားထုတ်စရာ မလိုပါဘူး၊ သားကလေး ခပ်ငယ်ငယ် အစောပိုင်းရက်တွေတုန်းကတော့ ကျနော် တခုစဉ်းစားထားခဲ့တယ်၊ အကယ်၍ လူတွေကြားထဲမှာ သူတို့နားမလည်တဲ့ မြန်မာစကားကို ကျနော်ကသားနဲ့ ပြောနေလို့ မယဉ်ကျေးတဲ့အသွင် ဆောင်နေမယ်ဆိုရင်လည်း အဲဒီအတွက် တောင်းပန်ပြီး ဆက်တော့ ပြောရမှာပဲ-လို့…၊ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိ အဲဒီလိုမျိုး တခါမှ တောင်းပန်စရာ မလိုခဲ့ပါဘူး၊ ကျနော်ကသားကို မြန်မာလို ပြောလိုက်တာနဲ့ ပတ်ဝန်းကျင်ကလူတွေက မသိမသာတမျိုး၊ သိသိသာသာတဖုံ ကြည့်လေ့ရှိကြတယ်၊ ရင်းနှီးတဲ့လူတချို့က အဲဒါ ဘာစကားလဲ-လို့ လာမေးတတ်ကြတယ်၊ အဲဒီလို အမေးခံရတိုင်း “မြန်မာစကား” လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကျနော် အမြဲပြန်ဖြေ ခဲ့တယ်၊ အဲဒီလိုအချိန်တိုင်းမှာ သားကိုကြည့်တဲ့ အဲဒီလူတွေရဲ့ အကြည့်တွေထဲမှာ အားကျတဲ့အရိပ်တွေ အမြဲတွေ့ရတတ်ပါတယ်၊ တချို့ကတော့ နှုတ်ကနေကို ဖွင့်ပြောကြတယ်၊ “ခင်ဗျားရဲ့ သားလေး ကံကောင်းလိုက်တာ၊ အခုလိုငယ်ငယ်ကတည်းက ဘာမှအားထုတ်စရာ မလိုဘဲ ဘာသာစကားတခုကို ပြောခွင့်ရနေတာ…” တဲ့…၊

တကယ်တမ်းပြောရရင် သားနဲ့ မြန်မာလိုပြောရတာ အမြဲတမ်းတော့ မလွယ်ကူပါဘူး၊ သူ့ပတ်ဝန်းကျင်မှာ မြန်မာစကားပြောသူဟာ ကျနော်တယောက်ထဲ ဖြစ်နေတဲ့အခါ ကျနော့်ဖက်က တခါတလေမှာ လိုအပ်တာထက်ပိုပြီး အားစိုက်ခဲ့ရတယ်၊ သူကြားနေကျ ပြင်သစ်စကားသံတွေထက် မကျော်ရင်တောင် အနည်းဆုံး မလျော့အောင်တော့ ကျနော် ကြိုးစားခဲ့တယ်၊ အားလုံးသိကြတဲ့အတိုင်း ကလေးဆိုတာမျိုးက သူ့အနီးမှာ လူနှစ်ယောက် အချီအချ ပြောနေတဲ့ စကားသံတွေကို နားထောင်ပြီး စကားလုံးအသစ်တွေ အများကြီးကို သင်ယူကြလေ့ ရှိပါတယ်၊ သူ့ကို တိုက်ရိုက်စကား ပြောတဲ့အခါ အဲဒီစကားထဲကနေ စကားလုံးအသစ် တလုံးကို မှတ်မိမယ်ဆိုရင် သူ့ကို တိုက်ရိုက်မပြောဘဲ အခြားလူနှစ်ယောက် ပြောနေသံကို နားစွင့်ရင်းနဲ့ စကားလုံးအသစ် သုံးလုံးကို ပိုပြီးမှတ်မိပါတယ်၊ ဒါပေမယ့် အဲဒီလို ပတ်ဝန်းကျင်မျိုးကို သားအတွက် ကျနော် မဖန်တီးပေးနိုင်ဘူး၊ တနိုင်ငံလုံးပေါင်းမှ မြန်မာဦးရေ စုစုပေါင်း တရာတောင်မရှိတဲ့ နိုင်ငံငယ်လေးတခုမှာ နေထိုင်ရတဲ့အတွက် မြန်မာစကားသံတွေ ဝေဝေစည်စည် ကြားခွင့်ဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ၊ ဆိုတော့ မြန်မာစကားကို ကျနော့်သား များနိုင်သမျှ များများကြားရအောင် ကျနော်ကပဲ ပြောရတော့တယ်၊ အဲဒီလို ပြောတဲ့အခါ တခါတလေ မလိုအပ်တဲ့ အခြေအနေတွေမှာတောင် ပြောခဲ့ရတယ်၊ ဥပမာ-သူကြည့်နေတဲ့ ကာတွန်းဇတ်ကားလေးထဲမှာ ပြောလိုက်တဲ့ ပြင်သစ်စကားတခွန်းကို သူလည်း ကောင်းကောင်းနားလည်ပါလျက် ကျနော်က စကားပြန်ပုံစံနဲ့ မြန်မာလို ထပ်ပြောတာမျိုး၊ သူ့အမေက ပြင်သစ်လို ပြောလိုက်တဲ့ စကားတခွန်းကိုပဲ ကျနော်က မြန်မာလိုပြန်ပြီး ထပ်ပြောတာမျိုးပေါ့၊ အဲဒီလို ပြောခြင်းအားဖြင့် ဝေါဟာရအသစ်တွေ သူ ဖလှယ်ယူနိုင်ဖို့ ကျနော် မျှော်လင့်ခဲ့တယ်၊

တခါတော့ သားအသက် ၄ နှစ်ကျော်ကျော်လောက်မှာ ကျနော့်ကိုမေးတယ်၊ “ဖေဖေက တခြားလူအားလုံးကို ပြင်သစ်လို ပြောပေမယ့် သားကိုကျတော့ ဘာဖြစ်လို့ အမြဲတမ်းမြန်မာလို ပြောတာလဲ”တဲ့၊ သူဆိုလိုတာက သူလည်းပြင်သစ်လို ပြောနေပြီ၊ ကျနော်ကလည်း ပြောတတ်ရဲ့သားနဲ့ ဘာဖြစ်လို့ ခက်အောင် မြန်မာလိုပြောနေတာလဲ-ပေါ့၊ အဲဒီအသက်အရွယ်မှာ သားက ကျနော်ပြောတဲ့ မြန်မာစကားတချို့ကို ပြင်သစ်လို ပြန်,ပြန်ဖြေဖို့ ကြိုးစားလာတဲ့ ကာလလည်း ဖြစ်ပါတယ်၊ ကျနော်သူ့ကို ဖြေးဖြေးချင်းပဲ ပြန်ဖြေလိုက်တယ်၊ “သားသားရဲ့ အဖေက မြန်မာ…၊ ဖေဖေ့ကို မြန်မာပြည်ဆိုတဲ့ ဟိုးအဝေးကြီးက နိုင်ငံမှာ မွေးခဲ့တာ၊ အဲဒီနိုင်ငံက အခု သားနေ,နေတဲ့ ဒီနိုင်ငံလိုပဲ သာယာတဲ့ တောတောင်တွေရှိတယ်၊ ဒါပေမယ့် လူတွေနေပုံက ဒီနိုင်ငံကနဲ့ မတူဘူး၊ အဝတ်အစားတွေ မတူဘူး၊ ပြောတဲ့စကားတွေ မတူဘူး၊ အဲဒီလိုမတူတဲ့ မြန်မာစကားကို ပြောချင်လို့ ဖေဖေ့ကို သင်ပေးဖို့လာပြောတဲ့လူတွေ ရှိတယ်၊ သူတို့က ပိုက်ဆံတောင် ပေးအုံးမှာ…၊ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေက ဒီနိုင်ငံက စကားလည်း နားလည်တယ်၊ ဟိုနိုင်ငံက စကားလည်း နားလည်တဲ့ အတွက်ပဲ၊ အခု သားသားက မြန်မာစကားပြောဖို့ ဖေဖေ့ကို ပိုက်ဆံတပြားမှ ပေးစရာမလိုဘူး၊ ဖေဖေပြောသမျှကို စာအုပ်တွေနဲ့လည်း လိုက်မှတ်စရာမလိုဘူး၊ အခုလို ကစားရင်း၊ စားရင်း၊ အတူနေရင်း ပြောနေတာနဲ့ကို သားသားက ပြောတတ်သွားမှာ၊ မြန်မာအဖေကမွေးတဲ့ သားလည်း ဖေဖေ့လိုပဲ မြန်မာစကားကို ပြောတတ်အောင်လို့ သားကို အမြဲတမ်းမြန်မာလို ပြောတာ”…၊ ကျနော် အဲဒီလိုပြောလိုက်တော့ သူများက ခဲရာခဲဆစ်လုပ်နေရတာကို သူက လွယ်လွယ်နဲ့ရတယ်လို့ တွေးမိသွားလို့ လားတော့ မသိဘူး၊ နည်းနည်းတော့ ကျေနပ်သွားပုံပဲ၊ နောက်လည်း အဲဒီလိုမေးခွန်းမျိုး မမေးတော့ဘူး၊

မြန်မာစကားနဲ့ ပတ်သက်လာရင် သားက ဒီဘာသာစကားပေါ်မှာ အထင်သေးစိတ်ဖြစ်မသွားအောင် ကျနော် အမြဲပဲ သတိထားခဲ့တယ်၊ သူနဲ့ မြန်မာလိုပြောနေရင်းနဲ့ တခြား အင်္ဂလိပ်စကားတွေ၊ ပြင်သစ် စကားတွေ ညှပ်ပြီးမပြောမိအောင် အထူးသတိထားရတယ်၊ သူ့အမြင်မှာ မြန်မာစကားဟာ ဝေါဟာရဆင်းရဲတယ်လို့ မထင်ရလေအောင် သူရှေ့မှာ စကားလုံးတိုင်းကို မြန်မာလိုပြောနိုင်အောင် ကျနော်ကြိုးစားပါတယ်၊ အဲဒီလို အကြိုးစားလွန်လို့ တီဗီကို ရုပ်မြင်သံကြားလို့ ခပ်တောင့်တောင့်ကြီး ပြောမိတာမျိုး၊ ဗီဒီယိုဂိမ်းကို ဗီဒီယိုကစားစက်လို့ အတင်းဖြစ်ညှစ် ဘာသာပြန်တာမျိုးတွေ ဖြစ်လာမှ ကိုယ့်ဟာကိုယ် ပြန်ဘရိတ်အုပ်ရတယ်၊ တကယ်တော့ အဲဒီလောက်ကြီး တင်းတင်းကျပ်ကျပ် လုပ်နေတာထက်စာရင် လူတကာပြောတဲ့ပုံစံ၊ အရှိကို အရှိအတိုင်း ပြောတဲ့ပုံစံကပဲ ပိုကောင်းမယ်ဆိုပြီး ပြန်လျှော့ရပါတယ်၊ ဒီလိုနဲ့ ပထမဦးဆုံးအကြိမ် သားကို မြန်မာပြည်ခေါ်သွားတော့ တခြားကလေးတွေနဲ့ မြန်မာလို ပြောနိုင်တာ၊ သူ့ပတ်ဝန်းကျင်ကလူတွေ ပြောသမျှ သူနားလည်နေတာ၊ သူ့ အဖိုးအဖွားတွေနဲ့ ပြောနိုင်တာတွေကို သဘောတွေကျပြီး သူ ပျော်နေခဲ့တယ်၊ ဒီနိုင်ငံကို အခုမှ ရောက်ဖူးတာ ဖြစ်ပေမယ့် ဒီကလူတွေနဲ့ သူ အပြန်အလှန် ပြောနိုင်တာကို ဂုဏ်ယူနေပုံရတဲ့ သားကိုကြည့်ပြီး ကျနော်မေးလိုက်တယ်၊ “သားသား မွေးကတည်းက အခုအချိန်ထိ ဖေဖေ ဘာဖြစ်လို့ မြန်မာလိုပဲ ပြောခဲ့တာလဲဆိုတာ သားအခု သိပြီလား”လို့…၊ သားက “ဟုတ်ကဲ့…” ဆိုပြီး ကျေကျေနပ်နပ် ပြန်ဖြေတယ်၊

တကယ်တော့ ကျနော်ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ မြန်မာပြည်က ရွယ်တူကလေးတွေလောက်တော့ သားက သွက်သွက်လက်လက် မပြောနိုင်ပါဘူး၊ ပြီးတော့ ကလေးချင်းပြောတဲ့ မင်းနဲ့ငါနဲ့ အသုံးအနှုန်းမျိုးတွေ ကိုလည်း သူ မကျွမ်းကျင်ဘူး၊ သူရဲ့ အဓိက မြန်မာစကားပြောဖက်က အဖေဖြစ်နေလို့ သူ့ရဲ့ ဝေါဟာရက တချို့နေရာတွေမှာ အကန့်အသတ် ရှိပါတယ်၊ ဒါပေမယ့် ဒါဟာ စိတ်ပျက်စရာတော့ မဟုတ်ပါဘူး၊ နောက်ပိုင်း သူ့ကို စာပါသင်တဲ့အခါ မြန်မာ့လူနေမှုဘဝကို တွဲသင်ရင်းနဲ့ စကားလုံးအသစ်တွေ ထပ်တိုးအောင် လုပ်ယူလို့ရပါတယ်၊ အဓိက,က ဇွဲရှိဖို့နဲ့ စိတ်ရှည်ဖို့ပဲ လိုတာပါ၊ အထူးသဖြင့် သားရဲ့ မြန်မာစကားသင်ကြားမှုမှာ ကျနော်ဟာ နောက်ဆုံးခံတပ် ဖြစ်တဲ့အတွက် ဘယ်တော့မှ အလံကျမသွားစေဖို့က ကျနော့်အတွက် အရေးအကြီးဆုံးပါပဲ၊

အလျင်အမြန်ကို ရွေ့လျားပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ ကူးလူးဆက်သွယ်မှုတွေကလည်း တနှစ်ထက်တနှစ် ပိုပိုများလာတယ်၊ အဲဒီအခါ ဘာသာစကားတွေလည်း အချင်းချင်း ပွတ်တိုက်မိကုန်ကြတာ သဘာဝကျသလို နိုင်ငံတကာသုံး ဘာသာစကားတွေကို မသင်လို့ မရတော့တဲ့ ခေတ်ကိုလည်း ကျနော်တို့ တဖြေးဖြေးနဲ့ ဝင်ရောက်လာနေရတယ်၊ အဲဒီအခါ ဘာသာစကားတခု တည်တံ့ဖို့ဆိုတာ နောင်လာမယ့် မျိုးဆက်တွေက အဲဒီဘာသာစကားအပေါ် ဘယ်လောက်အလေးထား ထိန်းသိမ်းမလဲဆိုတဲ့အပေါ် မူတည်မှာပါပဲ၊ ဒီနေ့လိုခေတ်ကာလမှာ မိဘတွေက ကိုယ့်ရဲ့သားသမီးကို မြန်မာစကားကို ချစ်တတ်လာအောင် ဘယ်လိုသင်ပေးမလဲ ဆိုတာက တကယ့်ကိုစိန်ခေါ်မှု တရပ်ပါ၊ မြန်မာပြည်က ကျနော့်သူငယ်ချင်းတယောက်ကတော့ သူ့ကလေးအတွက် အိမ်မှာ မြန်မာစာဆရာ သီးသန့်ခေါ်သင်ပေးနေတာ တွေ့ရတယ်၊ သူ့သားလေးတက်တဲ့ အင်ဒိုနီးရှားကျောင်းမှာ မြန်မာစာ သင်မပေးတဲ့အခါ သူ့နည်းသူ့ဟန်နဲ့ အဲဒီကွက်လပ်ကို ဖြည့်တဲ့သဘောပါပဲ၊ ဒီစကားကို မပြောတတ်လည်း ဘာအရေးလဲ၊ မြန်မာစာမတတ်ဘဲ မြန်မာပြည်မှာလာနေ၊ မြန်မာတွေနဲ့ အလုပ်,လုပ်ပြီး အောင်မြင်နေတဲ့ နိုင်ငံခြားသားတွေမှ အများကြီးလို့ တချို့က ပြောကောင်းပြောချင်မှာပါ၊ မှန်ပါတယ်…၊ မြန်မာစကား မပြောတတ်ပေမယ့်လည်း ဘဝမှာ ကျရှုံးမှာမဟုတ်ပါဘူး၊ လူ့ဘဝမှာ အောင်မြင်ဖို့၊ ကြီးပွားချမ်းသာဖို့၊ မြန်မာပြည်မှာ နေနိုင်ဖို့ မြန်မာစကား ပြောတတ်စရာ မလိုပါဘူး၊ ဒါဖြင့်ရင် ဘာဖြစ်လို့ မြန်မာစကား ပြောသင့်တာလဲ? ရှည်လျားတဲ့ သမိုင်းကြောင်းရှိသလို ဝေါဟာရကြွယ်တဲ့၊ သီးခြားဖြစ်တည်မှု ဝိသေသ လက္ခဏာရှိတဲ့ မြန်မာစကားလို ဘာသာစကားတခုကို ပြောနိုင်တာဟာ ဘိုးဘွားတွေ လက်ဆင့်ကမ်းထားခဲ့တဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကို ထိန်းသိမ်းရာရောက်လို့ကို မြန်မာမှန်ရင် မြန်မာစကားကို ပြောတတ်သင့်ပါတယ်၊ အမွေအနှစ်ကို ထိန်းသိမ်းတယ်ဆိုတာ လူ့တန်ဖိုး၊ လူ့သမိုင်းကြောင်းကို နားလည်တဲ့ လူယဉ်ကျေးတို့ရဲ့ လူသားတာဝန်ပါ၊ လူတိုင်းကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် သွားကြမှာပါပဲ၊ ပြေးရင်းလွှားရင်းနဲ့ အလွယ်တကူ သင်ယူတတ်မြောက်နိုင်တဲ့ ကျနော်တို့ရဲ့ ကလေးတွေကို မြန်မာစကား အမွေအနှစ်တရပ် ပေးနိုင်ဖို့ ကြိုးစားတာ၊ သူတို့လေးတွေ အဲဒီစကားအပေါ် ချစ်ခင်တန်ဖိုးထားတတ်လာစေဖို့ ကြိုးစားတာဟာ ယဉ်ကျေးမှုကို အခြေခံတဲ့၊ ပြည့်စုံကြွယ်ဝတဲ့ နှလုံးသားတစုံ ထုဆစ်ပေးလိုက်တဲ့ လုပ်ရပ်လို့ပဲ ကျနော်နားလည် ယုံကြည်မိပါတယ်…။ ။


ညီလင်းသစ်
၈ စက်တင်ဘာ၊ ၂၀၁၄

01 September 2014

ကောင်းကင်ထဲက ခရီးသွားများ...


ပြီးခဲ့တဲ့ တရက်တုန်းက ကောင်းကင်ထဲက ခရီးသွားတသိုက်နဲ့ အမှတ်မထင် ဆုံမိပါတယ်၊ ကျနော်ကလည်း ကိုယ့်ကိစ္စနဲ့ကိုယ်၊ သူတို့ကလည်း သူတို့အကြောင်းနဲ့သူတို့… ရှိနေကြတုန်း ရေကန်ကြီးရဲ့ အချိုးအကွေ့ တခုမှာ ပြက်ပြက်ထင်ထင်ကို ဆုံခဲ့ကြတာ…၊ ကိုချောပြောခဲ့တဲ့ တိမ်တွေနဲ့ တောင်တန်းတွေရဲ့ လင်ခန်းမယားခန်း အနေအထိုင်ကို တွေ့တဲ့အခါ ကျနော့်လက်တွေက ကင်မရာပေါ်ကို အလိုလို ရောက်သွားကြတယ်၊ ကျနော်နေထိုင်ရဲ့ အရပ်မှာ အခုလို တိမ်တွေစုဖွဲ့မှုမျိုးကို မကြာခဏ မြင်ရတတ်ပါတယ်၊ ဒါပေမယ့် တိမ်စုတိမ်ခဲတွေ အလုံးအခဲလိုက် ဖြစ်နေချိန်ရယ်၊ နေရောင်ခြည်တန်းတို့ ဖြာကျချိန်ရယ်၊ ကျနော့်လက်ထဲမှာ ကင်မရာတလုံး ရှိနေချိန်ရယ် တထပ်ထဲကလည်း ကျဦးမှ မဟုတ်လား…၊



အမှန်က ကျနော့်အလုပ်ရဲ့ ရေအရင်းအမြစ်ဆိုင်ရာ field research တိုင်းတာရေး ကိစ္စတွေအတွက် မော်တော်နဲ့ သွားတဲ့မနက်ခင်း တခုမှာ ဟောဒီတိမ်တွေကို တွေ့ခဲ့တာပါ၊ ပြင်သစ်နယ်စပ်၊ ဆွစ်ဇာလန် နယ်မြေထဲမှာရှိတဲ့ Le Grammont ဆိုတဲ့ တောင်ထိပ်ပေါ်မှာ သူတို့တွေက တွဲလွဲခိုနေကြတာပေါ့၊ Le Grammont က မီတာ ၂၁၀၀ လောက်မြင့်တဲ့ Alps တောင်ထွတ်တခုပါ၊ မောင်းနေတဲ့ မော်တော်ကို စက်ရှိန်နည်းနည်း လျှော့လိုက်တော့ အရှေ့ဖက်မှာထိုင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘာများဖြစ်တာလဲဆိုတဲ့ သဘောနဲ့ လှည့်ကြည့်ကြတယ်၊ ဆူညံနေတဲ့ မော်တော်စက်သံကြားမှာ သူတို့ကို အော်ပြောလည်း ကြားမှာမဟုတ်မယ့်အတူတူ ကင်မရာကို မြှောက်ပြပြီး တိမ်တွေကို လက်ညှိးထိုးပြလိုက်တော့ သဘောတကျနဲ့ ခေါင်းညှိတ်ပြီး ပြန်လှည့်သွားကြတယ်၊ အဲဒီလိုနဲ့ ကင်မရာရဲ့ view finder ကနေ ခရီးသွားမိုးတိမ်တွေကို ငေးကြည့်ဖြစ်ခဲ့တယ်၊ ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေးပါပဲ… …၊



အနောက်ဖက်ကို အမှတ်မထင်လှည့်ကြည့်မိတော့ ကျနော်နေထိုင်ရာ မြို့ကလေးကလည်း မိုးတိမ်တွေ အောက်မှာပါပဲ၊ ကျနော့်အရှေ့ဖက်က တရွေ့ရွေ့သွားနေတဲ့ မိုးတိမ်တွေက ဂျစ်ပစီမိုးတိမ်တွေဆိုရင် အနောက်ဖက်က ဟောဒီမိုးတိမ်တွေက ဘောင်းဘီဝတ်မိုးတိမ်တွေ များလား?



မော်တော်စက်သံ တဝုန်းဝုန်းကြားထဲမှာကိုပဲ The Ants ရဲ့ ရောင်စုံချောကလက် အခွေထဲက ထူးအိမ်သင်ဆိုထားခဲ့တဲ့ “မိုးတိမ်အကြောင်း” သီချင်းကို ကြားလာမိတယ်၊ ♫♫ တိမ်တွေဖွဲ့စည်းထား xxx မြင်သာချိန် အခိုက်အတန့်လေးမှာ xxx တိမ်တွေပြိုကွဲသွား ♪♪♫ ၊ လင်းကွင်းသံလေး တချက်စီရယ်၊ တယော solo သံလေးရယ်၊ vibrato မပါဘဲ လေသံမျှင်းမျှင်းလေးနဲ့ ဆိုထားတဲ့ “မိုးတိမ်အကြောင်း” ဟာ Le Grammont တောင်ပေါ်က တိမ်ထုတွေဆီကနေ ဂျီနီဗာကန်ထဲအထိ စီးဆင်းကျလာခဲ့တယ်၊ တော်သေးတယ်…၊ လွမ်းခြင်းအားဖြင့် ၁၀ နှစ်တာ အမှတ်တရပွဲမှာ အဲဒီသီချင်းကို ဘယ်သူမှ ဖျက်ဆီးမသွားခဲ့လို့…။ ။း)


ညီလင်းသစ်
၁ စက်တင်ဘာ၊ ၂၀၁၄

20 August 2014

အိုက်ကို...


လွန်ခဲ့တဲ့ တပတ်ကျော်ကျော်လောက်က စပြီး ကျနော်တို့အိမ်မှာ မိသားစုဝင်အသစ် တိုးလာခဲ့တယ်၊ ကိုးလလွယ်၊ ဆယ်လဖွား အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်၊ ကြိုဆိုရတဲ့ မိသားစုဝင်မျိုး မဟုတ်ပေမယ့် သူကလည်း သူ့အတိုင်းအတာနဲ့သူတော့ ပြင်ဆင်စောင့်မျှော်ခဲ့ရသေးတာ ပါပဲ၊ မေလဆန်းမှာ မွေးလာတဲ့သူ့ကို ဟိုး ပိစိညှောက်တောက်၊ ယိုင်တိယိုင်ထိုး အရွယ်လေးကတည်းက မကြာခဏ သတင်းမေးရင်း၊ ဓာတ်ပုံလေးတွေကြည့်ရင်း စောင့်နေခဲ့တာ…၊ အခု သုံးလကျော်ကျော် အရွယ်ရောက်လာတဲ့အခါမှာတော့ သူဟာ သူ့မိသားစုကနေ ခွဲထွက်ပြီး ကျနော်တို့ရဲ့ မိသားစုဝင် ဖြစ်လာဖို့ အဆင်သင့် ဖြစ်လာခဲ့တော့တယ်၊ ဒီလိုနဲ့ “အိုက်ကို” လို့ နာမည်ပေးထားတဲ့ ကြောင်ကလေးတကောင်ဟာ ကျနော်တို့အိမ်ကို ရောက်လာခဲ့တော့တာ ပါပဲ၊



အမှန်ပြောရရင် ကျနော်က ကြောင်ချစ်တတ်တဲ့သူ မဟုတ်ပါဘူး၊ ငယ်ငယ်ကတည်းကလည်း မိသားစုထဲမှာ ကြောင်ထက် ခွေးတွေပဲ မွေးလာခဲ့တာ…၊ ကြောင်ဆိုတာကလည်း သိတဲ့အတိုင်း ခွေးနဲ့ လားလားမှကို မဆိုင်တဲ့ အကောင်မျိုး…၊ အိမ်သားတွေ အပြင်ကပြန်လာရင် အမြီးနှံ့ပြီး လာကြိုဖို့ နေနေသာသာ ခေါ်ရင်တောင် သူစိတ်ပါမှလာတာ၊ မထုံတက်တေး နေတဲ့အကောင်က နေသလို လူမြင်တာနဲ့ တချိန်လုံးကြောက်ပြီး ပုန်းနေတတ်တဲ့ ကောင်မျိုးတွေလည်း ရှိသေးတာကိုး…၊ ပြောရရင် ကျနော့်ဘဝမှာ ကြောင်နဲ့ ရင်းရင်းနှီးနှီး မနေခဲ့ဖူးဘူး ဆိုပါတော့…၊ အခုနောက်ပိုင်း မြန်မာပြည်ပြန်တဲ့အခါ အမေ့အိမ်မှာ ကြောင်တွေ မွေးထားတာ တွေ့နေပေမယ့်လည်း ဒီကောင်တွေက အိမ်ကိုဧည့်သည်လာပြီ ဆိုတာနဲ့ ခြံထဲကကို ပြန်တက်မလာတော့တဲ့ အစားထဲက…၊

ဒီလိုနဲ့ ကျနော့်သားလေး ၅ နှစ်ပတ်ဝန်းကျင်လောက် ရောက်လာတော့ ကလေးတို့ထုံးစံ အကောင်ပလောင်လေးတွေ မွေးချင်တယ်လို့ ပူဆာပါလေရော…၊ ဒါပေမယ့် သူ့ကို ငယ်သေးတယ်၊ နည်းနည်းကြီးလာမှ စဉ်းစားပေးမယ်ဆိုပြီး ပြောထားခဲ့တာ အခု ၇ နှစ်ထဲ ဝင်တော့မယ့်အချိန်ကျတော့ ဘာပဲဖြစ်ဖြစ် သူလည်း အထိုက်အလျောက် ကြီးလာသလို အဖော်လည်း ရတာပေါ့လေ ဆိုပြီး ကြောင်လေးတကောင်လောက် မွေးဖို့ ဖြစ်လာတော့တာ ပါပဲ၊ ကျနော့်သဘောဆိုရင်တော့ ကြောင်အစား ခွေးကိုပဲ မွေးချင်တာပါ၊ ဒါပေမယ့် ဒီနိုင်ငံမှာက ခွေးတကောင်အတွက် ပေးရမယ့်အချိန်၊ လုပ်ပေးရမယ့် တာဝန်တွေက အင်မတန်မှကို များတာကလား၊ မွေးစရိတ်ကလည်း ကြီးသေးတယ်…၊ တခြား ကြက်တူရွေးလို ငှက်ကလေးတွေ၊ ယုန်ကလေးတွေ၊ ငါးကလေးတွေ ကျပြန်တော့လည်း လူနဲ့အပြန်အလှန် interaction မရှိတော့ သိပ်ပြီးစိတ်ဝင်စားဖို့ မကောင်းဘူး၊ နောက်ဆုံးမှာတော့ လူနဲ့လည်း အထိုက်အလျောက် အဖော်ရ၊ ကရိကထလည်း ဒီလောက်မများတဲ့ ကြောင်ကိုပဲ ရွေးဖြစ်သွားတော့တယ်၊ ကြောင်မွေးတော့မယ် ဆိုတဲ့အခါ ကျနော်တို့က အချက် ၂ ချက်ကို အဓိကထားပြီး ကြည့်ပါတယ်၊ ပထမအချက်က လူကို ရန်ပြုတတ်တဲ့ aggressive ဖြစ်တဲ့ ကြောင်မျိုး မဖြစ်ရဘူး၊ ဒုတိယအချက်က အပြင်ကို ထွက်ပြေးဖို့ တချိန်လုံးချောင်းနေ၊ ကြိုးစားနေတဲ့ အမျိုးအစား မဖြစ်ရဘူး၊ အဲဒီ စံသတ်မှတ်ချက် ၂ ခုနဲ့ ချိန်ထိုးပြီး ကြောင်မျိုးစိတ်တွေကို ရှာကြည့်တဲ့အခါ Ragdoll ဆိုတဲ့ အမျိုးအစားကို သွားတွေ့ပါတယ်၊ ဒီအမျိုးအစား ကြောင်တွေက လူတွေနဲ့ ရင်းနှီးတယ်၊ အထူးသဖြင့် ကလေးတွေကို ချစ်တတ်တယ်၊ ဘယ်သူခေါ်ခေါ် ဘယ်သူချီချီ လိုက်တယ်၊ အမြဲလိုလို သဘောကောင်းတတ်တဲ့ ကြောင်တွေရယ်လို့ ထင်ရှားပါတယ်၊ သဘောကောင်းပြီး အဝတ်ရုပ်လေးတရုပ်လို ပျော့ပျော့ပျောင်းပျောင်း ရှိတာမို့ Rag (အဝတ်စ) နဲ့ doll (အရုပ်) ကိုပေါင်းပြီး သူ့နာမည် Ragdoll ရယ်လို့ ဖြစ်လာတယ်လို့လည်း ဆိုကြတယ်၊ အိုက်ကိုက Ragdoll အမျိုးအစား ကြောင်ထီးကလေး တကောင်ပါ…၊



စကားစပ်လို့ သူ့နာမည်အကြောင်း ပြောရရင် “အိုက်ကို (Aiko)” ဆိုတဲ့ နာမည်က သူ့ကိုမွေးတဲ့အိမ်ကပဲ ပေးခဲ့တာပါ၊ ဒီမှာက ကြောင်တွေကို သူ့မျိုးစိတ်အလိုက် စီးပွားဖြစ်မွေးတဲ့သူတွေ ရှိပါတယ်၊ ကြောင်မျိုးစိတ် တမျိုးကိုပဲ သီးသန့်မွေးတယ်၊ ကြောင်ကလေးတွေ ပေါက်လာရင်လည်း အစိုးရဆီမှာ မှတ်ပုံတင်တာ၊ ကာကွယ်ဆေးထိုးတာမှ စပြီးတော့ လိုအပ်တာတွေ အားလုံးလုပ်ပေးလေ့ ရှိပါတယ်၊ အဲဒီလို မှတ်ပုံတင်တဲ့အခါ ကြောင်တွေရဲ့ နာမည်အစ စာလုံးကို နှစ်အလိုက် သတ်မှတ်ထားတာ ရှိပါတယ်၊ ဒီနှစ် ၂၀၁၄ ခုနှစ်အတွက်က A နဲ့စတဲ့ နာမည် ဖြစ်ရပါမယ်၊ ဥပမာ-Alex, Alessia, Aline စသဖြင့်ပေါ့…၊ အဲဒါကြောင့် ကျနော်တို့ရဲ့ ကြောင်ကလေးကလည်း Aiko ရယ်လို့ အမည်တွင်လာတာ ဖြစ်ပါတယ်…၊ ကြောင်ရဲ့ မွေးစာရင်း စာအုပ်ထဲမှာ အဲဒီလို နာမည်နဲ့တကွ သူ့ရဲ့ မျိုးစိတ်အစစ် ဖြစ်ကြောင်း ထောက်ခံချက်၊ အဖေ၊ အမေနာမည်၊ မွေးဖွားတဲ့ နေရာ၊ ထိုးထားတဲ့ ကာကွယ်ဆေး စတာတွေ ပါ,ပါတယ်…၊ ကာကွယ်ဆေး တကျော့ပြန် ထိုးဖို့ဖြစ်ဖြစ်၊ နေမကောင်းလို့ ဖြစ်ဖြစ် သူ့ကို တိရိစ္ဆာန် ဆေးခန်း ခေါ်သွားတဲ့အခါ ဆရာဝန်က အဲဒီစာအုပ်ထဲက ရာဇဝင် အချက်အလက်တွေကို ကြည့်ပြီး ကုသမှာ ဖြစ်ပါတယ်…၊



အိုက်ကို့အသက် ၃ လ ပြည့်သွားတဲ့အခါ သူ့ကိုမွေးတဲ့အိမ်က အမျိုးသမီးက ကျနော်တို့ဆီကို လာပို့ပေးပါတယ်၊ ဒါမတိုင်ခင်ကလည်း အဲဒီအိမ်ကို ကျနော်တို့ သုံးလေးခေါက်လောက် သွားကြည့်ဖြစ်သေးတယ်၊ သားကတော့ အဲဒီကတည်းက အိုက်ကို,ကို စောင့်ရတာ စိတ်မရှည်နိုင်ဘဲ ဖြစ်နေခဲ့တာ…၊ အိမ်ကို လာပို့တဲ့နေ့မှာတော့ ကြောင်နဲ့ ပတ်သက်လို့ သဘောသဘာဝနဲ့ သိသင့်တာတွေကို ပြောပြတယ်၊ ကျနော်တို့အိမ်မှာ ကြောင်အတွက် ပြင်ဆင်ထားတာတွေကို ကြည့်ပြီးတော့ တချို့ဟာလေးတွေကို ပိုအဆင်ပြေအောင် အကြံပေးတယ်၊ တချိန်ထဲမှာပဲ အိုက်ကိုက ကျနော်တို့အိမ်ကို ရောက်ကာစ ဖြစ်လို့ အသားကျအောင် စောင့်ပေးတဲ့ သဘောလည်း ပါ,ပါတယ်၊ ၁ နာရီကျော်ကျော်လောက် အကြာ အိုက်ကိုလည်း အထိုက်အလျောက် နေသားကျပြီ ဆိုတော့မှ လာပို့တဲ့အမျိုးသမီးက နှုတ်ဆက်ပြီး ပြန်သွားတယ်၊ အခုတော့ မိသားစုဝင် သုံးဦးပဲရှိတဲ့ အိမ်မှာ ကြောင်ကလေးတကောင်ကလည်း မိသားစုဝင်အဖြစ် တဖြေးဖြေးနဲ့ အသားကျ ပျော်ရွှင်လာနေခဲ့ပြီ ဖြစ်ပါတယ်…။ ။


ညီလင်းသစ်
၂၀ သြဂုတ် ၂၀၁၄

29 June 2014

မမြင်ရသော ဆေးဝါးများ


တနေ့က သတင်းတပုဒ်မှာ ဗြိတိန်နိုင်ငံကို ရေထွက်ပစ္စည်းပို့ကုန်တွေ တင်ပို့တဲ့ မြန်မာကုမ္ပဏီတခုကို မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ဒဏ်ငွေဆယ်သိန်း ချမှတ်ပြီးတော့ ပြည်ပနိုင်ငံ ကုန်တင်ပို့ခွင့်ကိုလည်း ၆ လ ပိတ်လိုက်တဲ့အကြောင်း ဖတ်လိုက်ရပါတယ်၊ အကြောင်းကတော့ အဲဒီကုမ္ပဏီက တင်ပို့တဲ့ ဘာလချောင်ကြော်တွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါ ပဋိဇီဝဆေးတမျိုးဖြစ်တဲ့ ကလိုရိုဖယ်နကောလ် အကြွင်းအကျန်တွေ တွေ့ရတယ်ဆိုတဲ့အကြောင်း ဗြိတိန်နိုင်ငံဖက်က အကြောင်းကြားခဲ့လို့ ဖြစ်ပါတယ်-တဲ့၊ ဒီဖြစ်စဉ်မှာ အဲဒီဘာလချောင်ကြော်တွေ တင်ပို့တဲ့ ကုမ္ပဏီအနေနဲ့ ဘယ်လောက်အထိ တာဝန်ရှိသလဲလို့ ကျနော်စဉ်းစားကြည့်မိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ကလိုရိုဖယ်နကောလ် အပါအဝင် တခြားပဋိဇီဝဆေးတွေကို ပုဇွန်မွေးမြူရေး၊ ငါးမွေးမြူရေး လုပ်ငန်းတွေမှာ အတော်များများက သုံးကြလို့ ဖြစ်ပါတယ်၊ ဆိုတော့ ဘာလချောင်ကြော်တွေကို အဲဒီကုမ္ပဏီက ကိုယ်တိုင် ထုတ်လုပ်တယ်ပဲ ထားအုံး၊ သူတို့ဝယ်တဲ့ ပုဇွန်ခြောက်တွေထဲမှာ ကလိုရိုဖယ်နကောလ်က ပါလာပြီးသားဆိုရင် ဘယ်လောက်ပဲ သန့်ရှင်းအောင် ထုတ်လုပ်ထုတ်လုပ် ဘယ်လိုမှ မတတ်နိုင်ပါဘူး၊ ပုဇွန်ခြောက်တွေမှာ အဲဒီလို ဆေးတွေပါတယ်ဆိုတဲ့အကြောင်း ကုမ္ပဏီက လူတွေတောင် သိချင်မှသိလိမ့်မယ်၊ အဲ... ပုဇွန်တွေက သူတို့ကိုယ်ပိုင် မွေးမြူရေးကန်က လာတယ်ဆိုရင်တော့ တမျိုးပေါ့လေ၊

ဟုတ်ပါတယ်...၊ ဒီလိုမျိုး ပြဿနာက အခုမှသာ မြန်မာနိုင်ငံအနေနဲ့ လူသိရှင်ကြား ကြုံရတာဖြစ်ပေမယ့် ဥရောပမှာတော့ ဒါဟာ အသစ်အဆန်း မဟုတ်တော့ပါဘူး၊ ပဋိဇီဝဆေးလို့ ခေါ်တဲ့ antibiotics ဆေးတွေကို ငါးကန်တွေ၊ ပုဇွန်ကန်တွေမှာ ထည့်ကြတာ အစဉ်အလာအရ အတော်ကြာပါပြီ၊ အထူးသဖြင့် ငါးကန်၊ ပုဇွန်ကန် အကြီးကြီးတွေတူးပြီး စီးပွားဖြစ် မွေးမြူရေးတွေ လုပ်တဲ့အခါမှာပါ၊ အဲဒီမှာ ငါးတွေ၊ ပုဇွန်တွေ မသေကြေအောင်၊ အထွက်နှုန်းကောင်းအောင် ထည့်ကြတယ်၊ ဒါပေမဲ့ အဲဒီလိုထည့်လိုက်တဲ့၊ ကျွေးလိုက်တဲ့ ပဋိဇီဝဆေးတွေဟာ ငါးတွေပုဇွန်တွေအပြင် တခြားဘယ်လိုမျိုး သက်ရောက်နိုင်သလဲ ဆိုတာတော့ လူတွေက သေချာမသိခဲ့ကြဘူး၊ ဒီလိုနဲ့ ဒီဖက်နှစ်ပိုင်းတွေမှာ sensitivity အရမ်းမြင့်တဲ့ ဓာတ်ခွဲခန်းသုံး စက်တွေကို ထုတ်လုပ်လာခဲ့ကြတယ်၊ ဇတ်လမ်းက အဲဒီမှာ စတာပါပဲ...၊ antibiotics ပဋိဇီဝ ဆေးတွေကို ငါးတွေ၊ ပုဇွန်တွေ စားလိုက်ရင် ကြေပျက်ပြီး ဘာမှမကျန်တော့ဘူးလို့ အရင်က ကျနော်တို့ ထင်ထားခဲ့တာ မှားနေမှန်း သိလာရတယ်၊ ပိုပြီးအားကောင်းတဲ့ ဓာတ်ခွဲခန်း စက်တွေရဲ့ တွေ့ရှိချက်တွေထဲမှာ antibiotics အကြွင်းအကျန်တွေဟာ ငါး၊ ပုဇွန်တွေရဲ့ အသားတွေထဲမှာ ကျန်နေတာ အံ့သြစရာ တွေ့နေရတယ်...၊

၂၀၀၇ ခုနှစ်တုန်းက ဆွစ်ဇာလန်နိုင်ငံကို အိန္ဒိယက တင်သွင်းတဲ့ "Dragon" တံဆိပ် ရေခဲရိုက်ပုဇွန်တွေကို ဓာတ်ခွဲကြည့်တဲ့အခါ Furazolidone ဆိုတဲ့ ပဋိဇီဝဆေး အကျန်တွေကို တွေ့ရတယ်၊ Furazolidine ဆိုတာက Nitrofuran အမျိုးအစားမှာပါတဲ့ antibiotic ဖြစ်ပြီးတော့ တိရိစ္ဆာန်ဆေးကုသရေးတွေမှာ တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်၊ ဒါပေမယ့် အဲဒီ Furazolidone ဟာ ကင်ဆာဖြစ်စေတဲ့ အကြောင်းအချက်တွေကို တွေ့လာရလို့ ဥရောပနဲ့ အမေရိကားမှာ ပိတ်ပင်လိုက်တယ်၊ အာဖရိကနဲ့ အာရှက နိုင်ငံတွေမှာတော့ ဆက်ပြီး သုံးနေခဲ့ကြတုန်းပဲ၊ အဲဒါကြောင့် အိန္ဒိယက လာတဲ့ ပုဇွန်တွေထဲမှာ ဆက်ပြီးတွေ့နေရတာ ဖြစ်ပါတယ်၊ အဲဒါနဲ့ မရှေးမနှောင်းမှာပဲ ဗီယက်နမ်ကလာတဲ့ ပုဇွန်တွေမှာလည်း ပဋိဇီဝဆေးတွေ ပါတယ်ဆိုတာ ဓာတ်ခွဲခန်းတွေက ဖော်ထုတ်နိုင်ခဲ့ ကြတယ်၊ အဲဒါကြောင့် ဗီယက်နမ်က ပုဇွန်တင်သွင်းခွင့်ကို ဆွစ်ဇာလန်မှာ ပိတ်ပင်ခဲ့တယ်၊ အဲဒီလို ပြဿနာတွေ ဖြစ်လာလို့ နောက်ဆုံးမှာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က သူတို့နိုင်ငံတွေက ပုဇွန်ကန်တွေမှာ တားမြစ်ထားတဲ့ ပဋိဇီဝဆေးတွေကို မသုံးရလို့ အမိန့်ထုတ်လိုက်ပြီးတော့ ရေထွက်ကုန်တွေကိုလည်း ဥရောပကို မတင်ပို့ခင်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်ခဲ့ရတယ်၊

တကယ်တမ်း ပြောရရင်တော့ ပဋိဇီဝဆေးတွေရဲ့ တည်တံ့မှုဟာ အတော့်ကို အံ့သြစရာကောင်းသလို ရေရှည်အတွက်လည်း စိုးရိမ်စရာ ကောင်းပါတယ်၊ အမေရိကား၊ တက္ကဆက်ပြည်နယ်က မြေအောက်ရေတချို့မှာ antibiotics ပဋိဇီဝဆေး အကြွင်းအကျန်တွေ ပါနေတာကို ဓာတ်ခွဲစစ်ဆေးမိလို့ ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာ လိုက်ရှာတော့ နွားခြံတွေကနေ အရင်းခံတာ သွားတွေ့ရတယ်၊ နွားခြံတွေမှာ နွားတွေကျန်းမာရေးကောင်းဖို့ ပဋိဇီဝဆေးတွေ တိုက်တယ်၊ အဲဒီနွားတွေက အညစ်အကြေးစွန့်တဲ့အခါ မစင်နဲ့အတူ မြေကြီးပေါ်ကို ပဋိဇီဝဆေး အကြွင်းအကျန်တွေ ရောက်သွားတယ်၊ မိုးရွာတဲ့အခါဖြစ်ဖြစ်၊ ရေနဲ့ဆေးကြောလိုက်တဲ့အခါ ဖြစ်ဖြစ် အဲဒီ ပဋိဇီဝ အကြွင်းအကျန်တွေက မြေကြီးထဲကို စိမ့်ဝင်ပြီး နောက်ဆုံးမှာ မြေအောက်ရေကြောထဲအထိ ရောက်သွားတာ ဖြစ်ပါတယ်၊ ကြည့်ပါဦး…၊ ဆေးတစ်ခုဟာ ဘယ်လောက်ဝေးဝေးအထိ ရောက်သွားသလဲဆိုတာ…၊ ဒါဆိုရင် လူတွေမှာကော အဲဒီလိုတွေ ဖြစ်နိုင်သလားလို့ မေးစရာရှိပါတယ်၊ ဟုတ်ပါတယ်...၊ လူတွေကြောင့်လည်း မြစ်ချောင်း၊ အင်းအိုင်တွေ၊ မြေအောက်ရေတွေထဲမှာ ပဋိဇီဝ ဆေးကြွင်းဆေးကျန်တွေ ပျံ့နှံ့နေပါတယ်၊

ကျနော် လက်ရှိအလုပ်လုပ်နေတဲ့ ဓာတ်ခွဲခန်းရဲ့ ပရောဂျက်တခုက ရေတွေထဲက ပဋိဇီဝဆေးတွေကို ဓာတ်ခွဲသုတေသန လုပ်ရတဲ့ ပရောဂျက်ပါ၊ အိမ်တွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံတွေကနေ စီးဆင်းလာတဲ့ ရေတွေကို ဓာတ်ခွဲကြည့်တဲ့အခါ အဲဒီရေတွေထဲမှာ ပဋိဇီဝဆေးတွေဖြစ်တဲ့ Norfloxacin, Ciprofloxacin, Metronidazol, Sulfamethoxazol စတာတွေအပြင် သာမန် အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Paracetamol, Diclofenac, Ibuprofen စတာတွေကိုလည်း တွေ့ရတယ်၊ တချို့ဆေးတွေက သူ့ဟာနဲ့သူ သဘာဝအတိုင်း ခပ်မြန်မြန်ပျောက်ပျက်သွားပေမယ့် တချို့ဆေးတွေကတော့ အလိုအလျောက်ကြေပျက်နှုန်း biodegradation rate က အရမ်းနှေးပါတယ်၊ အဲဒီအခါ မြစ်ချောင်းတွေထဲမှာ၊ မြေအောက်ရေတွေထဲမှာ အဲဒီလိုဆေးတွေရဲ့ မော်လီကျူးတွေ တဖြေးဖြေးနဲ့ များလာဖို့ပဲ ရှိတာပေါ့၊ ဆိုးတာက အဲဒီလို ဆေးမော်လီကျူးတွေ ပါနေပေမယ့်လည်း ရေဟာ အရောင်၊ အနံ့၊ အရသာ ဘာမှမထူးခြားပါဘူး၊ ဓာတ်ခွဲခန်းမှာသာ ထိရောက်တဲ့နည်းစနစ်တွေနဲ့ ဓာတ်ခွဲမကြည့်ရင် ဘယ်လိုမှမသိနိုင်ပါဘူး၊ ဆိုတော့ သာမန်လူကောင်းတစ်ယောက်ဟာ အဲဒီလို ဆေးတွေ၊ မော်လီကျူးတွေ အများကြီးပါနေတဲ့ရေကို နှစ်ပေါင်းများစွာ သောက်နေခဲ့မယ်ဆိုရင် ရေရှည်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ လောလောဆယ် ဘယ်သူမှ အတိအကျမပြောနိုင် ပေမယ့် ကျန်းမာရေးအတွက် ဘယ်လိုမှကောင်းမှာ မဟုတ်တာတော့ သေချာပါတယ်၊

အခု ဘာလချောင်ကြော်ထဲမှာ တွေ့တယ်ဆိုတဲ့ ကလိုရိုဖယ်နကောလ်ကိုလည်း ဥရောပနိုင်ငံတွေမှာတော့ သိပ်မသုံးကြတော့ပါဘူး၊ အထူးသဖြင့် သောက်ဆေး၊ ထိုးဆေးအနေနဲ့ ရှောင်ကြတာများပါတယ်၊ အကြောင်းကတော့ ကလိုရိုဖယ်နကောလ်ဟာ ရိုးတွင်းချဉ်ဆီတွေကို ပျက်ဆီးစေတဲ့အပြင် လူကီးမီးယားခေါ်တဲ့ သွေးကင်ဆာကိုလည်း ဖြစ်စေတဲ့အတွက်ကြောင့်ပါ၊ အဲဒါကြောင့် အခုလို ဘာလချောင်ကြော်ထဲမှာ တွေ့တယ်ဆိုတော့ မူလကလိုရိုဖယ်နကောလ် မဟုတ်တော့ဘဲ ဓာတ်ပြိုကွဲပြီးသား အကြွင်းအကျန် ဖြစ်သည့်တိုင် ဘေးထွက်ဆိုးကျိုးက ကြီးမားလို့ ဗြိတိန်က အာဏာပိုင်တွေက အရေးတယူအကြောင်းကြားတာလို့ ကျနော် ယူဆပါတယ်၊ တီထွင်မှုတွေဟာ ကောင်းပေမယ့် တခါတလေမှာ သူနဲ့အတူ ဘေးထွက်ဆိုးကျိုးတွေ လိုက်ပါလာလေ့ ရှိပါတယ်၊ နေမကောင်းတဲ့လူတွေအတွက် တီထွင်လိုက်တဲ့ ဆေးဝါးတွေဟာ နေကောင်းနေတဲ့ လူတွေကိုပါ ရေရှည်မှာ ဒုက္ခပေးနိုင်မယ့် အလားအလာတွေ လတ်တလော သုတေသနပြုချက်တွေအရ တွေ့နေရတယ်၊ လောလောဆယ်မှာတော့ မြစ်တွေ၊ ချောင်းတွေထဲမှာ ပျံ့နှံ့ပျော်ဝင်နေတဲ့ ဆေးတွေဟာ လူအတွက် အန္တရာယ်ရှိတဲ့အဆင့်လို့တော့ မသတ်မှတ်ကြသေးပါဘူး၊ ဒါပေမယ့် ဒါဟာလတ်တလော အနေအထားအရပဲ ဖြစ်ပြီးတော့ နှစ်တွေအများကြီး ကြာတဲ့အခါ ဘယ်လိုတွေသက်ရောက်မလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး၊ အဲဒါကြောင့် ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာ ဒီအတွက် စီမံကိန်းတွေချပြီးတော့ လုပ်ဆောင်နေကြတယ်၊ အထူးသဖြင့် ရေထဲကနေ ဆေးအကြွင်းအကျန်တွေ၊ မော်လီကျူးတွေ ဖယ်ရှားဖို့အတွက် ရေဆိုးစက်ရုံ၊ ရေသန့်စက်ရုံတွေမှာ ခေတ်မီနည်းစနစ်တွေ တပ်ဆင်ဖို့ ပြင်ဆင်နေကြတယ်၊ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း သုတေသနဘတ်ဂျက်ကို လုံလုံလောက်လောက် တိုးမြှင့်ပြီး ထိထိရောက်ရောက်စစ်ဆေးဖို့၊ ခေတ်မီနည်းစနစ်တွေ၊ စက်ပစ္စည်းတွေ ပါဝင်တဲ့ ဓာတ်ခွဲခန်းတွေ ဖွင့်လှစ်ဖို့ အချိန်ရောက်နေပါပြီ၊ ဒါဟာ အခုဘာလချောင် ပြဿနာလို နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ မျက်နှာမပျက်စေဖို့ ဆိုတာထက် ကိုယ့်နိုင်ငံသားတွေကို ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ။


ညီလင်းသစ်
၂၉ ဇွန်၊ ၂၀၁၄

25 June 2014

ဒုတိယမ္ပိ ခြင်္သေ့လည်ပြန်...


ခြင်္သေ့ကျွန်းကလေးကို ဒုတိယအကြိမ် သွားခဲ့တာ ပြန်ရောက်လို့ ရက်ပေါင်းများစွာ ကြာပြီးမှပဲ အဲဒီအကြောင်းကို တကယ်ချရေးဖြစ်တော့တယ်၊ ဒါပေမယ့် တစ်ဖက်ကကြည့်တော့လည်း လေယာဉ်လက်မှတ်ကို ဝယ်ထားပြီး ၇ လကျော် ကြာမှပဲ လေယာဉ်ကို တကယ်စီးဖြစ်ခဲ့တာဆိုတော့ ခရီးစဉ်တစ်ခုမှာ စောင့်ဆိုင်းရတာတွေက Before ရော၊ After ရောအတွက် အကျုံးဝင်တယ်လို့ပဲ ဆိုရမလား မသိ…၊ လေယာဉ်လက်မှတ်က ပရိုမိုးရှင်းကာလ ဈေးချရောင်းနေချိန်မှာ ဝယ်ဖြစ်လိုက်တာပါ၊ ဟိုအရင် ပို့စ်တစ်ခုမှာ ကျနော်ရေးခဲ့သလိုပဲ၊ ပုံမှန်ဈေးထက် တဝက်လောက် နည်းတဲ့လက်မှတ်ကို တွေ့တာနဲ့ မရည်ရွယ်ထားပါဘဲ ဒီခရီးလေးကို စီစဉ်ဖြစ်သွားခဲ့တယ်၊ စင်္ကာပူလေကြောင်းက ကျနော့်အိမ်နဲ့ ပိုနီးတဲ့ ဂျီနီဗာ လေဆိပ်မှာ မဆိုက်ပါဘူး၊ ၃ နာရီလောက် ရထားနဲ့သွားရတဲ့ ဇူးရစ်မြို့ကနေပဲ ထွက်ပါတယ်၊ အဲဒါကြောင့် မနက် ၁၀ နာရီခွဲမှာထွက်မယ့် လေယာဉ်ကိုစီးဖို့အတွက် အိမ်ကနေ မနက် ၅ နာရီမှာ စ,ထွက်ရတယ်၊ ဒီလိုနဲ့ ဆောင်းတွင်းရဲ့ အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ မြူခိုးဝေဝေ မနက်ခင်းလေးတစ်ခုကို ပုခုံးမှာလွယ်ပိုးရင်း မိတ်ဆွေတွေ ရှိရာဆီကို ကျနော်ထွက်လာ ခဲ့တော့တယ်…၊


အနောက်ကနေ အရှေ့ကိုသွားရတဲ့ ၁၂ နာရီကြာခရီးမှာ လေယာဉ်ပေါ်မှာပဲ မိုးချုပ်ပါတယ်၊ ကျနော့်အရှေ့က တီဗီကလေးရဲ့ မျက်နှာပြင်ပေါ်မှာတော့ ထုနဲ့ထည်နဲ့ စောင့်ကြိုနေတဲ့ အမှောင်ထုထဲကို လေယာဉ်ကလေးက တရွေ့ရွေ့ ဝင်တိုးနေလေရဲ့…၊ ခရီးဆုံးဖြစ်တဲ့ ကျွန်းကလေးပေါ်မှာတော့ အာဂန္တုကျွန်းသားတွေက အိပ်မောကျနေကြရောပေါ့…၊


မနက်အစောကြီး ဝေလီဝေလင်းမှာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်နားကနေ ဖြတ်ပျံတော့ A380 Airbus ထဲမှာ အိမ်လွမ်းစိတ်လေး တရိပ်ရိပ်တက်လာခဲ့တယ်၊ ကြိုးကြာငှက်တွေရဲ့ ပျံသန်းမှုမျိုးနဲ့ဆို ရန်ကုန်က ကျနော့်ရဲ့ အောက်ဖက်နားမှာ နီးနီးကလေးရယ်…၊ တဆက်ထဲမှာ MH370 ကိုလည်း သတိရသွားတယ်၊ ဒီလေယာဉ်ကြီး ပျောက်သွားခဲ့တာက ပူပူနွေးနွေးပဲ ရှိသေးတဲ့အချိန်၊ အခုနေသာ ကျနော်စီးနေတဲ့ လေယာဉ်လည်း ညာဖက်ကို ချိုးချလိုက်မယ်ဆိုရင် MH370 ပျံသန်းခဲ့တယ်ဆိုတဲ့ လမ်းကြောင်းထဲကို ရောက်သွားမှာပဲ၊ MH370 ရဲ့နောက်ဆုံးအချိန်မှာတော့ ကိုယ့်ရှေ့က တီဗီကို ကျနော့်လိုမျိုး အေးအေးသက်သာ ထိုင်ကြည့်နေတဲ့သူ ရှိခဲ့မယ် မထင်ဘူး၊ အဲဒီလေယာဉ်ပေါ်က ခရီးသည်တွေရဲ့ နောက်ဆုံးအချိန်ကို ကိုယ်ကိုယ်တိုင် လေယာဉ်တစင်းပေါ်မှာ လိုက်ပါသွားရင်း စဉ်းစားကြည့်တဲ့အခါ အတော့်ကို ထိတ်လန့်ကြေကွဲစရာ ကောင်းလှတယ်…၊


ခရီးရောက်မဆိုက် Jurong ငှက်ဥယျာဉ်ကို သွားလည်ဖြစ်တယ်၊ ငှက်ကြီးဝံပိုတွေ၊ ငှက်ကြီးတုံးစပ်တွေနားမှာ ဒီပုံလေးရိုက်ဖြစ်ပါတယ်၊ ငှက်ချင်းတူပေမယ့် တချို့က ကင်မရာမှန်ဘီလူးရှေ့မှာ တောင်ပံတဖြန့်ဖြန့်နဲ့ ချီချီကြွကြွ၊ တချို့ကတော့ ရပ်တန့်ငေးမောရတဲ့ ပရိတ်သတ်သက်သက်…၊


ငှက်ရုံတခုရှေ့မှာ တွေ့မိတဲ့ ဒီပန်းပုရုပ်ကို သဘောကျလို့…၊ ပလာစတာရုပ်တု ထင်တာပဲ၊ သဘောကျတာက သူ့ရဲ့အပြုံးကိုပါ၊ အာဖရိကတို့၊ အိန္ဒိယတို့က ကျေးလက်တွေမှာ ရေခပ်ပြန်လာတဲ့ ကလေးမလေးတွေ ရှိပါရောလား၊ လမ်းမှာ တခါတလေ တိုးရစ်တွေနဲ့တိုးလို့ ဓာတ်ပုံတွေဘာတွေ အရိုက်ခံရတဲ့အခါ အဲဒီလိုကလေးမလေးတွေ ပြုံးလေ့ရှိတဲ့ အပြုံးမျိုး…၊ ကိုယ့်ကိုချိန်ထားတဲ့ ကင်မရာကြီးရှေ့မှာ ပြုံးတာတော့ ကြိုးစားပြုံးတာပဲ၊ ဒါပေမယ့် ရှက်ရွံ့ဟန်လေးစွက်နေတဲ့ အပြုံးမျိုး…၊း)


ခပ်လှမ်းလှမ်းမှာ ချကျွေးထားတဲ့ ငှက်ပျောသီးတွေကို ချောင်းနေတဲ့ ဒီငှက်ကလေးရဲ့ ဖျတ်လတ်နိုးကြားမှုနဲ့ ပတ်ဝန်းကျင်အပေါ် သတိနဲ့ နေပုံကို သဘောကျမိတယ်၊ သူ့ခြေထောက်က ကိုယ်ပိုင်နံပါတ်ကွင်း ကလေးသာမပါရင် ဓာတ်ပုံက ပိုပြီးသဘာဝ ကျမှာပါ၊


“ အချစ် ဆိုသည်မှာ ”…၊


♫♫♪ အဆွေးဆုံးအတွေးများ ငါခံစား မင်းသိမှာပါ xxxxx ငါလေ တယောက်ထဲ အထီးကျန်… ♪♪♫


အောက်ချင်း၊ ကြက်တူရွေး၊ ကတ္တဝါ စတဲ့ငှက်တွေနဲ့ပြတဲ့ High Flyers Show နဲ့ စွန်၊ သိမ်း၊ ဇီးကွက် စတဲ့အသားစား ငှက်တွေနဲ့ပြတဲ့ Kings of the Skies Show နှစ်ခုကိုလည်း ကြည့်ဖြစ်ခဲ့ပါတယ်…၊


ပင်နီဆူလာကတော့ မရောက်လို့ ဘယ်ဖြစ်မလဲ…၊ လူတွေ သိပ်မများသေးတဲ့ ပင်နီဆူလာရဲ့ မနက်ခင်းတွေဟာ တမျိုးလေး နှစ်လိုဖွယ်ကောင်းတယ်၊


ဘယ်သူနဲ့မှ ချိန်းထားတာမရှိတဲ့အတွက် ပင်နီဆူလာရဲ့ အထပ်တိုင်းကိုတက်ပြီး ဆိုင်ခန်းအားလုံးကို ကျနော် အေးအေးလူလူ လျှောက်ကြည့်ဖြစ်ပါတယ်၊ တနေရာမှာတော့ ဟောဒီဆံပင်ညှပ်ဆိုင်ကို သဘောကျလို့ ရပ်ကြည့်နေမိတယ်၊ ဒီကျွန်းကလေးပေါ်က မြန်မာတွေအတွက် ဝန်ဆောင်မှုကတော့ ဆံပင်ညှပ်ဆိုင်ကအစ ရှိတာကိုး…၊ ဆံပင်ညှပ်ဆိုင်မှ မြန်မာလိုတောင် မဟုတ်ဘူး၊ မွန်လိုကော ရှမ်းလိုကော တွေ့မိတယ်၊ ဆံပင်ညှပ်ဆိုင်ရှေ့မှာ ခြေသည်းထိုင်ညှပ်နေတဲ့ အမကြီးက သူ့ဆိုင်ကိုရပ်ကြည့်နေတဲ့ ကျနော့်ကို ဆံပင်ညှပ်မယ့်သူလို့ ထင်သွားလား မသိဘူး၊ “ဘယ်လိုပုံစံ ညှပ်ချင်လဲ မောင်လေး၊ ဒီဇိုင်းမျိုးစုံ ရှိတယ်၊ လာလေ…” လို့ လှမ်းခေါ်တယ်၊ ကျနော်ကလည်း “ဆံပင်တော့ မညှပ်တော့ပါဘူး အမရယ်၊ ဖြစ်နိုင်ရင် အမရဲ့ဆိုင်ကို အမှတ်တရ ဓာတ်ပုံတပုံလောက်ပဲ ရိုက်ချင်တာပါ၊ ရမလားခင်ဗျ” လို့ မေးပြီး ဟောဒီပုံလေးကို ရိုက်ခဲ့လိုက်တယ်…၊


ပင်နီဆူလာမှာ ဟိုတခေါက်လာကတည်းက သတိထားမိပြီး သဘောကျနေခဲ့တာ တခုရှိတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ စက်လှေကားတွေမှာ ကပ်ထားတဲ့ ဟောဒီစာတန်းပါ၊ ကျေးဇူးပြု၍ ဘေးကပ်ရပ်ပါ-တဲ့၊ ကြည့်တော့ သူ့စက်လှေကားကဖြင့် ကျဉ်းကျဉ်းလေးရယ်…၊ တယောက်နဲ့တယောက် အလွယ်တကူ ကျော်တက်လို့ရမှာ ကျနေတာပဲ၊ ကျနော်လိုက်ကြည့်မိသလောက်လည်း ဘယ်သူမှ လှေကားပေါ်မှာ ဘေးကနေ အတင်းဖြတ်မတက်ကြပါဘူး၊ တယောက်ပဲရပ်စီးလို့ရတဲ့ စက်လှေကားမှာ အားလုံးလိုလိုကလည်း တယောက်စီပဲ ရပ်စီးကြတာပါပဲ၊း) ဒါမှမဟုတ် စက်လှေကားထိပ်မှာ ပိတ်မရပ်ပါနဲ့ လို့များ ပြောချင်သလားပဲ၊ စက်လှေကားပေါ်မှာ ကပ်ထားတာဖြစ်တဲ့အတွက် ကျနော်ကတော့ စက်လှေကားစီးရင် ဘေးကပ်ရပ်ဖို့ ပြောတာလို့ပဲ နားလည်မိတာပါပဲ…၊ (တကယ့်အမှန်ကတော့ စက်လှေကားစီးရင် ဘေးအစွန်းနား သိပ်မကပ်ပါနဲ့လို့ သတိပေးထားတာပါ…)းD


ပင်နီဆူလာရဲ့ ဝင်ပေါက်ညာဖက်မှာ Fujifilm ဆိုတဲ့ ဓာတ်ပုံဆိုင်တဆိုင် ရှိပါတယ်၊ ဆိုင်ရှေ့ ကျနော်ဖြတ်တော့ “ဘာလိုချင်လဲ၊ ဘာရှာလဲ၊ ကြည့်ပါ” လို့ ဝန်ထမ်းတယောက်က လှမ်းခေါ်တယ်၊ ကျနော်က လှည့်တောင်မကြည့်ပါဘူး၊ ဒါပေမယ့် နောက်တခေါက် ဖြတ်ချိန်မှာ ပုံထဲက ဟောဒီချာတိတ်က ပုခုံးမှာလွယ်ထားတဲ့ ကျနော့်ကင်မရာကို ငုံ့ကြည့်ပြီး “ဘာမှန်ဘီလူး တပ်ထားတာလဲ” လို့ စိတ်ဝင်တစားနဲ့ မေးတယ်၊ ကျနော်က 16-35 mm လို့ ဖြေလိုက်တော့ “ဟား...ကောင်းတာပေါ့၊ Version 2 ထင်တယ်နော်” ဆိုပြီး စကားဆက်တယ်၊ ကျနော်က “ဟုတ်တယ်၊ Version 2” ဆိုပြီး စကားထောက်ပေးလိုက်တော့ “16-35 mm ကို ဘယ်လိုကင်မရာမျိုးမှာ တပ်သုံးနေပါလိမ့်” ဆိုပြီး ဆက်လာပြန်တယ်၊ အဲဒီလို သူတခွန်း၊ ကိုယ်တခွန်းနဲ့ ပြောနေလိုက်တာ သတိထားမိချိန်ကျတော့ ကျနော်က သူ့ဆိုင်ထဲကို ရောက်ပြီးသား ဖြစ်နေရော…၊ ဒီလူငယ်လေးက သူဈေးရောင်းချင်တာကို ရှေ့တန်းမတင်ဘဲ ကျနော်နဲ့ ဓာတ်ပုံအကြောင်း၊ ကင်မရာပစ္စည်းတွေအကြောင်း အတော်ကြာကြာ ပြောပြီးမှ ကျနော်ဘာလိုအပ်နေလဲ ဆိုတာကို သိအောင်လုပ်ယူခဲ့တယ်၊ ကျနော်က “မင်း အတော့်ကို ပါးနပ်တဲ့ကောင်ပဲ၊ မကြာခင် ဆိုင်မန်နေဂျာ ဖြစ်လိမ့်မယ်ထင်တယ်” လို့ ပြောလိုက်တော့ ရှက်ကိုးရှက်ကန်းနဲ့ သူ မနေတတ်ဘူး ဖြစ်သွားတယ်၊ သူ့ရဲ့ ဈေးရောင်းနည်းကို သဘောကျသွားလို့ ကျနော်လည်းသူ့ဆိုင်ကနေ မှန်ဘီလူး filter တွေ၊ LCD ဖုံးတဲ့ film တွေ ဝယ်ဖြစ်သွားတယ်၊ သူ့နာမည်က Kelbim လို့ခေါ်ပါတယ်၊ မလေးရှားကနေ အလုပ် လာလုပ်တာ၊ ပင်နီဆူလာနဲ့ မနီးမဝေးမှာ အခန်းလေးတခန်း ယူထားပြီး စနေ၊ တနင်္ဂနွေကျမှ မလေးကို ပြန်တယ်၊ အသက် ၂၅ နှစ်မှာ အလုပ်တော်တော်များများ လုပ်ဖူးနေခဲ့ပြီ၊ အားလပ်ရက်တွေမှာ စင်္ကာပူနဲ့ယှဉ်ရင် ဈေးသက်သာတဲ့ ဖူးခက်ကို သွားလည်ရတာ သဘောကျတဲ့ မလေးလူငယ်လေးက ကျနော်ထွက်လာချိန်မှာတော့ ခြင်္သေ့ကျွန်းကလေးရဲ့ လူနေမှုစရိတ် မြင့်မားတဲ့အကြောင်း ညည်းတွားပြီး ကျန်ခဲ့လေရဲ့…၊


“အင်းလေး” မှာ စားဖြစ်ခဲ့တဲ့ ချဉ်ပေါင်ကြော် တခွက်…၊ ချဉ်ပေါင်ဟာ ဘယ်အချိန်ပြန်တွေ့တွေ့ ချဉ်ပြုံးချဉ်ပြုံးနဲ့ အရင်တုန်းကလို အရသာရှိဆဲ…၊း)


ရတနာဂီရိမှာ အိမ်နိမ့်စံဘဝနဲ့ ဖြတ်သန်းနေရတုန်း ကြိုက်လွန်းလို့ သွေးပေါင်တွေတက်တဲ့အထိ သီပေါမင်း ခဏခဏစားခဲ့လေ့ရှိတဲ့ ဟင်းတခွက်ကို ရတနာဂီရိရဲ့ ဟိုးအရှေ့တောင်ဖက်ယွန်းယွန်းဆီက ကျွန်းပိစိကလေးပေါ်မှာ ကျနော်လည်း စားခဲ့တယ်…၊


ခြင်္သေ့ကျွန်းကလေးကတော့ လွန်ခဲ့တဲ့တနှစ်က အတိုင်း မပြောင်းမလဲပါပဲ၊ ပူပြင်းတဲ့ နေရောင်အောက်မှာ မလှုပ်မယှက်ရပ်နေကြတဲ့ မိုးမျှော်တိုက်တာတွေ အစီအရီနဲ့…၊ ထို့အတူပဲ အဲဒီတိုက်တာတွေကြားမှာ ကျင်လည်နေထိုင်ကြတဲ့ ချစ်ခင်ရသော မိတ်ဆွေတွေကလည်း အရင်အတိုင်း မပြောင်းမလဲပါပဲ၊ ကျနော်သိကျွမ်းဖူးတဲ့ လူအရေအတွက် နည်းသွားတာကလွဲရင် ခင်မင်ဖော်ရွေမှုကတော့ တကယ့်ကိုပဲ အရင်အတိုင်း တည်တံ့ခိုင်မာစွာ ထုနဲ့ထည်နဲ့ ရှိနေဆဲ…၊ အဲဒါကြောင့်လည်း ကျယ်ပြောပါတယ်ဆိုတဲ့ နေရာတွေအများကြီးကို ကျော်ပြီး ဟောဒီကျွန်းသေးသေးလေးဆီကိုပဲ ကျနော် ဒုတိယမ္ပိ ထပ်ရောက်ဖြစ်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူးလေ…။ ။


ညီလင်းသစ်
၂၅ ဇွန်၊ ၂၀၁၄

16 June 2014

လူကျွံဘော...


ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ စပြီဆိုရင်ပဲ လူကျွံဘောနဲ့ ပတ်သက်တဲ့ အငြင်းပွားစရာတွေက တပါတည်း တွေ့လာရတော့တာ ပါပဲ၊ လူကျွံဘောဆိုတာက ထိထိမိမိသာ အသုံးချတတ်မယ်ဆိုရင် ကိုယ့်အသင်းရဲ့ ဂိုးပေါက်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်၊ အများအားဖြင့် အလယ်တန်း၊ ဒါမှမဟုတ် တောင်ပံကနေ အဝေးကန်ဘောတွေ ဖြတ်တင်ပေးတဲ့အခါမှာ လူကျွံဘော ဖမ်းကစားတတ်ကြတယ်၊ အထူးသဖြင့် လျင်မြန်ပြီး အပြေးသန်တဲ့ ရှေ့တန်းတိုက်စစ်မှူးတွေကို ဟန့်တားရာမှာ လူကျွံဘောက အတော်လေးအသုံးတည့် ပါတယ်၊

မြန်မာ့ဘော်လုံးလောကမှာ တခေတ်တခါတုန်းကတော့ လူကျွံဘော ဖမ်းကစားတာကို အရည်အချင်းတရပ်လို့ မမြင်ကြပါဘူး၊ ပွဲတပွဲမှာ နောက်တန်းလူတွေ နှစ်ခါသုံးခါလောက် လူကျွံဘော ဖမ်းကစားလိုက်တာနဲ့ “အာ… ဒီကောင်တွေတော့ လုပ်လာပြီ၊ ဟိုဖက်တိုက်စစ်မှူးကို မလှုပ်နိုင်အောင် ကပ်ကစားမယ်၊ မလိမ်မခေါက်နိုင်အောင် ပိတ်ကစားမယ်ဆိုတာ မရှိဘူး၊ ထစ်ကနဲရှိ လူကျွံဘော ဖမ်းဖို့ပဲ သိတယ်၊” စသဖြင့် ပြောတတ်ကြပါတယ်၊ ဘော်လုံးကိုယူဖို့ အင်နဲ့အားနဲ့ ပြေးထွက်လာတဲ့ တိုက်စစ်မှူးက စည်းကြပ်ဒိုင်ရဲ့ အလံနဲ့အတူ ကွင်းလယ်ဒိုင်ရဲ့ ခရာမှုတ်သံအောက်မှာ ဆန့်ငင်ဆန့်ငင်နဲ့ ရပ်လိုက်ရတော့ ပွဲကြည့်ပရိတ်သတ်အနေနဲ့ မချင့်မရဲ ဖြစ်တာလည်း ပါမှာပေါ့လေ၊ ဘယ်လိုပဲဖြစ်ဖြစ် လူကျွံဘောဖမ်းဖို့ ဆိုတာ နောက်တန်းလူတွေက တတန်းထဲရပ်ပြီး တညီတညာထဲ တက်နိုင်ဆုတ်နိုင်မှ ရတာပါ၊ အဲဒီထဲမှာ တစ်ယောက်လောက်ရဲ့ ခြေထောက်ဖြစ်ဖြစ်၊ ပုခုံးဖြစ်ဖြစ်က ကျွံထွက်ပြီး ကျန်ခဲ့လို့ကတော့ ပြီးပြီပဲ၊ လူကျွံဘော အထမမြောက်တော့ဘဲ ဟိုဖက်တိုက်စစ်မှူးအတွက် အဆီးအတားမရှိ ဂိုးသမားနဲ့ တယောက်ချင်းကန်သွင်းဖို့ အခွင့်ရသွားလိမ့်မယ်၊ ကျနော်ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ မြန်မာအသင်းတွေရဲ့ လူကျွံဘောတွေမှာတော့ တဖက်အသင်းရဲ့ တိုက်စစ်မှူးက သိသိသာသာကြီး ကျွံထွက်နေတာမျိုးတွေ အတွေ့ရများပေမယ့် ဒီဖက်ခေတ် ပွဲတွေမှာတော့ တကယ့်ကို မဆိုစလောက်ကလေး၊ ပုခုံးစွန်းလေးဖြစ်ဖြစ်၊ လက်ဖမိုးလေးဖြစ်ဖြစ်လောက်ပဲ ကျွံနေကြတာ တွေ့ရတယ်၊ စင်တီမီတာ စကေးလ်လောက်ပဲ ရှိလိမ့်မယ်…၊

အခြားသော အရာများစွာလိုပဲ ဘော်လုံးရဲ့ အရွေ့နဲ့ ကစားကြပုံတွေက ပြောင်းလဲလာတော့ လူကျွံဘောဖြစ်တယ်၊ မဖြစ်ဘူးဆိုတဲ့ အချက်ကလည်း မကြာခဏဆိုသလို အငြင်းပွားစရာ ဖြစ်လာရတယ်၊ လူကျွံဘော ဖြစ်မဖြစ်ကို ကြည့်ပေးရတဲ့ စည်းကြပ်ဒိုင်အတွက် အထောက်အကူဖြစ်အောင် ဘော်လုံးကွင်း မြက်ခင်းကို အစင်းကျားရိတ်ပေးတာမျိုး၊ နည်းပညာကို အသုံးချပြီး ကင်မရာတွေနဲ့ ပြန်ကြည့်တာမျိုး စတာတွေ လုပ်ပေမယ့်လည်း ပွဲကစားနေတုန်း စက္ကန့်ပိုင်းအတွင်းမှာ ဆုံးဖြတ်ရတာမို့ အမှားအယွင်းတွေကတော့ ဆက်ပြီးရှိနေဦးမှာ ပါပဲ၊

ကမ္ဘာ့ဖလားပွဲနဲ့ တိုက်ဆိုင်စွာပဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာလည်း လူကျွံဘောတွေ အများကြီးတွေ့နေရတယ်၊ ဒီလို နိုင်ငံရေး လူကျွံဘောဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး၊ ဆယ်စုနှစ်တွေ အများကြီးချီပြီးတော့ကို အမြစ်တွယ်နေတဲ့ ဓလေ့လိုဖြစ်နေပြီ၊ ဒါပေမယ့် ကျွံပုံကျွံနည်းတော့ ကွာလာတယ်၊ ဟိုးအရင်တုန်းကတော့ ကျွံတာက သိသိသာသာကြီး ကျွံတာမျိုး၊ တယောက်ထဲ ကျွံတာတင်မကဘဲ အုပ်စုလိုက်၊ အသင်းလိုက်အဖွဲ့လိုက်ကို အတုံးလိုက်၊ အတစ်လိုက်ကြီး ကျွံနေကြတာ…၊ ပြောရရင် လူပြိန်းကျွံနည်းပေါ့…၊ ရွာဘော်လုံးပွဲမှာ ဝင်ကစားတဲ့ လူမိုက်လို “ဟေ့.. ငါလူကျွံတယ်၊ ဘယ်ကောင် ဘာပြောချင်လဲ” ဆိုတဲ့ ပုံစံမျိုး…၊ ဒီဖက်ခေတ်မှာကျတော့ ကစားပုံတွေက ပိုပြီးရှုပ်ထွေးလာသလို စင်တီမီတာသာသာလောက်ပဲ ကျွံတာမျိုးတွေနဲ့ ဆက်ရွေ့လာတယ်၊ တချို့လူကျွံဘောတွေဆို တကယ့်ကို ပါးပါးလေးတွေ…၊ ကျွံလို့ကျွံနေမှန်း မသိလိုက်ဘဲ ဂိုးပေးလိုက်ရတဲ့ အဖြစ်တွေ အများကြီးရှိပါတယ်၊ မြန်ဆန်ပြီး အကွက်စိပ်တဲ့ မြန်မာ့နိုင်ငံရေး တိုက်စစ်တွေကြားမှာ ဘယ်ဟာကလူကျွံဘော ဖြစ်တယ်၊ ဘယ်ဟာကတော့ ဖြစ်မှန်းမသိအောင် ဖောက်ထွက်ဖို့ ကြိုးစားနေတယ်ဆိုတာ သေသေချာချာကို မျက်ခြေမပြတ် ကြည့်ထားနိုင်မှ သိမှာပါ၊ မဟုတ်ရင်တော့ ပွဲပြီးသွားမှ သိလိုက်ရတဲ့အခါ မချိတင်ကဲ ဖြစ်ကျန်ခဲ့ရုံကလွဲလို့ ပြင်ဖို့ဆိုတာကတော့ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး…။ ။


ညီလင်းသစ်
၁၆ ဇွန်၊ ၂၀၁၄