31 October 2007

ပဉ္စလက်မြား

“ အပိုမပြောစမ်းပါနဲ့ ” တဲ့၊
အဲဒါ
ငါ့နှလုံးသားရဲ့ဗဟိုချက်ကို
ထုတ်ချင်းခတ်သွားတဲ့
ကောင်မလေးရဲ့ မြားတစ်စင်းပေါ့ ။

စောင့်ခဲ့ဖူးတယ်...
အဲဒီနှုတ်ခမ်း အဖူးအငုံလေးဆီက
ပွင့်ကျလာတဲ့စကားတွေ
ရနံ့တွေ စိုလက်လို့
တစ်ပွင့်မကျန်
ငါ, ကောက်သိမ်းခဲ့တယ်၊
ဟောဒီ ရင်ဘတ်ကြီးတခုလုံး
လေးလံ, ပိကျလာတဲ့အထိလေ ။

ကောင်မလေးရေ...
တကယ်တော့ ငါဟာ
အပိုမပြောမိအောင်
ကိုယ့်ကိုယ်ကို
မီးပေါင်လျှော့ထားရတဲ့
စက်ခေါင်းတစ်ခုပါ၊
ဘူတာစဉ် ဆုံးတဲ့အထိတော့
ငါ့ကို စီးသွားလှည့်ပါကွယ် ။ ။

ညီလင်းသစ်
၃၀ မေ ၂၀၀၇

1 comment:

Anonymous said...

ကွန့်မက်တွေပေးတဲ့သူတွေကိုပါတခုတ်တရရှိတဲ့အတွက်ကျေးဇူးပါ.စာတော့ဖတ်ဖြစ်ပါတယ် အခုတလောကော့မန့်မရေးဖြစ်ဖူးဖြစ်နေတယ်.
ညီ