06 November 2007

ကျေးဇူးစကား...


ကျနော့်ဘလော့ဂ်လေးတော့တဖြည်းဖြည်းနဲ့အသက်ဝင်လာပါပြီ၊ လိုအပ်တာတွေအများကြီး ရှိနေ သေးပေမယ့် ပို့စ်လေးတွေ စ,တင်လို့ရပြီပေါ့၊ ဘယ်လိုပီတိဖြစ်ရတယ်ဆိုတာပြောမပြတတ်အောင် ပါပဲ၊


စ, လုပ်ခါစတုန်းက... ကျနော်လည်းအများသူငါလို စမ်းတဝါးဝါးနဲ့ပါပဲ၊ အချိန်ပေးပြီးလေ့လာ, အချိန်ယူပြီး တဆင့်ချင်းလုပ်လာခဲ့ပါတယ်၊ IT နဲ့သိပ်မယဉ်ပါးတဲ့ကျနော့်လို လူတစ်ယောက်ကို အခုလိုမြန်မာဘလောဂ့်တစ်ခုလုပ်တတ်လာအောင် အစ,စ အရာရာကူညီခဲ့တဲ့လူတွေရှိပါတယ်၊ သူတို့တွေကတော့...... မန္တလေးသားကြီးကိုမောင်လှ, ရန်ကုန်သားလေးကိုညီလင်းဆက်, Saturngod, ကိုရန်အောင်, ကိုချမ်းမြစိုး အစရှိသူတို့ပါပဲ၊


သူတို့တွေရဲ့အကူအညီသာမပါရင် ဒီဘလောဂ့်လေးဟာ ရှိနေစရာအကြာင်းမရှိပါဘူး၊ သူတို့တွေရဲ့ ကိုယ်ပိုင်အချိန်တွေကိုပေးပြီး စိတ်ဝင်စားသူတွေလုပ်တတ်လာအောင် သေသေချာချာ အချိန်ယူ ရှင်းပြပေးထားတဲ့ စေတနာကိုကျနော် တကယ်လေးစားပါတယ်၊ ဒီလူတွေရဲ့ကျေးဇူးကို ဒီပို့စ်လေးနဲ့အတူ ကျနော်လှိုက်လှိုက်လှဲလှဲ မှတ်တမ်းပြုပါတယ်၊


ကျနော်မသိပေမယ့် ဒီလိုစေတနာရှေ့ထားပြီး ကိုယ့်ရဲ့ပညာကိုဝေမျှတဲ့လူတွေ အများကြီးရှိပါတယ်၊ နည်းပညာနဲ့ပတ်သက်ရင် ဒီလောက်ပိတ်ဆို့ဟန့်တားနေတဲ့ကြားကနေ မရ, ရအောင်ကူညီပေးခဲ့ကြ သူတွေပါ၊


ဒီကြားထဲ ကျနော်က (၂) ခါမှားလိုက်သေးတယ်၊ ပထမတစ်ခါက Setting တွေပြင်ရင်းနဲ့ဖြစ်တာ... ဘလောဂ့်လေးအကောင်အထည်ပေါ်လာလို့ ဝမ်းသာခါစရှိသေး, (၂) ရက်အကြာမှာပျက်သွားရော၊ ပျက်တာမှ စာမျက်နှာပေါ်မှာဘာမှမကျန်အောင်ကို ပျက်သွားတာ၊ နဲနဲတော့လေသွားတယ်၊ ဘယ်တတ်နိုင်မလဲ... တစ် ကပြန်စပေါ့၊


နောက်တစ်ခါက တပတ်အကြာမှာဖြစ်တာ... Template ထဲမှာ Coding တွေပြင်ရင်းနဲ့ ဘာက ဘယ်လိုဖြစ်သွားတယ်မသိပါဘူး, Error message တွေတက်လာပါလေရော၊ ဒါပေမယ့် ဒီတစ်ခေါက်တော့ နဲနဲ လည်သွားပြီ၊ စောစောစီးစီး Back-up ကူးထားလိုက်တော့ သိပ်မဆုံးရှုံး တော့ဘူး၊


ဘာပဲဖြစ်ဖြစ်ပါ.....ကျနော့်ရဲ့ဘလောဂ့်လေးဟာ အိမ်ကလေးတစ်လုံးလို့ ဆိုကြပါစို့၊ လောလောဆယ် အမိုး, အကာ နဲ့ အခင်းကတော့ ပြီးသွားပါပြီ၊ အထဲမှာ အခန်းတွေ ကာဖို့ရှိသေးတယ်၊ ပရိဘောဂ တွေလိုသေးတယ်၊ ပန်းချီကားတွေ, ခန်းဆီးတွေ, အိုးခွက်တွေ လိုသေးတယ်၊ အပြင်မှာ ပန်းပင် တွေ, ခြံစည်းရိုးတွေ, ဝင်းတံခါးတွေလိုသေးတယ်၊ ဒါတွေကို တဖြည်းဖြည်းတော့ ဖြည့်သွားရမှာပါပဲ၊


အဲဒီအိမ်လေးဟာ ဘာခမ်းနားမှုမှ မရှိပေမယ့် လာလည်မယ်ဆို လည်လို့ရနေပါပြီ၊ ဒီလိုအနေ အထားလေးမှာကိုပဲ လာလည်သွားတဲ့ ဧည့်သည်တွေရှိပါတယ်၊ သူတို့အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရင်းနဲ့ နောက်လဲလာလည်ဖို့ ဖိတ်ခေါ်ပါရစေ။


အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ။ ။
ညီလင်းသစ်
၆ နိုဝင်ဘာ၊ ၂၀၀၇

7 comments:

Anonymous said...

လာလည်ပါမယ်..နောင်လည်းလာပါ့မယ်...အခုဆိုရင် ကိုညီလင်းရဲ့ ဘလောခ့်လေးက လာလည်တဲ့လူတွေနဲ့ စည်လို့ ...... ပိုစ့်တိုင်းမှာ အရေးအသားတော်တော်ညက်တာတွေ့ရတယ်...quality ကိုဦးစားပေးထားတယ်ဆိုတာပေါ်နေတယ်... အားပေးပါ့မယ်....:)

လပြည့်ရိပ်

ညီလင်းသစ် said...

လပြည့်ရေ ...
ဒီကျေးဇူးစကားလေး ရေးခဲ့တာ ၃ နှစ်ကျော်ကျော် ကြာပြီးပေမယ့် အခုလို ကွန်မန့်လေးရေးထားတာ တွေ့ရတော့ ဝမ်းသာမိတယ်၊ မကြာခဏ လာလည်နေ တာ သိရလို့လည်း ကျေးဇူးတင်ပါတယ်ဗျာ...။

မောင်မျိုး said...

ဘလော့စရေးချင်းချင်းဆို အလွဲလေးတွေ ခပ်များများ ကော့မန့်တွေတက်လားကြည့်ရတာနဲ့ ဘလော့ကို ဟိုပြင် ဒီပြင်နဲ့ အလုပ်ကိုရှုပ်နေတာပဲး)

စစချင်း ဘလော့က ရည်းစားစထားတဲ့ ကောင်လေးနဲ့တူပြီး

နည်းနည်းကြာသွားရင်တော့ လူပျိုကြီးနဲ့တူတယ် သူက အားလုံးကိုပဲသိနေသလိုလိုနဲ့ အထာလေး ဘာလေးနဲ့ပေါ့

Anonymous said...

Whenever u can't post new one,i stir ur whole blog :D
Gyidaw

Adora etc. said...

ကိုညီလင်း ရဲ့ posts အဟောင်းတွေပြန်ဖတ်ရင်း ခုမှ လုပ်ဖို့သတိရတယ်။ကျေးဇူး

ရွှေအိမ်စည် said...

ညီမလေး ဘလော့ဂ်ကို စဖွင့်တာက သူရဿဝါဆိုတဲ့သူငယ်ချင်းတစ်ယောက်ဖွင့်ပေးတာ..။
သူက အကုန် နေရာချ...စာတင်မယ်ဆို..ဒါလေး ကလစ်လို့ သင်သွားတယ်..။
အဲ့နောက် ကိုယ့်ဘာသာစ လည်ပတ်တော့ တိုင်ပတ်ပါတော့တယ်..။
ဒါလေး မကြိုက်..ဟိုနေရာလေးပြင်ချင်...စာတွေကို ဘယ်လို စီရမှန်းမသိ..။
နောက်တော့ ဟို ဒီ လျှောက် အကူအညီရယူရင်း သင်ရင်း ခုတော့ နည်းနည်းလူလုံးလှလာတယ်ထင်တာပဲ..။
တကယ် သိသလားဆိုတော့လည်း ခုထိ မသိသေးဘူး အကိုရ :) :)

Yin Nyein said...

ဒီညနေ လာလည်ဖြစ်တာတော့ ကိုညီလင်းသစ်ရဲ့အိမ်လေးပေါ့ အားလုံးနီးပါး ဖတ်ရှုသွားပါတယ်..