09 March 2011

ဝင်ရိုးစွန်းမှာ ပျော်ကြသူများ


(Photo credit: here )

သူတို့ထဲမှာ အသက်ငယ်သူတွေပါသလို အသက်ကြီးသူတွေလည်း ပါသည်၊ အမျိုးသားတွေ ပါသလို အမျိုးသမီးတွေ လည်းပါသည်၊ အိမ်ထောင်ရှင်တွေ ရှိသလို လူပျိုအပျိုတွေလည်း ရှိသည်၊ စိတ်ဓါတ်ပြင်းထန်သူများ ပါသလို နှလုံးသား နူးညံ့သူများလည်း ပါလိမ့်မည်၊ အရာရာကို ပျော်ရွှင်ရယ်မောပစ်လိုက်ဖို့ အမြဲအဆင်သင့် ဖြစ်နေသူများ ရှိနိုင်သလို တိုးတိတ်စွာ ရှက်ရွံ့တတ်သူတို့လည်း ရှိလိမ့်မည်၊ စကားများများ ပြောတတ်သူတို့ ပါသလို နှုတ်နည်းသူများလည်း အသေအချာကို ပါဝင်ပါလိမ့်မည်၊ သူတို့အားလုံးသည် ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာပါ ကွဲပြားကောင်း ကွဲပြား ကြသူများ ဖြစ်ကြသည်၊ သူတို့သည် အဖွဲ့အစည်းတခုခုမှ မဟုတ်ကြ၊ သို့သော် တဦးနှင့်တဦး အပြန်အလှန်၊ နားလည် ဖေးမတတ်သူများ ဖြစ်ကြသည်၊

စင်စစ် သူတို့ထဲမှ အများစုမှာ တစ်ယောက်နှင့်တစ်ယောက် ကောင်းစွာမသိကြ၊ ထိုသို့ မသိကြသလို တစ်ယောက်နှင့်တစ်ယောက် လည်း မမြင်ဖူးကြ၊ မမြင်ဖူးသည်ကို အသာထားလို့ အချို့မှာ နာမည်အရင်းကိုပင် မသိကြပေ၊ အကြောင်းမှာ သူတို့အားလုံး တကွဲတပြားစီ နေထိုင်ကြပြီး နေရာ အသီးသီးကလည်း ကွာလှမ်းသောကြောင့် ဖြစ်ပါသည်၊

သို့သော် သူတို့အားလုံးမှာ တူညီကြသည့် အချက်တစ်ချက်တော့ ရှိသည်၊ မည်သူတဦးတယောက်၏ တိုက်တွန်းချက်မှ မပါဘဲ ၄င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှု သက်သက်ဖြင့်သာ ပြုလုပ်ကြသည့် အလုပ်ဟုမမည်၊ တာဝန်ဟု မဆိုနိုင်သည့် ဆောင်ရွက်မှုတစ်ခု ဖြစ်သည်၊ ယင်းမှာ အခြားတော့ဖြင့်မဟုတ်၊ ကွန်ပြူတာတစ်လုံးရှေ့ထိုင်ကာ ကီးဘုတ်ပေါ် တချောက်ချောက် နှိပ်တတ်ကြခြင်းပင် ဖြစ်ပါသည်၊

ဟုတ်သည်၊ ထိုသူတို့အားလုံးသည် ကွန်ယက်များ ထွန်းကား၊ ပေါကြွယ်လှသော ၂၁ ရာစုထဲ၌ ကွန်ယက်တစ်ခု အတွင်း အပြန်အလှန် ချိတ်ဆက်၊ ယှက်နွယ် မိနေကြသူများ ဖြစ်ကြသည်၊ ကိုယ့်သဘောနှင့်ကိုယ် အငြိခံနေကြသော ထိုကွန်ယက်အတွင်း ၄င်းတို့ ပြောချင်သည်များကို လွတ်လပ်စွာ ဖွင့်ဟ၊ လွှင့်တင်လေ့ ရှိကြသည်၊ ဝေမျှချင်သည်များကို စေတနာ ဗရပွဖြင့် ဝေမျှကြသည်၊ နှစ်သက်ရာ သီချင်းများ၊ ဓါတ်ပုံများကို တင်ပြ၊ ခံစားလေ့ ရှိကြသည်၊ ထိုသို့သော အရာများကို လုပ်ဆောင်ရန်အတွက် သူတို့အားလုံးတွင် ကိုယ်ပိုင်စာမျက်နှာ တစ်ခုတော့ အသီးသီး ရှိကြသည်၊ ထိန်းချုပ်၊ ကွပ်ကဲမှု လုံးဝမရှိသလောက် နီးပါးလွတ်လပ်သည့် အဆိုပါ ကွန်ယက်၏ စာမျက်နှာများတွင် ၄င်းတို့ ဘာတွေကို ရေးကြ၊ ပြောကြပါသနည်း...၊

သူတို့ပြောသည့် အကြောင်းအရာတွေကတော့ မျိုးစုံပင်ဖြစ်ပါသည်၊ အိမ်မှ ကြွေဘေစင်နှင့် အိမ်သာကို ပုံမှန် မတိုက်ချွတ် မိသဖြင့် ထုံးဓါတ် limescale တွေတက်နေသည့် အကြောင်း ဖြစ်ချင်ဖြစ်မည်၊ ညနေပိုင်း အင်္ကျီနှင့် လုံချည် လဲပြီး ခြံထဲဆင်းသွားသည့်အခါ ခွေးပုကြီး တစ်ကောင် တုံးလုံးကြီးခွေနေတာ မြင်မိသည့် အကြောင်း ဖြစ်ချင်ဖြစ်မည်၊ အဆင်မပြေသော နေ့တစ်နေ့၌ ကျူးလစ်ပန်းအိုးလေးတစ်အိုး လက်ဆောင်ရသည့်အကြောင်း ဖြစ်ချင်ဖြစ်မည်၊ လုပ်ငန်း တာဝန်ဖြင့် တောထဲတောင်ထဲ လျှောက်သွားတုန်းက တစ္ဆေ၊ သရဲတွေနှင့် နပန်းလုံးခဲ့သည့်အကြောင်း ဖြစ်ချင် ဖြစ်မည်၊ ပင်နီစူလာမှာ ဘီးကုပ်တွေ၊ နှုတ်ခမ်းနီတွေ သွား,သွားဝယ်သည့်အကြောင်း ဖြစ်ချင်ဖြစ်မည်၊ လွမ်းမောဖွယ်ရာ စာသင်နှစ်တွေဆီ ပြန်လည် လွမ်းဆွတ်နေတတ်သည့် မဟုတ်မခံ ဆရာမလေးတစ်ယောက် အကြောင်း ဖြစ်ချင်ဖြစ်မည်၊ မင်္ဂလာဆောင် ဓါတ်ပုံတွေကို အပိုင်းလိုက်ခွဲပြီး ပြတာမျိုး ဖြစ်ချင်ဖြစ်မည်၊ အမြဲစိမ်း ဆိုပေမယ့် အမြဲပျောက်နေသူတစ်ယောက်၏ ခရီးသွားဆောင်းပါးတွေ ဖြစ်ချင်ဖြစ်မည်၊ မြင်တာနှင့် မော်နီတာကြီး တစ်ခုလုံး ချက်ချင်း ကောက်ဝါးလိုက်ချင်အောင် အရသာရှိပုံရမည့် ဟင်းဓါတ်ပုံတွေ ဖြစ်ချင်ဖြစ်မည်၊ ကိုယ့်မွေးနေ့ ကိတ်ကို ကိုယ့်ဟာကိုယ် ဓါတ်ပုံရိုက်ပြီး လူတကာကို ဂဏန်းတွက်ခိုင်းတာမျိုးလည်း ဖြစ်ချင် ဖြစ်နိုင်ပါသည်၊ ယခု တင်ပြခဲ့သည်များက အတွေးတဖြတ်၊ စိတ်တမှတ်အတွင်း စဉ်းစားမိသည်တို့သာ ဖြစ်သည်၊ အားလုံးကို ခြုံငုံမိရန် မစွမ်းသာသည် ဖြစ်၍ ကျန်ခဲ့သည်များ ရှိမည်ဖြစ်ပါသည်၊ စင်စစ် ၄င်းတို့ ပြောကြသည့် အကြောင်းအရာများက တစ်ထောင့်တစ်ည ပုံပြင်တွေထက်ပင် သာလွန်များပြားမည်မှာ ယုံမှား သံသယ ဖြစ်စရာပင် မလိုပေ၊

ဘာ့ကြောင့် သူတို့ သည်လိုရေးကြ၊ ပြောကြသနည်းဟု ဤနေရာတွင် စောကြောမိစရာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်၊ ထိုသူတို့ကတော့ ရေးချင်၍ရေးသည်ဟုသာ ဖြေကြလိမ့်မည်ထင်သည်၊ စင်စစ် ဤဖြစ်ရပ်မှာ တောင်တက်သမား တစ်ယောက်အား 'ခင်ဗျား ဘာဖြစ်လို့ တောင်တွေကို လိုက်,လိုက်တက်နေတာလဲ' ဟု မေးသည်နှင့် တူပါသည်၊ ငွေကုန် ကြေးကျလည်းများသော၊ အသက် အန္တရာယ်လည်း နီးသော၊ ပင်ပန်းဆင်းရဲလည်း ခံရသော တောင်တက်ခြင်းအတွက် တောင်တက်သမားတွင် အဖြေ များများစားစား မရှိနိုင်သည့်နည်းတူ ထိုသူတို့ကလည်း ခပ်မဆိတ်ပင် နေကြပါလိမ့်မည်၊

သူတို့ထံတွင် တွေ့ရသည့် စိတ်ဝင်စားစရာ နောက်တချက်မှာ အဆိုပါကွန်ယက်အတွက် အာရုံဝင်စားမှုပင် ဖြစ်သည်၊ လေ့လာဆန်းစစ်သူတို့၏ အဆိုအရ ကွန်ယက်တွင်း 'ငြိ' မိပြီဆိုလျှင် ထိုအကြောင်းက အချိန်တော်တော်များများကို လွှမ်းမိုး သွားတတ်သည်၊ သူတို့ထဲမှ အချို့သည် စားလည်းသည်စိတ်၊ သွားလည်း သည်စိတ် ဖြစ်သည်အထိ စွဲလမ်း၊ ယစ်မူးမိ ကြသည်၊ ဤသို့ဖြင့် ကော်ဖီဆိုင်မှာ စာထိုင်ဖတ်နေခိုက် တဖက်ဝိုင်းမှ ဆဲရေးသံ ကြားသည့်အခါ ဤအကြောင်းကို ကွန်ယက်မှာ ပြောဖို့ ချက်ချင်းစဉ်းစားမိသည်၊ တနင်္ဂနွေမနက်တိုင်း ကျန်းမာရေးအတွက် အပြေးလေ့ကျင့်ရင်း ဥယျာဉ်ကြီးထဲမှ ပန်းကလေးများကို ဓါတ်ပုံရိုက်ပြီး ကွန်ယက်မှာတင်ဖို့ ကြိုးစားမိသည်၊ သူငယ်ချင်းတွေနှင့် ထမင်းစားသည့်အခါ ဘယ်သူမှ ဘာမျှမထိခင် ဟင်းပန်းကန်တွေကို ကွန်ယက်မှာတင်ဖို့ ဓါတ်ပုံ ရိုက်ချင်မိသည်၊ ထမင်းဟင်း ချက်ပြီးသည့်အခါ မည်သူမျှ မတို့မထိခင် ကွန်ယက်အတွက် ကင်မရာ ပြေးဆွဲမိသည်၊ အလှူအိမ်သွားသွား၊ မင်္ဂလာဆောင်သွားသွား ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ တဝိုင်းလုံးက စားသောက်ဖွယ်ရာတွေကို လှည့်ပတ်ဓါတ်ပုံ ရိုက်မိ ပြန်သည်၊ အစွဲလမ်း လွန်သူအချို့မှာ မိမိ၏ စာမျက်နှာလေး၌ ဘာမှ မတင်နိုင်သည့်အခိုက် အကြီးအကျယ် စိတ်ထိခိုက်ကာ မိမိ သရဲဖြစ်သွားသည်ဟုပင် ထင်မှတ်မှားလျက် ကွန်ယက်တွင်းမှာ အော်တိုဆပ်ဂျက်ရှင်း နည်းဖြင့် လှည့်လည် သွားလာခြောက်လှန့်ဖို့ပင် ကစင့်ကလျားနှင့် ဆောက်တည်ရာမရ ဖြစ်ကြလေသည်၊

သို့သော် အရင်းစစ်ရပါမူ ထိုသူတို့၏ စွဲလမ်း ရူးသွပ်မှုတို့မှာ ဖြူစင်၊ သန့်ရှင်းသည်ဟုပဲ ပြောရမည် ဖြစ်ပါသည်၊ မှန်သည်၊ သူဌေးရူး၊ မင်းသားရူး၊ လင်တရူး၊ မယားတရူး၊ အာဏာရူး စသည့် အရူးများနှင့် စာလျှင် အခြားမည်သူ့ကိုမျှ မထိခိုက်စေသည့် သိမ်မွေ့၊ ညင်သာသော ချစ်စရာ ရူးသွပ်ခြင်းတမျိုးပင် ဖြစ်သည်၊ ထိုကဲ့သို့သော ရူးသွပ်ခြင်းများက ပီတိပေါ်မှာ အခြေခံလေ့ ရှိသည်၊ ခင်မင်ရင်းနှီးမှုပေါ်မှာ အုတ်မြစ်ချလေ့ ရှိ ပါသည်၊ ဆိုရပါမူ ထိုသူတို့ ဖန်တီးလိုက်သော စာတစ်ပုဒ်၊ ဓါတ်ပုံတစ်ပုံ၊ သီချင်းတပိုင်း စသည်တို့သည် ဝင်ရိုးစွန်း ဒေသများတွင် တွေ့ရသော ရေခဲတောင် (iceberg) များနှင့် အလားသဏ္ဍန် တူပါသည်၊ ရေပေါ်တွင် မြင်ရသည့် အပိုင်းအစလေးက သေးငယ်သော်လည်း ထိုအပိုင်း ကလေး ပေါလောပေါ်လာစေရန် ရေအောက်မှ ကြီးမားလှသော ထုထည်အတွက် ပြင်ဆင်ရသည်၊ ရေပေါ်မှ ရေခဲတောင်ထွတ်ကလေး ကွဲအက်၊ ပြတ်ထွက်သွားခြင်း မရှိစေရန် ရေအောက်မှ ထုထည်ကို ခိုင်ခန့်သည်ထက် ခိုင်ခန့်စေရပါသည်၊

သို့သော် ထိုသို့သော ရေခဲတောင်လေးများ မျောပါနေသည်ကို မြင်ရသည့်အခါ ရေအောက်မှ ထုထည်တို့အတွက် အားထုတ်ခဲ့ရမှုများကို သူတို့ မေ့သွားကြသည်၊ အရွယ်အစားစုံ ရေခဲတောင်များ မျောပါနေသည့် ပင်လယ်ပြင်မှာ ရေခဲတောင်လေးများ လိုက်ကြည့်ရတာကိုက သူတို့အတွက် အမောပြေစရာ ဖြစ်သည်၊ သို့နှင့် အများသူငါတို့ ပူနွေးသော ရာသီဥတုမှာ၊ နွေးသမပိုင်း ဒေသမှာ၊ အီကွေတာ ဒေသမှာ အခြားအကြောင်းအရာများဖြင့် အဆင်ပြေပြေ ဇိမ်ကျနေခိုက် ထိုသူတို့ကတော့ ဝင်ရိုးစွန်းဒေသမှာပဲ ရေခဲတောင်တွေကို ဆက်လက်ထုဆစ်ဖို့ ကြိုးပမ်းနေဆဲ ရှိတော့သည်၊ စင်စစ် သူတို့သည် ဝင်ရိုးစွန်းမှာ ပျော်ကြသူများ ဖြစ်ပါသည်...။ ။


ညီလင်းသစ်
၉ မတ်၊ ၂၀၁၁

N.B. ဘလော့ဂိုစဖီးယားအတွင်းက ညီအစ်ကို၊ မောင်နှမတွေကို ချစ်သောစိတ်နဲ့ ဒီပို့စ်ကို ရေးပါတယ်...။ :D

27 comments:

နန္ဒာ said...

ဟိုးးးးး လွန်ခဲ့တဲ့ ၃နှစ်ကျော်ကထဲက ပိုစ့်တိုင်းကို နှစ်ခြိုက်စွာ ဖတ်ဖြစ်ကြောင်းပါ။

ဒီပိုစ့်မှာ ကိုယ့်အကြောင်းမပါသော်လည်း ပြုံးပြုံးလေးနဲ့ ဖတ်သွားပါတယ်ရှင့်။ :))

Mon Petit Avatar said...

ça me fait rire quand j'ai lu de"သူငယ်ချင်းတွေနှင့် ထမင်းစားသည့်အခါ". Merci pour ce post et en même temps, je te remercie de ton amitié.

Iora said...

ဝင်ရိုးစွန်းကိုမသွားခင်စဉ်းစားတယ်။ အချိန်ပေးနိုင်ပါ့မလားလို့ ။ ခုတော့အိပ်ချိန်တွေလည်းဖဲ့ဖဲ့ပေးရလို့  အိပ်ရေးတွေလည်းမ၀။ အိပ်ရေးပျက်ပေမဲ့ ပျော်နေတော့တော်သေးတာပေါ့နော်။ မမြင်ဘူးတဲ့မိတ်ဆွေတွေလည်းတိုးဆိုတော့.... ဆက်ပျော်မိနေဦးမယ်ထင်ပါတယ်။ ကိုယ်လိုလူတွေအများကြီးဆိုပြီးကိုယ့်ကိုကိုယ်လည်းအားပေးရသေးတယ်။ သူများတွေလည်းလျှောက်လည်နေကြတုန်ဆိုပြီး :D
Iora

ကောင်းမွန်ဝင်း said...

ဘလော့ရေးရင်းနဲ့ တစ်ခါမှ မမြင်ဘူးသူနဲ့ သိရတယ်။ ဖုန်းပြောဖြစ်ဖူးတယ်။ အပြင်မှာ ထမင်းအတူစားဖူးတယ်။
ပြန်စဉ်းစားကြည့်ရင် ၀င်ရိုးစွန်းက ရေခဲတောင်တွေကို ကိုယ်တိုင်ကိုယ်တွယ်ထိတွေ့ရသလိုပဲ။
ဒီစနေတနင်္ဂနွေမှာ အဲဒီလိုရေခဲတောင် ၄ခုတွေ့ဘို့တောင်ချိန်းထားသေးတယ်။

ချစ်ကြည်အေး said...

ဟုတ်တယ် ကိုညီလင်းသစ်ရေ ဘလော့ဂ်ရူး ရူးနေတာ၊ ပတ်ဝန်းကျင်အစစ်နဲ့တောင် အဆက်ပြတ်နေပြီ....

အလှူအိမ်သွားသွား၊ မင်္ဂလာဆောင်သွားသွား ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ တဝိုင်းလုံးက စားသောက်ဖွယ်ရာတွေကို လှည့်ပတ်ဓါတ်ပုံ ရိုက်မိ ပြန်သည်၊

ဘုရား ဘုရား.....အဲဒီအတိုင်းပဲ အဲဒီအတိုင်းပဲ၊ ဒီစာထဲမှာ ရေးထားတဲ့ ဘလော့ဂ်ရောဂါတွေက အမမှာလည်း တော်တော်များများ ရှိနေတယ်ဟ...:)

မောင်မျိုး said...

ချစ်စရာ စာစုလေးပဲ ကြည်နူးဖို့ကောင်းတယ် အစ်ကို ကျနော်လည်း ဒီဝင်ရိုးစွန်းမှာ ပျော်နေတာကြာပေါ့ သူနဲ့ဘယ်လောက်ပဲဝေးသွားဝေးသွား သူ့ကိုအမြဲသတိရနေတတ်တယ် ။ မမြင်ဖူး မတွေ့ဖူး ကြပေမယ့် စိတ်ထဲက လေးနက်တဲ့ သံယောဇဉ်တွေဖြစ်မိတာလည်း ကိုယ်တိုင်ကလွဲ ဘယ်သူမှသိနိုင်မယ်မထင်ပါဘူး ။ စာအသစ်ကလေးများ မတက်လာရင် နေမှကောင်းရဲ့လားမသိ အဆင်ကောပြေရဲ့လားမသိ စိတ်ညစ်စရာတွေများရှိနေလားမသိဆိုတဲ့ တွေးပူစိတ်တွေကလည်း ကိုယ့်ပါသာတောင် ကိုယ်မသိလိုက်ပဲ အလိုလိုဝင်ရောက်လာတာမျိုးပါ ။ဘာပဲဖြစ်ဖြစ် ဒီဝန်းကျင်လေးမှာ ကျင်လည်နေရတာပျော်တယ် အပြင်မှာမပြောဖြစ်တဲ့ အကြောင်းရာမျိုးတွေကိုတောင် ဒီနေရာလေးမှာကျ ရင်ဖွင့်ချင်တယ် ငါ့အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းတွေဆီက အကြံညဏ်လေးများ အားပေးစကားလေးများ မျှော်လင့်မိရင်းပေါ့ ။ ဒီနေ့တော့ ဘာလေးရေးရင်ကောင်းမလဲတွေးရင် မြင်မြင်သမျှ အရာတွေကိုလည်း စာပဲရေးချင်နေမိတော့တာပဲဗျို့း)

ကြုံတုန်းပြောအုံးမယ် အစ်ကိုရေ ကိုယ်တွေ့ ၀င်ရိုးစွန်မှာနေကြသူများ အပြင်မှာ တကယ်ဆုံတဲ့အခါကျလည်း အံ့သြဖို့ကောင်းလောက်အောင်စကားတွေက ပြောမကုန် တကယ့်ပဲ ငယ်ပေါင်းကြီးတွေကိုဖြစ်လို့ အပြင်ကသူငယ်ချင်းတစ်ယောက်က ဘလော့ကခင်တဲ့သူကို အပြင်မှာဘာလုပ်ဖို့တွေ့မှာတုန်း သေချာလည်းမသိပဲနဲ့လို့ပြောဖူးတယ် ။ နောက်တော့ သူပါလိုက်လာရင် ပါးစပ်ပိတ်သွားရတဲ့အဖြစ် အစ်ကိုတစ်ယောက်က ကိုယ့်ကိုဆုံးမစကားတွေဆိုရင်း ၀င်ရိုးစွန်းချစ်ခြင်းတွေကို ပြသွားလိုက်တာ ၁ နာရီလောက်ကြာသွားတယ် ။ သူမှတ်ချက်ချလိုက်တာက ဘလော့ဂါ ဆိုတာ တော်တော်စကားများတဲ့ အမျိုးပဲတဲ့း) အပြင်မှာမရနိုင်တဲ့ သူငယ်ချင်းမျိုးတွေ ညီနောင်သံယောဇဉ်တွေကို ဒီနေရာလေးက ရနေတာကိုလည်း ပျော်တယ် ။

နောင်များလည်း ၀င်ရိုးစွန်းမှာ ခပ်ညံ့ညံ့ ရေခဲရုပ်များကို ထုဆစ်နေမိအုံးမှာပါ ။

ပုံ/
ညနေပိုင်း အင်္ကျီနှင့် လုံချည် ၀တ်သူး)

မေဓာဝီ said...

အဟုတ်ပဲ ကိုညီလင်းသစ်ရေ ... ၀င်ရိုးစွန်းမှာ ပျော်ကြတာနော်။ ခုလိုရေးပေးတော့မှ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ရကောင်းမှန်းသိတော့တယ်။
မဟုတ်ရင် ဘလော့ရူးရူးနေတာကို အိမ်ကတချိန်လုံး ပြောစရာဖြစ်လွန်းလို့။
ထစ်ခနဲဆို ဘလော့ပေါ်တင် ကမ္ဘာဖြန့်နေတာတဲ့ ... :)
ဘယ်တတ်နိုင်မလဲနော် ... ၀ါသနာကိုး ...

ပုံ
အိမ်သာနှင့်ဘေစင် ပုံမှန်မတိုက်သူ

rose said...

ကိုညီလင်း ရေးထားတဲ့ ပို့စ်လေးက သိပ် ချစ်ဖို့ ကောင်းတာပဲ။ "ထိုသူတို့ ကတော့ ဝင်ရိုးစွန်း ဒေသမှာပဲ ရေခဲတောင်တွေကို ဆက်လက် ထုဆစ်ဖို့ ကြိုးပမ်း နေဆဲ ရှိတော့သည်၊ စင်စစ် သူတို့သည် ဝင်ရိုးစွန်းမှာ ပျော်ကြသူများ ဖြစ်ပါသည်" ဒီ စာသားလေး အနှစ်သက်ဆုံးပဲ။

ရို့စ် ဘလော့ဂ် စရေးတာ လပိုင်းပဲ ရှိသေးပေမယ့် ကိုယ့်ဆီ လာလည်တဲ့ စာဖတ် ပရိသတ်က သောင်းကျော် ဆိုတော့ အရမ်း ပျော်တာ။ အဲ့လို စာဖတ်သူတွေ လာလည်လို့ ရအောင် ရို့စ် ဘလော့ဂ် လိပ်စာလေးကို ချိတ်ပေးတဲ့ စီနီယာ ဘလော့ဂ်ဂါ အစ်ကို အစ်မတွေကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ပြီးတော့ မနက် မိုးလင်းရင် ကွန်ပြူတာ ဖွင့်ပြီး ကိုယ့် ဘလော့ဂ်လေးမှာ ဘယ်နိုင်ငံက လူတွေ လာလည် သွားလဲ၊ ဘယ်သူတွေ ကွန်မန့် ရေးသွားလဲ၊ စီဘောက်စ်မှာ တစ်ယောက်ယောက် ရေးသွားလား ဆိုတာ ကြည့်ရတာ အမော။ စိတ်ချမ်းသာတယ်။ ကိုယ်က ၀တ္ထု ရေးရ တာလည်း ၀ါသနာ ပါတော့ ရို့စ် အတွက် ၀တ္ထုလေးတွေ ရေးဖို့ နေရာ တစ်နေရာ ရသွားတာပေါ့။
http://redroseofburma.blogspot.com/

လပြည့်ရိပ် said...

အခုလည်း ဒီပိုစ့်လေးနဲ့ ဝန်းရိုးစွန်းက ရေခဲတောင်တစ်ခုက သူ့ဆီလာဖို့ ဆွဲဆောင်နေတာ မဟုတ်လား.. ပြော :P

ကျွန်မဆိုရင် ပထမ တစ်ခေါက်ဝင်လာတယ်.. စာပိုဒ်ကိုအရင်ကြည့်တယ်..မဖတ်သေးဘူးနှော်.. ဟူး.ရှည်တယ်..အလုပ်လုပ်ရမှာမို့..နေ့လည်မှဖတ်မယ်စဉ်းစားတယ်..အောက်ဆုံးကစာကြောင်းကိုဖတ်မိတယ်..အလဲ့ တယ်လဲစွဲဆောင်ပါလား.. နေပါဦးလေ..နောက်မှတခေါက်ပြန်လာမယ်.. စာမျက်နှာပေါ်မှ အမြန်ဆုံးခွာတယ်..အလုပ်ထဲကို အာရုံစိုက်ဖို့စဉ်းစားတယ်..
နောက် နာရီဝက်ကြာသော်..
မနေနိုင်တော့ဘူး.. ဖတ်ချင်လာတယ်..နောက်တခေါက်ပြန်လာမိတယ်.. အစအဆုံးဖတ်တယ်..တချို့နေရာမှ ပြုံးတယ်..ထချို့နေရာမှ စိတ်ထဲမှခေါင်းငြိမ့်တယ်..
နောက်ဆုံးတော့ ဟောဒီက ကွန့်မန့်ပါ ရေးမိသွားတယ်.. အဲဒီရေခဲတောင်က တော်တော်ဆွဲဆောင်တာကိုးနှော်.. ရေမျက်နှာပြင်အောက်ပိုင်းမှာ ထုထည်ကြီးမားပုံရတယ် :D

ညီလင်းသစ် said...

နန္ဒာ ...
ဘယ့်နှယ် ကိုယ့်အကြောင်း မပါရမှာလဲ၊ ဘလော့ဂို စဖီးယားထဲက ညီမတစ်ယောက်ပဲဟာ..၊ ၁၀၀% သက်ဆိုင်ပါတယ်ဗျာ..။ ခင်မင်မှု ထုထည်က ကြီးတာနဲ့အမျှ တခါတလေမှာ အသေးစိတ် အချက်လေးတွေဟာ အရေးမပါလှတော့ပါဘူး..နော၊း)

Mon Petit Avatar ...
En effet, tu as bien relevé la phrase que je voulais te rendre attentive... :)

မ Iora ...
သိပ်သေချာတာပေါ့၊ လည်တာတော့ လည်ကြတုန်းပဲဗျ၊ အိပ်စက်ခြင်းတွေနဲ့ကို လဲလှယ်ပြီးတော့လေ....

မ,ကောင်းမွန်ဝင်း ...
သိပ်ကံကောင်းတာပေါ့၊ ကျနော်တော့ အခုထိ ဘယ်ရေခဲတောင်ကိုမှ မကိုင်တွယ် မထိတွေ့...အဲ..မဆုံဖူးသေးဘူး၊း)

အမချစ်ကြည်အေး ...
ကျနော်တို့တွေတော့ အားလုံး ရောဂါတူပဲ ထင်ပါရဲ့ဗျာ၊ ဒီစိတ်နဲ့သွား၊ ဒီစိတ်နဲ့စား၊ ဒီစိတ်နဲ့ပဲ ရှင်သန်နေမိ...း)

မောင်မျိုး ...
ဟုတ်တယ်ဗျ၊ အမှန်သဘောခင်တဲ့ သံယောဇဉ်တွေကို ပြန်ပြောရင်တောင် ကြားရသူက ဟန်သဘောလို့ ထင်မိမှာ အသေအချာပါ၊ အချင်းချင်းတွေသာ သိကြတဲ့ ကိစ္စမျိုးပဲ ထင်တယ်နော်...၊း) ခင်မင်မှု အုတ်မြစ်ပေါ်မှာ တည်ထားတဲ့ ရေခဲရုပ်တွေကို ချစ်သောမျက်စိနဲ့ ကြည့်တဲ့အခါ ကောင်းတယ်၊ ညံ့တယ်လို့ မမြင်မိပါဘူး ညီရာ...၊ ;-)

မမေဓာဝီ ...
အစစ်ပါပဲဗျာ၊ ဝါသနာကို မတားကြနဲ့ လို့ပဲ ပြောရတော့ မယ်နဲ့ တူပါရဲ့နော်...၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်းလည်း ကမ္ဘာက သိကုန်ကြပြီ...၊း)

ရိုစ့် ...
ဟုတ်ပါတယ်၊ မနေ့က ကိုယ်ထုဆစ်လိုက်တဲ့ ရေခဲတောင်ထွတ်လေးပေါ်မှာ ဒီနေ့ ပင်ဂွင်းတွေ လာလည်တာ တွေ့ရင်၊ ပိုလာဝက်ဝံတွေ တက်လာတာ တွေ့ရင် အင်မတန် ကြည်နူးစရာ ကောင်းတာပေါ့..၊း)

လပြည့်ရိပ် ...
ရေခဲတောင်ကို လာတဲ့နည်းက ကန္တာရထဲက ရွက်ဖျင်တဲထဲကို ကုလားအုတ်ဝင်တဲ့နည်းနဲ့ ခပ်ဆင်ဆင် ပါလား..ဟားဟား၊ ဘာပဲဖြစ်ဖြစ်ပါ၊ ဒီကနေ့ ကမ္ဘာကြီး က ပူနွေးလာပြီး ဝင်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ကြတာဟာ အိုဇုန်းလွှာတွေ ပေါက်နေလို့ ဆိုတာထက် ဝင်ရိုးစွန်းမှာ နေကြသူများရဲ့ အပြန်အလှန် ထားရှိတဲ့ ခင်မင်မှုတွေ နွေးထွေးလွန်းလို့ ပဲလို့ ကျနော်တော့ ယုံကြည်ချင်မိတာပါပဲဗျာ...။ =)

Anonymous said...

ဟုတ်ပါတယ်..
ဝန်ခံပါတယ်.။
ဝန်ရိုးစွန်းမှာ ပျော်ပါတယ်..။
သူငယ်ချင်းတွေနဲ့ အပြင်တူတူသွားရင်တောင်
ဓါတ်ပုံရိုက်ဖို့ မမေ့ပါဘူး.။



ပေါက်

Shinlay said...

ဘလော့ကတဆင့် အတွေ့ အကြုံသစ်တွေ၊ မိတ်ဆွေသစ်တွေ အများကြီး ရလာတာ။
ကျမလည်း ၀န်းရိုးစွန်းမှာပျော်နေပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

လာပြန်ပြီ ၀င်ရိုးစွန်းမှာ ပျော်တဲ့ သူတစ်ယောက်.. မနက်ကတည်းက လာဖတ်ပြီးပြီ။ အပြင်သွားစရာပေါ်လာလို့ ထွက်သွားလိုက်ရတာ
ဖတ်နေရင်းနဲ့ တခိခိရယ်မိသေး
ရေးထားတာတွေက မှန်လွန်းလို့လေ
ခရီးသွားတော့လည်း တစ်လမ်းလုံး တွေ့ကရာ ဓာတ်ပုံရိုက်တော့ သူများတွေက ဘာလုပ်တာလဲတဲ့..
စစ်ဆေးရေးဂိတ်တွေပါ မကျန်ရိုက်တာ ကားသမားတောင် လန့်လာတယ် ဟားဟား
အဲဒီလို အဲဒီလို
ဝင်ရိုးစွန်းပျော်သူအချင်းချင်းမှ ဒီခံစားချက်ကို နားလည်နိုင်မှာလေနော့
သာမာန်လူတွေ ဘယ်သိပါ့မလဲ။ ကိုယ်တွေက သာမန်လူတွေမှ မဟုတ်တာဘဲလေ
ဝင်ရိုးစွန်းမှာ ပျော်ကြသူတွေလေ..း)

ဆောင်း said...

အင်း တနေ့  တနေ့  ဘလော့ မဖတ်ရရင် နေမကောင်းချင် သလိုလို ဟာနေသလိုလို နောက်နေ့  အချိန်လု ဖတ်ရ တယ်။

Anonymous said...

You forgot to mention about blog readers.
"မ ဖတ် ၇င်မနေနိင်တာကလွဲလို."...........:D

Sing like Htun eaindra Bo's song.....

Gyidaw

KK said...

ညီမကတော့ ဘလော့ဖတ်ရင်းနဲ့စွဲသွားပြီး တစ်နေ့တစ်နေ့ ဘလော့တွေလိုက်ဖတ်ပြီး အချိန်တွေ ကုန်လွန်းပေမယ့် မဖြတ်နိုင်ဘူး။ ဘလော့ဂါတွေနဲ့လဲ မသိ ကွန်မန့်လဲ မပေးဖြစ်ဘူး၊ ဒါပေမယ့် အိပ်မက်ထဲအထိတောင် မက်ယူပြီး စိတ်မကောင်းစရာဆိုလဲ စိတ်မကောင်းတွေဖြစ်၊ ဘလော့ပိတ်ပြီး ပြန်တော့မယ်လို့ မ၀ါဝါခိုင်မင်းပြောတုန်းက (၂-၃)ရက်လောက် သူ့ကို အိပ်မက်တွေမက်ယူရော။ အခုစာတွေပိလာတဲ့အချိန်ကျတော့ လျှော့တော့မယ် စိတ်ကူးပေမယ့် အခုအချိန်အထိမရသေးဘူး။ ကိုညီလင်းသစ်ရဲ့ဘလော့ကျတော့ ကိုအင်န်ဒီလိုပဲ စာရေးကောင်းလို့ရယ် သားလေးချစ်ဖို့ကောင်းလွန်းလို့ရယ် အမြဲလာကြည့် နေဖြစ်တယ်။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ချစ်စရာ၊ကြည်နုးစရာဝင်ရိုးစွန်းလေးမို့
ရူးနေရတာပဲ တစ်မျိုးပျော်ရွင်ကြည်နူးစရာဆိုတာ
သိသိလာလေ မစွန့်လွတ်နိုင်လေလေပါပဲ။
ကျေးဇူးပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ညီလင်းသစ် said...

ပေါက် ...
ဝင်ရိုးစွန်းပျော်တဲ့ နောက်တစ်ယောက်ဆိုတာ သေချာထားပြီးသား၊ ဝမ်းသာပါသဗျ...၊း)

မ,ရှင်လေး ...
ဟုတ်ပါတယ်၊ ဘလော့ဂ်ကရတဲ့ ခင်မင်ခြင်းတွေက တကယ်ပဲ အဖိုးတန်ပါတယ်..၊

မချော ...
နေပြည်တော် ဆဖာရီမှာ ခြင်္သေ့မကြောက်ဘဲ ကားပြူတင်းပေါက်က လက်ထုတ်ပြီး ဓါတ်ပုံရိုက်လိုက် ကတည်းက အက်စကီးမိုး တစ်ယောက်ဆိုတာ သိလိုက်ပါပြီဗျာ...ဟားဟား၊

ဆောင်း ...
ဟုတ်ပါရဲ့..၊ နေ့စဉ်မှီဝဲတဲ့ သက်ရှည်ကျန်းမာဆေး တော့ ဖြစ်နေပြီနော်...၊

Gyidaw ...
I didn't forget. The readers are like polar bears who go around on the icegergs. So, it should be a separate post, lol. :D

KK ...
ဟုတ်တယ်ဗျ၊ အင်တာနက်ပေါ်မှာ ဖတ်စရာ ကြည့်စရာတွေ အများကြီး ရှိရဲ့သားနဲ့ ဘလော့ဂ်ဖတ်တာကလည်း တကယ်ပဲ စွဲသွားတတ်တယ်နော်၊

ညီမ Angelhlaing ...
ဟုတ်တယ်ဗျာ၊ ရေးသူရော ဖတ်သူပါ အချိန်တွေ အများကြီး ပေးကြရပေမယ့် ဝါသနာ ပါနေကြတော့ လည်း ပျော်နေကြတာပဲ ထင်ပါရဲ့..။

မေငြိမ်း said...

သို့သော် အရင်းစစ်ရပါမူ ထိုသူတို့၏ စွဲလမ်း ရူးသွပ်မှုတို့မှာ ဖြူစင်၊ သန့်ရှင်းသည်ဟုပဲ ပြောရမည် ဖြစ်ပါသည်၊ မှန်သည်၊ သူဌေးရူး၊ မင်းသားရူး၊ လင်တရူး၊ မယားတရူး၊ အာဏာရူး စသည့် အရူးများနှင့် စာလျှင် အခြားမည်သူ့ကိုမျှ မထိခိုက်စေသည့် သိမ်မွေ့၊ ညင်သာသော ချစ်စရာ ရူးသွပ်ခြင်းတမျိုးပင် ဖြစ်သည်၊ ထိုကဲ့သို့သော ရူးသွပ်ခြင်းများက ပီတိပေါ်မှာ အခြေခံလေ့ ရှိသည်၊ ခင်မင်ရင်းနှီးမှုပေါ်မှာ အုတ်မြစ်ချလေ့ ရှိ ပါသည်၊ ဆိုရပါမူ ထိုသူတို့ ဖန်တီးလိုက်သော စာတစ်ပုဒ်၊ ဓါတ်ပုံတစ်ပုံ၊ သီချင်းတပိုင်း စသည်တို့သည် ဝင်ရိုးစွန်း ဒေသများတွင် တွေ့ရသော ရေခဲတောင် (iceberg) များနှင့် အလားသဏ္ဍန် တူပါသည်၊ ရေပေါ်တွင် မြင်ရသည့် အပိုင်းအစလေးက သေးငယ်သော်လည်း ထိုအပိုင်း ကလေး ပေါလောပေါ်လာစေရန် ရေအောက်မှ ကြီးမားလှသော ထုထည်အတွက် ပြင်ဆင်ရသည်၊ ရေပေါ်မှ ရေခဲတောင်ထွတ်ကလေး ကွဲအက်၊ ပြတ်ထွက်သွားခြင်း မရှိစေရန် ရေအောက်မှ ထုထည်ကို ခိုင်ခန့်သည်ထက် ခိုင်ခန့်စေရပါသည်၊
(ချစ်စရာကောင်းလိုက်တဲ့ မှတ်ချက်လေး...
ပိုချစ်စရာကောင်းတာက "လွမ်းမောဖွယ်ရာ စာသင်နှစ်တွေဆီ ပြန်လည် လွမ်းဆွတ်နေတတ်သည့် မဟုတ်မခံ ဆရာမလေးတစ်ယောက်" က အမဖြစ်ရင်ပေါ့ :P ဒါပေမဲ့ ဆရာမ လေးဆိုတော့ သပ်မနီးစပ်ဘူးရယ်.. ဟိဟိ.. ဒီက ၅၀နားနီးဆိုတော့ :D

Anonymous said...

ဒီပို့စ်လေးကို သဘောကျတယ်...။ ရေခဲတောင်ဆိုပေမယ့် ရင်ထဲမှာနွေးနွေးထွေးထွေးခံစားရတယ်....။ ရေးထားတာတွေကတော့ အမှန်တွေချည်း... ဟဲဟဲ..။

ပုံ/
မပျောက်တော့မည့်သူ (မကြာခင်လို့တော့ ထင်ရပါသည်)

ညီလင်းသစ် said...

အမမေငြိမ်း ...
လတ်ဆတ်နုသစ်တဲ့ မြသီလာ စာသင်နှစ်တွေကို သတိရတိုင်း စိတ်အစဉ်က နုပျိုနေမှာပဲ မဟုတ်လား အမရယ်၊ စိတ်ပျိုတော့ ကိုယ်နုတယ်လို့လည်း ဆိုကြတယ်လေ၊ ဒါဆိုရင် 'ဆရာမလေး' ဆိုတဲ့ စကားလုံးနဲ့ မနီးစပ်စရာအကြောင်း မရှိတော့ပါဘူး...၊း)

မပျောက်တော့မည့်သူ ...
ကျေးဇူးပါဗျာ၊ မကြာခင်လို့ ထင်နေတဲ့ အထင်လေး လည်း မှန်ပါစေလို့...။ :D

Anonymous said...

ဆက်လက်ထုဆစ် ကြိုးပမ်းမယ့် အနုပညာလက်ရာကောင်းလေးတွေကို ဆက်လက်စောင့်မျှော် ဖတ်ရှုအားပေးသွားမည်ဖြစ်ပါကြောင်း
ခင်မင်သောစိတ်ဖြင့် မှတ်ချက်ရေးသွားသည် ။

mie nge

ညီလင်းသစ် said...

မ mie nge ...
ခင်မင်သောစိတ်ဖြင့် ရေးသောမှတ်ချက်ကို ဝမ်းမြောက်သောစိတ်ဖြင့် လက်ခံပါသည်...။း)

rose of sharon said...

အတွေးလေးကောင်းတယ်... ရူးတော့ရူးနေတာပါဘဲ... ဒါပေမဲ့ သူများကို မထိခိုက်ဘဲ ကိုယ့်ဟာကိုယ် ကျေနပ်အောင်နေတတ်တဲ့ ဘလော့ရူးပါ.... :D

ညီလင်းသစ် said...

rose of sharon ...
ဟုတ်တယ်ဗျို့၊ ကျနော်တို့ အားလုံးက ခပ်ယဉ်ယဉ်လေး တွေပဲနော်...။း)

pandora said...

ဝင်ရိုးစွန်းမှာ နှစ်ပေါင်းများစွာ အခြေချနေတဲ့ နှင်းလူကြီးတစ်ကောင်ကလည်း ပျော်ပျော်ရွှင်ရွှင် လာဖတ်သွားပါတယ်။ ရေခဲတောင်တွေထုဆစ်နေခိုက် နှင်းမုန်တိုင်းတွေကြားရုန်းကန်ရင်း ပူနွေးလာတဲ့ ကမ္ဘာကြီးကိုလည်း အံတုရင်း။ :)

ညီလင်းသစ် said...

မပန်ဒိုရာ ...
အဲဒီ နှင်းလူကြီးကိုလည်း ကြိုဆိုပါတယ်ဗျာ၊ သူက ဒိုင်နိုဆောတွေ မပျောက်ကွယ်ခင်ထဲက ဟောဒီ ဝင်ရိုးစွန်းမှာ ပျော်နေခဲ့တဲ့ နှင်းလူကြီး မဟုတ်လား..၊း)