15 July 2011

ဗုဒ္ဓဟူးနေ့ကြောင့် ဖြစ်သောပို့စ်


ဒီရက်ပိုင်းမှာ အတော်လေး အလုပ်တွေများနေပါတယ်၊ အလုပ်မှာ အပြီးသတ်ရမယ့် ဖိုင်တွေရှိနေသလို ကျနော်တခါက ရေးဖူးတဲ့ ရေငုပ်သင်္ဘော ပရောဂျက်ကလည်း စ,နေပြီဆိုတော့ တပြိုင်တည်း လုပ်စရာတွေက ပြုံဝင်လာသလိုပဲ..၊ ရင်းနှီးနေကျ ဘလော့ဂ်တချို့ကိုတောင် မြန်မြန်သွား၊ ဖတ်၊ ပြန် လုပ်နေရတယ်၊ တခါတလေလည်း ကွန်မန့်ကို စိတ်နဲ့ပဲ ရေးခဲ့ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ပို့စ်တင်တာ ကိုတော့ အဆက် မပြတ်သွားစေချင် တာကြောင့် ကြိုးစားပြီး တင်ပါဦးမယ်...၊

ပြီးခဲ့တဲ့ ပို့စ်မှာ နာနိုအရုပ်လေးတွေ အကြောင်းပြောရင်းနဲ့ ဗုဒ္ဓဟူးနေ့မှာ ကလေးတွေ ကျောင်းပိတ်လေ့ ရှိတဲ့အကြောင်း ရေးလိုက်တော့ ကွန်မန့်မှာ မ,ကောင်းမွန်ဝင်း နဲ့ ကိုညိမ်းနိုင် က ဒီအကြောင်းကို စိတ်ဝင်စားပြီး (၁၆ မှတ်တန်) အကျယ်ချဲ့၍ ရှင်းပါ ဆိုတာနဲ့ ဒီပို့စ်လေး ထပ်ဖြစ်လာရ ပြန်ပါတယ်၊ ဒီအတိုင်းဆိုလည်း သိပ်တော့မဆိုးဘူး၊ ကျနော်က တစ်ပုဒ်ရေးလိုက်၊ စိတ်ဝင်စားသူ တစ်ယောက်ယောက်က ကွန်မန့်မှာ ပြန်မေးလိုက်၊ ဒါကို ကျနော်က ပို့စ်အသစ်တစ်ပုဒ်ရေးပြီး ပြန်ရှင်းလိုက်နဲ့ အတော်လေး ခရီးရောက်နိုင်တယ်၊း) ကြားဖူးတဲ့ အရက်သမား ဟာသလေးတောင် သတိရမိသေးတယ်၊ 'တကယ်တမ်းမှာ ကျနော်အရက်သောက်တာက ပထမဦးဆုံး တစ်ရက်တည်းဗျ၊ အဲဒီမှာ နဲနဲများသွားလို့ နောက်နေ့ ထပ်ချရင်း ပြန်ဖြေ၊ ဖြေတာများပြီး ခေါင်းကိုက်လို့ နောက်နေ့ ထပ်ဖြေ၊ ထပ်ဖြေနဲ့ ဒီနေ့အထိ ရောက်လာတာပါပဲဗျာ...' တဲ့...၊

ဗုဒ္ဓဟူးနေ့အကြောင်း ပြန်ကောက်ရရင်တော့ ဆွစ်ဇာလန်မှာ မူလတန်းကျောင်းတွေက ဗုဒ္ဓဟူးနေ့မှာ ပိတ်ပါတယ်၊ ဒါပေမယ့် ဒါက ယေဘုယျပြောတာပါ၊ မြန်မာနိုင်ငံထက် ၁၅ ဆနီးပါး ပိုငယ်တဲ့ ဒီနိုင်ငံလေးမှာ မတူကွဲပြားတဲ့ အချက်တွေ အများကြီး ပေါင်းစုနေတဲ့ သာဓကတွေထဲ ပညာရေးဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်၊ ပြည်နယ် ၂၆ ခုရှိတဲ့အလျောက် ပညာရေးစနစ်ကလည်း ၂၆ မျိုး ရှိပါတယ်၊ အရေးကြီးတဲ့ အခြေခံကျတဲ့ ပြဌာန်းချက်တွေကိုတော့ ဗဟိုအစိုးရက တိုက်ရိုက်ချမှတ်ပေမယ့် သာမန်ကိစ္စတွေကို ပြည်နယ် အာဏာပိုင်တွေကပဲ ဆုံးဖြတ်ပါတယ်၊ ဒီလိုနဲ့ ကျောင်းစာသင်ချိန်တွေ၊ ကျောင်းအားလပ်ရက် ပိတ်ချိန်တွေက ပြည်နယ်တခုနဲ့တခု ကွဲပြားတတ်တယ်၊ ထားပါတော့၊ ဒီပို့စ်ရဲ့ ရည်ရွယ်ရင်းကလည်း အဲဒီလို ကွဲပြားနေတာတွေကို လိုက်ကောက်ပြီး စုစည်းတင်ပြဖို့ မဟုတ်ပါဘူး၊ ကျနော့်ရဲ့ တိုက်ရိုက်ပတ်ဝန်းကျင် အကြောင်းကိုပဲ အဓိက ပြောချင်တာပါ..၊

ဒီနိုင်ငံမှာ အသက် ၄ နှစ်က စပြီး ကလေးတွေ မူကြိုသွားကြပါတယ်၊ မူကြိုက ၄ နှစ်နဲ့ ၅ နှစ် နှစ်နှစ်သတ်မှတ်ထား ပေမယ့် မတက် မနေရတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မိသားစုဘဝနဲ့ ကျောင်းသားဘဝ အကူးအပြောင်းကို ချောမွေ့ညင်သာ စေဖို့အတွက် ကလေးတွေကို မူကြိုထားဖို့ တိုက်တွန်းကြလေ့ ရှိတယ်၊ မူလတန်းကတော့ အသက် ၆ နှစ်ကနေ ၁၁ နှစ်၊ ၁၂ နှစ်အထိ စုစုပေါင်း ၆ တန်း ရှိပါတယ်၊ ဒီမှာလည်း ပြည်နယ်အလိုက် တချို့နေရာတွေမှာ ၅ တန်း၊ တချို့နေရာ တွေမှာ ၇ တန်း ကွဲပြားတတ်ပြန်ရော..၊ ဒီ အခြေခံပညာ မူလအဆင့် ၆ တန်း ပြီးရင်တော့ ဒုတိယအဆင့် ၃ တန်း ရှိပါတယ်၊ ကျနော်တို့ မြန်မာပြည်က ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းနဲ့ ခပ်ဆင်ဆင် တူပါတယ်၊ ဒီအဆင့်မှာတော့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေဖက် သွားမယ့် သူတွေနဲ့ အဆင့်မြင့်ပညာ တက္ကသိုလ်ဝင်တန်းတွေကို ဆက်သွား မယ့် သူတွေကို အဓိက ခွဲလေ့ရှိပါတယ်၊ တီးမိခေါက်မိရုံ ပြောဖို့ ရည်ရွယ်တာမို့ အသေးစိတ်တော့ မရေးတော့ပါဘူး..၊

နဲနဲ ဇောင်းပေးပြောချင်တာက ကျောင်းအချိန်ဇယား ကိစ္စပါ၊ ပြောခဲ့သလို မူလတန်း ကျောင်းတွေက အများအားဖြင့် ဗုဒ္ဓဟူးနေ့ (အနည်းဆုံး နေ့တဝက်ဖြစ်ဖြစ်) ပိတ်ရတဲ့အထဲ ကျောင်းတက်ကျောင်းဆင်း ချိန်တွေက မိဘတွေအတွက် အတော်လေး ကသီလင်တ နိုင်တဲ့ အချိန်တွေပါ၊ ဥပမာ- မူကြိုပထမနှစ်မှာ မနက် ၈ နာရီခွဲမှာ အတန်း စ,တယ်၊ ၁၁ နာရီခွဲမှာ ပြီးပြီ၊ ဆိုတော့ ကလေးကို ကျောင်းပို့၊ ကျောင်းကြို ကိစ္စတွေအပြင် နေ့လယ်ပိုင်းတွေမှာ ထိန်းဖို့လည်း လိုလာပါတယ်၊ မြန်မာပြည်မှာ ဆိုရင်တော့ ဘာအရေးလဲ၊ အိမ်မှာ ဦးလေး၊ အဒေါ်၊ အဖိုး၊ အဖွား၊ အမျိုးအဆွေတွေ တစ်ယောက်မဟုတ် တစ်ယောက် ရှိနေမှာပဲ၊ လူတိုင်းက ကိုယ့်ကိစ္စ၊ ကိုယ့်အလုပ်နဲ့ကိုယ် မအားကြတဲ့ ဒီလိုနေရာမှာတော့ ရွေးစရာက သိပ်များများစားစား မရှိပါဘူး၊ ကလေးကို နေ့ခင်းပိုင်းမှာ အပ်ထားဖို့ ကလေးထိန်း ရှာရင်ရှာ၊ ဒါမှမဟုတ် ရပ်ကွက်ထဲက အမေတွေ သူ့ကလေး၊ ကိုယ့်ကလေး တစ်ယောက်တလှည့်ထိန်း..၊ ဒါပဲ ရှိတယ်၊ အဲဒီလို လုပ်ဖို့အတွက် ကလေးအမေတွေက အလုပ်ကို ၁၀၀% လုပ်တဲ့သူ နည်းပါတယ်၊ ကျနော့် ပတ်ဝန်းကျင်မှာ သားသည်မိခင်တွေက ၆၀% ကနေ ၈၀% လောက်အထိပဲ အလုပ်,လုပ်ကြတယ်၊ ဒါမှ ဗုဒ္ဓဟူးနေ့မှာ ကလေးကို အိမ်မှာ ထိန်းနိုင်မှာကိုး..၊ တချို့တွေ ကျတော့ ခုနပြောတဲ့ နည်းလမ်း ၂ ခုစလုံး အဆင်မပြေတဲ့အခါ အလုပ်ကနေ ယာယီထွက်ပြီး အိမ်ရှင်မပဲ လုပ်နေတဲ့ သူတွေလည်း ရှိပါတယ်၊ မူလတန်း အတန်းနဲနဲ ကြီးသွားတဲ့အခါ ကျောင်းချိန်တွေက မနက် ၇ နာရီခွဲ ကနေ ညနေ ၃ နာရီခွဲ၊ ၄ နာရီလောက် ဖြစ်သွားတော့မှ အဲဒီ မိခင်တွေ အလုပ်ပြန်ရှာ ကြရပါတယ်၊ ဒီနည်းကလည်း စီးပွားရေးတွေ ကျပ်သထက် ကျပ်လာနေတဲ့ အခုခေတ်ကြီးထဲမှာ သိပ်တော့ မလွယ်ပါဘူး၊ ဥရောပမှာတော့ အဖေ့လုပ်စာကို တမိသားစုလုံး ထိုင်စားတဲ့ခေတ်က ဟိုးနောက်ဖက် တော်တော်ဝေးဝေးမှာ ကျန်ခဲ့ပြီပဲလေ..၊

ဗုဒ္ဓဟူးနေ့ ကျောင်းပိတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ ပင်ပန်းမှာ စိုးလို့ပါပဲ၊ ကလေးဆိုင်ရာ လေ့လာသတ်မှတ်ချက် တွေအရ ကလေးတွေက တနင်္လာကနေ သောကြာနေ့အထိ ၅ ရက်ဆက်တိုက် စာသင်တဲ့အခါ သူတို့အရွယ်နဲ့စာရင် ခန္ဓာကိုယ်ရော၊ စိတ်ပါ အရမ်းပင်ပန်းတယ်လို့ ဆိုပါတယ်၊ ဒါ့ကြောင့် မူကြို ပထမနှစ်မှာ မနက်ပိုင်း ၄ ရက်ပဲ စ,တက်ခိုင်းတာ ဖြစ်ပါတယ်၊ ဒုတိယနှစ် ၄ ရက်မှာတော့ နေ့လယ်ပိုင်းပါ တိုးလာပြီ၊ မူလတန်းမှာတော့ ဒီ ၄ ရက်အပြင် ကျောင်းတက်ချိန် နဲနဲစောလာတာ၊ ကျောင်းဆင်းချိန် နောက်ကျတာ အစရှိသဖြင့် တဖြည်းဖြည်း တိုးလာပါတယ်၊ ဒီက ကလေးတွေ ကံကောင်းပုံများတော့ ကျောင်းတက်ချိန်က နည်းရတဲ့အထဲ ကျောင်းပိတ်ရက် တွေကလည်း တပုံတခေါင်းကြီး၊ အများအားဖြင့် မူလတန်း ကလေးတစ်ယောက်မှာ တစ်နှစ်စာ ကျောင်းပိတ်ရက် ၁၃ ပတ်၊ ၁၄ ပတ်လောက် ရှိပါတယ်၊ ရယ်ဖို့ကောင်းတာ တခုက ကလေးတွေကို ကျောင်းမှာ နဲနဲလက်လွှတ်ရလို့ မိဘတွေခမျာ အလုပ် ဖြောင့်ဖြောင့် လုပ်မယ် မကြံသေးဘူး၊ အဲဒီ ကျောင်းပိတ်ရက်တွေကို ဘယ်လို ရှင်းရမလဲလို့ ခေါင်းခြောက်ကြရ ပြန်ရော၊ ဟုတ်တယ်လေ...၊ ပုံမှန်ဆို လူတစ်ယောက်က တစ်နှစ်စာခွင့် ၅ ပတ်ပဲ ရတာကိုး၊ ဆိုတော့ အဖေနဲ့အမေ ခွင့်တွေကို တစ်ယောက်တလှည့်စီ သီးသန့်ယူဦးတော့ ၁၀ ပတ်ပဲ ရှိသေးတယ်၊ ကျန်တဲ့ ၃ ပတ်၊ ၄ ပတ်မှာ ကလေးတွေကို ဘယ်ချောင် သွားထိုးထားရမလဲ..၊ ကျနော် ငယ်ငယ်တုန်းကတော့ နွေရာသီ ကျောင်းပိတ်ရက်ဆို အဖေနဲ့အမေက ကျနော်တို့ မောင်နှမ ၃ ယောက်ကို ဒီလိုပဲ ထားခဲ့လိုက်တာပဲ၊ မနက်ကတည်းက ချက်ပြုတ်ပြီး 'နေ့လယ်စာ ဒါနဲ့ ဒီဟာနဲ့ တွဲစား' လို့ မှာတဲ့ပြီး အလုပ်ထွက်သွားကြတာပဲ၊ ကျနော်တို့ကလည်း တနေကုန် ပြေးလွှား၊ ခုန်ပေါက် ကျန်ရစ်နေခဲ့ တာပဲ၊ အင်းလေ.. အိမ်မှာကလည်း လူကြီးသူမက မရှိဘူးဆို အနည်းဆုံး သုံးလေးယောက်တော့ ကျန်နေတတ်တာကိုး..၊

သားက ရှေ့လမှာ ၄ နှစ် ပြည့်မှာ ဖြစ်ပေမယ့် သူ့ကို နောက်တစ်နှစ်မှပဲ ကျောင်းထားဖြစ်ပါလိမ့်မယ်၊ ဒီမှာ ကျောင်းဖွင့်ရက်က သြဂုတ်လ နောက်ဆုံးအပတ်မှာ ဆိုတော့ သားကို ဒီနှစ် မူကြိုထားလိုက်ရင် အတန်းထဲမှာ ၄ နှစ် ပြည့်ကာစ,နဲ့ သူအငယ်ဆုံး ဖြစ်နေမှာ သေချာတယ်၊ ဆရာမတွေနဲ့ တိုင်ပင်ကြည့်တော့ အဲဒီလို စောစောကျောင်းထား လိုက်ရင် ကလေးခမျာ စာသင်သားဘဝ တလျှောက်လုံး သူများထက် နဲနဲ ပိုပင်ပန်းပြီးတော့ လိုက်နေရတဲ့ သာဓကတွေ ပြောပြပါတယ်၊ အစောကြီးကတည်းက ၄ နှစ် ပြည့်ထားတဲ့ ကလေးနဲ့ ကျောင်းဖွင့်ခါနီး ရက်ပိုင်းအလိုမှ ၄ နှစ်ပြည့်ပြီး ကျောင်းလာတက်တဲ့ ကလေးမှာ ဖွံ့ဖြိုးမှု အပိုင်း အနည်းနဲ့အများတော့ ကွာမှာပါပဲ၊ တဖက်ကလည်း အဲဒီလို ၁ နှစ်နီးပါး နောက်ကျပြီးမှ ကျောင်းထားဖို့ ရွေးချယ်လို့ ရနေတာနဲ့ ဒီလိုပဲ ဆုံးဖြတ်ဖြစ်သွားတယ်၊ အဲဒီတုန်းကတောင် စဉ်းစား မိသေးတယ်၊ အဖေ ပြောပြဖူးတာတော့ သူတို့ငယ်ငယ်က မောင်နှမတွေထဲမှာ ကျောင်းကို စောပြီး တက်ရအောင် မွေးသက္ကရာဇ်တွေ ရှေ့တိုးတဲ့လူနဲ့..၊ စစ်ပြီးလို့ ကျောင်းပြန်တက်တော့ စာကြေအောင်ဆိုပြီး မွေးသက္ကရာဇ်ကို နောက်ပြန်ဆုတ် ဒီအတန်းပဲ ပြန်တက်တဲ့လူနဲ့..၊ အမျိုးမျိုးပါပဲ၊ အခုလည်း ဘာထူးလဲ၊ ခေတ်တွေ စနစ်တွေ နိုင်ငံတွေသာ ကွာသွားတယ်၊ ပညာရေးဆိုတဲ့ စီးကြောင်းထဲမှာ လူဟာ အလိုက်သင့်အလျားသင့် နေဖို့ကို ကြိုးစားနေရတုန်း....။ ။


ညီလင်းသစ်
၁၅ ဇူလိုင်၊ ၂၀၁၁

20 comments:

Anonymous said...

ကိုယ့်တုန်းကလည်း မိဘတွေ အဲ့လို ပူခဲ့မှာပဲနော်

ညီ

ကောင်းမွန်ဝင်း said...

ကိုညီလင်းသစ်ရေ အလုပ်များတဲ့ကြားထဲက သေချာရေးပေးတဲ့ အတွက် အားတောင်နာတယ်။
သိတယ်မို့လား ဒီကလည်း ဇာဂနာရဲ့ စကား
“ အားလည်းနာတယ် ခင်လည်းခင်တယ်”
ဆိုသလိုပါပဲ။

အဲဒီဘက်က အခြေခံပညာကျောင်းတွေရဲ့ ပိတ်ရက်ကို အခုမှကြားဖူးတာပါ။
မိဘတွေအတွက် နည်းနည်းတော့ ခေါင်းခဲရ မယ်နော်။
ဗဟုသုတအတွက်ကျေးဇူးပါ။

ပြောဖို့မေ့တော့မလို့..........
၁၆/၁၆
ပါ။

မအိမ်သူ said...

ဗဟုသုတရပါတယ် ကိုညီလင်းသစ်ရေ။ ဒီမှာလည်း ကျောင်းတွေက အချိန်ပိုင်းတွေဘဲများတယ်။ International Schools တွေဆိုလည်း အဲဒီ အနောက်တိုင်း စနစ်တွေအတိုင်းဘဲ လုပ်တာဆိုတော့ တစ်ပတ်လုံးမှာ တစ်နေကုန်ကျောင်းတက်ရတဲ့အချိန်က ၃ရက်လောက်ဘဲရှိတယ်။ နောက်၂ရက်လောက်က နေ့တ၀က်တွေ အကြိုအပို့အလုပ်နဲ့ မိဘတွေ အတော်အလုပ်ရှုပ်ရတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မလည်း မူလတန်း(သူငယ်တန်း)ကလေးတွေကို ၃နှစ်လောက် စာသင်ခဲ့ဖူးတာမို့ အသက်ပြည့်ပြီးတဲ့ ကလေးနဲ့ မပြည့်ခင် အသက်လိမ်ပြီး ကျောင်းလာထားတဲ့ကလေး ဥာဏ်ရည်ချင်းကွာသလို စာလိုက်နိုင်ပုံချင်းလည်း ကွားခြားတာကို သတိထားမိတယ်
အမှန်တော့ မိဘတွေက ကလေးကို စေတနာတွေ ပိုပြီး အသက်မပြည့်ဘဲ ကျောင်းထားလိုက်ပေမဲ့ ကလေးအတွက် ထိခိုက်စရာတွေဖြစ်သွားတာ သူတို့က သတိမထားမိလိုက်ဘူး
တစ်ချိုမိဘကျတော့ သဘောပေါက်တယ်
ကလေးကို အသက်မပြည့်ခင် ၂လ၃လ အလိုကတည်းက သူငယ်တန်းတက်ခိုင်းတယ်။ ကလေးက သူငယ်တန်းကိုလည်း အောင်တယ် ဒါပေမဲ့ မိဘတွေက ကလေးကို သူငယ်တန်းမှာဘဲ နောက်တစ်နှစ် ပြန်တက်စေတယ်။အဲဒီကလေးတွေကျတော့ အတန်းတိုင်းမှာ စာကို အေးအေးဆေးဆေးနဲ့ လိုက်နိုင်သွားတယ်။ မိဘတွေရဲ့ ထိန်ကျောင်းမှု၊ သိတတ်မှုကလည်း ကလေးတွေရဲ့ ပညာရေးအတွက် တကယ်ကို အရေးကြီးပါတယ်နော်။

San San Htun said...

နိုဝင်ဘာမွေးတဲ့ မြန်မာပြည်က ကလေးတွေ သူငယ်တန်းအပ်ရင် ဒုက္ခရောက်ပါတယ်။ ၄နှစ်ခွဲနဲ့  ကျောင်းအပ်ရမှာမို့ လို့  မွေးသက္ကရာဇ်ကို ရှေ့ တိုးကောင်းလိုက်တာ မှတ်ပုံတင်မှာ အသက်တနှစ်ကြီးနေရော

Anonymous said...

မူကြိုကိုသုံးနှစ်ကတည်းက သွားပြီး နွေကျောင်းပိတ်ရက်မှာကျောင်းကပန်းချီသင်တန်းနဲ့ပျော်လိုက်ရတာမှတ်မိတယ်။၁၁လပိုင်းမွေးတဲ့ ဝမ်းကွဲတွေက စာသိပ်မလိုက်နိုင်ပေမဲ့ ၁၀လပိုင်းမွေးတဲ့ သူငယ်ချင်းကျတော့ သိပ်တော်တာကို အားကျတာမှတ်မိတယ်။

Mon Petit Avatar

Angelhlaing(May everybody be happy and healthy! said...

ဗဟုသုတတွေ အများကြီးတိုးလို့ ကျေးဇူးပါအကို...

ညီလင်းသစ် said...

ညီ ...
အဲဒါတော့ သေချာတယ်ဗျို့...၊

မ,ကောင်းမွန်ဝင်း ...
စိတ်ဝင်တစားနဲ့ အခုလို မေးတာကိုတောင် ကျနော်က ကျေးဇူးတင်ရမှာပါ၊ အားမနာပါနဲ့ဗျာ၊ ကိုယ်သိထားတာ တခုကို ပြောရတာက ဘာမှ အပန်းမကြီးပါဘူး၊ အမှတ်ပြည့်ရတာတော့ သဘောကျသွားပြီ...၊း)

မအိမ်သူ ...
ဟုတ်တယ်ဗျာ၊ ကလေးတွေ အတွက် အဆင်ပြေပေမယ့် မိဘတွေ အဖို့တော့ အတော် အလုပ်များစေတာပဲ....၊

မချော ...
အမှန်ပါပဲ၊ ကလေးက ကျောင်းဆိုတာကို နှစ်တွေ အများကြီး တက်ရဦးမှာ ဆိုတော့ အနှောင်းသေချာဖို့ အစကောင်းလေး ရှိဖို့လိုမယ် ထင်တယ်နော်၊ မချောက ဆရာမလည်း လုပ်ဖူးပြန်တာပဲလား.....၊ ;-)

မစန်းထွန်း ...
အေးဗျ၊ ကျနော့် အမျိုးထဲမှာလည်း အဲဒီလို အလုပ်ကောင်းလို့ မွေးသက္ကရာဇ် ၂ ခု နဲ့ တလျှောက်လုံး နေသွားရတဲ့ သူတွေရှိတယ်...၊း)

Mon Petit Avatar ...
သုံးနှစ်ကတည်းက မူကြိုသွားနေပြီလား..၊း) တချို့က ငယ်ငယ်ကတည်းက တောက်မယ့်မီးခဲ အရှိန်နဲ့ရဲရဲ ဆိုတဲ့ အတိုင်း ထင်ပါရဲ့ဗျာ...၊

အိန်ဂျယ်လ်လှိုင် ...
ကျေးဇူးပါ ညီမရေ..၊ ကောင်းသောနေ့လေး ဖြစ်ပါစေနော်...။ ;-))

ညိမ်းနိုင် said...

ဂလိုလားဗျ....၊ကောင်းသားပဲဗျနော်....ကလေးတွေ
အတွက်ပြောပါတယ်...။မိဘတွေကတော့ ခေါင်းခဲရတာ
ပေါ့လေ....။ရက်ပိုင်းလေးလိုလို့ တစ်နှစ်နောက်ဆုတ်လိုက်
တာကိုသဘောကျတယ်ဗျ....။ညန်မာပြည်မှာတော့ ရှေ့
တိုးချင်လို့ အမျိုးမျိုးအဖုံဖုံတွေလုပ်ကြရသပေါ့လေ...။

Shinlay said...

လေ့လာသွားပါတယ်။

မဒမ်ကိုး said...

ခုခေတ်ကလေးတွေဘ၀ကိုတကယ်သနားတယ်....အကိုရေ..
ခင်မင်လေးစားစွာဖြင့်

မဒမ်ကိုး

ဇွန်မိုးစက် said...

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကွဲပြားတဲ့ စနစ်ထုံးစံလေးတွေ သိရလို့ အချိန်လုပြီး မျှဝေပေးတဲ့ ကိုညီလင်းသစ်ကို ကျေးဇူးပါ။
မြန်မာပြည်မှာက များသောအားဖြင့် အသက်ကို ရှေ့တိုးလိမ်ပြီး ထားကြတာများတယ်နော်။ ဇွန့်မောင်လေးလည်း စက်တင်ဘာလကုန်ခါနီးမှ မွေးပေမယ့် ကျောင်းထားတော့ ဇွန်လဆိုပြီး အသက်လိမ် ထားခဲ့တယ်။ ဇွန်ကတော့ ဇွန်လဖွားမို့ ကျောင်းဖွင့်တာနဲ့ အသက်ပြည့်ပြီဆိုတော့ အနေတော်ပဲလို့ ကိုယ့်ကိုယ်ကို တွေးပြီး ကျေနပ်ခဲ့တာ။း)
ဒါနဲ့စကားစပ်လို့ ကိုညီလင်းသစ်ရေ.... Malcolm Gladwell ရဲ့ Outliers ဖတ်ဖူးလားမသိဘူး။ အဲ့ဒီ့ထဲမှာ အောင်မြင်တဲ့ လူ၊ အသင်းအဖွဲ့အချို့ရဲ့ မွေးနေ့တွေကို သုတေသနလုပ်ပြထားတာ သိပ်စိတ်ဝင်စားစရာကောင်းတယ်။ သူတို့လေ့လာတွေ့ရှိချက်အရဆို မွေးဖွားနှစ်တူတဲ့သူအချင်းချင်းမှာကိုပဲ နှစ်စပိုင်း ဇန်န၀ါရီ၊ ဖေဖော်ဝါရီမှာ မွေးတဲ့သူတွေက အခြားလမှာ မွေးတဲ့သူတွေထက် ပိုထူးချွန်တာကို တွေ့ရတယ်။ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းတဲ့ တွေ့ရှိချက်ပါ။ မဖတ်ရသေးရင် ဖတ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။း)

Baby taster said...

မသိသေးတာတွေ သိလိုက်ရလို့ ကျေးဇူးပါ
မျှဝေပေးတာကျေးဇူးနော်

မင်းဧရာ said...

အကို့ ပိုစ်တွေကို ဖတ်လိုက်တိုင်း ဗဟုသုတ တွေအများကြီးရတယ်နော်
အမြဲတမ်းနီးနီး စာလာဖတ်နေပေမယ့် comment ရေခဲတယ် အကိုရ စာဖတ်ပြီးရင် တန်းပြန်ပြေးတာပဲ အခု အချိန်လေးနည်းနည်းရတာနဲ့
ဗဟုသုတ လေးတွေအတွက် ကျေးဇူးတင်ကြောင်း
ရေးခဲ့တာပါ အကို။

မိသားစုလေး ကျန်မာပျော်ရွှင်ပါစေး။

သက်ဝေ said...

ဒီမှာတော့ ဗုဒ္ဓဟူးနေ့မှာ ကလေးကျောင်းတွေက နာရီဝက် စောဆင်းလေ့ရှိတယ်။ အဲဒီနေ့တွေမှာ ကျောင်းသားကဒ်ပြရင် ရုပ်ရှင်ရုံတွေက ဈေးလျှော့ပေးတယ်... ကလေးကျောင်းချိန်တွေ odd နေတာ၊ ကျောင်းပိတ်ရက်တွေများသလောက် ရုံးပိတ်ရက်တွေ ခွင့်ရက်တွေနည်းတာ... အဲဒါတွေကို အကျယ်ချဲ့ပြီး ရှည်ရှည်ဝေးဝေးပြောရရင် မျက်ရည်တွေ ဗူးသီးလုံးလောက်ကျရမှာမို့ မပြောချင်တော့ပါဘူး... ဖြစ်သမျှအကြောင်းပေါ့လေ...း)))

သားလေးကို ကျောင်းအထားတော့ ဆန္ဒမစောတာ အကောင်းဆုံး ကိုညီလင်းရေ... လပိုင်းသာ ကွာခြားပေမယ့် ဥာဏ်ရည်ခြင်း mature ဖြစ်တာခြင်း ကိုယ့်ကိုကိုယ် နိုင်နင်းတာချင်း နည်းနည်းမှ မတူဘူး...

ဗုဒ္ဓဟူးနေ့ကပိုစ့်ကို တနင်္ဂနွေနေ့မှာ လာဖတ်သွားပါတယ်...

မောင်မျိုး said...

ကျနော်တို့တုန်းကတောင် ၉-၁၀ တန်းရောက်မှ ကျူရှင်ဆိုတာ တက်ဖူးတာ အခု ခလေးတွေကြည့်ပြီး အားလပ်ချိန်တွေနည်းလို့ သနားမိတယ် ပင်ပန်းလိုက်တာ ။

သားသားတစ်ယောက်ကျောင်းတက်ရင် ပျော်ရွှင်အဆင်ပြေပါစေဗျာ ။

Anonymous said...

အဲဒီမှာ ပညာစသင်ရတယ်ဆိုကတည်းက ပူစရာမရှိတော့ပါဘူး။ စံနစ်ကကောင်းပြီးသားကို။
အိုင်အိုရာ

Anonymous said...

ဒီမှာလဲ အရင်က ဗုဒ္ဓဟူးနေ့တွေဆို နေ့တဝက်ပဲ
တက်ရတယ်..။
မနှစ်ကစလို့ တနေကုန်.။
ဒါပေမဲ့.. မတက်လိုရင်..
မတက်ပဲ နေလို့ရပါတယ်.။
စာရင်းပေးရပါတယ်.။
များသောအားဖြင့် တက်ကြပါတယ်..။
အိမ်က ခခကတော့ တက်ချင်ပါတယ်။


ပေါက်

မေဓာဝီ said...

ကျမငယ်ငယ်ကလဲ ၄နှစ် ပြည့်ဖို့ လပိုင်းလိုနေလို့ မူကြို မတက်ခဲ့ရဘူး။ ၅ နှစ်မှ ကျောင်းကြီး တခါထဲ တန်းပို့လိုက်တာ။ မူကြိုမနေရဘဲ ကျောင်းတန်းတက်ရတော့ ကျောင်းမပျော်တာ ခုချိန်ထိပဲ :)

ကိုညီလင်း သားလေးကိုတော့ အသက်ပြည့်မှ ထားတာ ကောင်းပါတယ်။ ကျောင်းဆိုတာ တက်ပြီဟေ့ ဆိုတာနဲ့ မရပ်ရတော့ဘူး။ ဘယ်အရွယ်ထိ စာသင်နေရအုံးမယ် ဆိုတာ မပြောနိုင်ဘူးလေ ... နေနိုင်တုန်း လွတ်လွတ်လပ်လပ် နေဖို့ အားပေးပါတယ်။

မြစ်ကျိုးအင်း said...

တချို့မိဘတွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ကလေး အတန်းကြီးတာ ဖြစ်စေချင်ကြတာ ကလေးတွေမှာ မမှီမကမ်းလိုက်ရရှာတာပဲ။ ကျနော်တော့ ကလေးတွေကို အရွယ်အလိုက်ရှင်သန်စေတာကို သဘောကျတယ်။