02 August 2013

၂ မိနစ် ...


ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေက ကျနော်နေတဲ့ မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိပါတယ်၊ ဘူတာကြီးတွေမှာပဲ ရပ်တဲ့ အမြန်ရထားနဲ့ ရှိသမျှဘူတာစဉ် အကုန်ရပ်တဲ့ လော်ကယ်ရထားတို့ တိုက်မိတာ ဖြစ်ပါတယ်၊ ရထားတိုက်တဲ့ နေရာမှာ ရထားသံလမ်းက တစ်လမ်းပဲ ရှိတာဖြစ်လို့ ဒီတစ်လမ်းတည်းပေါ်မှာ ဟိုဖက်ဒီဖက်ကနေ မောင်းလာကြတဲ့ ရထားနှစ်စင်းအဖို့ ခေါင်းချင်းဆိုင် တိုက်မိတာ ဘယ်လိုမှ ရှောင်လွှဲမရတဲ့ ကိစ္စလို့ပဲ ပြောရမှာပါ၊ ပဏာမ စစ်ဆေးချက်တွေအရတော့ လော်ကယ်ရထားရဲ့ အမှားလို့ သိရတယ်၊ ပုံမှန်ဆို ဒီရထားက အက်ဆီးဒင့် ဖြစ်တဲ့နားက ဘူတာမှာ ခရီးသည်တွေ အတင်အချ လုပ်ပြီး မျက်နှာချင်းဆိုင်က လာတဲ့ အမြန်ရထားကို ဘူတာမှာပဲ ရပ်ပြီး စောင့်နေရမှာပါ၊ ရထားနှစ်စင်း လွှဲရှောင်နိုင်ဖို့ သံလမ်း နှစ်ခုရှိတဲ့ နေရာက အဲဒီဘူတာ တစ်ခုပဲရှိပါတယ်၊ အမြန်ရထား ဖြတ်သွားပြီးတော့မှ ဘူတာကနေ ရှေ့ဆက်သွားရလေ့ ရှိတယ်၊ ဒါပေမယ့် အဲဒီနေ့ ညနေကတော့ ဘာ့ကြောင့်မှန်း မသိဘဲ ခရီးသည်တွေ တက်ပြီးတာနဲ့ ရထားဟာ ဆက်ထွက်လာခဲ့တယ်၊ ဘူတာအထွက်မှာ ရှေ့ဆက်မသွားဖို့ တားမြစ်ထားတဲ့ မီးနီပြထားတာ တောင်မှ မလိုက်နာခဲ့ဘူး၊ ထွက်ပြီး ဘူတာကနေ မီတာ ၂၀၀ အကွာလောက်မှာပဲ မျက်နှာချင်းဆိုင်ကနေ အရှိန်နဲ့ လာနေတဲ့ အမြန်ရထားနဲ့ တိုက်မိကြတော့တယ်...၊

ရထားနှစ်စင်း တိုက်မိတဲ့ အခိုက်အတန့် point of impact မှာ လော်ကယ်ရထားက တစ်နာရီ ကီလိုမီတာ ၄၀ နဲ့ မောင်းနေပေမယ့် အမြန်ရထားကတော့ တစ်နာရီ ကီလို ၁၀၀ နှုန်းလောက်နဲ့ ဝင်လာခဲ့တယ်၊ သူက လမ်းကြောင်းအမှန်ဆိုတော့ ပုံမှန်အရှိန်အတိုင်း မောင်းလာခဲ့တာပါ၊ ရှေ့တူရှူကနေ တရှိန်ထိုး ဝင်လာတဲ့ အမြန်ရထားကိုလည်း မြင်ရော လော်ကယ်ရထား မောင်းသူက အရေးပေါ် ဘရိတ်ကိုဆွဲပြီး သူရှိနေရာခေါင်းတွဲကနေ အနောက်ဖက် လူစီးတွဲတွေဖက်ကို ပြေးထွက်သွားတယ်၊ အမြန်ရထားကလည်း အရေးပေါ်ဘရိတ်ကို ဆွဲတယ်လို့ သိရတယ်၊ ဒါပေမယ့် တစ်နာရီ ကီလိုမီတာ ၄၀ နဲ့ ၁၀၀ အရှိန်နှစ်ခုက ဘယ်လိုမှ မတူနိုင်ပါဘူး၊ အင်မတန် ကျယ်လောင်တဲ့ အသံကြီးနဲ့အတူ အမြန်ရထားရဲ့ ခေါင်းတွဲဟာ လော်ကယ်ရထား ခေါင်းတွဲထဲကို ၈ မီတာလောက် ကျွံ့ဝင်သွားတော့တယ်၊ ခရီးသည်တွေဖက်ကို ထွက်ပြေးသွားတဲ့ လော်ကယ်ရထား မောင်းသူက လွတ်သွားပေမယ့် အမြန်ရထား စက်ခေါင်းမောင်းကတော့ နေရာမှာပဲ ဆုံးသွားရှာတယ်၊ ပြင်သစ်ကနေ ဒီမှာလာပြီး အလုပ်လုပ်နေတဲ့ အသက် ၂၄ နှစ်ပဲ ရှိသေးတဲ့ လူငယ်လေး တစ်ယောက်ပါ၊ ခရီးသည် ၃ ယောက်က ဒဏ်ရာနည်းနည်း ပြင်းပေမယ့် ကျန်တဲ့ အယောက် ၂၀ လောက်က သာမန်ဒဏ်ရာလောက်ပဲ ရကြတယ်၊ ဒါဟာ တလောဆီက ဖြစ်သွားတဲ့ ပြင်သစ်နဲ့ စပိန်နိုင်ငံက ရထားအက်ဆီးဒင့်တွေရဲ့ နောက်ဆက်တွဲ ကံဆိုးမှုလို့ ပြောရမှာပါပဲ၊

ကျနော့်ရဲ့ အိမ်နီးနားချင်း တစ်ယောက်က ရထားစက်ခေါင်းမောင်းပါ၊ မနေ့က သူနဲ့ ဒီအကြောင်းကို စကားပြောဖြစ်ရင်း အကြောင်းတစ်ချို့ ထပ်သိခဲ့ရတယ်၊ စည်းကမ်းချိုးဖောက်တဲ့ လော်ကယ်ရထား မောင်းသူက အသက် ၅၄ နှစ်ရှိပြီ၊ ဒီလို စက်ခေါင်းမောင်းအလုပ်ကို လုပ်ခဲ့တာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီလို့ သိရတယ်၊ သူဟာ လုပ်သက်ရင့်သူ ဖြစ်တဲ့အလျောက် လူချစ်လူခင် များသူလို့ ဆိုတယ်၊ ‘သူက တစ်ယောက်တည်း နေတဲ့လူဗျ၊ အိမ်ထောင်လည်း မရှိဘူး၊ မိဘတွေကလည်း ကွယ်လွန်ကုန် ကြပြီ၊ သူ အမှားလုပ်တာကတော့ လုပ်တာပေါ့လေ၊ ဒါပေမယ့် အခုလို အချိန်မှာ ဟောဒီအဖြစ်ဆိုးကြီးကို သူ တစ်ယောက်တည်း ဘယ်လိုများ ရင်ဆိုင်မလဲလို့ ကျနော် တွေးနေမိတယ်’ လို့ ကျနော့်ရဲ့ အိမ်နီးချင်း ရထားမောင်းသူက ပြောတယ်၊ ဘာပဲဖြစ်ဖြစ် မထွက်ရမှန်းလည်း သိတယ်၊ မီးနီလည်း ပြထားလျက်နဲ့ ထွက်သွားတဲ့ သူ့အမှားက လုပ်ဖော်ကိုင်ဖက် လူငယ်လေး တစ်ယောက်ရဲ့ ဘဝကို ယူပစ်လိုက်တယ်၊ အမှားလုပ်မိတဲ့ အဲဒီ ရထားမောင်းသူ လိုပဲ သေသွားတဲ့ လူငယ်စက်ခေါင်းမောင်းကလည်း အလုပ်ထဲမှာ လူချစ်လူခင် ပေါသူပါပဲ-တဲ့၊ အမြဲတမ်း အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့ နေတတ်သူ တစ်ယောက်လို့ သိရတယ်၊ ကျနော့် အိမ်နီးချင်းက ဆက်ပြောပြတယ်၊ အဲဒီလူငယ်လေး မောင်းတဲ့ရထားက ပုံမှန်ဆိုရင် အဲဒီလမ်းပိုင်းကို ရောက်တဲ့အခါ အမြဲတမ်း ၂ မိနစ် နောက်ကျတယ်၊ အဲဒါဟာ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်ဘဲ.. နေ့တိုင်းလိုလို ၂ မိနစ် နောက်ကျတယ်၊ ဒါပေမယ့် အဲဒီနေ့ကတော့ သူ့ရထားဟာ ထူးဆန်းစွာနဲ့ပဲ သတ်မှတ်ချိန် အတိအကျ ဝင်လာခဲ့တယ်၊ အကယ်၍များ ထုံးစံအတိုင်း ၂ မိနစ် နောက်ကျခဲ့ရင် တစ်ဖက်က လော်ကယ်ရထားဟာ နောက်ထပ် ဘူတာတစ်ခုကို ရောက်ပြီး အဲဒီမှာ စောင့်နေလို့ ရကောင်းရခဲ့ နိုင်မှာပေါ့၊ ဒါမှမဟုတ် အမှားလုပ်မိတဲ့ စက်ခေါင်းမောင်းက သူ့အမှားကို သဘောပေါက်ပြီး အမြန်ရထားကို ချက်ချင်းဆက်သွယ်လို့ လမ်းမှာရပ်ထားဖို့ ပြောကောင်း ပြောနိုင်ခဲ့မယ်...၊

တကယ်တမ်း ပြောရရင်တော့ စောတာပဲဖြစ်ဖြစ်၊ နောက်ကျတာပဲ ဖြစ်ဖြစ်.. ဒီလိုဖြစ်မယ်လို့ ပြဌာန်းထားတယ် ဆိုရင် အဲဒီအတိုင်းပဲ ဖြစ်သွားရတာ မဟုတ်လား၊ ဆွစ်ဇာလန်က ရထားတွေက အချိန်တိကျ၊ မှန်ကန်တာနဲ့ ပတ်သက်ပြီး နာမည်ကောင်းရလေ့ ရှိပါတယ်၊ ဒါပေမယ့် ဒီတစ်ခါ အချိန်တိကျမှုကတော့ အပြစ်မဲ့တဲ့ လူတစ်ယောက်ရဲ့ အသက်နဲ့ထပ်တူ တန်ဖိုးကြီးလှတယ်လို့ ကျနော် တွေးနေခဲ့မိတော့တယ်...။ ။


ညီလင်းသစ်
၂ သြဂုတ်၊ ၂၀၁၃

13 comments:

Anonymous said...

ဒီ၇က်တွေမှာ၇ထားခဏခဏတိုက်နေတယ်။ဆုပ်ကပ်ကြီးလာနေပြီ။

Shinlay said...

သတင်းထဲမှာတွေ့ လိုက်တယ်။ ကိုညီတို့ နားမှာကို။

ဘုန်းတောက် said...

အင့် စိတ်မကောင်းစရာပါ...

Anonymous said...

မီးနီပြထားတာတောင် ဆက်ထွက်တယ်ဆိုတော့..........။ အင်း.... နောက်ကျတက်တာကတော့ ကောင်းပါဘူးဗျနော်။
(လီယို)

Anonymous said...

အား ခုပဲ အဲဒီသတင်း ဖတ်ပြီးတော့ ဒီကိုလှည့်လာတာ၊၊ စိတ်မကောင်းလိုက်တာ ရထားတွေတိုက်တာလည်း ခုတလော ဆက်တိုက်ပဲ၊၊ လူငယ်လေးအတွက် စိတ်မကောင်းဘူး၊၊ ကျန်ရစ်တဲ့ ရထားမောင်းသူအတွက်လည်း စိတ်မကောင်းဘူး၊၊ သူ့ခမျာ ဘယ်လောက်တောင်ကြာအောင် ဒီအရိပ်မည်းကြီးဒဏ်ကို ခံရမယ်မှန်း မသိဘူး၊၊
တိမ်ပြာ(မနောမြေ)

Cameron said...

ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး...စိတ်မကောင်းစရာနော်...အစ်ကိုပြောသလိုပဲ ပြဌာန်းပြီးသားအရာတွေလို့ပဲမှတ်ရတော့မလား

ရွှေအိမ်စည် said...

so sad :((

စိုးသူရ(Y.D.B university) said...

တကယ့်ကိုစိတ်မကောင်းစရာပါ။သေဆုံးသွားတဲ့လူငယ်လေးရောက်ရာဘဝမှာသာဓုခေါ်နိုင်ပါစေ။ကောင်းရာမွန်ရာရောက်ပါစေ။

Maung Myo said...

ရှေ့ဖြစ်ကိုသာ ကြိုသိခွင့်ရမယ်ဆိုရင် သူ ၂ မိနစ်လောက်အရင်တိုင်းမောင်းဖြစ်ရင်ကောင်းမယ်။
အနာဂါတ်ဆိုတာကလည်းကြိုမမြင်နိုင်လေတော့း((

ညိမ်းနိုင် said...

အဲ့သတင်းကို ဂျာနယ်ထဲဖတ်လိုက်ရတော့ ပြေးသတိရမိ
တာအစ်ကိုပဲဗျ...၊ဘာရယ်တော့မဟုတ်ဘူးပေါ့နော်...
ဆွိစ်မှာဖြစ်တာဆိုတော့ ကိုယ့်အသိထဲမှာ အဲ့နိုင်ငံမှာရှိ
တာဆိုလို့အစ်ကိုပဲရှိတာကိုး...၊အင်း.... နှစ်မိနစ်
ကံကြမ္မာလို့ပဲပြောရမယ်ထင်ရဲ့နော်....

Anonymous said...

၂မိနစ်..
အင်း..
၂ စက္ကန့် အတွင်းလည်းဖြစ်သွားနိုင်တာဘဲလေ..
စိတ်မကောင်းစရာ။
အိုင်အိုရာ

ပစ်ပစ် said...

အကိုရာ ဖတ်ပြီးစိတ်မကောင်းလိုက်တာ..
အမြန်ရထားမောင်းတဲ့ လူငယ်လေးက အသက်24 နှစ်
တခြားနိုင်ငံကနေ အလုပ်လာလုပ်နေတာကိုပါ
သိလိုက်ရတော့ ပိုစိတ်မကောင်း ဖြစ်မိတယ်..
လောကကြီးထဲကနေ ထွက်ခွာဖို့က အသက်
ငယ်တာ ကြီးတာနဲ့ မဆိုင်ဘူးလို့လည်း
တွေးမိတယ်..ညီမ တို့လည်း အဝေးကြီးကနေ
သူများနိုင်ငံမှာအလုပ်လာလုပ်နေကြတာဘဲဆိုတော့
အခုသတင်းလေးဖတ်လိုက်ရတာ စိတ်ထဲနင့်ကနဲဘဲ
အသက်မသေပေမဲ့ ရင်ဆိုင်ရမဲ့ ပြသနာတွေ နဲ့
လော်ကယ်ရထားမောင်းတဲ့ ဦးလေးကြီးကိုလည်း
စာနာမိပါရဲ့ .....

Aunty Tint said...

အရာရာဟာ အနတ္တသဘောလို့ပဲ ပြောရမှာပဲ မောင်ညီလင်းရေ..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်