08 February 2008

ကွတ်ကီးတစ်ထုပ်အကြောင်း


ကြီးမားကျယ်ပြန့်လှသော လေဆိပ်ခန်းမကြီးထဲမှာ ရပ်ဝေးရပ်နီးသွားကြမည့် ခရီးသွားတို့ဖြင့် လှုပ်ရှားဆူညံ လျက်ရှိသည်။ အချို့ကဝန်စည်စလယ်များ တနင့်တပိုးဖြင့် ဖိစီးလေးလံနေသလောက် အချို့ကတော့ လက်ဆွဲ အိတ်များဖြင့် ပေါ့ပေါ့ပါးပါး ရှိနေကြသည်။ ဝမ်းနည်းရိပ်စွက်သော မျက်နှာများဖြင့် လိုက်လံပို့ဆောင် နှုတ်ဆက် သူများ၊ ပြုံးပျော်ရွှင်မြူးသော မျက်နှာများဖြင့် လာကြိုသူများ၊ ခံစားမှုတစုံတရာ မရှိသော သာမန်မျက်နှာများဖြင့် လေဆိပ်ဝန်ထမ်းများ...၊ မြင်ကွင်းတခုလုံးက ပြဇတ်ဆန်ဆန်အသက်ဝင်လျက်ရှိသည်။

ခရီးသွားသေတ္တာကို လေကြောင်းလိုင်းကောင်တာမှာ အပ်နှံပြီးပြီမို့ သူမအနေဖြင့် ပေါ့ပါးလွတ်လပ်စွာ လူဝင်မှု ကြီးကြပ်ရေးကောင်တာသို့ လျှောက်လာခဲ့သည်။ ကောင်တာရှေ့မှာ တန်းစီနေသူ များများစားစားမရှိ၊ စုံတွဲဖြစ် ဟန်တူသူ နှစ်ယောက်ကိုသာ တွေ့ရသည်။ သူမလည်း နောက်မှဝင်ရပ်လိုက်ရင်း ခရီးဆောင်လက်ဆွဲအိတ်ထဲမှ နိုင်ငံကူးလက်မှတ်ကို အသင့်ထုတ်ကိုင် ထားလိုက်သည်။ သူမအလှည့်ရောက်သောအခါ ကောင်တာရှေ့မှာရပ် ရင်း ပတ်စ်ပို့စာအုပ်ကို ထိုးပေးလိုက်သည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိအမျိုးသမီးက သူမကိုတချက် မျက်လုံး လှန်ကြည့်ရင်း ပတ်စ်ပို့ကို ဟိုဟိုဒီဒီ လှန်လှောကြည့်သည်။ ပြီးတော့ အပြုံးမြမြဖြင့် ပြန်ပေးရင်း...

“ ကောင်းသောခရီးဖြစ်ပါစေရှင် ”...။
“ ကျေးဇူးတင်ပါတယ် ” ဟုအပြုံးတဝက်ဖြင့် ပြန်ပြောရင်း သူမ လှည့်ထွက်လာခဲ့သည်။

လေကြောင်းလိုင်းဆိုင်ရာ ကိစ္စတွေတော့ ပြီးသွားပြီ၊ လက်မှနာရီကို ကြည့်တော့ လေယာဉ်ပေါ်တက်ရဖို့ အချိန် အတော်လိုသေးသည်။ ပျင်းရိစွာဖြင့် အချိန်တွေဖြုန်းရဦးမည့် အရေးတွေးနေခိုက် ဗိုက်ထဲမှ ဆာသလိုလိုဖြစ်လာ သည်။ ‘ဟုတ်သားပဲ...လေဆိပ်ကို အချိန်မှီရောက်ဖို့ စိတ်စောနေတာနဲ့ မနက်ကဘာမှ မစားခဲ့ရဘူး’။ စား သောက်ခန်းမှာ သွားစားဖို့ကျပြန်တော့ တစ်ယောက်တည်းမို့ သိပ်စိတ်မပါ၊ ဘေးဘီကိုကြည့်လိုက်တော့ခပ်လှမ်း လှမ်းမှာ စူပါမားကက်အသေးလေးတစ်ခု...။ အဲဒီမှာပဲ တစ်ခုခုဝယ်စားဖို့တွေးရင်း လျှောက်လာခဲ့သည်။

ဆိုင်ထဲရောက်တော့ မုန့်တွေထားသော စင်ပေါ်မှာ ကွတ်ကီးမုန့်ထုပ်တွေ တွေ့ရသည်။ ကွတ်ကီးကြိုက်သော သူမအဖို့ ရှည်ရှည်ဝေး ဝေးလိုက်ရှာနေစရာ မလိုတော့၊ အရွယ်ခပ်လတ်လတ်တစ်ထုပ်ကိုသူမ ရွေးလိုက်သည်။ စူပါမားကက်မှ လေယာဉ်စီးခရီးသည်များ စောင့်ဆိုင်းရာခန်းမဖက် ပြန်လျှောက်လာရင်း ဆိုင်ခန်းများကို သူမ ငေးလာခဲ့သည်။ အကောက်ခွန်ကင်းလွတ်ခွင့် ပစ္စည်းများရောင်းချသော ဆိုင်ပေါင်းစုံဖြင့် လေဆိပ်ခန်းမ စင်္ကြန်သည် သူမလို စောင်းဆိုင်းရမည့် သူတွေအဖို့ အချိန်ဖြုန်းစရာ နေရာကောင်းတခုဖြစ်သည်။ အရက်ပုလင်း မျိုးစုံ ရောင်းသည့်ဆိုင်၊ ရေမွှေးများ ရောင်းသည့်ဆိုင်၊ အမှတ်တရပစ္စည်းများ ရောင်းသည့်ဆိုင်၊ အစုံပါပဲလေ..။ ထိုသို့လျှောက်လာရင်းမှ စာအုပ်ဆိုင်ခပ်သေးသေး တစ်ခုကို သူမသတိပြုမိသွားသည်။ ‘ဟုတ်ပြီ၊ ဒီလို လျှောက် သွားနေမယ့်အစား စာအုပ်တစ်အုပ်ဝယ်ပြီး တနေရာရာမှာ အေးအေးဆေးဆေး စာထိုင်ဖတ်နေတာ ပိုကောင်း မယ်’ဟုတွေးလိုက်ရင်း စာအုပ် ဆိုင်ဖက်ကို သူမခြေဦးလှည့်လိုက်သည်။

စာအုပ်ဆိုင်လေးသည် သေးငယ်သော်လည်း နောက်ဆုံးထုတ်မဂ္ဂဇင်းများ၊ ဝတ္ထုစာအုပ်များဖြင့် စုံလင်လှသည်။ ဖတ်နေကျ ကျန်းမာရေးမဂ္ဂဇင်းတစ်အုပ်ဝယ်လိုက်ရင်း ကောင်တာမှာငွေရှင်းတော့ အရောင်းတာဝန်ခံ ကောင်မ လေးက သူမ ကိုပြုံးပြရင်း ‘ကောင်းသောခရီးဖြစ်ပါစေ’ဟု နှုတ်ဆက်ပြန်သည်။ သူမကလည်း ပြန်ပြုံးပြလိုက်ရင်း ကျေနပ်စွာ လှည့်ထွက်လာခဲ့သည်။ သူမ၏ ထူးခြားချက်မှာ မြင်သူတိုင်းက သူမအား ခင်မင်လိုစိတ်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ သွယ်ပျောင်းသောကိုယ်ဟန်၊ ကျော့ရှင်းသောမျက်နှာထားတို့ဖြင့် သူမသည်နှစ်လိုဖွယ်ရာ ရှိသူတစ် ယောက်ပင်၊ သူမကလည်း အတတ်နိုင်ဆုံး မျက်နှာကိုကြည်စင်အောင်ထားခဲ့သည်။ စိတ်ညစ်စရာ၊ ဒေါသထွက် စရာပေါ်သည့်တိုင် အပြင်ပန်းတွင် မပေါ်လွင်စေရ..၊ လူတဖက်သားမသိအောင် မျိုသိပ်ထိန်းချုပ်နိုင်လေ့ရှိသည်။

**********

လေယာဉ်စီးခရီးသည်များ စောင့်ဆိုင်းရာခန်းမထဲရောက်တော့ ခန်းမက တဝက်နီးပါးခန့်ပြည့်နေခဲ့ပြီ။ အစွန်ဖက် ကျကျထိုင်ခုံ တစ်ခုမှာဝင်ထိုင်လိုက်ရင်း ပစ္စည်းများကို နေရာချသည်။ ကွတ်ကီးတစ်ကိုက် စာတစ်ပိုဒ်ဖြင့် အချိန်တွေကို နှစ်ခြိုက်စွာဖြတ်သန်းဖို့ပြင်သည်။ ဘေးကို ဘာရယ်မဟုတ် ကြည့်မိတော့ ကွတ်ကီးထုပ်တင်ထား သည့် ခုံဘေးမှာ သူမလိုပဲ စာဖတ်ဖို့ ပြင်နေသည့် လူရွယ်တစ်ဦးကို တွေ့ရသည်။ သူမက လတ်တလော ဝယ်လာသည့် ကျန်းမာရေးမဂ္ဂဇင်းကို ဖွင့်လိုက်ရင်း ဘေးထိုင်ခုံပေါ်မှာ ချထားသည့် ကွတ်ကီးထုပ်ကို လက်လှမ်းလိုက်သည်။ ထိုစဉ် သူမ၏စိတ်ထဲမှာ တစုံတယောက်ကကြည့်နေသည်ဟု ခံစားရသောကြောင့် ဘေးကိုကြည့်လိုက်ရာ စောစောကလူရွယ်နှင့် အကြည့်ချင်း ဆုံသွား သည်။ ထိုအခါ သူက သူမကို ပြုံးပြရင်း ကွတ်ကီးတစ်ချပ်ကို ယူစားလိုက်တာ တွေ့လိုက် ရသည်။ သူမလည်း မကောင်းတတ်၍ အူကြောင်ကြောင်ဖြင့် ပြန်ပြုံးပြရင်း စာဆက်ဖတ်ဖို့ ကြိုးစားလိုက်သည်။

သို့သော် စိတ်ထဲမှတွေးနေမိသည်။ ‘ဒီလူကလည်း...အနဲဆုံးတော့ ခွင့်လေးဘာလေး တောင်းဖို့ကောင်းတာပေါ့၊ အခုတော့ မပြောမဆိုနဲ့’...၊ ထို့နောက် စာထဲမှာ အာရုံနှစ်ထားလိုက်သည်။ ခဏအကြာ ဒုတိယကွတ်ကီးတစ်ချပ် ကိုသူမ ယူစားလိုက်သည်။ မရှေးမနှောင်းပင် ဘေးမှလူရွယ်ကလည်း တစ်ချပ်ယူစားလိုက် ပြန်သည်။ သူမ အတန်ငယ် အံ့သြသွားသည်။ ‘ဟင်..ဘယ်လိုလူပါလိမ့်၊ ပိုင်စိုးပိုင်နင်းနဲ့...’၊ သို့သော် တဆက်ထဲ သူမ တွေးမိ သွားပြန်သည်။ ‘အင်းလေ...သူလဲ ငါ့လိုဘာမှ မစားခဲ့ရလို့နဲ့တူတယ်၊ တော်တော် ဗိုက်ဆာနေရှာတယ်ထင်ပါ့’၊ ထို့နောက် ဖတ်လက်စ ဦးနှောက်အမြှေးပါးရောင် ရောဂါအကြောင်း ဆောင်းပါးကို ဆက်ဖတ်နေလိုက်သည်။

“... ဦးနှောက်အတွင်းမှ ပုံမှန်မဟုတ်သော ဆဲလ်ပွားနှုန်းများကြောင့် ဦးနှောက်၏ မူလအခြေခံလုပ်ငန်းရပ်... ” ဖတ်လက်စ စာကြောင်းမှ မျက်လုံးမခွာဘဲ နောက်ထပ်ကွတ်ကီးတစ်ချပ် သူမ ယူစားလိုက်သည်။ စက္ကန့်မဆိုင်း တဖက်မှလူကလည်း တစ်ချပ်ယူစားလိုက်တာ သူမ မျက်ဝန်းထောင့်မှ မြင်ဖြစ်အောင်မြင်လိုက်သည်။ ဒီတစ်ခါ တော့ သူမ အတော်လေး ဒေါသထွက်သွားသည်။ ‘ဘယ့်နှယ့်...စားတာတော့စားပေါ့၊ ဒါပေမယ့် ပိုင်ရှင်ကိုခွင့် လေးဘာလေး တောင်းဖို့ကောင်းတယ်၊ ဒါသက်သက် စော်ကားတာပဲ...’၊ မျက်ဝန်းထောင့်မှ မသိမသာငဲ့ကြည့် တော့ ကိုယ်တော်ချောက စာဖတ်မပျက်..၊ သူမ ဘာတွေဖြစ်နေလဲဆိုတာ သိပုံပင်မပေါ်၊ ‘ကြည့်စမ်း...လုပ်နေ တဲ့ပုံက...ကွတ်ကီးတစ်ထုပ်ကို နှစ်ယောက်အတူ မျှစားနေတဲ့ စုံတွဲပုံစံမျိုးနဲ့...၊ ဟွန်း..တော်တော်လူပါးဝတယ်’။

ထိုနောက်တော့ သူမ ဘယ်လိုမှ စာဆက်ဖတ်လို့မရတော့၊ သူမ ကွတ်ကီးတစ်ချပ်စားတိုင်း ထိုလူက တစ်ချပ်ယူ စားလိုက်၊ သူမက ဒေါသတွေ အကြီးအကျယ်ထွက်လိုက်၊ ဟိုလူ့ကို စိတ်ထဲမှ ကျိန်ဆဲလိုက်...၊ ထိုလူက ဘာမှ မဖြစ်သည့်အလား စာဆက်ဖတ်လိုက်...၊ မခံချိမခံသာ ဖြစ်သည့်စိတ်တို့ဖြင့် သူမစိတ်တိုလျက် ရှိသည်။ ဒါပေမယ့် သူမ၏ထုံးစံအတိုင်း ဒေါသအမျက် အပြင်မထွက်စေရ။ ဤ အခန်းထဲမှ လူတွေကတော့ သူမဘာတွေ ဖြစ်နေလဲဟု သိပုံမပေါ်၊ အခန်းထဲက လူတွေမပြောနှင့်, ဘေးနားမှ ထိုလူသည်ပင် မသိ၊ သူ့ဟာသူ အေးအေး လူလူ စာဆက်ဖတ်နေဆဲ...။

သူမကတော့ တစ်ယောက်တည်း ဒေါသတွေနှင့် အကြီးအကျယ် ပူပြင်းလောင်မြိုက် နေပြီဖြစ်သည်။ ‘ဒီမှာ..ရှင် ဒါဘာအချိုး ချိုးတာလဲ၊ ကျမကဘာမှမပြောတိုင်း ရှင်ရောင့်တက်မလာနဲ့နော်၊ အစောကြီးကတည်းက ဘာမှ မ ပြောချင်လို့ ကြည့်နေတာ, နားလည်လား’ ဟုပြောလိုက်မည် ကြံရွယ်လိုက်သည်။ သို့သော် ချက်ချင်းပဲ သူမ စဉ်း စားမိသွားသည်။ ‘နေဦး...ဒီလူက သူမနဲ့ရင်းနှီးဖို့ လမ်းစ ရှာနေတာများလား’၊ အင်း, ပြောလို့မရ..။ ဖြစ်ချင်ဖြစ်နိုင် သည်။ ဒီလိုနည်းနဲ့ စကားပြောခွင့်ရအောင် ရည်ရွယ်တယ်ပေါ့လေ...။ သူမ စိတ်ထဲမှ ပြုံးမိသွားသည်။ ‘ဒါဆိုရင် တော့ ရှင်အကြီးအကျယ် မှားသွားပြီ၊ ကျမကို စိတ်အနှောင့်အယှက် ပေးပြီးမှ ဒီလိုအခွင့်အရေးရမယ်လို့ ရှင်ထင် နေလား၊ စိတ်ချ...ဘယ်တော့မှ ရှင်မရစေ ရဘူး’။ သူမ၏မာနတို့ ရုန်းကြွလာခဲ့သည်။

ထို့နောက်..စိတ်အာရုံပြောင်းသည့် အနေဖြင့် မှန်နံရံ၏ အပြင်ဖက်မှ မြင်ကွင်းများကို သူမ ငေးနေလိုက်သည်။ အချက်အချာကျသည့် လေဆိပ်ဖြစ်သည့်အတိုင်း လေယာဉ်အတက်အဆင်းတို့ကို မိနစ်မခြား မြင်နေရသည်။ ကေအယ်လ်အမ် လေကြောင်းပိုင် ကြီးမားသော ဘိုးအင်းလေယာဉ်ကြီးတစ်စင်း အရှိန်ဖြင့် ပြေးလမ်းပေါ်သို့ ဆင်းချလာသည်။ ထိုလေယာဉ်ကြီးကို လိုက်ကြည့်နေခိုက် ဟိုလူကွတ်ကီးတစ်ချပ် ယူစားလိုက်တာ မျက်ဝန်း ထောင့်စွန်းမှ သူမ မြင်လိုက်ပြန်သည်။ ဒီတခါတော့ သူ့ဖက်ကို စိတ်မှတ်မဲ့ သူမ လှည့်ကြည့်လိုက်မိသည်။ ထိုလူ ကသူမ လှမ်းကြည့်သည်ကို သိဟန်မတူပါ၊ စာကိုသာ စူးစူးစိုက်စိုက် ဆက်ဖတ်နေသည်။ တလောကလုံးမှာ သူရယ်၊ စာအုပ်ရယ်၊ ကွတ်ကီးတစ်ထုပ်ရယ်သာ ရှိသည့်ပုံမျိုး...။

ရှေ့တူရှုကို ပြန်လှည့်လိုက်ရင်း သူမ စဉ်းစားနေမိသည်။ အကယ်၍သူသာ သူမနှင့် မိတ်ဖွဲ့ချင်ရိုး မှန်လျှင် သူမ သူ့ဖက်ကို လှည့်သည်နှင့် သူစကားပြောရမည်။ အခုတော့ ထိုသို့မဟုတ်..။ ထိုသူသည် သူမထက် ကွတ်ကီးကို သာ ပို၍စိတ်ဝင်စား သည့်ပုံ...။ ဒါဖြင့်လျှင်လည်း ကိစ္စမရှိ၊ ဗိုက်ဆာနေသူ တစ်ယောက်နှင့် ကွတ်ကီးဝေစားဖို့ တွန့်တိုရလောက်သည်အထိတော့ သူမ စိတ်မပုပ်ပါ။ သို့သော် သူမ စဉ်းစားမိသွားပြန်သည်။ ‘နေစမ်းပါဦး..အခု ကိစ္စက ကွတ်ကီးဝေစားဖို့ ဆန္ဒရှိလား မရှိဘူးလား သိဖို့မဟုတ်ဘူး၊ အခုကိစ္စက အသိအမှတ်ပြုမှု...၊ ဟုတ်တယ် အသိအမှတ်ပြုမှု၊ လေးစားမှု၊ ပိုင်ရှင်ရှိတဲ့ ပစ္စည်းတစ်ခုကို ခွင့်တောင်းပြီးမှ သုံးစွဲရတဲ့ ယဉ်ကျေးမှု...’။ ဒါတွေ မရှိ ရင်တော့ ပစ္စည်းပိုင်ရှင်ကို စော်ကားရာ ကျတာပဲ၊ ထို့ကြောင့်ပင် သူမ ဒေါသထွက်နေရ ခြင်းဖြစ်သည်။

အရေးထဲမှာ ဗိုက်က ဆာလာပြန်သည်။ သူမ ကြိုက်နှစ်သက်သည့် ကွတ်ကီးများ...၊ ထိုကွတ်ကီးများသည် လက်တကမ်းမှာသာ ရှိနေကြသည်။ သို့သော် တဖက်ကလည်း သူစိမ်းယောက်ျားလေးတစ်ယောက်နှင့် မုန့်ဝေ စားရမည့် အဖြစ်..၊ အို...ဘာဖြစ်လဲ၊ ငါ့ကွတ်ကီး ငါစားတဲ့ကိစ္စ ဘာဖြစ်လို့ လက်တွန့်နေရမှာလဲ၊ ထို့သို့ တွေးပြီး သူမ ကွတ်ကီးတစ်ချပ် ယူစားလိုက်သည်။ မရှေးမနှောင်းမှာပဲ ထိုလူကလည်း တစ်ချပ်ယူစားလိုက်ပြန်သည်။ အခုအချိန်မှာတော့ သူမ ဒေါသအကြီးအကျယ် ထွက်နေပြီဖြစ်သည်။ ‘တောက်...ဒါတော့တရားလွန် လွန်းနေပြီ၊ တခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်..၊ ဘယ်တော့ရပ်သွားမလဲ လို့စောင့်ကြည့်နေတာ၊ အခုတော့ သူက ရလေလိုလေ အိုတစ္ဆေပါလား၊ ပြောမှသိတဲ့ လူတော့လား... ...ကဲ,လာစမ်း’၊ ထိုသူကို တုန့်ပြန်ရန် သူမ စဉ်းစား ပြီးတဖက်သို့လှည့်ရန် ပြင်လိုက်သည်။ ထိုစဉ်မှာပဲ အတွေးတခုဝင်လာသည်။ ‘နေဦး..ခေါင်းအေးအေးထားစမ်း၊ အခုဖြစ်နေတာက ဘာမှကြီးကျယ်တာ မဟုတ်ဘူး၊ ကွတ်ကီးတစ်ထုပ်ကို အတူဝေစားတယ်၊ ဟုတ်တယ်..အဲဒါ ဘာဖြစ်လဲ၊ ပြီးရင် ကိုယ့်လမ်းကိုယ်ဆက်သွားကြမှာပဲ၊ ဒါလေးအတွက်နဲ့ ရန်တွေ့မလို့လား၊ ဘာမဟုတ်တဲ့ မုန့် တစ်ထုပ်အတွက်နဲ့ လူပုံအလယ်မှာ ခွန်းကြီးခွန်းငယ် စကားများရမှာ နင်မရှက်ဖူးလား’...၊ သူမတုန့်သွားသည်။ သူမသည် ရန်ဖြစ်ရမည့် ကိစ္စများကို ရှောင်လေ့ရှိသူ၊ ဒေါသကို မျိုသိပ်တတ်သူ၊ စိတ်ထားကို သိမ်မွေ့အောင် ကြိုးစားထားလေ့ရှိသူ...၊ ဟုတ်သည်၊ မုန့်တစ်ထုပ်အတွက်နှင့် သူမ ရန်မဖြစ်ချင်ပါ...။

ရှိစေတော့...၊ ‘ခွင့်မတောင်းဘဲ စားတာက သူ့အဆင့်အတန်းကို သူပြတာပဲ၊ ဒီလိုလူမျိုးနဲ့ ဖက်ပြီးရန်မဖြစ်တာပဲ ကောင်းပါတယ်’ဟု သူမ တွေးလိုက်သည်။ ထို့နောက် စာထဲမှာ အာရုံဝင်စားဖို့ ကြိုးစားကြည့်သည်။ မရ...။ သို့နှင့် သူမ က ကွတ်ကီးယူစားလိုက်၊ ထိုခရီးသွားလူစိမ်းက ကွတ်ကီးယူစားလိုက်နှင့် များစွာသော ခရီးသွားတို့ အလယ်တွင် သာမန်အတိုင်းပဲ ရှိနေကြသည်။ ထိုအခိုက် သူမ အကြည့်က ကွတ်ကီးထုပ်ပေါ်သို့ ရောက်သွား သည်။ ကွတ်ကီးထုပ်ထဲမှာက နောက်ဆုံးလက်ကျန် ကွတ်ကီးတစ်ချပ်...။ သူမ ဘာလုပ်ရမလဲ စဉ်းစားကြည့် သည်။ ဟိုလူ့ထက်ဦးအောင် ယူစားလိုက်ရမလား? သို့သော် ချက်ချင်းပဲ စိတ်ပြောင်းသွားသည်။ ဟိုလူဘာလုပ် မလဲ သိချင်လာသည်။ ‘ကဲ...ဒီလောက်တောင် ငတ်ကြီးကျတဲ့လူ၊ သူဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့’...။

သူမ မသိမသာ စောင့်ကြည့်နေခိုက် ထိုလူစိမ်းက စာအုပ်မှ မျက်နှာမခွာဘဲ ကွတ်ကီးထုပ်ဆီ လက်လှမ်း လိုက်သည်။ သူ့လက်က ကွတ်ကီးတစ်ခု လွယ်လွယ်ကူကူ ရှာမတွေ့သည့်အခါ အထုပ်ပေါ်သို့ အကြည့်ရောက် လာသည်။ သူမ ကသူဘာလုပ်မလဲ သိချင်လှစွာနှင့် စာဖတ်ချင်ယောင်ဆောင်လျက် စောင့်ကြည့်နေမိသည်။ ကိုလူစိမ်းက ထိုနောက်ဆုံးလက်ကျန် ကွတ်ကီးကို အေးဆေးစွာ ကောက်ယူလိုက်သည်။ ထို့နောက် ထက်ခြမ်း ခြမ်းလိုက်ပြီး တခြမ်းကို အထုပ်ထဲပြန်ထည့်လိုက်ကာ ကျန်တခြမ်းကို စားလိုက်လေသည်။ ထို့နောက် စာကိုသာ ဆက်ဖတ်နေသည်။

ထိုနောက်ဆုံး အပြုအမူကတော့ သူမ အတွက်မျက်နှာကို ဖြတ်ရိုက်တာထက်ပင် အခံရခက်သွားလေသည်။ ‘ဟား...ဒါကတော့ အပြောင်မြောက်ဆုံး စော်ကားမှုပဲ၊ တချိန်လုံး စိတ်ကြိုက်ယူစားနေပြီး အခုမှ မျှတသလိုလို ဘာလိုလို လာလုပ်မနေနဲ့၊ နင်သနားမှ ငါက စားရမယ့်သူ မဟုတ်ဘူး၊ ဒီလူဟာ မယုံနိုင်လောက်အောင် ရင့်သီးစော်ကားလှပါလား’...။ ဝမ်းနည်းခြင်း၊ ရှက်ရွံ့ခြင်း၊ အခံရခက်ခြင်း၊ စိတ်တိုခြင်း...စသည့် ခံစားမှု ပေါင်းစုံကို သူမ တပြိုင်နက်ခံစားလိုက်ရသည်။ သူမ၏ အတ္တနှင့်မာနကို တိုက်ရိုက်ထိပါး ခံလိုက်ရခြင်းဖြစ်သည်။ သူမ ဘယ်လိုမှ ဆက်ပြီးသည်းမခံနိုင်တော့။ ဒီလူရဲ့ ဘေးမှာ နောက်ထပ်တစ်စက္ကန့်တောင် ဆက်ပြီးမရှိ ချင်တော့ပါ။ တော်လောက်ပြီ၊ တခါမှ သိကျွမ်းခြင်းမရှိတဲ့ လူတစ်ယောက်ရဲ့ အစော်ကားကို ဒီလောက်ခံရရင် လုံလောက်ပြီ။ ခရီးဆောင်လက်ဆွဲအိတ်ကို ကောက်ယူလျက် ထွက်ခွာရမည့် ဂိတ်နားသို့သူမ ထွက်လာခဲ့ တော့သည်။ စိတ်လှုပ်ရှားမှုကြောင့် လူက နုံးချိတုန်ယင်လျက်။

**********

လေယာဉ်ထိုင်ခုံမှာ ထိုင်ပြီးသည်အထိ စိတ်လှုပ်ရှားမှုက မပြေချင်သေး၊ ဘေးက လေယာဉ်ပြတင်းမှတဆင့် အပြင်ဖက် မြင်ကွင်းများကို ငေးနေလိုက်သည်။ လူက တာဝေးခရီးတစ်ခုကို ပြေးလာခဲ့ရသူ တစ်ယောက်ပမာ မောဟိုက်နွမ်းလျလို့ နေသည်။အင်း...အခုအချိန်မှာတော့ မျက်နှာက အတော်ပျက်ယွင်း နေလိမ့်မည်ထင်သည်။ ထိုစဉ် ခရီးဆောင်အိတ်ထဲမှာ အမြဲပါလေ့ရှိသော မှန်ကလေးကို သူမ သတိရသွားသည်။ မှန်ကလေးကို ထုတ် ယူရန် လက်ဆွဲအိတ်ကို ဖွင့်လိုက်သည်။ အဲဒီမှာ သူမ အရမ်းအံ့သြသွားသည်။

အထဲမှာ ကွတ်ကီးမုန့်ထုပ်ကလေး... ... ...။

အသစ်ကျပ်ချွတ်..မတို့မထိရသေး။ ဟင်...ဘယ်လိုဖြစ်တာဘာလိမ့်၊ သူမချက်ချင်းပဲ သတိရသွားသည်။ စူပါ မားကက်မှ ထွက်လာတော့ မုန့်ထုပ်ကို လက်ဆွဲအိတ်ထဲ ချက်ချင်းထည့်လိုက်မိသည်။ ထိုစဉ်ကတည်းက ပြန်မ ထုတ်ဖြစ်ခဲ့...။ ဟာ... ဒါဆို ခုနက ငါစားနေခဲ့တဲ့ ကွတ်ကီးတွေက... ...၊ သွားပြီ...အကြီးအကျယ်တော့ မှားကုန် ပြီ။ ဘယ်လိုဖြစ်ပြီး အိတ်ထဲကပြန်ထုတ်ဖို့ မေ့သွားရတာလဲ၊ လေဆိပ်ခန်းမထဲမှာ ဘေးထိုင်ခုံမှ လူရွယ်၏ ကွတ်ကီးများကို သူမက ကိုယ့်ဟာအထင်နှင့် တလျှောက်လုံး စားနေခဲ့ခြင်း ဖြစ်သည်။ ရှက်ရွံ့စိတ် ကြောင့် သူမ တကိုယ်လုံး ချက်ချင်းပဲ ထူပူသွားသည်။ အမျိုးအမည် မသိသောခံစားမှုတခုက ရင်ထဲမှပျို့တက်လာပြီး လည်ချောင်းဝမှာ လာဆို့သည်။

ထိုစဉ်မှာပဲ စောစောကဖြစ်ခဲ့သော စိတ်ခံစားမှုတို့က အစီအရီ ပြန်ပေါ်လာကြသည်။ ထိုလူရွယ်အပေါ် ထားရှိခဲ့ သောအာဃာတများ...၊ စိတ်ထဲမှ ကျိန်ဆဲခဲ့မှုများ၊ ယဉ်ကျေးမှု မရှိသည့် အောက်တန်းကျသူ တစ်ယောက် အဖြစ် တွေးတောယိုးစွပ်ခဲ့မှုများ၊ လူမှုရေးနားမလည်, လေးစားသမှု မရှိသည့် ငတ်ကြီးကျတစ်ယောက်အဖြစ် တွေးထင်ခဲ့မှုများ...၊ အို... ... အခုတော့ ဒါတွေအားလုံးကို ကျူးလွန်ခဲ့သူက သူမ ကိုယ်တိုင်ပါပဲလား၊ သူမ က သာလျှင် သူတပါး၏ပစ္စည်းကို ခွင့်မတောင်းဘဲ သုံးစွဲခဲ့ပြီး ပိုင်ရှင်အပေါ်မှာပင် ပြန်ပြီးရန်လိုနေခဲ့မိပါလား။ လူရွယ်သည် သူ၏မုန့်ထုပ်အား အဆုံးထိတိုင် သူမနှင့် ဝေမျှစားသောက်ခဲ့သည်။ နောက်ဆုံးကွတ်ကီးတစ်ချပ် ကိုပင် ထက်ခြမ်း,ခြမ်းကာ စားသောက်ခဲ့သည်အထိ သူမအပေါ် ငြိုငြင်မှု မပြခဲ့ပေ၊ ထို့ပြင် သူမ အနေခက်မည် စိုး၍ သူမဖက်ကို အနည်းငယ်မျှပင် လှည့်မကြည့်ခဲ့။ ပုံမှန်အတိုင်းပင် အေးအေးလူလူ ကျော်ဖြတ်သွားခဲ့သည်။

ထိုလူရွယ်၏ စိတ်ထဲမှာ မည်ကဲ့သို့ ရှိခဲ့မည်လဲ ? သူမ တွေးပင်မတွေးရဲတော့၊ သူအခု ဘယ်ရောက်သွားပြီလဲ ? သူ့ကို ဘယ်လိုရှင်းပြရမှာလဲ ? ရှင်းပြလို့ကော အဓိပ္ပါယ်ရှိပါ့ ဦးမလား ? မေးခွန်းပေါင်းများစွာ ခံစားမှုပေါင်းများစွာဖြင့် မွန်းကျပ်လျက် သူမ မူးဝေနောက်ကျိ လာခဲ့သည်။ ဒီတခါ ဖြစ်ရသည့် စိတ်ခံစားမှုက စောစောကဟာနှင့်ယှဉ် လျှင်အဆပေါင်းများစွာ ပိုပါသည်။ သူမသည် လူရွယ်အပေါ် တဖက်သတ် စွပ်စွဲချက်များဖြင့် တလျှောက်လုံး ပူလောင်နေခဲ့ပြီး ထိုစွပ်စွဲချက်များ မိမိအပေါ်ပြန်ကျရောက် လာသောအခါ ထပ်မံ၍ပူလောင် ရပြန်သည်။ ဖြစ်ပြီး ခဲ့သမျှ အဖြစ်အပျက်တို့သည် သူမ အတွက်တော့ ရေမျက်နှာပြင်ပေါ် ရှပ်ပြီးပစ်လိုက်သော ကျောက်ခဲပြားတစ်ခု ပမာ မြန်ဆန်တုန်ခါလျက် ပြန်လည်ဆည်ယူရန်မှာမူ မဖြစ်နိုင် တော့ပြီ ဖြစ်သည်။ ။


ညီလင်းသစ်
၈ ဖေဖေါ်ဝါရီ၊ ၂၀၀၈
(ကျနော်ကြားဖူးထားတဲ့ ဇတ်လမ်းလေးကို ဆင့်ပွားခံစား ရေးဖွဲ့ပါတယ်...)

25 January 2008

ကသိကအောင့်ဖြစ်စရာ ဥပဒေသများ


ကျနော့်မှာ အီးမေးလ်ကနေ ဟာသတွေ၊ ပုံတွေ၊ တွေးတောစရာတွေ၊ ဗီဒီယိုအပိုင်းအစတွေ ပို့ပေးလေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်၊ သူက သူ့ဆီရောက်လာတဲ့ အဲဒီလို attachment မှန်သမျှကို ဆက်ပြီး လက် ဆင့်ကမ်း ဖြန့်ဝေလေ့ ရှိတယ်၊ အင်တာနက်ထဲမှာ တစ်ယောက်ဆီကနောက်တစ်ယောက်ဆီကို လှည့်ပတ် ပို့နေ ကြတဲ့ ဒီလိုဟာတွေကို ကျနော်တို့ မကြာခဏရလေ့ ရှိပါတယ်၊ အခုလည်း သူပို့လိုက်တဲ့ထဲက တစ်ခုကို စိတ်ကူး ရတာနဲ့ ဘာသာပြန်လိုက်တာပါ...။

ဒီလောကထဲက နေ့စဉ်ဘဝတွေမှာ ဖြစ်ပျက်လေ့ ရှိတာတွေပေါ့၊ စိတ်ပျက်စရာ, ကသိကအောင့်ဖြစ်စရာ အဖြစ် အပျက်တွေကို ကြောင်းကျိုးဆက်စပ်ပြီး ဥပဒေသပုံစံ သတ်မှတ်ပြောဆိုကြတဲ့ စကားစု၊ အတွေးစလေးတွေပါ၊ အကုန်လုံးတော့ မမှန်ပါဘူး၊ တချို့ဟာတွေက ပြုံးစရာကောင်းပြီး၊ တချို့ဟာလေးတွေကတော့ တွေးစရာ ကောင်းပါတယ်၊ မူရင်းစာအုပ်ကဘာလဲ ဆိုတာတော့ သူ့မေးလ်ထဲမှာ မပါပါဘူး။

(အိမ်မှာ Modem ကပျက်နေလို့ အင်တာနက်မဝင်နိုင်ဘဲ အသစ်မတင်နိုင်တာကြောင့် ကျနော့်ဘလော့ဂ်လေး ကို အသက်ဆက်ဖို့အရေး ဒီပို့စ်လေးကိုအလုပ်ကနေ အချိန်လုပြီး တင်လိုက်ပါတယ်...)

*******

မာဖီ ဥပဒေသ (Loi de Murphy)
ရေချိုးကန်ထဲဝင်စိမ်လိုက်သော ခန္ဓာကိုယ်တိုင်းသည် တယ်လီဖုန်းကို မြည်အောင်စွမ်းဆောင်နိုင်ကြသည်။

ရူဘီစည်းမျဉ်း (Principe de Ruby)
တစုံတစ်ယောက်နှင့် တွဲသွားတွဲလာလုပ်ရင်း အများမမြင်စေလိုသော အချိန်တွင်မှ အသိအကျွမ်းတစ်ယောက် မဟုတ်တစ်ယောက်နှင့်ဆုံရန် အခွင့်အလမ်း ပိုများလေ့ရှိသည်။

မာဖီကိန်းသေ (Constante de Murphy)
အရာဝတ္ထုများသည် တန်ဖိုးကြီးကြီးပေးရလေလေ ပျက်စီးမှုပိုမြန်လေလေ ဖြစ်သည်။

ဂမ်ပါဆန် ဥပဒေသ (Loi de Gumperson)
အဖြစ်အပျက်တခု ဖြစ်စေသော အခွင့်အလမ်းသည် ၄င်းအားဖြစ်စေလိုသော ဆန္ဒရှိမှုနှင့် ပြောင်းပြန်အချိုးကျ လေ့ရှိသည်။

ဘုပ် ဥပဒေသ (Loi de Boob)
ပျောက်နေသော မည်သည့်အရာဝတ္ထုမဆို မထင်ထား၍ နောက်ဆုံးမှရှာသော နေရာတွင် တွေ့ရစမြဲဖြစ်သည်။

မြေဆွဲအား၏ရွေးချယ်မှု ဥပဒေသ (Loi de la Gravité sélective)
ဤကမ္ဘာ၏မည်သည့်နေရာတွင်မဆို ပေါင်မုန့်ထောပတ်သုတ်တစ်ချပ်သည် ထောပတ်သုတ်ထားသော အခြမ်း ဖက်မှ ကျလေ့ရှိသည်။

ကားပါ့ကင်၏ ထုံးတမ်းစဉ်လာ (Postulat du Parking)
နေရာရှာမတွေ့၍ ၂ ကီလိုမီတာ အဝေးမှာကားရပ်ပြီးပြီဆိုလျှင် သင်သွားချင်သော အဆောက်အဦးရှေ့မှ ကား ၄ စီးသည် ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသည်ကို မြင်ရလိမ့်မည်။

ဖလပ်ဂ်နှင့်ပို့စ် စည်းမျဉ်း (Règle de Flugg & Post)
လူတန်းထဲမှာ တန်းစီနေသောအခါ သင်အလျင်စလိုဖြစ်လေလေ ကောင်တာမှဝန်ထမ်းသည် နှေးကွေးလေလေ ဖြစ်သည်။

မရွေ့နိုင်သောလူတန်းထဲမှာ စိတ်မရှည်စွာစောင့်လေလေ သင်၏ဘေးမှ လူတန်းသည် ပိုမြန်လေလေဖြစ်သည်။

ထိုလူတန်းသို့ ပြောင်းလဲတန်းစီလျှင် သင်ရှိနေခဲ့သောလူတန်းသည် လျှင်မြန်စွာ ရွေ့သည်ကိုတွေ့ရလိမ့်မည်။

ရောဂျာ ဥပဒေသ (Loi de Roger)
လေယာဉ်မယ်က ကော်ဖီဝေငှပြီးချိန်ကျမှ လေယာဉ်ကတုန်ခါလေ့ ရှိသည်။

မိုးဇက် ဥပဒေသ (Loi de Moses)
ဘောလုံးပွဲကြည့်သောအခါ သင်မျက်နှာလွှဲလိုက်သော အခိုက်အတန့်လေးတွင်မှ ဂိုးဝင်သွားလေ့ရှိသည်။

မာမီ ဥပဒေသ (Loi de Mamie)
အိပ်သောအခါ ဆူညံစွာဟောက်တတ်သူသည် အားလုံးထဲမှာ အရင်ဆုံးအိပ်ပျော်လေ့ ရှိသည်။


ညီလင်းသစ်
၂၅ ဇန်နဝါရီ၊ ၂၀၀၈

31 December 2007

၂၀၀၇ သို့နှုတ်ဆက်ခြင်း


မကြာခင်နာရီပိုင်းဆိုရင် ၂၀၀၇ ခုနှစ်ကုန်ဆုံးလို့ ၂၀၀၈ ကိုဝင်ရောက်ပြီဖြစ်ပါတယ်၊ ကမ္ဘာတလွှား မှာလည်း ဒီအခါသမယကို ကြိုဆိုဖို့ အားလုံးကစိတ်လှုပ်ရှားစွာနဲ့ ပြင်ဆင်နေကြချိန်ပေါ့၊ အရှေ့ဖက် ကျတဲ့ နိုင်ငံတွေက ပထမဦးဆုံး နှစ်သစ်ကို ဦးဦးဖျားဖျား ကြိုဆိုရသလို အနောက်ဖက်က နိုင်ငံတွေ ကလည်း နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး တခမ်းတနား ကြိုဆိုဖို့ တာစူနေကြတယ်။

၂၀၀၈ ဟာတခါမှ မဝတ်ရသေးတဲ့ ဝတ်စုံသစ်တခုလို သစ်လွင်တောက်ပစွာနဲ့ ဘီဒိုထဲက ထွက်လာ ဖို့ အပြန့်သားအစန့်သား သွေးကြီးနေလေရဲ့၊ ၂၀၀၇ ကတော့ကျိုးကြေနေတဲ့ခေါက်ရိုးတွေနဲ့ နွမ်းလျ မှိန်မွဲလို့...၊ မကြာခင်မှာ အဟောင်းပုံထဲကို သွားရတော့မှာမို့ ဝမ်းနည်းရိပ်တွေ သမ်းနေမလားပဲ၊ သူလည်း လွန်ခဲ့တဲ့ ရက်ပေါင်း ၃၆၅ ရက်တုန်းက အခု ၂၀၀၈ လိုနေရာမျိုးမှာပေါ့၊ တခမ်းတနားနဲ့ ငယ်ဂုဏ်ငယ်သွေး ကြွနေခဲ့သေးတယ်လေ၊ တကမ္ဘာလုံးကလူတွေကလည်း သူ့ကိုကြိုဆိုခဲ့ကြတာမှ တကယ့်ကို လှိုက်လှိုက်လှဲလှဲ...၊ အခုတော့လည်း ၂၀၀၆ နောက်ကို သူလိုက်ရတော့မှာပေါ့၊ နောက် နှစ်ဒီလို အချိန်မှာဆိုရင်တော့ ၂၀၀၈ လည်းသူ့နောက်လိုက်လာရမှာ အသေအချာပါပဲ။

၂၀၀၇ မှာအကောင်အထည်ဖေါ်ဖို့ ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကလည်း တပုံတခေါင်း၊ နိုင်ငံတွေက ပရောဂျက်တွေ အမျိုးမျိုးချကြသလို လူတစ်ဦးချင်းစီကလည်း နှစ်သစ်မှာတော့ဖြင့် ဒါလုပ်မယ်၊ ဒါတော့ဖြင့် မလုပ်တော့ဘူး၊ ဒီဟာကိုတော့ ရှောင်တော့မယ် စသဖြင့် တစ်ဦးချင်း သံဓိဌာန်တွေချ ကြ၊ အချင်းချင်း ကတိကဝတ်တွေပေးကြနဲ့ပေါ့၊ အောင်မြင်သွားတဲ့ လူတွေရှိသလို ဒုံရင်းပြန်ရောက် တဲ့သူတွေလည်း အများကြီးပါပဲ။

အားလုံးကတော့ နှစ်သစ်ကို ဝင်ရောက်ခွင့်ရလို့ ပျော်ကြတာများပါတယ်၊ ရောဂါဝေဒနာ ခံစားနေရ တဲ့လူတွေက နှစ်သစ်တခုကို မြင်တွေ့ခွင့်ရလို့ ဝမ်းသာကြသလို အကျဉ်းကျနေတဲ့လူတွေကလည်း လွတ်ရက်နီးလာလို့ ပျော်ကြပြန်တယ်၊ အနောက်နိုင်ငံတွေမှာတော့ ဖြတ်သန်းခဲ့တဲ့ တနှစ်တာ အတွင်း အောင်မြင်မှု၊ ရှေ့နှစ်က ယူဆောင်လာမယ့် အောင်မြင်မှုတွေအတွက် ရှန်ပိန် ကိုယ်စီနဲ့ အသီးသီးနှုတ်ခွန်းဆက်ကြလေ့ ရှိပါတယ်၊ ကိုယ့်ရဲ့ အစီအစဉ်နဲ့ အနေအထားပေါ် မူတည်လို့ ပျော်ရွှင်မှု ဒီဂရီတော့ အနည်းအများ ကွာကောင်းကွာနိုင်ပါတယ်၊ တချို့ကလည်း ‘နှစ်သစ်ဖြစ်ဖြစ် နှစ်ဟောင်းဖြစ်ဖြစ် မထူးပါဘူးကွာ’ ဆိုတဲ့လူတွေရှိသလို နှစ်တွေ ဘယ်လိုပဲသစ်သစ် အဟောင်း အတိုင်း ဆက်မိုက်နေဦးမယ့် သူတွေလည်းရှိဦးမှာပါပဲ။

ကျနော်တို့ကမ္ဘာကြီးရဲ့ ကျန်းမာရေးကရော...၊ အားလုံးကဝိုင်းဝန်းတည့်မတ်နေပေမယ့် တကယ်ပဲ ထူထူထောင်ထောင် ဖြစ်လာရဲ့လား? နေရာများစွာမှာ စစ်မက်တွေ ဆက်လက်ဖြစ်ပွားဆဲ၊ အသေခံ ဗုံးခွဲမှုတွေ ဆက်ရှိနေဆဲ၊ အကြမ်းဖက်လုပ်ငန်းတွေ တိုးလာနေဆဲ၊ သဘာဝပတ်ဝန်းကျင် အရည်အသွေးတွေ ဆက်ပြီးကျဆင်းလာနေဆဲ၊ ဖြေရှင်းဖို့ကြိုးစားနေတဲ့ ကြားကနေ ပိုပိုပြီး ရှုပ်လာတဲ့ နိုင်ငံတကာ ပဋိပက္ခတွေ အကျပ်အတည်းတွေနဲ့ ကမ္ဘာကြီးကတော့ နာတာရှည် လူမမာ ကြီးလို တရှောင်ရှောင်နဲ့ပါပဲ။





ကျနော်တို့အားလုံး စုပေါင်းပိုင်ဆိုင်တဲ့ တခုတည်းသော ကမ္ဘာကြီးပါ၊ နေထိုင်ရာ လောကကြီးကို ကျေးဇူးမကန်းဘဲ ပြန်လည်ပေးဆပ်ဖို့က အယောက်စီတိုင်းရဲ့တာဝန်ပါပဲ၊ ကျနော်တို့ရဲ့ကလေးငယ် တွေလွတ်လပ်စွာ ရယ်မောနိုင်ဖို့၊ မိခင်တွေရဲ့ သားချော့တေးတွေ ငြိမ်းချမ်းစွာ ဆက်လက်စီးဆင်း စေဖို့၊ ယမ်းငွေ့တွေကြားက ကတုတ်ကျင်းတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ ဖို့ပစ်ဖို့၊ အဖေနဲ့အကိုရဲ့ လက်တွေသေနတ်ခလုတ်ကို မညှစ်ရဘဲ ပေါ့ပါးစွာပျိုးကြဲနိုင်ဖို့...၊ ............ နိုင်ဖို့၊ .......... နိုင်ဖို့၊ ကျနော်တို့ ကြိုးစားကြရဦးမှာပါ။

လူတိုင်းကတော့ ငြိမ်းချမ်းရေး လိုချင်ကြမှာချည်းပါပဲ၊ ငြိမ်းချမ်းချင်လို့ စစ်တိုက်နေရတယ် ဆိုတဲ့ စကားရှိပေမယ့် တိုက်နေတဲ့ အဲဒီစစ်တွေအားလုံးဟာ ငြိမ်းချမ်းခြင်းနဲ့ ဝေးနေဆဲပါပဲ၊ အုံလိုက်ကျင်း လိုက် လက်နက်ကိုင် တိုက်ကြတဲ့ စစ်ပွဲတွေကအစ တစ်ဦးနဲ့တစ်ဦး ကတောက်ကဆ ဖြစ်ရတဲ့ လက်နက်မဲ့ စစ်ပွဲသေးသေးလေးတွေအဆုံး အားလုံးဟာ ပူလောင်ပင်ပန်းစွာနဲ့ နွမ်းလျစေပါတယ်။

အခုလို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မကြာခင်ကျရောက်တော့မယ် နှစ်သစ်အတွက် လူတိုင်းဟာ ကိုယ်စီကိုယ်ငှ ရင်ခုန်နေကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်၊ လာမယ့်နှစ်မှာ အကောင်းဆုံး တွေရယူဖို့၊ အကောင်းဆုံးတွေ ပေးဆပ်ဖို့၊ စိတ်သစ်လူသစ်နဲ့ အသက်ရှင်ဖို့၊ ယုံကြည်ချက် မျှော်မှန်း ချက်တွေ တည်ဆောက်ကြလို့ပေါ့၊ ဒီနေ့မှာ ကျနော်တို့ရဲ့ ကမ္ဘာကြီးဟာ ရင်ခုန်သံ အတိုးအကျယ် တွေနဲ့ ဆူညံမြည်ဟည်းနေမှာ သေချာပါတယ်၊ နေထိုင်ရာဒေသတွေ၊ အသားအရောင်တွေ ဘယ်လိုပဲကွဲပြားပါစေ... အကောင်းဆုံးဖြစ်ဖို့ ဆိုတဲ့ ဦးတည်ချက်အောက်မှာ ရင်ခုန်သံတွေဟာ တရောင်တည်း, တစည်းချက်တည်း ခုန်နေပါလိမ့်မယ်။

ရင်ခုန်သံတွေ ထပ်တူကျတဲ့ ဒီလိုနေ့မှာ မိတ်ဆွေသူငယ်ချင်းများအားလုံးကို ကျနော်နှစ်သက်တဲ့ သီချင်းလေးနဲ့အတူ နှစ်သစ်အတွက် ခွန်းဆုချွေလိုက်ပါတယ်၊ ဘယ်သူရေးခဲ့တယ်ဆိုတာ မမှတ်မိ ပေမယ့် ကွယ်လွန်သူ ဂီတပညာရှင် ကိုငှက်သီဆိုထားခဲ့တဲ့ သီချင်းဟောင်းလေး တစ်ပုဒ်ပါ၊ ကျနော် တို့အားလုံးရဲ့ ကမ္ဘာကြီး ပိုမိုသာယာစေဖို့ ရှေ့ရှုရင်း ပိုမိုငြိမ်းချမ်းလာတဲ့ ပျော်ရွှင်ဖွယ်ရာ နှစ်သစ် ဖြစ်ပါစေ ခင်ဗျား။ ။


ညီလင်းသစ်
၃၁ ဒီဇင်ဘာ၊ ၂၀၀၇

27 December 2007

လူလေးရဲ့ကဗျာ

သားကလေးဟာ
ကျနော် တဝက်စိုက်ပျိုးခဲ့တဲ့
သစ်ပင်ပေါက်ကလေးဖြစ်တယ်၊

သားကလေးဟာ
ပါဒတွေ အစဉ်တစိုက်တိုးလာမယ့်
ကဗျာလေးတစ်ပုဒ်လည်းဖြစ်တယ်၊

သားကလေးမှာ
ဆုတ်စရာ
ပြက္ခဒိန်တစ်စောင်တောင် မရှိသေးပါဘူး၊

သားကလေးဟာ
ရွေးချယ်ခွင့်မရှိဘဲ ရောက်လာခဲ့ရတဲ့
ဒီလောကကြီးကို မသိဘူး၊

သားကလေးဟာ ဂျော့ခ်ျဘုရှ်ကို မသိဘူး၊
အိုစမာဘင်လာဒင် ကိုမသိဘူး၊
သားကလေးဟာ ငရန်မန်ကန်းကို မသိဘူး၊
ရန်းဒတ်ခ်ကို မသိဘူး၊
သားကလေးဟာ ဘစ်ခ်ဘင်န်သီအိုရီကို မသိဘူး၊
ရီလေတစ်ဗီတီကို မသိဘူး၊

သားကလေးဟာ
မသိ၊ နားမလည်ခြင်းတွေ
ရာနှုန်းပြည့်နီးပါးနဲ့ နေထိုင်သူဖြစ်တယ်၊
သူ့ရဲ့ခေါင်းသေးသေးလေးထဲမှာ
သေချာသိတာဆိုလို့
အဖေ့ရဲ့စကားသံနဲ့
အမေ့ရဲ့ကိုယ်ငွေ့ရနံ့တို့ပဲ ရှိရဲ့။

ရုပ်ဝတ္ထုလိုအပ်မှုတွေ
များပြားလွန်းတဲ့
ဒီလောကကြီးထဲမှာ
သားကလေးလိုအပ်တာ
သိပ်များများစားစား မရှိပါဘူး၊

ဆာလောင်မှုတွေကို
မောင်းထုတ်မယ့်
အမေ့ရဲ့နို့ချိုတွေနဲ့
အိပ်စက်ခြင်းတွေကို
ယူဆောင်လာပေးမယ့်
အဖေ့ရဲ့လက်မောင်းတစုံရယ်ဆို ရပြီ၊

ရှိခြင်းနဲ့ မရှိခြင်း
သိခြင်းနဲ့ မသိခြင်း
ပိုင်းဖြတ်ထားတဲ့ ဒီကမ္ဘာထဲ
သားကလေးကတော့
ဗိုက်ဆာရင်ငိုမယ်...၊
အိပ်ချင်ရင်ငိုမယ်...၊

ဟန်ဆောင် ပရိယာယ်
တွက်ချက်မှုတွေ မပါဘဲ
တကယ့်အရိုးခံ မျက်ရည်တွေနဲ့
ငိုမယ်...၊
ပြီးတော့
သူ့ရဲ့ လိုအင်သေးသေးလေး
ပြည့်သွားတဲ့အခါ
နှစ်နှစ်ခြိုက်ခြိုက်ကြီးပြုံးပြီး
အိပ်ပျော်သွားလိမ့်မယ်၊

အဲဒီ မျက်ရည်မခြောက်တခြောက်
ပါးပြင်လေးတွေပေါ့...
ကျနော့်ရဲ့ခြေထောက်တွေကို
ဟောဒီ ကမ္ဘာမြေကြီးထဲ
မြဲမြံစွာ အမြစ်တွယ်စေခဲ့တာ။ ။


ညီလင်းသစ်
၂၇ ဒီဇင်ဘာ၊ ၂၀၀၇

(သားလေးသူရိယအတွက်...)

17 December 2007

3 Ships...


တနင်္ဂနွေတစ်ပတ်တော့ ပြီးသွားပြန်ပါပြီ၊ ဒ်ီတပတ်မှာ ကျနော်ဘလော့ဂ်တွေ လိုက်မလည်ဖြစ်ပါဘူး၊ အချိန် တော်တော်များများမှာ အပြင်ရောက်နေလို့ပါ...။

စနေနေ့က ကျနော်အရင်းနှီးဆုံး သူငယ်ချင်းမလေးရဲ့ သားကလေးမွေးနေ့ကို သွားဖြစ်ပါတယ်၊ သူ့သားကလေး ရဲ့အသက်(၂)နှစ်ပြည့် မွေးနေ့လေးက ရင်းနှီးတဲ့သူငယ်ချင်းတချို့နဲ့ သိုက်သိုက်ဝန်းဝန်းပါပဲ၊ မဆုံဖြစ်ကြတဲ့ လူတွေပြန်တွေ့တဲ့အခါတိုင်း ပြောစရာတွေက ဟိုတစ်စ ဒီတစ်စ မကုန်နိုင်မခန်းနိုင်နဲ့ပေါ့၊

အဲဒီမှာ ကျနော့်မိတ်ဆွေ တစ်ယောက်က ပြောပါတယ်၊ သူ့ဆီမှာ သုံးတဲ့ လျှပ်စစ်ပစ္စည်းတော်တော်များများက အမှိုက်ပုံ တွေကနေ ကောက်လာတာဖြစ်ကြောင်းနဲ့ ဒီနည်းနဲ့ ငွေကုန်ကြေးကျမများဘဲ သူအတော် အဆင်ပြေ နေတဲ့ အကြောင်းပါ၊ ဒီတိုင်းပြည်မှာ ကိုယ်အသုံးမလိုတဲ့ ပစ္စည်းတွေကို စွန့်ပစ်ဖို့ (၂)လတခါ ရက်သတ်မှတ် ထားပါတယ်၊ အဲဒီရက်မှာ ခြွင်းချက်အနည်းငယ်ကလွဲလို့ ထုထည်ကြီးမားတဲ့ ပစ္စည်းတွေအားလုံးကို စွန့်ပစ်နိုင် ပါတယ်၊ စွန့်ပစ်ရမယ့်ရက် မတိုင်မီ် ညနေရောက်ရင်တော့ လမ်းဘေးတွေမှာ ပစ္စည်းအဟောင်းပုံတွေကို တွေ့ရ ပါတော့တယ်။

ကျိုးပဲ့နေတဲ့ ပစ္စည်းတွေ ရှိပေမယ့် အများအားဖြင့်တော့ အသစ်ဝယ်လို့ စွန့်ပစ်လိုက်တဲ့ အဟောင်းတွေနဲ့ ကိုယ် အသုံးမလိုတော့လို့ စွန့်ပစ်ကြတဲ့ အရာတွေများပါတယ်၊ အဲဒီမှာ ကုတင်၊မွေ့ယာမှစ၍ မီးပူ၊ဆိုဖာထိုင်ခုံ အလယ် ပန်းကန်ခွက်ယောက်အဆုံး အားလုံးကို တွေ့ရပါတယ်၊ နောက်တနေ့မနက်မှာတော့ မြို့နယ်စည်ပင်သာယာ က အဲဒီပစ္စည်းတွေကို လာကြုံးသွားလေ့ ရှိပါတယ်၊

ကျနော်ဒီနိုင်ငံကို ရောက်ခါစက အဲဒီလိုစွန့်ပစ်ပစ္စည်းတွေကို လာကောက်တဲ့လူ သိပ်မရှိပါဘူး၊ ဒါပေမယ့် လွန်ခဲ့ တဲ့(၆)လလောက်ကစ,လို့ အဲဒီလိုညနေရောက်ပြီဆိုရင် လမ်းတွေထဲမှာ လှည့်လည်ပြီး ကိုယ်အသုံးတည့်မယ့် ပစ္စည်းရှာသူတွေ တဖြည်းဖြည်းများလာတာကို သတိပြုမိပါတယ်၊ တချို့ဆို ကားကြီးကားငယ် အသွယ်သွယ်နဲ့ ကိုလှည့်ပတ်ရှာဖွေနေတာပါ၊ ကျနော်ကတော့ ဒီအလေ့အထကို ကြိုဆိုပါတယ်၊ ကိုယ်တိုင်လည်း သွားရင်းလာ ရင်းအသုံးတည့်တာမြင်ရင်တော့ ကောက်လာဖို့ ဝန်မလေးပါဘူး၊ စောစောကပြောတဲ့ကျနော့်မိတ်ဆွေဆို သူသုံး တဲ့ကွန်ပျူတာကအစ အဲဒီလိုကောက်လာတာပါ၊ သူက သူ့မှာ ကောက်လာတဲ့ အမ်ပလီဖိုင်ယာ(၃)လုံးတောင်ရှိ နေလို့ ကျနော့်ကိုတောင်တစ်လုံး မျှနေပါသေးတယ်။

အနောက်တိုင်းလူမှုအဖွဲ့အစည်းက Consumer Society ဖြစ်ပါတယ်၊ အများစုက သုံးနိုင်တဲ့အခြေအနေရှိသလို ကုန်ပစ္စည်းထုတ်လုပ်မှုကလည်း ဖောဖောသီသီနိုင်တယ်၊ ဒီတော့ မလိုအပ်ဘဲ ဝယ်တာတွေက အတော်လေး များပါတယ်၊ ကုန်ထုတ်စွမ်းအားက လူ့စွမ်းအားအရင်းအမြစ်ထက် ပိုကြီးတဲ့အတွက်ကြောင့်လည်း ပစ္စည်းတစ်ခု ပျက်ရင် အသစ်ထပ်ဝယ်တာက ပြင်ဆင်ရတာထက် ပိုသက်သာပါတယ်၊ အဲဒီလို အလွန်အကျွံ ထုတ်လုပ်မှုတွေကြောင့် ပစ္စည်းတွေဟာ ဖျက်ဆီးဖို့မနိုင်တော့ဘဲ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေပြီး Ecological system ကိုမမောက်ကမ ဖြစ်စေပါတယ်၊ ဒါတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တွေမှစ၍ အတော်များများက သုံးစွဲမှု (Consumption)ကိုလျှော့ချဖို့ ပြောလာချိန်မှာ အခုလို အမှိုက်ကောက်တဲ့ Recycling စနစ်လေးက လူမှုဘဝဟန်ချက်ညီစေဖို့ တဖက်တလမ်းက အထောက်အကူ ပြုပါတယ်၊ ကျနော့် မိတ်ဆွေကတော့ ဆက်ပြီးကောက်သွားဦးမယ်လို့ ပြောသွားပါတယ်။

ဟိုရောက်ဒီရောက်နဲ့ စကားတွေကောင်းနေကြသလို အိမ်ရှင်သူငယ်ချင်းကလည်း ဟင်းချက်ကောင်းပါတယ်၊ ကျနော် တို့ကို ဒန်ပေါက်နဲ့ဧည့်ခံလို့...၊ ကျနော်တို့ဆီမှာ အိန္ဒိယစားသောက်ဆိုင်က နည်းရတဲ့အထဲမှာ ဒန်ပေါက် လည်းမရောင်းပါဘူး၊ ဒီတော့အားလုံးက ကြက်လျှာစွန်း ဒန်ပေါက်ဆိုင်က အထူးအော်ဒါရထားတဲ့အလား မြိန်ရေ ယှက်ရေနဲ့ အားပေးကြတာပေါ့၊ အိမ်ရှင်သူငယ်ချင်းလည်း အတော်လေး ဒါနမြောက်သွားပါတယ်။

ပြီးတော့ အပြင်ဖက်ရာသီဥတုလည်း ကိုယ့်ဖက်ခပ်ပါပါဆိုတော့ နေ့လည်ခင်းဟာ ဝိုင်နီတွေ ရီဝေဝေနဲ့...၊ ကျနော်ကလည်း ဆရာနေဝင်းမြင့်နဲ့ တခြားဟာသာ မတူရင်ရှိမယ်၊ ဝိုင်ကြိုက်တာတော့ တထေရာတည်းပါပဲ၊ ဝိုင်က နှစ်မချို့ပေမယ့် အပြစ်ဖို့စရာတော့ မရှိပါဘူး၊ ကျနော်တို့ထဲက သူငယ်ချင်းတစ်ယောက်က စပျစ်ခင်းတွေ ဝေဝေဆာဆာ စိုက်ပျိုးတဲ့ တောင်ပေါ်ဒေသမှာ နေတာပါ၊ သူကလည်း ရေမြေလိုက်သွားတယ် ထင်ပါရဲ့..၊ ဝိုင်တွေ တစ်လုံးပြီးတစ်လုံးဖွင့်လို့၊ တတ်နိုင်ရင် စပျစ်ခင်း တခုလုံးကို ပါးစပ်ထဲမှာတင် ကဇော်ဖောက်ပြီး မျိုချ မယ့်ပုံမျိုး...။

ဘယ်လိုပဲဖြစ်ဖြစ် မွေးနေ့ရှင် (၂)နှစ်သားကလေးတော့ ပျော်မပျော် မသိပါဘူး၊ ဧည့်သည် လူကြီးတွေကတော့ အတော်လေး ပျော်ခဲ့တာ အသေအချာပါ၊ တခါတရံမှာ စာအုပ်တွေနဲ့ တိတ်ဆိတ်စွာနေရတာ ချမ်းမြေ့ဖွယ် ကောင်းသလို တခါတလေတော့ ခင်မင်တဲ့ မိတ်ဆွေတွေနဲ့ စကားလက်ဆုံကျ ရတာလည်း နှစ်လိုဖွယ်ရာပါပဲ၊ တကယ်တော့ လူဟာ ships (၃) ships လိုအပ်ပါတယ်၊ Friendship, Fellowship နဲ့ Companionship တို့ပါ၊ အထီးတည်းနေတဲ့ သတ္တဝါတွေ မဟုတ်လို့လည်း ဒီ ships တွေ တနည်းမဟုတ် တနည်းလိုအပ်လေ့ရှိပါတယ်၊ အဲဒီနေ့မှာ ကျနော်ကတော့ ဒန်ပေါက်ကမ်းခြေကနေ အဲဒီ ship သုံးစင်းနဲ့ ဝိုင်ပင်လယ်ထဲ ရွက်လွှင့်ခဲ့ပါတော့ တယ်။ ။


ညီလင်းသစ်
၁၇ ဒီဇင်ဘာ၊ ၂၀၀၇

(မွေးနေ့ကျရောက်တဲ့ မောင်ရာဇာနဲ့အတူ မိငယ်ကို ဒီပို့စ်လေးနဲ့ နှုတ်ဆက်လိုက်ပါတယ်...)

13 December 2007

နှင်းတောင်တွေပေါ်မှာ

သူ ငယ်စဉ်ကလေးဘဝတုန်းက နှင်းဆိုတာရေခဲ သေတ္တာ အအေးခန်းထဲက ရေခဲမှုန်တွေလို နေမှာပဲလို့ တွေး ကြည့်ဖူးသည်၊ နှင်းတွေနဲ့ပတ်သက်လို့ သူ များများ စားစား မသိပါ၊ အပူပိုင်းဒေသက လူတစ်ယောက်ပီပီ သူ့ ပတ်ဝန်းကျင်နှင့် သိပ် အကျွမ်းမဝင်လှသော နှင်းကို မြင်ဖူးချင် ထိတွေ့ဖူးချင်ခဲ့သည်၊ အဲဒီလို စိတ်ကူးယဉ် ကြည့်ခဲ့ရတဲ့နှင်းကို ပထမဆုံးအကြိမ် သူ မြင်ခွင့် ရတာကတော့ တခုသောနွေရာသီမှာဖြစ်လေသည်။

ဒီနိုင်ငံကို သူရောက်လာတဲ့အချိန်က ဥရောပရဲ့ နွေ ရာသီဆိုတော့ နှင်းအကြောင်းက သူ့ခေါင်းထဲမှာ သိပ်မရှိပါ၊ ဒါပေမယ့် သူ ရောက်ပြီးသိပ်မကြာခင်မှာပဲ တောင် ပေါ်ကိုအလည်သွားဖို့ အကြောင်းဖန် လာခဲ့သည်၊ တောင်တန်းတွေ ပေါများသည့်နိုင်ငံ ဖြစ်သည့် အလျောက် တနှစ်ပတ်လုံး နှင်းဖုံးနေတဲ့တောင်တွေလည်း အတော်များသား၊ အဲဒီတောင်တန်းတွေထဲမှာမှ သူ ရောက် သွားခဲ့တာက မီတာ ၃၀၀၀ ကျော်အမြင့်ရှိတဲ့ နှင်းဖုံး တောင် တစ်ခုပါ၊ အဲဒီတောင်ကြောပေါ်မှာတော့ နှင်းက ဆယ့်နှစ်ရာသီပတ်လုံး ရှိသတဲ့။

သူ စီးလာသော တောင်ပေါ်တက်သည့် Cable car တံခါးပွင့်သွားချိန်မှာတော့ အိပ်မက်ထဲက နှင်းကို တကယ် တွေ့လိုက်ရတော့သည်၊ သူ့ မျက်စိရှေ့မှာ အဖြူရောင်နှင်းပြင်ကျယ်ကြီးက တပြန့်တပြောနှင့် မျက်စိတဆုံး...၊ အသက် (၃၀) ဝန်းကျင်လူတစ်ယောက်က သူ့ဘဝမှာ ပထမဆုံး တွေ့ရတဲ့နှင်းကို လက်တဆုပ်စာ ကောက်ယူ လိုက်ပြီး တအံ့တသြနဲ့ ချေမွနေမိသည်၊ နောက်တော့ နှင်းတွေကို အဆုပ်လိုက် အဆုပ်လိုက်လုံးယူကာ ကလေး တစ်ယောက်လို သူမြူးတူး ဆော့ကစားနေမိတော့သည်၊ ပြီးတော့ စိတ်လှုပ်ရှား ရင်ခုန်လျက် မယုံနိုင်ဖြစ်နေ သေးသည်၊ ကျောင်းတုန်းက စာထဲမှာသာ သင်ဖူးသော အဲ့လ်ပ်စ် (Alpes) တောင်တန်းတွေပေါ်ကို သူတကယ် ရောက်နေလေသည်၊ ဥရောပရဲ့ အမြင့်ဆုံးတောင်တန်းတွေလေ...။

နှင်းပေါ်မှာလမ်းလျှောက်လို့ ခဏအကြာမှာတော့ အံ့သြစရာကောင်းစွာ သူ ပူအိုက်လာတော့သည်၊ တောင်ပေါ် သွားဖို့ ပြင်တုန်းက နှင်းတောထဲမှာဆိုတော့ ချမ်းမှာပဲဆိုပြီး အနွေးထည်သုံးလေးထပ် သူဝတ်လာခဲ့သည်၊ ဒါပေ မယ့် သူတွေးထားတာနဲ့ ဆန့်ကျင်စွာ ရာသီဥတုက ပူအိုက်နေခဲ့သည်၊ အင်းလေ..နှင်းတောင်ပေါ်မှာပေမယ့် နွေရာသီကိုး၊ ဒီတော့ တထပ်ပြီးတထပ် ချွတ်လာလိုက်တာ နောက်ဆုံး ကိုယ်ပေါ်မှာဝတ်ထားတဲ့ တီရှပ်ပဲ ကျန် တော့သည်၊ အဲဒီတီရှပ်ကလည်း ချွေးစို့နေပြီ၊ သူကတော့ နှင်းပေါ်မှာပေမယ့် ချွေးစို့နေရသည့် အဖြစ်ကိုပဲ အံ့သြ နေမိသည်၊ နောက်တခုက နေရောင်...၊ နှင်းပြင် အဖြူရောင်က ရောင်ပြန်ဟပ်လာသည့် နေရောင်က သူ့မျက်စိ ကို အလွန်ဒုက္ခပေးပါသည်၊ သူ့မှာနေကာမျက်မှန် လည်းမပါ၊ နှင်းပေါ်မှာ အလင်းပြန်လာသည့် နေရောင်က ဒီလောက်မျက်စိကျိန်းလိမ့်မယ်လို့ သူတခါမှ မစဉ်းစားခဲ့...၊ မတတ်နိုင်တော့...၊ ရသလောက်သာ မျက်စိကို မှေးကျဉ်းထားရတော့သည်။


အဲဒီလို ပထမဆုံး နှင်းတွေနဲ့သူ ဆုံစည်းခဲ့ရပုံက ချွေးလေးတစိုစိုနှင့် သိပ်တော့အေးအေးချမ်းချမ်း မဟုတ်ခဲ့ပေ၊ ဒါပေမယ့် ဆောင်းကာလရောက်လာတဲ့ အခါမှာတော့ မြေပြင်မှာရှိနှင့်ပြီးသား နှင်းတွေသာမကပဲ မိုးပေါ်က ကျလာတဲ့ နှင်းတွေနဲ့ပါ သူရင်းနှီးခဲ့ ရတော့သည်၊ အဲဒီအခါမှာတော့ ရာသီဥတုက တကယ်ပဲ အေးမြလှပါသည်၊ ခပ်ဖွဲဖွဲ ကျလာတတ်သည့် နှင်းမှုန်လေးတွေရော, အဖတ်လိုက်ကျလာတတ်သည့် နှင်းဖတ်တွေရော အားလုံးကို သူ မြင်ခဲ့ရသည်၊ အစမှာတော့ မြင်မြင်သမျှ အရာရာက သူ့အတွက်အဆန်းတကြယ်ချည်းပဲ ဖြစ်နေခဲ့သည်၊ ပြီးတော့ အေးတဲ့ရာသီဥတုကို လည်းသူကြိုက်ပါသည်၊ အအေးကြိုက်လွန်းသည့်အတွက် တခါတရံအပူချိန် ၄-၅ ဒီဂရီစင်တီဂရိတ်အထိ သူအနွေးထည်မဝတ်၊ ဒီနိုင်ငံသား သူ့မိတ်ဆွေတွေကပင် တအံ့တသြနှင့်မချမ်းဘူးလား ဟုမေးယူရသည်၊ သူကလည်း ‘ကျနော့်နိုင်ငံက နေရောင်ခြည်တွေကို ခန္ဓာကိုယ်ထဲမှာ သိုမှီးလာတာဗျ’ဟုရွှတ် နောက်နောက်ပြန်ဖြေမြဲ...။

သူ့အတွက်ကတော့ မြို့ကြီးပြကြီးတွေမှာ သိပ်သိပ်သည်းသည်းကျဆင်းလာသည့် နှင်းဖတ်များက အမှန်ပင် ရင်ခုန်စရာ ကောင်းပါသည်။ မြို့ပြရဲ့တိုးတက်ထွန်းကားမှုတွေ၊ မီးပွိုင့်တွေ၊ မိုးမျှော်တိုက်ကြီးတွေပေါ်ကို ငြိမ်း ချမ်းတိတ်ဆိတ်သည့် နှင့်ပွင့်များ တဖွဲဖွဲနှင့်ကျလာပုံက သူ့အတွက် ဘယ်တော့မှမရိုးနိုင်သော မြင်ကွင်း တခုပဲ ဖြစ်သည်၊ သို့သော် ထိုရင်ခုန်မှုရဲ့ နောက်ဆက်တွဲက နဲနဲတော့စိတ်ညစ်စရာပင်၊ ကားဘီးတွေမှာ လမ်းမချော် အောင် သံချိန်းကြိုးတွေတပ်ရတာ၊ လမ်းတွေမှာ နှင်းခြစ်ကားနဲ့ အမြဲမပြတ် ရှင်းနေရတာ၊ မြန်နှုန်း လျှော့ချရလို့ ကားတွေ အမြန်မမောင်းနိုင်ဘဲ လမ်းတွေပိတ်ကုန်တာ၊ လမ်းတွေမှာ ပုံနေတဲ့နှင်းတွေက ပျော်ကျ လာတဲ့အခါ နေရာတိုင်းမှာ ရေစပ်စပ်နဲ့ ဖြစ်ကုန်တာ စသဖြင့် ကသိကအောက်ဖြစ်စရာလေးတွေ တော့ရှိသည်၊ ပြီးတော့ ကားဒဏ်လူဒဏ် ကြားမှာ နှင်းတွေခမျာ သိပ်ကြာကြာ ဖြူမနေနိုင်ပါ၊ ခပ်ညစ်ညစ် ဖြစ်ကုန်တတ်ကြသည်၊ နောက်တော့လည်းအဲဒီ နှင်းတွေ လွင့်ပါးကွယ်ပျောက် သွားတာပါပဲ။


တောင်ပေါ်ကနှင်းတွေကတော့ တဆောင်းတွင်းလုံး အေးမြဖြူဖွေး နေလေ့ရှိပါသည်၊ အဲဒီတောင်ပေါ်ကနှင်းတွေ အကြောင်းကို သိပ်မကြာခင်မှာ သူပိုသိလာခဲ့သည်၊ အကြောင်းက မထင်မှတ်ပါဘဲ နှင်းလျှောစီးစခန်း စ်ခုကို သူရောက်သွားခဲ့သည်၊ အဲဒီမှာ တစ်ပတ်ကြာနေခဲ့တဲ့ကာလအတွင်း သူ့တသက်တခါမှတွေးမထားတဲ့ နှင်းလျှော စီးခြင်းကို သူ သင်ကြားခွင့် ရခဲ့လေသည်၊ သူတည်းခိုသည့်နေရာက Ski လို့ခေါ်သည့် နှင်းလျှောစီးခြင်းအတွက် မတတ်သေးသူတွေကို အခမဲ့ သင်ပေးသလို တတ်ပြီးသား သူ တွေကိုလည်း ကျွမ်းကျင်မှုအလိုက် အတူအကွစီး နိုင်ဖို့ အုပ်စုလေးတွေ ဖွဲ့ပေး တဲ့ဝန်ဆောင်မှုရှိသည်၊ သူက လည်း သူနေတဲ့မြို့ကနေ ဆောင်းတွင်းတစ်ရာသီစာ ငှါးလာတဲ့ ski တစ်စုံနှင့် တက်ကြွနေသည်။

အစမှာတော့သူက ဒီအသက်ဒီအရွယ်ရောက်မှ ကလေးတွေနဲ့အတူ သင်ရလိမ့်မည်ဟု တွေးထားခဲ့သည်၊ ဒါပေ မယ့်သူ့လို လုံးဝမစီးတတ်သူတွေ အတော်များတာကိုတွေ့လိုက်တော့ အားတက်သွားခဲ့သည်၊ သင်ပေးမည့် ဆရာက အဆင့်သင့်ပြင်ဖို့ ပြောတော့ သူလည်း အများလုပ်တာကြည့်ပြီး ski ပြားတွေကို ဖိနပ်မှာတပ်လိုက် သည်၊ ဒါပေမယ့် ski ပေါ်တက် လိုက်သည်နှင့် မစီးတတ်သူတို့ ထုံးစံအတိုင်း လျှောကနဲထွက်သွားတော့သည်၊ ဒီတော့အရှိန် လျှော့ဖို့အတွက် ကိုယ်ခန္ဓာကို နောက်ဖက်ယိုင်လိုက်သည်၊ အဲဒါက မဟာအမှားပါပဲ၊ အကြောင်း က ကိုယ်ခန္ဓာရဲ့ အလေးချိန်က ski ပြားပေါ်မှာမရှိတော့ဘဲ ski ပြားနှစ်ခုက အထိန်းအကွပ်မဲ့ကာ အချင်းချင်း ချိတ်မိပြီး သူ လဲကျလေသည်။ ပထမတော့ သူနဲနဲရှက်သွားပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့အဖွဲ့ကလူတွေ တစ်ယောက်ပြီးတစ်ယောက် အားလုံးလဲကုန်တာမြင်တော့ သူစိတ်သက်သာရာ ရသွားခဲ့သည်၊ နောက်တော့ လည်း ဒီလိုလဲကျတာ အဆန်းမဟုတ်တော့ဘဲ သူ့အတွက်ပျော်စရာ တခုပင်ဖြစ်လာခဲ့သည်။

ခဏအကြာမှာ သင်တန်းဆရာက ဘရိတ်အုပ်နည်းကို သင်ပေးပါသည်၊ မစီးတတ်ခင်မှာ အကောင်းဆုံးဘရိတ် အုပ်နည်းကတော့ ski ကို ထယ်သွားပုံစံ ရှေ့ဖက်မှာစုလျက် နောက်ဖက်ကိုကားလိုက်ခြင်းပင် ဖြစ်သည်၊ ထယ် ထိုးသည်ဟု ခေါ်သည်၊ ဒီနည်းနဲ့ ski က ရပ်ချင်သည့်နေရာမှာ တိကနဲရပ်သည်၊ ဘယ်လိုရပ်ရလဲ ဆိုတာသူသိ သွားတော့ စီးရင်းအရှိန်လေး နဲနဲရလာရင် ရပ်လိုက်၊ ပြီးတော့ဆက်စီးလိုက်နဲ့ သူ အားတက်လာလေသည်၊ ဒါနဲ့ နှင်းဆင်ခြေလျှော ပြေပြေလေးတွေမှာ စီးလိုက်၊ မြန်လာရင် ထယ်ထိုးပြီး ရပ်လိုက်နှင့် ‘အင်း..လယ်ထဲ မှာသာဆို ရင်တော့ ထွန်ရေးညက်လောက်ပြီ’ ဟု သူတွေးနေလေသည်။

ဒီလိုနှင့် အကြိမ်တော်တော်များများ လဲကျအပြီးမှာတော့ သူကျွမ်းကျင်စွာ ski စီးတတ်သွားတော့သည်၊ ထိုအခါ အများသူငါလို စီးဖို့အတွက် နှင်းတောင်တွေပေါ်ကို သူတက်ခဲ့သည်၊ တောင်တွေပေါ်မှာ ski စီးရာလမ်း ကြောင်း ကို (၃)မျိုးခွဲ ထားလေ့ရှိပါသည်၊ အပြာရောင်,အနီရောင်နှင့် အနက်ရောင်ဖြစ်သည်၊ အပြာရောင် လမ်းကြောင်း ကဆင်ခြေလျှော ပြေပြေလေးတွေနှင့်ဖြစ်ကာ အနီကသူ့ထက်ပိုမတ်ပြီး အနက်ရောင် လမ်း ကြောင်းကတော့ အမတ်ဆုံးနှင့် အခက်ဆုံးဖြစ်သည်၊ ဒီလမ်းကြောင်းတွေကို သိဖို့အတွက် လမ်းရဲ့ တဖက်တချက်မှာ အဲဒီ အရောင်တွေနဲ့ တုတ်တိုင်တွေစိုက်ထား လေ့ရှိပါသည်၊ သူက ပထမတော့ အပြာရောင် လမ်းကြောင်းပေါ်မှာ မရဲ တရဲစမ်းစီးရင်း တဖြေးဖြေးနှင့် အနီရောင်ကိုပါ သူစီးရဲလာခဲ့သည်၊ နောက်တော့ တချို့အနက်ရောင် လမ်း ကြောင်း တွေကိုပါ စီးဖြစ်တော့သည်။

လောလောလတ်လတ် ကျထားကာစ နှင်းထုတွေပေါ်မှာ ski စီးရတာသူကြိုက်ပါသည်၊ Powder snow လို့ခေါ် ကြသည့် ထိုနှင်းမျိုးတွေက တကယ့်ကို နုနုမွမွလေးဖြစ်သည်၊ ပြီးတော့မနက်ခင်းမှာ စီးလို့ပိုကောင်းသည်ဟု သူ ထင်သည်၊ နေ့ခင်းပိုင်းရောက်ရင်တော့ နေသာသည့်ရက်ဆိုရင် နှင်းတွေကနဲနဲ အရည်ပျော်လို့ ski ပြားတွေကို ဆွဲထားသလို ဖြစ်တတ်ပြီး၊ နေရောင်မရဘဲ အအေးပိုသည့်အခါဆိုရင်တော့ နှင်းဖတ်တွေက တချို့နေရာတွေမှာ ရေခဲပြင်လို မာချင်ချင်။ ထိုအခါ ချော်လဲဖို့ ရာခိုင်နှုန်းပိုများပါသည်၊ နှစ်စဉ်နှစ်တိုင်း ski ကြောင့်ဒဏ်ရာရသူတွေ ကိုသူမြင်ဖူးနေသည့်အတွက် သူချော်မလဲချင်ပါ၊ ပြီးတော့ ကြောက်သည်ပဲဆိုဆို သတ်မှတ်ထားသော ski လမ်း ကြောင်းအတွင်းမှသာ သူစီးပါသည်၊ ကျွမ်းကျင်နေသည့် တချို့လူငယ်တွေက တောင်စောင်း၊ လျှိုမြောင်ထဲမှာ ခဲရာခဲဆစ် စီးတတ်ကြသည်၊ ထိုအခါ နှင်းတောင်ပြိုမှုတွေ မကြာခဏဖြစ်ပြီး အသက်ဆုံးကြရသည်။

Ski ဖြင့်တောင်အောက်ရောက်လာသောအခါ တောင်ပေါ်ကို Chair lift ဟုခေါ်သော ကြိုးတပ်ခုံများ ဖြင့်ပြန် တက်ကြရသည်၊ ထိုအတွက် နေ့တဝက်စာ သို့မဟုတ် တနေ့စာလက်မှတ် ဝယ်ရသည်၊ ထိုလက်မှတ်ကို အဝင်ဝ မှ စက်ထဲထည့်ရင်း တံခါးပွင့်လာသောအခါ ရောက်လာသောထိုင်ခုံပေါ် ထိုင်လိုက်သွားရုံပင်...၊ ထိုခုံတွေ မှာထိုင်ရင်း တောင်ပေါ်ကို တရွေ့ရွေ့တက်နေစဉ်တိုင်းမှာ မြန်မာပြည်မှ သူငယ်ချင်းများကို သူ သတိရလေ သည်၊


သူ့တိုင်းပြည်မှာလည်း ဒီလိုနှင်းတောင်တွေရှိတာ သူသိပါသည်၊ အိမ်နီးချင်း တိုင်းပြည်တွေမှာမရှိသည့် နှင်းဖွေး ဖွေးအလှတို့ဖြင့် သဘာဝလက်ဆောင်မွန်ကို ရထားသည့် အရှေ့တောင်အာရှက ချစ်စရာတိုင်းပြည်ကလေး...။ ဒီနှင်းတောင်တွေပေါ်မှာ ski စခန်းတွေ ဖွင့်လှစ်နိုင်ရင် ဘယ်လောက်ကောင်းမလဲဟု သူမကြာခဏ စိတ်ကူး ယဉ် ကြည့်ဖူးသည်၊ ပိုက်ဆံတတ်နိုင်သည့် အာရှကတိုင်းပြည်တချို့ နှင်းလျှောစီးစခန်းအတုတွေ ဆောက်နေကြချိန် မှာ သူ့တိုင်းပြည်က သဘာဝနှင်းတောင်တွေကတော့ လူရာသိပ်မဝင်နိုင်သေး၊ ဒီလိုစခန်းတွေသာ ရှိလာရင် သူ့ တိုင်းပြည်ကလူတွေ ဘယ်လောက်ပျော်ရွှင် ဂုဏ်ယူလိုက်မလဲ၊ အားလုံးကလည်း အထိုက်အလျောက် သုံးနိုင် စွဲနိုင်လို့၊ ဆောင်းရာသီမှာ အလုပ်ကခွင့်တွေယူ..ပူတာအိုကိုတက်ကြ၊ ski စခန်းတွေမှာ အပန်းဖြေကြ၊ ပြည်ပက ski လာစီးမယ့် ခရီးသွား တွေနဲ့ လည်း စည် ကားပြီး နိုင်ငံခြားဝင်ငွေတွေ ပိုရကြ...၊ အတွေးတွေထဲမှာ နစ်မျောရင်း သူ့နှုတ်ခမ်းတွေပင် အလိုလို ကွေးညွှတ် ကာ ပြုံးနေမိသည်။

ရုတ်တရက် သုတ်ကနဲတိုက်လိုက်သော ဆောင်းလေအေးအေးကြောင့် သူလန့်သွားပြီး သူ့စိတ်ကူးထဲမှ နှင်း လျှောစီးစခန်းလေးမှာလည်း တစစီပြိုကျ ပျောက်ကွယ်သွားတော့သည်၊ ဆောင်းလေက သူမေ့ထားချင်သော အဖြစ်မှန်တွေကို သူ့အပေါ်တိုက်ခတ် သွန်ချလိုက်သဖြင့် သူဖိစီးလေးလံသွားသည်၊ အင်း..တနေ့နေ့ ပေါ့လေ..။ သူ မှုတ်ထုတ်လိုက်သော သက်ပြင်းငွေ့နွေးနွေးက နှုတ်ခမ်းဝမှာတင် အေးစက်သောဆောင်းလေရဲ့ ရက်ရက် စက်စက် ချေဖျက်ခြင်းကို ခံလိုက်ရသည်၊ လောလောဆယ်တော့ တောင်ပေါ်တရွေ့ရွေ့ တက်နေသည့် ထိုင်ခုံ ပေါ်မှနေ၍ နှင်းလျှောစီးသူတွေဖြင့် ပြည့်နေသည့် နှင်းတောင်တွေကိုကြည့်ကာ သူ့တိုင်းပြည်မှ လည်ပတ်သူမဲ့ နှင်းတောင်တွေကို သူသတိရနေမိလေသည်။ ။


ညီလင်းသစ်
၁၂ ဒီဇင်ဘာ၊ ၂၀၀၇

11 December 2007

တင်ချင်ပါသော်လည်း...


ကျနော်လည်း ပို့စ်အသစ်မတင်ဖြစ်တာ နဲနဲတောင်ကြာသွားပြီ၊ ပုံမှန်ဆိုရင် အနည်းဆုံး ၃-၄ ရက်တခါတော့ တင်နိုင်အောင် ကြိုးစားမယ်လို့ စိတ်ကူးထားတာပါ၊ ဒါပေမယ့် အခုတော့ အတန်ငယ်ကြန့်ကြာနေလေရဲ့..၊ ဘာ့ကြောင့်ဆိုတာ ရှင်းပြပါ့မယ်။

ကျနော့်မှာ စာရေးဖို့အချိန် အတော်ရှားပါးရတဲ့အထဲ ရတဲ့အချိန်လေးမှာလည်း အခုတလောအခြားဟာတွေလုပ် နေလို့ပါ၊ တခြားဟာဆိုတာ တခြားတော့မဟုတ်ပါဘူးဗျာ..Video Editing ကိုပြောတာပါ၊ ပြောရရင်တော့ ကျနော့်ရဲ့ ရောက်တတ်ရာရာ ဝါသနာတွေထဲမှာ ဗီဒီယိုတည်းဖြတ်တာလည်း တစ်ခုအပါအဝင်ဗျ၊ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာတွေ့ရလေ့ရှိတဲ့ ထူးထူးဆန်းဆန်းတည်းဖြတ်တာတွေ၊ အထူးပြုလုပ်ချက် Special Effects တွေ ကိုကျနော် ဝါသနာပါ,ပါတယ်၊ အထူးသဖြင့် ကွန်ပျူတာနဲ့လှည့်စားထားတဲ့ ရိုက်ချက်တွေကိုလေ့လာဖို့ စိတ်ဝင် စားတယ်ပေါ့လေ၊ ဥပမာ-The Lord of the Rings တို့၊ Harry Potter တို့ထဲက Effects တွေပေါ့။

အခုလုပ်နေတာကတော့ ဒီဗီဒီလေးတွေလုပ်ဖို့အတွက် ရိုးရိုးတည်းဖြတ်မှုပါ၊ ကျနော့်မှာ မွေးနေ့တို့၊ မိတ်ဆုံပွဲတို့၊ ဟိုပွဲဒီပွဲတို့မှာ တနှစ်ပတ်လုံးရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုအပိုင်းအစတွေ ရှိပါတယ်၊ ပြီးတော့ကျနော့်သားငယ်လေး မွေးကတည်းကနေ အခုသူ (၃)လပြည့်တဲ့အထိ မှန်မှန်ရိုက်ထားခဲ့တဲ့ clips တွေလည်းရှိတယ်၊ အဲဒါတွေကို လုပ်နေတာပါ၊ တကယ်ဆိုရင်ဒါတွေကို မှန်မှန်လေးလုပ်လာခဲ့ရမှာ...၊ ဒါပေမယ့်ကျနော်က အလုပ်တွေရှုပ်လိုက်၊ အရှုပ်တွေလုပ်လိုက်၊ မယောင်ရာဆီလူးလိုက်၊ နေ့ရွှေ့ညရွှေ့လုပ်လိုက်နဲ့...အခုကျမှ သိမ်းကျုံးပြီးတွန်းနေရတာ။

နောက်ပြီး ကျနော်က ပြီး,ပြီးရောလည်း မလုပ်ချင်ပြန်ဘူး၊ ကိုယ်တတ်သလောက် Effects လေးတွေနဲနဲ ထည့် ချင်သေးတယ်၊ ဒီတော့ ပုံမှန်လုပ်ရတဲ့ အခန်းအကူးအပြောင်းဆက်တာ၊ စာတန်းတွေထည့်တာ၊ နောက်ခံသီချင်း dubbing လုပ်တာ၊ နောက်ခံစကားပြော narration ထည့်တာတွေအပြင်ကို ဖြတ်ညှပ်ကပ် တွေထပ်လုပ်ရတော့ အချိန်အများကြီး ပိုကုန်ပါတယ်၊ ဘေးထွက်အကျိုးဆက်ကတော့ ကျနော့်ဘလော့ဂ်လေးမှာ အသစ်တင်ဖို့ နှောင့်နှေးတာပါပဲ၊ ကျနော့်ဆီကိုရောက်လာပြီးမှ ‘ဟင်း..တခါလာလည်းဒီပို့စ်ပဲ’ဆိုပြီး စိတ်ပျက်လက်ပျက်ပြန် သွားရမယ့် မိတ်ဆွေသူငယ်ချင်းတွေကို အားနာလှပါတယ်၊ ဒါ့ကြောင့်တဖက်ကလည်း တနေ့နဲနဲ ကျနော်ရေးနေပါတယ်၊ နောက်တစ်ရက် နှစ်ရက်ဆိုရင်တော့ အသစ်တစ်ပုဒ် ပြီးတန်ကောင်းပါရဲ့...။


ညီလင်းသစ်
၁၁ ဒီဇင်ဘာ၊ ၂၀၀၇