29 August 2009

သားကလေးရဲ့ဒုတိယ ပြက္ခဒိန်


ပြီးခဲ့တဲ့ တစ်ပတ်က သားကလေး ၂ နှစ်ပြည့်တယ်၊ ၂ နှစ်ဆိုတဲ့ အချိန်ဟာ ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး၊ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ဒီလိုအချိန်က အိမ်မှာ အိမ်သားက နှစ်ယောက်ထဲပဲ ရှိသေးတာပေါ့လေ၊ အခုတော့ ၃ ယောက်...၊ စက္ကန့်နဲ့အမျှ မွေးလာနေတဲ့ လူသား အသစ်လေးတွေကို ကြိုဆိုနေကြတဲ့ အရင်ရောက်လူသားတွေထဲမှာ ကျနော်တို့လည်း ပါဝင်ခွင့်ရခဲ့ပါတယ်၊

မိသားစုထဲမှာ ကလေးတစ်ယောက် ရောက်လာတဲ့ကိစ္စက ဘာမှအထူးအထွေတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် တခါတခါ သားကလေးကို ကြည့်ရင်း ကျနော်စဉ်းစားနေမိတယ်၊ သက်ရှိလူသားတစ်ယောက် ဝင်ရောက်လာတဲ့ကိစ္စဟာ အင်မတန်မှ ကြီးကျယ်ထူးမြတ်ပါလား လို့၊ ဥပမာ-ကျနော်ကင်မရာတစ်လုံး ဝယ်တယ်ဆိုရင် ဒီကင်မရာနဲ့ ဟိုရိုက်ဒီရိုက်နဲ့ ရှိမယ်၊ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတချို့မှာ ကင်မရာရဲ့ အခန်းကဏ္ဍဟာ ပါဝင်လာမယ်၊ အိမ်မှာ အထိုက်အလျောက် ပြောင်းလဲမှုရှိလာပေမယ့် ဒီပြောင်းလဲမှုမျိုး ဘယ်သူမဆို ရနိုင်ပါတယ်၊ ဆိုကြပါစို့၊ ကျနော့်အိမ်နီးချင်းကလည်း ကင်မရာလိုချင်တယ်ဆိုရင် သူလည်း ဝယ်ရုံပါပဲ၊ ကျနော့်နဲ့ မော်ဒယ်လ်တူတာကို သူရနိုင်ပါတယ်၊ ဒီလိုသက်မဲ့ ဝတ္ထုမဆိုထားနဲ့၊ သက်ရှိအိမ်မွေး တိရစ္ဆာန်ဆိုရင်တောင်မှ တကယ်လိုချင်ရင် ချွတ်စွတ်နီးပါး တူတဲ့ အမျိုးတူ၊ အရွယ်တူ ရနိုင်ပါတယ်၊

လူသားလေးတစ်ယောက်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်တူဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါပဲ၊ ကျနော့်အိမ်နီးချင်းက ဘယ်လိုမှ ကျနော်နဲ့မော်ဒယ်လ်တူတာ မရနိုင်ပါဘူး၊ Siamese twins တွေမှာ တောင် ရုပ်ပိုင်းဆိုင်ရာ ခွဲမရအောင် တူပေမယ့် စရိုက်လက္ခဏာမှာ အနည်းနဲ့အများ ကွာသွားတတ်ပါသေးတယ်၊ ကလေးတိုင်းဟာ သူတို့ရဲ့မိဘတိုင်းအတွက် သီးခြားပုံဆောင်မှု unique ဖြစ်သလို သားကလေးဟာ လည်း ကျနော်တို့အတွက် အရင်ကလည်းမရှိခဲ့၊ နောင်မှာလည်း ပုံစံတူရှိလာမှာ မဟုတ်တဲ့ တခုတည်းသော ဘုရားသခင်ရဲ့ လက်ဆောင်မွန်ကလေးပါပဲ၊ ဆရာမင်းလူတခါကရေးဖူးတာ သတိရမိတယ်၊ လင်မယားနှစ်ယောက်ဟာ ဘယ်လောက်ချစ် ချစ်၊ ဘယ်လိုစာချုပ်၊ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် လက်ထပ်ထားပါစေ...သူစိမ်း ပါပဲ၊ အဲ...ဒါပေမယ့် သူတို့မှာ ကလေးတစ်ယောက် ရလာပြီ ဆိုရင်တော့ အဲဒီကလေးကို အမှီပြုပြီး သွေးသားတော်စပ် လိုက်ရလို့ အဲဒီတော့မှ အမျိုးအရင်းအချာ ဖြစ်သွားတော့တာ-တဲ့၊

သားကလေး ကိုယ်ဝန်သုံးလေးလလောက်က အဖြစ်အပျက်တစ်ခုကို ကျနော်မှတ်မိသေးတယ်၊ မအိမ်သူက သူငယ်ချင်းတစ်ယောက်ဆီ ကနေ ရထားနဲ့ တစ်ယောက်တည်း ပြန်လာချိန်ပေါ့၊ လူခပ်ချောင်ချောင် အဲဒီရထားထဲက သူ့ရှေ့ခပ်လှမ်းလှမ်းမှာ အာဖရိကန်လူမည်း အဖိုးကြီးတစ်ယောက် ထိုင်လိုက်လာတယ်၊ ဒီလူကြီးက သူ့ကိုကွက်ကြည့်ကွက်ကြည့်နဲ့ ဆိုတော့ သူလည်း ဘာများလဲလို့ စဉ်းစားနေ သတဲ့၊ ဒီလိုနဲ့ ဆင်းရမယ့်ဘူတာရောက်တော့ သူလည်းဆင်း၊ သူ့နောက်မှာ အဲဒီအဖိုးကြီးလည်း ဆင်းကြရော၊ စင်္ကြန်ပေါ်မှာ ခြေလှမ်းစကာစ,ပဲ ရှိသေးတယ် အာဖရိကန်အဖိုးကြီးက မအိမ်သူနဲ့ ရင်ဘောင်တန်းအနေအထား အရောက်မှာ ဒီလိုပြောလိုက်တယ်၊ “ မဒမ်...ခင်ဗျား အခုလွယ်ထားတဲ့ ကိုယ်ဝန်က ယောင်္ကျားလေးဗျ၊ ပြီးတော့ ဒီကလေးဟာ ဖအေတူသားလေး ဖြစ်လိမ့်မယ် ”တဲ့၊ ဒါပဲပြောပြီး ခပ်ပြုံးပြုံးနဲ့ သူ့ကို ကျော်တက်သွားတော့တယ်၊

ဒီအကြောင်း မအိမ်သူက ကျနော့်ကို ပြန်ပြောပြတော့ ကျနော်လည်း အတော်အံ့အားသင့်သွားတယ်၊ အဲဒီအချိန်တုန်းက ဘာအကြောင်း ကြောင့်တော့ မသိဘူး၊ ကျနော်က သမီးမိန်းကလေး ဖြစ်မယ်လို့ တထစ်ချ ယုံကြည်စွဲလမ်း နေခဲ့တာကိုး၊ ပြီးတော့ မအိမ်သူက ကိုယ်ဝန် သုံးလေးလပဲ ရှိသေးတော့ အဲဒီအချိန်က ကျနော်တို့မပြောရင် မိတ်ဆွေတွေတောင် သတိမထားမိဘူး၊ ရထားပေါ်မှာလည်း ဆွယ်တာ အနက်ရောင် ပွပွကြီးတစ်ထည် ဝတ်ထားပြီး ထိုင်နေခဲ့တာကို ဟိုအဖိုးကြီးက ဘယ်လိုလုပ်သိသလဲ၊ ကိုယ်ဝန်သည်တွေ ဖတ်လေ့ရှိတဲ့ စာအုပ်မျိုးတွေလည်း သူ ဖတ်မနေခဲ့ပါဘူး-တဲ့၊ နောက်ဆုံး ကိုယ်ဝန်ကို သိတယ်ပဲထားဦး..၊ ဒါဟာ ယောင်္ကျားလေးဆိုတာ သူဘယ်လိုသိ သလဲ၊ မသိဘဲ ရမ်းပြောပြီး နောက်ရမယ့် ကိစ္စလည်း မဟုတ်ပါဘူး၊ တော်ကြာ မအိမ်သူက ယောင်္ကျားနဲ့ကွဲပြီး သူ့ယောင်္ကျားကို စိတ်နာ နေတဲ့ အမျိုးသမီးဆိုရင် ` ခင်ဗျား ယောင်္ကျားနဲ့ တူလိမ့်မယ် ´လို့သွားပြောရင် ဒီလူ နေရင်းထိုင်ရင်း ပြဿနာတက်နိုင်သေးတယ်၊ ကိုယ် မသိတဲ့ လူတစ်ယောက်ကို မှန်မှန်မှားမှား အခုလို သွားပြောရမှာ တော်တော့်ကို ကြောင်တဲ့ ကိစ္စပါပဲ၊ ဒါကို ပြောဖြစ်အောင် သူပြောတယ် ဆိုတော့ ပြောဖို့အကြောင်းတရားတစ်ခုက သူ့ကို စေ့ဆော်လို့ပဲ ဖြစ်ရမယ်လို့ နောက်ဆုံးတော့ ကျနော်တွေးလိုက်ပါတယ်၊ နောက်ထပ် လအနည်းငယ် အကြာမှာတော့ အာဖရိကန်အဖိုးကြီး ပြောသွားတာ အမှန်ပဲဆိုတာ ကျနော်တို့ သိလိုက်ရပါတော့တယ်။


လူလေး (၁)
IMG_4581n
Canon 450d, EF 24-105mm f/4 L, 60mm, f/4, 1/30, iso200, bounce flash

လူလေး (၂)
IMG_4651n
Canon 450d, EF 24-105mm f/4 L, 100mm, f/4, 1/60, iso100, bounce flash

လူလေး (၃)
IMG_4684n
Canon 450d, EF 24-105mm f/4 L, 40mm, f/4, 1/60, iso200, bounce flash



ညီလင်းသစ်
၃၀ သြဂုတ်၊ ၂၀၀၉

10 comments:

Dr. Yi Yi Win said...

သြော်..သားလေး(၂)နှစ်ပြည့်ပြီပဲ။ အခုမှတွေ့ မိတယ်။
ပျော်ရွှင်ဖွယ်မွေးနေ့ ပါနော်။
အာဖရိကန် အဖိုးကြီးပြောခဲ့တာမှန်လိုက်တာနော်(ကိုညီလင်းသစ်ကို မြင်ဖူးချင်ယောင်ဆောင်၍)။ အနောက်တိုင်းသားလေးနဲ့ တော့ ပိုတူသလားပဲ။ ချစ်စရာကောင်းတာကတော့ သေချာပါတယ်။

MieMie said...

ဆရာမင်းလူ ပြောသွားတဲ့အဆိုကို သဘောကျ မှတ်သားလိုက်ပါပြီ ကျေးဇူးပါ ညီလင်းသစ်

ညီလင်းက သမီးလေးလိုချင်နေခဲ့တာထင်တယ်...
ကျမကတော့ သားလေးလိုချင်နေခဲ့တာ...ဒါပေမယ့်
လိုချင်တာမရခဲ့ပါဘူး...၂ နှစ်မပြောနဲ့ ကျမသမီး ၈ နှစ်ရှိနေတာတောင် အချိန်တွေက မြန်လွန်းလို့ မနေ့တနေ့ကလိုဘဲ ထင်နေတုန်းပါ...အနာဂါတ်ကို တွေးပြီးမျှော်နေရင် ရှည်ကြာနေတတ်တာမို့ (မောလည်းမောတယ်လေ ) အတိတ်ကိုဘဲ ပြန်စဉ်းစားမိတော့တယ်...

သားလေးရဲ့  ပထမဆုံးပုံလေးက အလှဆုံးပါဘဲ.ကျန်တဲ့ပုံတွေလည်း ကောင်းပါတယ်...
ဝေါ ပေပါ ထုတ်ထားရင်တော်တော်ကောင်းမယ်နော်...
အဲပုံလေးကအရမ်းချစ်စရာကောင်းသလို ထိုင်နေပုံလေးက လူကြီးလေးကျနေတာဘဲ...အသဲယားပါဘိ...

့်သားလေးရဲ့  ဘ၀တလျောက်လုံး ပျော်ရွှင်ဖွယ်ရာများနဲ့သာ တွေ့ကြုံဆုံဆည်းရပါစေလို့ ဆုမွန်ကောင်းတောင်းလျက်....( သားလေးအဖော်ရသွားအောင် နောက်သမီးလေးတယောက် ထပ်ယူပါဦး...)


mie nge

မမိုး said...

သားလေးက ချစ်ဖို့ကောင်းလိုက်တာ။ အိမ်မှာ ပြင်သစ်စကားပဲပြောလား။ သူဗမာစကားရော နားလည်နေပြီလား။ ကိုညီလင်းသစ်ရေ..လူလေး၂က အဖေနဲ့တူပုံရတယ်။ ၁နဲ့၃ကတော့ အမေတူပုံပဲ။ ကလေးက ငယ်သေးတယ်၊ ရုပ်ပြောင်းဦးမှာပါ။ ကလေးတိုင်းဟာ သူ့မိဘတိုင်းအတွက် သီးခြားပုံဆောင်မှုဆိုတဲ့ စကားလေးတော့ သိပ်သဘောကျသွားတယ်။

Anonymous said...

ကိုညီလင်းရေ

ကျနော်ငယ်ငယ်က အကြောင်းလေးတွေးမိသွားတယ်။ ကျနော်ငယ်ငယ်က ကိုယ်ဝန်သည်တွေကိုတွေ့ရင် ဘာလေးမွေးမယ် ပြောတတ်တယ်တဲ့။ ပြောသမျှမှန်တာမို့ လာမေးကြတယ်တဲ့။ ပြီးတော့ သူတို့ မွေးပြီးသွားရင် ကျနော့ကို တခုတ်တရ မုန့်ခေါ်ကျွေးကြတယ်။ ဘယ်လိုလဲတော့ မပြောတတ်ဘူး များသောအားဖြင့် ခံစားချက်တစ်ခုနဲ့ဆိုင်သလားပဲ။ အင်းစေ့ဆော်မှု တစ်ခုဆိုပါတော့။

နှစ်နှစ်ပြည့်တဲ့ နောက် သားကောင်းရတနာ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ

မေငြိမ်း said...

သားလေးက ရုပ်ပြောင်းလိုက်တာ...
လိမ်မာ ထူးချွန်တဲ့ သားလေးအဖြစ် အသက်ရှည် အနာမဲ့ ဒီမိဘနဲ့ ပျော်ပျော်ရွှင်ရွှင် နှစ်များစွာ တိုင်ပါစေ...

ညီလင်းသစ် said...

ကျေးဇူးပါ မယုဝရီရေ...၊ သားကတော့ အဖေနဲ့တူလိုက် အမေနဲ့ တူလိုက်ပါပဲဗျာ...။ :)

မ MieMie ကိုလည်း ကျေးဇူးပါခင်ဗျာ၊ ကျနော်မှတ်ထား မိတာ အမရဲ့ကလေးက သားလေးများလား-လို့?? ဘဝ ဆိုတာ တခါတခါ ကားမောင်းရသလိုပါပဲဗျာ၊ ရှေ့လေကာမှန်ကိုပဲ တချိန်လုံး ကြည့်နေလို့မရသလို နောက်ကြည့်မှန်၊ ဘေးကြည့်မှန် အားလုံးကို မျှကြည့် နေရတာပါပဲ..၊

မမိုးရေ...သားကတော့ တဖြည်းဖြည်းနဲ့ ပြင်သစ်လို ပိုအပြောများလာပါတယ်၊ ဒါကလည်း သဘာဝကျပါ တယ်၊ ဒါပေမယ့် ကျနော်နဲ့တော့ မြန်မာလို ပြန်ပြောနေ တုန်းပဲ၊ ရုပ်ကတော့ တခြားကလေးတွေလို တချိန်လုံး ပြောင်းနေတာပါပဲ၊

ကိုဝိုင်တီယူ အခုကြီးလာတော့ကော...ရထားစီးရင်းနဲ့ ကိုယ်ဝန်သည်တွေကို ကြိုဟောတုန်းလားဗျ? :D ဆုတောင်း အတွက် ကျေးဇူးပါဗျာ...။

ကျေးဇူးအများကြီးတင်ပါတယ် အမမေငြိမ်းခင်ဗျား...။

Anonymous said...

သားလေးက တကယ့် လူချောလေးပဲ။း)

မောင်မျိုး said...

အာဘွား သားရေ ငါတော့ မင်းပုံတွေ လာလာကြည်ပြီး တော်တော် ဒွတ်ခရောက်နေပြီဟ ခလေးလိုချင်တဲ့စိတ်ဖြစ်ဖြစ်လာလို့ မြန်မြန်ပြန်မှပဲး)

ညီလင်းသစ် said...

Everest ...
ကျေးဇူးပါနော်...၊

မောင်မျိုး ...
ညီ့ရဲ့ ကွန်မန့်လေး သဘောကျလွန်းလို့ ထိုင်ရီနေရ တယ်ဗျ..၊ အချိန်တန်တော့ နပိန်ကန်မှာပေါ့ ညီရာ..နော။

ရွှေအိမ်စည် said...

အသည်းတယားယားတောင် ဖြစ်လာတယ်..
တော်တော် ချစ်စရာကောင်းတဲ့ သားလေး
သူများကွန်မန့်တွေ ဖတ်ပြီး ဟယ်..အဖေ တူတာတော့..ဟယ် အမေတူတာတော့ လို့ သံယောင်လိုက်နေမိတယ်..ဟီးးး
( ကိုယ် လဲ ဘာမှ မကြည့်တတ်....ကိုညီလင်းသစ်ကိုလဲ မမြင်ဖူး)
လောလောဆယ် သိတာတော့ အဲ့ အသည်းယားစရာလေးကို အာဘွားပေးချင်တာပဲ သိတယ် :D
မောင်မျိုး ကွန်မန့် ဖတ်ပြီးရယ်ရသေးတယ်..
သူသူ ကတော့ အဲလို ဟုတ်ဝူးးနော်... :P