08 January 2015

ကျိုးသွားခဲ့သော ပုံဆွဲခဲတံများ


ဒီနေ့မနက်က ပါရီမြို့က သတင်းစာတိုက်တခုမှာ အကြမ်းဖက်သတ်ဖြတ်မှုတခု ဖြစ်သွားခဲ့တယ်၊ မနက် ၁၁ နာရီခွဲလောက်မှာ Charlie Hebdo ဆိုတဲ့ သတင်းစာတိုက်ထဲကို မျက်နှာဖုံးစွပ် သေနတ်သမား နှစ်ယောက်က ဝင်လာပြီးတော့ အစည်းအဝေးလုပ်နေတဲ့ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ပစ်သတ်သွားတဲ့ အကြမ်းဖက်သတ်ဖြတ်မှုပါ၊ အဲဒီသတ်ဖြတ်မှုမှာ သတင်းစာတိုက်ရဲ့ နာမည်ကြီး ကာတွန်းဆရာ ၄ ယောက် အပါအဝင် လူ ၁၂ ယောက် အသက်ပေးလိုက်ရတယ်၊ အစည်းအဝေးခန်းထဲက ပြန်ထွက်လာတဲ့ သေနတ်သမား ၂ ယောက်ကို ကျန်တဲ့အဖော် တယောက်က ကားပေါ်ကနေ စောင့်နေတယ်၊ ပြီးတော့ သူတို့ ၃ ယောက် မောင်းထွက်သွားတယ်၊ မလှမ်းမကမ်းက လမ်းပေါ်ကို ရောက်တော့ ရဲတွေနဲ့ ပစ်ခတ်မှုတွေထပ်ဖြစ်တယ်၊ အဲဒီမှာ ရဲတယောက်က ဒဏ်ရာနဲ့ လဲသွားတဲ့အခါ သူ့ဆီကို သေနတ်သမား ၂ ယောက်က လျှောက်သွားပြီး ခေါင်းကို အနီးကပ်တေ့ပြီး သွေးအေးအေးနဲ့ ပစ်သတ်လိုက်ပြန်တယ်၊ ပြီးတော့ နောက်ထပ်ရောက်လာတဲ့ ရဲတွေကို ခြေရာဖျောက်ပြီး မောင်းပြေးသွားခဲ့တယ်…၊

Charlie Hebdo ဆိုတာက ၁၉၇၀ ပြည့်နှစ်ကတည်းက ထောင်ထားတဲ့ အပတ်စဉ်ထုတ် သတင်းစာတိုက်ဖြစ်ပါတယ်၊ သူ့ရဲ့ ထူးခြားချက်ကတော့ ပွဲဆူစေတတ်တဲ့ သရော်စာ ဆောင်းပါးတွေ၊ ကာတွန်းတွေကို ရဲရဲတင်းတင်း ဖော်ပြရဲတဲ့ အချက်ပါ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဝန်းကျင်က အဖြစ်အပျက်တွေ၊ လူပုဂ္ဂိုလ်တွေကို satire ပုံစံမျိုးစုံနဲ့ ကာတွန်းတွေရေးသလို ဘာသာရေးနဲ့ ပတ်သက်လာရင်လည်း လက်မရှောင်ပါဘူး၊ ၂၀၀၅ ခုနှစ်မှာ ဒိန်းမတ်သတင်းစာ တစောင်က အစ္စလာမ်ဘာသာနဲ့ တမန်တော်မိုဟာမက် အကြောင်းကို ကာတွန်း ၁၂ ပုံဆွဲပြီး ဖော်ပြတဲ့အခါ အာရပ်ကမ္ဘာနဲ့ မွတ်ဆလင်နိုင်ငံတချို့မှာ အတော်လေးပွဲဆူသွား ခဲ့တယ်၊ အဲဒီကာတွန်းတွေကို Charlie Hebdo သတင်းစာကလည်း ပြန်ဖော်ပြလိုက်လို့ အစွန်းရောက်မွတ်ဆလင်တွေရဲ့ အငြိုးထားခြင်းကို အဲဒီကတည်းက ခံခဲ့ရတယ်၊ နောက်ပိုင်းမှာ သတင်းစာတိုက်ကို ခြိမ်းခြောက်တဲ့စာတွေ၊ မေးလ်တွေ မကြာခဏဆိုသလို ရောက်လာတတ်ပေမယ့် Charlie Hebdo ကတော့ သူ့ရဲ့မူအတိုင်း ဖော်ပြစရာ ရှိတာကို ဆင်ဆာမဖြတ်ဘဲ ဖော်ပြမြဲပဲ၊ တိုက်ရဲ့ ကာတွန်းဆရာတွေကလည်း သရော်စရာပေါ်လာရင် အစ္စလာမ်သော၊ မိုဟာမက်သော မရှောင်ဘဲ ရဲရဲဝံ့ဝံ့ ဆွဲမြဲ ဆွဲနေခဲ့တယ်၊ ဒီနေ့မနက်မှာတော့ သူတို့ နှစ်ပေါင်းများစွာ ကြားနေခဲ့တဲ့ ခြိမ်းခြောက်မှုဟာ တကယ့်ကျည်ဆံတွေ အဖြစ်နဲ့ သတင်းစာတိုက်ရဲ့ အစည်းအဝေးခန်းထဲကို ဝင်ရောက်လာခဲ့တော့တာ ဖြစ်ပါတယ်၊

အကြမ်းဖက်မှုလေ့လာသူ သုတေသီတွေရဲ့ အဆိုအရ သေနတ်သမား ၂ ယောက်ဟာ သေသေချာချာ လေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတွေလို့ ဆိုတယ်၊ သတင်းစာတိုက်ရဲ့ အစည်းအဝေးအချိန်ကို အတိအကျ သိနေသလို အစည်းအဝေးခန်းထဲကို ဝင်လာတဲ့အခါမှာလည်း ကာတွန်းဆရာတွေရဲ့ နာမည်တွေကို ခေါ်ပြီးမှ တယောက်ချင်းစီကို အေးအေးဆေးဆေး ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်၊ ဒါ့အပြင် သူတို့ရဲ့ အကြမ်းဖက် လှုပ်ရှားမှုကို မှတ်တမ်းတင်ဖို့ ရင်ဘတ်မှာလည်း GoPro ကင်မရာတွေကို လွယ်ထားခဲ့တယ်လို့ ဆိုတယ်၊ သတင်းစာတိုက်အနီးမှာ နေထိုင်သူတယောက်က လျှပ်တပြက်ရိုက်ထားတဲ့ ဗီဒီယိုထဲမှာလည်း သေနတ်သမားတွေရဲ့ လှုပ်ရှားမှုဟာ သွေးအေးပြီး တိကျ၊ သပ်ရပ်တာ တွေ့ရတယ်၊ လူ ၁၂ ယောက်ကို လောလောလတ်လတ် သတ်ထားလို့ စိတ်လှုပ်ရှားနေတဲ့ ကမူးရှူးထိုး အမူအရာတွေ မတွေ့ရဘူး၊ လမ်းပေါ်မှာ ရဲတွေနဲ့ ရင်ဆိုင်ပစ်တဲ့အခါမှာလည်း သူတို့ရဲ့ AK-47 မောင်းပြန်သေနတ်တွေကို ထိချင်ရာထိ သဘောမျိုး အတွဲလိုက် ဆွဲပစ်တာမဟုတ်ဘဲ ပစ်မှတ်ကို အတိအကျ ချိန်ပြီးမှ တတောင့်ချင်းပစ်တာ တွေ့ရပါတယ်၊ အစည်းအဝေးစားပွဲက လူတွေအားလုံးကို ပစ်ပြီးချိန်မှာ သေနတ်သမားတွေက ငါတို့ဟာ အယ်လ်ကိုင်ဒါက ဖြစ်တယ်-လို့ ကြွေးကြော်ခဲ့တဲ့အကြောင်း စားပွဲအောက်ကို ဝင်ပုန်းလိုက်နိုင်တဲ့ သတင်းထောက်အမျိုးသမီး တယောက်က ပြန်ပြောပြပါတယ်၊

ပြင်သစ်တနိုင်ငံလုံးသာမက ဥရောပတိုက် တခုလုံး တုန်လှုပ်၊ ခြောက်ခြားသွားကြတဲ့ ဒီအဖြစ်အပျက်အပေါ်ကို လူတွေတုံ့ပြန်ပုံမှာ စိတ်ဝင်စားစရာကောင်းတဲ့ ၂ ချက်ကို တွေ့ရပါတယ်၊ ပထမတချက်က အစွန်းရောက် အကြမ်းဖက်မှုနဲ့ အစ္စလာမ်ဘာသာကို ခွဲခြားမြင်ကြတာပါ၊ နိုင်ငံ့ခေါင်းဆောင်တွေက လူထုကို အားပေးစကားပြောတဲ့ မိန့်ခွန်းတွေထဲမှာ ဒီအဖြစ်အပျက်ကြောင့် ဘာသာရေးတခုလုံးကို သိမ်းကျုံး ရမ်းကားတာမျိုး မလုပ်ကြဖို့ သတိပေးကြသလို လမ်းပေါ်က လူတွေကလည်း ပြင်သစ်နိုင်ငံမှာ ကာလရှည်ကြာကတည်းက အတူယှဉ်တွဲ ရှိနေခဲ့တဲ့ မွတ်ဆလင်တွေအပေါ် ရန်လိုမုန်းတီးတဲ့ စကားမျိုးတွေ မပြောကြပါဘူး၊ အစ္စလာမ်ဘာသာနဲ့ မိုဟာမက်ကို လှောင်ပြောင်တဲ့ ကာတွန်းတွေဆွဲလို့ လာသတ်တဲ့ လူသတ်သမားတွေဟာ အစ္စလာမ်ဘာသာကို ကာကွယ်သူတွေ ဖြစ်တယ်ဆိုတာ ၉၉ ရာခိုင်နှုန်း သေချာသလို သေနတ်သမားတွေ ကားပေါ်အတက်မှာလည်း ဘုရားသခင်သည် ကြီးမြတ်တော်မူ၏-လို့ အဓိပ္ပါယ်ရတဲ့ Allahu Akbar ဆိုတဲ့ အာရပ်စကားကို အော်သွားခဲ့ကြပါတယ်၊ ဒါပေမယ့် ဒီလူတွေဟာ စစ်သွေးကြွအစွန်းရောက် မွတ်ဆလင်တွေ ဖြစ်ပြီးတော့ ငြိမ်းချမ်းစွာနေ,နေကြတဲ့ အခြားသော အစ္စလာမ်ဘာသာဝင်တွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ လူအများစုကြီးက နားလည်ကြတဲ့အတွက် အစ္စလာမ်မုန်းတီးရေး၊ မွတ်ဆလင်ဆန့်ကျင်ရေး စကားမျိုးတွေ ပြောတာ မကြားရပါဘူး၊ ဖယောင်းတိုင်လေးတွေထွန်းပြီး တိုးတိုးတိတ်တိတ်ပဲ စုဝေးနေကြသလို ဒေါသထွက်နေသော လူအုပ်ကြီးတွေ ရောက်လာတာမျိုးလည်း မရှိပါဘူး၊

နောက် ဒုတိယတချက်ကတော့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် လူတိုင်းနီးပါးက ဒါဟာ သူများဘာသာကို သွားစော်ကားလို့ လူ ၁၂ ယောက်ပြန်ပြီး အသတ်ခံရတာလို့ ခပ်တိမ်တိမ် မတွေးဘဲ ဒီကိစ္စဟာ ပြင်သစ်နိုင်ငံ၊ ပြင်သစ်လူမျိုးတွေ ယုံကြည်ကျင့်သုံးတဲ့ လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ကို တားဆီး၊ ပိတ်ပင်ဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ မြင်ကြတဲ့ အချက်ပါပဲ၊ အထူးသဖြင့် နိုင်ငံအတွက် အရေးကြီးလှတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးတဲ့လုပ်ရပ်လို့ မြင်ကြတဲ့အတွက် မြို့ကြီးတွေမှာ ထောင်သောင်းနဲ့ချီတဲ့ လူတွေဟာ ရင်ပြင်တွေ၊ လမ်းဆုံလမ်းခွတွေမှာ မွန်းလွဲပိုင်းက စပြီးတော့ ငြိမ်းချမ်းစွာနဲ့ စုဝေးဆန္ဒထုတ်ဖော် ကြပါတယ်၊ လူအများစုရဲ့ လက်ထဲမှာလည်း အနက်ရောင်စာရွက်ပေါ်မှာ အဖြူရောင်စာလုံးနဲ့ ရေးထားတဲ့ Je suis Charlie ဆိုတဲ့ စာရွက်တွေကိုလည်း ကိုင်ထားကြပါတယ်၊ I am Charlie လို့ အဓိပ္ပါယ်ရတဲ့ အဲဒီစာတန်းရဲ့ သဘောကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးပိတ်ပင်ဖို့ ကြိုးစားလာမယ်ဆိုရင် ငါတို့လည်း Charlie Hebdo လိုပဲ နာကျင်ခံစားရတယ်၊ တသားထဲရှိတယ် ဆိုတဲ့ သဘောပါပဲ၊ အသတ်ခံရတဲ့ ကာတွန်းဆရာတွေထဲက တယောက်ဖြစ်တဲ့ Charb ကတော့ “မလှုပ်မယှက်ထိုင်ပြီး အသက်ရှင်နေရမယ့်အစား မတ်တပ်ရပ်ပြီး သေတာကမှ ပိုပြီးကောင်းသေးတယ်” လို့ တခါတုန်းက ပြောခဲ့ဖူးပါတယ်၊ ထောင်နဲ့သောင်းနဲ့ချီတဲ့ ပြင်သစ်လူမျိုးတွေ လမ်းတွေပေါ်မှာ ဆန္ဒထုတ်ဖော် စုဝေးနေတဲ့ မြင်ကွင်းတွေကိုကြည့်ရင်း ဟိုတလောဆီက မြန်မာပြည်ကသတင်းထောက် ကိုပါကြီး အသတ်ခံရတုန်းကလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဒါဟာ နိုင်ငံသားအခွင့်အရေးကို ထိပါးတဲ့ကိစ္စ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးပိတ်ပင်တဲ့ကိစ္စပဲ-လို့ ပြည်သူ ဘယ်နှစ်ယောက်လောက်ကများ တွေးနေမိနိုင်မလဲ၊ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ကို တည်ဆောက်ဖို့ပဲဖြစ်ဖြစ်၊ ရှိပြီးသားကို ထိန်းသိမ်းဖို့ပဲဖြစ်ဖြစ် လုပ်ကြတဲ့အခါ မရှိမဖြစ် လိုအပ်တာကတော့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုပဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အဖြစ်အပျက်တွေ၊ ပုံရိပ်တွေက ပြောပြနေပါတော့တယ်…။ ။


ညီလင်းသစ်
၇ ဇန်နဝါရီ၊ ၂၀၁၅

01 December 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၅)



B&W Photo Challenge Day-5: "Living with the songs"

၅ ရက်မြောက်နေ့အတွက် နောက်ဆုံးဓာတ်ပုံကို တင်လိုက်ပါတယ်၊ သီချင်းတွေနဲ့ နေထိုင်တဲ့အခါ တခြား ဘာအကျိုးကျေးဇူးမှ မရခဲ့ဘူး ဆိုရင်တောင်မှ… အနည်းဆုံးတော့ စိတ်မညစ်ရမှာ သေချာပါတယ်၊ (အဲ… ဘေးနားက လူတွေအတွက်တော့ မပြောတတ်ဘူးပေါ့)းD ဟောဒီ အဖြူအမည်း ဓာတ်ပုံပြပွဲမှာ ပါဝင်ခွင့်ရလို့ ဝမ်းသာရသလို ကျနော့်ကို ဖိတ်ခေါ်ခဲ့တဲ့ တီတင့်၊ မမေ၊ ညီမမိုးနဲ့ ညီမဇွန် တို့ကိုလည်း ကျေးဇူးတင်ပါတယ်…။

ဖေ့စ်ဘွတ်ခ်က B&W Challenge ရဲ့ကောင်းမှုနဲ့ ကျနော်လည်း ပို့စ်တွေ ၅ ပုဒ်ကို ဆက်တိုက်ဆိုသလို တင်ဖြစ်သွားတယ်၊ ပြောရရင် ဘလော့ဂ်ကို စရေးကတည်းက ၅ ရက်ဆက်တိုက် ပို့စ်တွေတင်ဖြစ်တာ အခုအကြိမ်ဟာ ပထမဦးဆုံးပါပဲ၊ ဒီဓာတ်ပုံတွေ၊ စာကြောင်းတွေကို ဖေ့စ်ဘွတ်ခ်မှာ မြင်ပြီး၊ ဖတ်ပြီးပေမယ့်လည်း ဘလော့ဂ်မှာဆက်ပြီး အားပေးတဲ့ ညီအစ်ကိုမောင်နှမ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်၊ ဂစ်တာတီး၊ သီချင်းဆိုတဲ့ အချိန်တွေမှာ ခေါင်းထဲကို တခါတလေ ရောက်လာတဲ့ စကားလေးတခွန်း ရှိပါတယ်၊ ထူးအိမ်သင် ရေးခဲ့တဲ့ စာကြောင်းလေးတခုပါ၊ ကျနော် အမှတ်မမှားရင် သူ့သီချင်းစာအုပ် ပေါင်းချုပ်မှာ ရေးခဲ့တာ ထင်ပါတယ်၊ အခု အဲဒီစာသားလေးနဲ့ပဲ ဘလော့ဂ်ရဲ့ အဖြူအမည်း စိန်ခေါ်ပွဲကိုလည်း အဆုံးသတ်ပါရစေ၊ “တီးရင်း၊ ဆိုရင်း၊ နားဆင်ရင်း ချစ်ခြင်းမေတ္တာအကြောင်း ငြိမ်းချမ်းစွာ သင်ကြားနိုင်ပါစေ” လို့…။ ။


ညီလင်းသစ်
၃၀ နိုင်ဝင်ဘာ၊ ၂၀၁၄

29 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၄)



B&W Photo Challenge Day-4: "For better, for worse, for richer, for poorer…"

ဟောဒီ စတုတ္ထနေ့ ဓာတ်ပုံအတွက်တော့ ဘာမှ အထွေအထူး မပြောတော့ပါဘူး၊ ခေါင်းစဉ်ရယ်၊ ဓာတ်ပုံရယ်နဲ့တင် ကြည့်သူ ကိုယ်စီတိုင်းဟာ ကိုယ်ပိုင် အဓိပ္ပါယ် သတ်မှတ်ချက်တွေနဲ့ အသီးသီး ပြည့်စုံ နေနိုင်တဲ့ အတွက်ကြောင့်ပါ…၊ ဒီ ဓာတ်ပုံရဲ့ အိုင်ဒီယာက ကျနော့်ရဲ့ ကိုယ်ပိုင် အိုင်ဒီယာတော့ မဟုတ်ပါဘူး၊ တခါတုန်းက အင်တာနက်မှာ တွေ့မိရင်း စိတ်ကူးလေးကို သဘောကျတာနဲ့ မှတ်ထားပြီး ပြန်စမ်းကြည့်ထား တာပါ၊ စာအုပ်တအုပ်၊ လက်စွပ်လေး ၂ ကွင်း၊ Flash မီးလေး တပွင့်ကို သူ့နေရာနဲ့သူ ချထားလိုက်တဲ့အခါ လက်စွပ်လေး ၂ ကွင်း နောက်ကွယ်မှာ ခိုင်ခိုင်မာမာ ရှိနေတဲ့ အရာနှစ်ခုက အရိပ်အဖြစ်နဲ့ ပေါ်လာကြတယ်…၊ နည်းစနစ်ပိုင်းက ရိုးရှင်းပေမယ့် အဓိပ္ပါယ်အားဖြင့်တော့ လေးနက်တဲ့ setting တခုမို့ စမ်းကြည့်ဖို့ ကျနော် စိတ်ကူးမိခဲ့တာ ဖြစ်ပါတယ်၊ ကျနော့်လိုပဲ ပြန်ပြီး စမ်းရိုက်ထားတဲ့ ပုံတွေလည်း အများအပြားရှိနေတာကြောင့် ဒီ အိုင်ဒီယာရဲ့ မူလပိုင်ရှင်က ဘယ်သူမှန်းမသိလို့ ခရက်ဒစ်တော့ မပေးနိုင်ပါဘူး၊

တခါတုန်းက မင်္ဂလာဆောင်တခုမှာ သူတို့သားနဲ့ သူတို့သမီးရဲ့ လက်စွပ်တွေကို ဘူးလေးနဲ့ သယ်လာပေးရတဲ့ ring boy ကလေးငယ်က ရုတ်တရက် ထွက်ပြေးသွားလို့ လူတွေက လိုက်ဖမ်းရင်း အလုပ်ရှုပ်သွားဖူးတယ်၊ ပုံမှန်ဆိုရင်တော့ ဘုရားရှစ်ခိုးကျောင်းမှာ ဆောင်တဲ့ မင်္ဂလာဆောင်တွေမှာ သူတို့သားနဲ့ လူပျိုရံက ဟိုးအရှေ့မှာ ကြိုပြီးစောင့်နေရတယ်၊ အချိန်ကျတဲ့အခါ ring boy ကောင်လေးက လက်စွပ်တွေထည့်ထားတဲ့ ဘူးလေးနဲ့အတူ ဘုရားကျောင်း လျှောက်လမ်းအတိုင်း ဝင်လာမယ်၊ သူ့နောက်မှာ flower girls ကောင်မလေးတွေက ပန်းခြင်းတွေနဲ့ လိုက်လာမယ်၊ သူတို့နောက်မှာက အပျိုရံ…၊ နောက်ဆုံးမှာမှ သူတို့သမီးက သူ့အဖေနဲ့တွဲပြီး ဘုရားကျောင်းထဲ ဝင်လာမယ်၊ ခုနက ပြောတဲ့ ring boy ကောင်လေးကတော့ လျှောက်လမ်းအတိုင်း ဝင်လာနေရင်းနဲ့ ဘေးတဖက်တချက်က ဝိုင်းကြည့်နေတဲ့ လူတွေကိုပဲ လန့်သွားတာလား၊ ဒါမှမဟုတ် bow tie တွေ suit တွေ ဝတ်ထားရတာကို ကျဉ်းကျပ်လာလို့ လွတ်လွတ်လပ်လပ် ခုန်ပေါက်ထွက်ပြေးသွားတာလားတော့ မသိဘူး၊ ရုတ်တရက် နောက်လှည့်ပြေးသွားလို့ ကလေးမိဘတွေနဲ့ အနီးအနားက လူတချို့က လိုက်ဖမ်းခဲ့ရဖူးတယ်၊ မဟုတ်လို့ကတော့ ကလေးနဲ့အတူ လက်စွပ် ၂ ကွင်းလည်း တခါထဲပါသွားလို့ သူတို့သားနဲ့ သူတို့သမီးအဖို့ လဲလှယ်စရာ ဘာအထိမ်းအမှတ် ပစ္စည်းမှမရှိတော့ဘဲ အတော်လေး အကြပ်ရိုက်သွားမှာ သေချာတယ်…၊

ဟိုးအရင်တုန်းက အယူအဆအရတော့ လက်ထပ်လက်စွပ်တွေမှာ စိန်တို့၊ ကျောက်သံပတ္တမြားတို့ ဘာမှမပါစေဘဲ ရွှေသက်သက်နဲ့ပဲ ရိုးရိုးမောင်းကွင်းပုံစံ လုပ်ကြပါတယ်၊ ရှုပ်ထွေးမှုတွေ၊ အဆောင်အယောင်တွေ မပါဘဲ ရှင်းလင်းတဲ့ နှစ်ကိုယ်တူဘဝကို ရည်ညွှန်းချင်တယ်လို့ ယူဆရပါတယ်၊ အခုနောက်ပိုင်း လက်စွပ်တွေမှာတော့ အရစ်ဖော်တာတွေ၊ ဖောင်းကြွပုံစံ လိုင်းတွေဖော်တာတွေ အပြင် စိန်ပွင့်၊ ပတ္တမြားပွင့် သေးသေးလေးတွေ မြှုပ်တာမျိုးတွေပါ လုပ်လာကြတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ရိုးရိုးမောင်းကွင်း ဖြစ်စေ၊ စိန်တွေကျောက်တွေ ပါသည်ဖြစ်စေ၊ လက်ထပ်လက်စွပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ… အတူတကွ ယှဉ်တွဲနေထိုင်သွားမယ့် သူစိမ်းနှစ်ယောက်အဖို့ အရေးအကြီးဆုံးက တဦးအပေါ်တဦး နားလည်မှု၊ ခွင့်လွှတ်သည်းခံမှုနဲ့ ငဲ့ညှာထောက်ထားမှုတွေပဲ ဖြစ်ပါတယ်၊ အဲဒီလို အချက်အလက်တွေနဲ့ ထွန်းညှိလိုက်မှသာ လက်စွပ်လေး ၂ ကွင်းက ထွက်လာမယ့် အရိပ်တွေဟာ အပေါ်ကဓာတ်ပုံထဲကလို ဖြစ်နေလိမ့်မယ်လို့ ကျနော်ယုံကြည်မိ ပါတယ်…။ ။


ညီလင်းသစ်
၂၉ နိုဝင်ဘာ၊ ၂၀၁၄

28 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၃)



B&W Photo Challenge Day-3: "In the mist…"

တတိယနေ့ ဓာတ်ပုံကတော့ မြူခိုးဝေတဲ့ မနက်ခင်းတခုပါ…၊ မြူနှင်းတွေ သိပ်သိပ်သည်းသည်း ကျနေတဲ့ မနက်ခင်းတခုမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရေကန်နားဆီကို ကျနော်တယောက်ထဲ ထွက်လာခဲ့တယ်…၊ စောစောစီးစီး ငါးရှာထွက်တဲ့ တံငါသည် ၃ ယောက်နဲ့ ဆုံမိတာကလွဲရင် ပတ်ဝန်းကျင် တခုလုံးဟာ ငှက်ကလေး တကောင်တလေတောင်မှ မရှိဘဲ ချမ်းချမ်းစီးစီးမှာ အိပ်မောကျနေတုန်းပါပဲ၊ လိုချင်တဲ့ ဓာတ်ပုံတချို့ ရိုက်ပြီးတဲ့အခါ ကန်စပ်က ကျောက်တုံးတွေပေါ်မှာ ထိုင်ရင်း အအိပ်ကြီးနေတဲ့ မနက်ခင်းကို ကျနော် စိမ်ပြေနပြေပဲ ထိုင်ကြည့်နေလိုက်တယ်၊ အေးမြတဲ့ ဖြူလွလွ ပိုးပုဝါ တစရဲ့ အောက်က မနက်ခင်းဟာ အဲဒီနေ့က တကယ်ပဲ “သက်ငြိမ်” ဆန်နေခဲ့တယ်…။

မြူတွေ၊ နှင်းတွေအကြောင်း ပြောပေမယ့် တကယ်တော့ ဒီဓာတ်ပုံကို ပြီးခဲ့တဲ့မေလ နွေဦးရာသီမှာ ရိုက်ခဲ့တာပါ၊ ရုံးပိတ်ရက် ၂ ရက်ရယ်၊ စနေ၊ တနင်္ဂနွေရယ်ပေါင်းပြီး စုစုပေါင်းအားလပ်ရက် ၄ ရက်ရတုန်းက ပြင်သစ်မှာရှိတဲ့ camping site တခုကို ကျနော်တို့ သွားလည်ဖြစ်ပါတယ်၊ မေလဆိုတာက နွေဦးရာသီထဲ အတော်ကို ရောက်နေပြီဖြစ်လို့ ပုံမှန်ဆိုရင် သိပ်မအေးတော့ပါဘူး၊ ဒါပေမယ့် အဲဒီရက်တွေတုန်းကတော့ မနက်ခင်းတိုင်းမှာ မြူခိုးတွေ သိုင်းဝိုင်းလွှမ်းခြုံလို့ နေမထွက်လာသေးခင်မှာ ချမ်းစိမ့်စိမ့်နဲ့…၊ တရက်မှာတော့ ကျန်တဲ့လူတွေ ဇိမ်နဲ့ကွေးနေတုန်း ကျနော်တယောက်တည်း ကင်မရာဆွဲပြီး ထွက်လာလိုက်တယ်၊ Camping site က ရေကန်ကြီး တခုရဲ့ ဘေးနားမှာ ဆိုတော့ ရေကန်ပေါ်မှာ မြူတွေ ဆိုင်းနေလောက်တယ်ဆိုပြီး အဲဒီဖက်ကို သွားကြည့်လိုက်တာ မှန်သွားတယ်၊ လူသူလေးပါး ကင်းရှင်းပြီး တိတ်ဆိတ်အေးချမ်းလှတဲ့ မနက်ခင်းဟာ တကယ်ပဲ နှစ်လိုဖွယ်ရာ ကောင်းပါတယ်၊ ရေကန်ဝန်းကျင်မှာ ဓာတ်ပုံရိုက်လိုက်၊ အေးအေးလူလူ ထိုင်လိုက်၊ လမ်းလျှောက်လိုက်နဲ့ အချိန်တော်တော်ကြာကြာ ကျနော်နေခဲ့တယ်၊ အဖြူအမည်း စိန်ခေါ်ပွဲအတွက် ရည်ရွယ်ပြီး ကျန်တဲ့ဓာတ်ပုံတွေကို သီးသန့်ရိုက်တင်ခဲ့ပေမယ့် အခုဒီပုံလေးကတော့ အရင်ကရိုက်ထားပြီးသား ဖြစ်လို့ တခုထဲသော ခြွင်းချက်လည်း ဖြစ်ပါတယ်…။


ညီလင်းသစ်
၂၈ နိုဝင်ဘာ၊ ၂၀၁၄

27 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၂)



B&W Photo Challenge Day-2: "Frames & Shadows"

ဒုတိယနေ့ အဖြူအမည်း ဓာတ်ပုံလေးကို (အနည်းငယ်နောက်ကျသော်လည်း ၂၄ နာရီမကုန်ခင်မှာ) တင်လိုက်ပါတယ်၊ တခါတလေမှာ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေက ဘောင်တွေ၊ အရိပ်တွေ ကြားမှာ ဝေဝါး၊ ရောထွေးနေတာမျိုး ကျနော်တို့ ကြုံရတတ်ပါတယ်၊ ဘယ်ဟာက အစစ်အမှန်၊ ဘယ်ဟာက အရိပ်အယောင်၊ ဘယ်ဟာက ပိုပြီး ကြည်လင်တဲ့အမြင်၊ ဘယ်ဟာ ကျဉ်းမြောင်းတဲ့ အနားသတ်ဘောင် ဆိုတာတွေက ရုတ်တရက်ကြည့်ရင် ရှုပ်ထွေး နေတာမျိုးပေါ့….၊ နားလည်သွားချိန်မှာတော့ အရာရာဟာ သူ့နေရာနဲ့သူ ရှိနေတယ်ဆိုတာ ကျနော်တို့ မြင်ရလေ့ ရှိပါတယ်…။

ကျနော် ၁၀ တန်းအောင်ပြီးတဲ့ တရက်မှာ ရွှေဘုံသာလမ်းထဲက မျက်မှန်ဆိုင်တဆိုင်ကို ညီမနဲ့အတူ လိုက်သွားဖြစ်တယ်၊ ညီမလေးက ခေါင်းမူးမူး နေတတ်တာနဲ့ မျက်စိစမ်းရအောင် သွားတာပါ၊ အဲဒီမှာ ကျနော်လည်း ခရီးသွားဟန်လွှဲ ဝင်စမ်းကြည့်တော့ ကျနော့်မျက်စိက astigmatism နည်းနည်းရှိနေတာ သွားတွေ့တယ်၊ မျက်စိသူငယ်အိမ် စောင်းတယ်လို့ ခေါ်မလားပဲ...၊ အဲဒါကို ပြန်တည့်ပေးထားတဲ့ မျက်မှန်တပ်မယ်ဆိုရင် မျက်စိက focus ဖြတ်ရတာ ပိုပြီး ကြည်လင်တိကျမယ်ပေါ့၊ ဒါနဲ့ ကျနော်လည်း မျက်မှန်တလက် လုပ်ဖြစ်လိုက်ပါတယ်၊ အဝေးမှုန်လည်း မဟုတ်၊ အနီးမှုန်လည်း မဟုတ်တဲ့ ကျနော့်မျက်လုံးတွေက မျက်မှန်မပါဘဲလည်း ကားမောင်း၊ စာဖတ်၊ ကွန်ပြူတာသုံး စတာတွေ အားလုံးကို လုပ်နိုင်ပေမယ့် မျက်မှန်လေး တဆင့်ခံထားရင် မြင်ကွင်းတွေက ပိုရှင်းပါတယ်၊ ဒီလိုနဲ့ ကျနော့်မျက်လုံးတွေကို ဘောင်ခတ်ထားမယ့် အရာတခုဟာ မျက်နှာပေါ်ကို ရောက်လာခဲ့တယ် ဆိုပါတော့...၊

ဒီနိုင်ငံကို ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြန်မာပြည်ကို ပြန်တော့ ရောက်တုန်းရောက်ခိုက် ဆိုပြီး မျက်စိပြန် စမ်းကြည့်မိတယ်၊ ဘာမှ အတိုးအလျော့ မရှိဘဲ အရင်အတိုင်းပဲ၊ ဒါနဲ့ မြန်မာပြည်မှာ မျက်မှန်တွေက ပိုပေါပါတယ်လေ ဆိုပြီး နောက်ထပ် ၃ လက် လုပ်လာခဲ့တယ်၊ နောက်ပိုင်းနှစ်တွေမှာတော့ ၂ နှစ်တခါ၊ ၃ နှစ်တခါ ဆိုသလို ဒီနိုင်ငံမှာပဲ မျက်စိစမ်းဖြစ်ပါတယ်၊ စမ်းတိုင်းလည်း ဟိုးအရင် ၂၂ နှစ်ကအတိုင်း မျက်စိက ဘာမှမပြောင်းလဲပါဘူး၊ ဒီ stigmatism နဲ့ ဒီ correction အတိုင်း...၊ အဲ... ပြောင်းလဲတာကတော့ မျက်မှန်ကိုင်းတွေပါ၊ ကျနော်က မျက်စိတခါစမ်းတိုင်း မျက်မှန်တလက် ဝယ်ဖြစ်သွားတာက များတာကိုး၊ ဒီလိုနဲ့ ကျနော့်မျက်လုံးတွေက astigmatism အပေါ် သစ္စာရှိပေမယ့် မျက်မှန်တွေ ထည်လဲနဲ့ ဖြစ်လာခဲ့တယ်၊ တခါမှာတော့ အိမ်ကိုလာလည်တဲ့ ညီမတယောက်နဲ့ မျက်မှန်တွေအကြောင်း စကားစပ်မိရင်း ကျနော့်မျက်မှန်တွေအကြောင်း သူသိသွားခဲ့တယ်၊ အဲဒီအခါ ကျနော့်ကို ပြုံးစိစိနဲ့ ကြည့်ရင်း အစ်ကိုက မျက်မှန်တွေ အများကြီးနဲ့ ပဲများနေတာ အခုမှပဲ သိတော့တယ်-လို့ စ,သွား ခဲ့တယ်၊ အခု ဖေ့စ်ဘွတ်ခ်က B&W Challenge အတွက် ဓာတ်ပုံရိုက်ဖို့ စဉ်းစားတဲ့အခါ လွန်ခဲ့တဲ့ ၂၂ နှစ်တာ ကာလကတည်းက ကျနော့်မျက်လုံးတွေ အရှေ့မှာ ရှိနေခဲ့တဲ့ အမျိုးမျိုးသော ဘောင်တွေကို ကင်မရာရဲ့ ချောင်းကြည့်ပေါက်လေးက တဆင့် ကြည့်ဖြစ်သွားခဲ့ ပါတယ်...။


ညီလင်းသစ်
၂၇ နိုဝင်ဘာ၊ ၂၀၁၄

26 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ


ကျနော့်မှာ ညီလင်းသစ် နာမည်နဲ့ Facebook အကောင့်တခု ရှိပေမယ့် အဲဒီမှာ ဟုတ်တိပတ်တိ ဘာမှမရေးဖြစ်ပါဘူး၊ ဟိုးအစကတည်းက ဘလော့ဂ်ကိုပဲ သုံးစွဲလာခဲ့လို့လားတော့ မသိဘူး၊ ဖေ့စ်ဘွတ်ခ်ကို သိပ်ပြီးတော့ အာရုံမကျလှပါဘူး၊ အဲဒီအကောင့်ကလည်း စာရေးဖော် ဘလော့ဂါတယောက်က အကြောင်းတခုနဲ့ ဆက်နွယ်ပြီး ဖွင့်ဖို့တိုက်တွန်းတာနဲ့ ဖွင့်ဖြစ်သွားတာ…၊ အများအားဖြင့်တော့ ကျနော့်ဘလော့ဂ်ပေါ်က ပို့စ်အသစ်တွေကို စိတ်ကူးရတဲ့အခါ ညွှန်းဆိုဖို့ အဲဒီဖေ့စ်ဘွတ်ခ် စာမျက်နှာကို သုံးဖြစ်ပါတယ်၊ ဟိုတလောဆီကတော့ စာရေးဖော် ဘလော့ဂါ၊ ဖေ့စ်ဘွတ်ကာ မိတ်ဆွေတွေက လတ်တလော ရေပန်းစားနေတဲ့ Black & White Photo Challenge ပြိုင်ပွဲမှာ ပါဝင်ဖို့ တဂ်လိုက်တာနဲ့ ကျနော်လည်း ရောယောင်ပြီး ပါလာရော ဆိုပါတော့…၊ ဘလော့ဂ်ပေါ်က စာတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တချိန်လုံး ညွှန်းနေရာကနေ အခုတခါတော့ ပြောင်းပြန် ဖေ့စ်ဘွတ်ခ်ပေါ်က အဲဒီဓာတ်ပုံတွေနဲ့ စာစုလေးတွေကို ဒီမှာပြန်ပြီး ဖော်ပြဖို့ စိတ်ကူးမိပါတယ်၊ အဖြူအမည်း ဓာတ်ပုံစိန်ခေါ်ပွဲရဲ့ မူရင်းနေရာက ဖေ့စ်ဘွတ်ခ်ဖြစ်လို့ အဲဒီမှာတင်ပြီး နောက်တရက်နေမှ ဘလော့ဂ်မှာ ကျနော်ပြန်တင်ပါ့မယ်၊ အရင် စ,တဲ့နေရာကို တရက်ဦးစားပေးတဲ့ သဘောပါပဲ၊ အောက်ဖက်က ပုံနဲ့ စာစုလေးက ၅ ရက်ဆက်တိုက် တင်ရမယ့် ဓာတ်ပုံပြပွဲရဲ့ ပထမဦးဆုံး ပါပဲ…၊



B&W Photo Challenge Day-1: "The frog from a recycle tale"

တီတင့်၊ ညီမမိုး၊ မမေနဲ့ ညီမလေးဇွန် တို့ တဂ်တာနဲ့ အဖြူအမည်း ဓာတ်ပုံစိန်ခေါ်ပွဲထဲ ကျနော်လည်း ပါလာခဲ့ရပါတယ်၊ ပထမဆုံး ဓာတ်ပုံအနေနဲ့ ဖားကလေး တကောင်ရဲ့ ပုံကို တင်လိုက်ပါတယ်၊ တရက်မှာ ကျနော့်ရဲ့ သားကလေးက သူ့ကျောင်းကအပြန်မှာ အဲဒီ ဖားကလေးကို ယူလာခဲ့တယ်၊ ကျနော့်အတွက်ရည်ရွယ်ပြီး သူကိုယ်တိုင် လုပ်ထားတဲ့ ဖားရုပ်ကလေး-တဲ့၊ အိမ်သာသုံးစက္ကူလိပ်တွေ၊ ပင်ပေါင်ဘောလုံးတွေ၊ ဆယ်လိုတိပ် တွေနဲ့ ဖန်တီးထားတဲ့ စက္ကူဖားကလေးပါ၊ ဘောပင်၊ ခဲတံ ထည့်ဖို့အတွက်လို့ ဆိုတာနဲ့ ကျနော့်ရဲ့ အလုပ်စားပွဲပေါ်ကို ဖားကလေးက အစန့်သား ရောက်လာခဲ့တော့တယ်၊ အဲဒါမတိုင်ခင် တပတ်လောက်က သုံးပြီးသား အိမ်သာသုံးစက္ကူလိပ်တွေ သူလိုချင်တဲ့အကြောင်း သားက တောင်းနေခဲ့တာကို ပြန်သတိရပြီး ကျနော် ပြုံးမိတယ်…၊

မင်းသမီးလေးဆီက အနမ်းပွင့်လေးတပွင့် ရလိုက်တဲ့အခါ မင်းသားလေး ပြန်ဖြစ်သွားတဲ့ ကျိန်စာသင့် ဖားကလေးပုံပြင်ကို ကျနော်တို့အားလုံး ကြားဖူးကြပါတယ်၊ ကျနော့်ရဲ့ ဓာတ်ပုံထဲက ဖားကလေးကတော့ ပုံပြင်ထဲကလို မင်းသားလေး ပြန်ဖြစ်လာမှာ မဟုတ်ပေမယ့် ဘာမှ အသုံးမဝင်တော့တဲ့ အိမ်သာသုံး စက္ကူလိပ်လေး တခုကနေတောင် အသုံးတည့်မယ့် ပစ္စည်းလေးတခုကို ပြန်ပြီး Recycle လုပ်နိုင်တယ်ဆိုတာ ပြောပြနိုင်ပါတယ်၊ ကျနော်တို့ရဲ့ မျက်မှောက် လူနေမှုဘဝတွေက consumerism ထဲမှာ ပိတ်မိနေကြတယ်၊ ကဏ္ဍတိုင်းလိုလိုမှာ အသစ်ပြီးရင်း အသစ်တွေ ထပ်သုံးစွဲဖို့ တွန်းအားတွေ ပေးနေကြတယ်၊ အသစ်တွေ ဖန်တီး၊ ထုတ်လုပ်တာ ကောင်းပေမယ့် တဖက်မှာကျတော့ အဲဒီအသစ်တွေက တွန်းဖယ်လိုက်တဲ့ အဟောင်းတွေကို ဘယ်လိုလုပ်ကြမှာလဲ ဆိုတဲ့မေးခွန်းက ဒီကနေ့မှာ တကယ့်ကို စိန်ခေါ်မှု တရပ်ပါ၊ 3R လို့ အတိုကောက် မှတ်ကြတဲ့ Reduce, Reuse & Recycle ဆိုတာကို တတ်နိုင်သလောက် ကျင့်သုံးမှပဲ ကျနော်တို့ရဲ့ လူမှုပတ်ဝန်းကျင်ကို ကျိန်စာသင့်စေမယ့် အဖြစ်ကနေ ကယ်တင်နိုင်မှာဖြစ်တယ် ဆိုတဲ့အကြောင်း ပထမဆုံးနေ့ရဲ့ ဓာတ်ပုံလေးက ပြောပြပါလိမ့်မယ်…။


ညီလင်းသစ်
၂၆ နိုဝင်ဘာ၊ ၂၀၁၄

03 November 2014

ဥရောပရဲ့ တံခါးဝမှာ...


ပြီးခဲ့တဲ့ တပတ်တုန်းက ဥရောပရဲ့ တံခါးဝနိုင်ငံလို့ ဆိုကြတဲ့ တူရကီနိုင်ငံကို သွားလည်ဖြစ်ပါတယ်၊ ဒီက ကလေးတွေရဲ့ အောက်တိုဘာလ ကျောင်းပိတ်ရက် ၂ ပတ်ထဲက ပထမတပတ်မှာ သွားလည်ဖြစ်တာပါ၊ ဒီခရီးစဉ်အတွက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ကြိုပြီးစီစဉ်ထားခဲ့တယ်၊ အခုခေတ်က သိကြတဲ့အတိုင်း ခရီးစဉ်တွေ၊ လေကြောင်းလိုင်းတွေ တော်တော်များများမှာ စောစောစီးစီး ဘွတ်ကင်လုပ်ထားရင် ဈေးကပုံမှန်ထက် သက်သာလေ့ရှိပါတယ်၊ အမှန်တော့ မအိမ်သူက မော်ရိုကို,ကို သွားချင်တယ်၊ ဒါပေမယ့် ကျနော်က အဲဒီနိုင်ငံကို လောလောဆယ် သိပ်ရင်မခုန်ဘူး၊ မော်ရိုကိုက အလှအပတွေ၊ စိတ်ဝင်စားစရာတွေ ရှိတဲ့ နိုင်ငံတခုပါ၊ I fell in love with you watching Casablanca ဆိုတဲ့ သီချင်းကလေးလိုပေါ့၊ ဒါပေမယ့် အဲဒီက ဈေးသည်တွေ၊ tourism ထဲမှာ အလုပ်လုပ်နေကြသူတွေ အများစုက ဧည့်သည်တွေအပေါ် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား လုပ်လာတာတွေ၊ ဈေးရောင်းဈေးဝယ်မှာ ရန်လိုတာတွေ သိပ်များလာလို့ နောက်ပိုင်းမှာ အတော်လေးနာမည် ပျက်လာခဲ့တယ်၊ အခုနောက်ပိုင်းတော့ သူတို့အစိုးရပိုင်းကပါ တင်းတင်းကျပ်ကျပ် ပြန်ပြီး ထိန်းသိမ်းလာလို့ အရင်လို လူမြင်တာနဲ့ အမဲဖျက်မယ့် စတိုင်တွေ သိပ်မရှိတော့ဘူးလို့ ပြောတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်က ဒီနှစ်ပိုင်းထဲမှာ အဲဒီကိုသွားဖို့ စိတ်မဝင်စားတာနဲ့ နောက်ဆုံးတော့ တူရကီကို ရွေးဖြစ်သွားခဲ့ပါတယ်…၊


တူရကီကို သွားတယ်ဆိုပေမယ့် လူသိများထင်ရှားတဲ့ Istanbul မြို့တော့ မဟုတ်ပါဘူး၊ တောင်ဖက်ခြမ်းမှာ ရှိတဲ့ Side ဆိုတဲ့ မြို့ကလေးပါ၊ ဒီမြို့ကလေးက ပင်လယ်ကမ်းစပ်မှာ ရှိတဲ့အလျောက် အပန်းဖြေခရီးအတွက် လာကြသူတွေက ကလေးတွေနဲ့ မိသားစုတွေ များပါတယ်၊


ဒီတခါတော့ All inclusive ပုံစံခရီးစဉ်ကို ကျနော်တို့ ရွေးချယ်ဖြစ်ပါတယ်၊ All inclusive ဆိုတဲ့အတိုင်း အသွားအပြန် လေယာဉ်လက်မှတ်၊ တပတ်စာဟိုတယ်၊ အစားအသောက် စတာတွေ အကုန်ပါ,ပါတယ်၊ ဟိုးအရင်က all inclusive ဆိုရင် မနက်စာ၊ နေ့လယ်စာ၊ ညစာ စတာတွေပဲ ပါပြီး drinks ကတော့ ကိုယ့်ဟာကိုယ် ပေးရတာများပါတယ်၊ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဟိုတယ်အများစုက all inclusive ရဲ့ဈေးကို နည်းနည်းပိုမြှင့်ပြီး drinks တွေကိုပါ ထည့်လာကြတယ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်၊ ဘီယာ၊ ဝိုင်၊ အရက် စတာတွေ အကုန်ပါပြီးတော့ မနက် ၁၀ နာရီကနေ ည ၁၂ နာရီအတွင်း ကြိုက်တာကို ကြိုက်သလောက် သောက်ခွင့်ရှိပါတယ်၊ ယစ်ရွှေရည်မင်းသားတွေအတွက် ဆိုရင်တော့ ပွဲတော်ပါပဲ…၊


တူရကီ အသံထွက်နဲ့ “ဆိဒေ” (Side) လို့ ခေါ်ကြတဲ့ မြို့ကလေးက မြေထဲပင်လယ်ကမ်းစပ်မှာ ရှိပြီးတော့ ပူနွေးမျှတတဲ့ အပူချိန်နဲ့ သာသာယာယာရှိပါတယ်၊ ကျနော်တို့ ရောက်သွားတဲ့ အောက်တိုဘာလမှာ နေ့အပူချိန် ၂၇ ဒီဂရီနဲ့ ညအပူချိန် ၂၂ ဒီဂရီဆိုတော့ အနေတော်ပါပဲ၊ လာကြတဲ့ ဧည့်သည်အများစုကတော့ ဂျာမန်တွေနဲ့ ရုရှားတွေ များတယ်၊ ကျနော်တို့တည်းတဲ့ ဟိုတယ်မှာဆိုရင် ၉၈ ရာခိုင်နှုန်းက ဂျာမန်တွေပါ၊ တူရကီဝန်ထမ်းတွေကလည်း အင်္ဂလိပ်စကားပြော အတော်လေးညံ့ပေမယ့် ဂျာမန်စကားကိုတော့ သွက်သွက်လက်လက် ပြောနိုင်ကြတယ်၊ ဧည့်သည်များတဲ့ ပင်လယ်ကမ်းခြေတွေရဲ့ ထုံးစံအတိုင်း ဟိုတယ်အသီးသီးက ဝန်ဆောင်မှုအနေနဲ့ သူတို့ဟိုတယ်အရှေ့က ကမ်းခြေကို ထီးတွေစိုက်ပြီး အပိုင်စားယူထားကြတယ်၊


Side မြို့ထဲကို တရက်မှာ သွားလည်ရင်းနဲ့ အေဒီ ၂ ရာစုမှာ ရောမတွေ ဆောက်ခဲ့တဲ့ amphitheater ကဇာတ်ရုံကိုလည်း သွားကြည့်ဖြစ်ပါတယ်၊ လူတသောင်းခွဲ ဆန့်တဲ့ ရောမခေတ် ကဇတ်ရုံက Side မြို့လေးမှာတော့ အထင်ရှားဆုံး tourist attraction ဖြစ်သလို ဒီနေ့အထိလည်း အဲဒီမှာ ရံဖန်ရံခါ ပြဇတ်တွေ က,ဖို့ သုံးနေတုန်းပါပဲ၊


Side မြို့ဟာ ရောမခေတ်တုန်းက ထင်ရှားတဲ့ ကုန်သွယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့တယ်လို့ ဆိုတယ်၊ ဒီနေ့ခေတ် Side မြို့ကလေးကတော့ ညောင်ဦးမြို့သာသာလောက်ပဲ ရှိပြီး လူဦးရေ ၄၀၀၀ ဝန်းကျင်လောက် ရှိပါတယ်၊ တိုးရစ်တွေ အလာများတဲ့မြို့ဖြစ်လို့ တမြို့လုံးက စားသောက်ဆိုင်၊ ဟိုတယ်၊ ဈေးဆိုင်တွေနဲ့ အလုပ်ဖြစ်ကြတယ်၊ တူရကီဟာ အစ္စလမ်မစ်နိုင်ငံ ဖြစ်ပေမယ့် အလယ်အလတ်ကျတဲ့ သဘောထားရှိပါတယ်၊ အမျိုးသမီးတွေအဖို့ ပုဝါမခြုံမနေရ ဆိုတာမျိုးမရှိသလို လူတွေကလည်း ကျနော်မြင်ရသလောက် လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေါ် ရှိပုံပါပဲ၊


Amphitheater ကဇတ်ရုံနဲ့အတူ ထင်ရှားတဲ့ ရှေးဟောင်းနေရာတခုက Apollo temple ပါ၊ ရှေးဟောင်းတူရကီဟာ ကျနော်တို့ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ခဲ့ရတဲ့ Alexander The Great ရဲ့ သိမ်းပိုက်ခံနယ်မြေပါ၊ နောက်တော့ ရောမခေတ်မှာ ရောမတွေရောက်လာ ခဲ့တယ်၊ အေဒီ ၂ ရာစုလက်ရာ အပိုလိုကျောင်းတော်ဟာ အဲဒီရောမခေတ်ရဲ့ ကြီးကျယ်ခမ်းနားခဲ့ပုံကို ဒီနေ့ထက်ထိ ပြောပြနေတုန်းပါပဲ၊


တူရကီမှာ ဈေးဝယ်တဲ့အခါတော့ အင်မတန်မှ သတိထားဖို့ လိုပါတယ်၊ အဝတ်အစား၊ အသုံးအဆောင်၊ ရေမွှေး စတာတွေအားလုံးမှာ အတုတွေ ပေါလို့ပါ၊ နာမည်ကြီးတံဆိပ် ဂျင်းဘောင်းဘီအတုတွေ၊ ရေမွှေးအတုတွေ၊ တလက်ကို ၁၀ ယူရိုနဲ့ ရောင်းနေတဲ့ ရေဘင်မျက်မှန်တွေ၊ တခုကို ၃ ယူရိုနဲ့ ရောင်းနေတဲ့ Beats နားကျပ်တွေ… အများကြီးပါပဲ၊ ဈေးကလည်း နေရာတကာမှာ ဆစ်ဖို့လိုပါတယ်၊ တချို့ စားသောက်ဆိုင်မှာဆိုရင် menu မှာ ရေးထားတဲ့ ဈေးကိုတောင် ဆစ်ဖို့လိုတဲ့အထိ ဈေးဆစ်ခြင်းဓလေ့နဲ့ ယဉ်ပါးလှတဲ့ တိုင်းပြည်ပါပဲ၊


တူရကီကော်ဖီက ကော်ဖီဆို ခပ်ပြင်းပြင်းမှ ဆိုသူတွေအတွက် အံကိုက်ပါပဲ၊ အက်စ်ပရက်ဆို ပမာဏလောက်ပဲရှိတဲ့ ကော်ဖီကိုမှ အနယ်တွေအများကြီးနဲ့ သောက်ကြတာမျိုး…၊ ခွက်ကလေးရဲ့ အောက်ခြေ သုံးပုံတပုံလောက် အနယ်တွေပြည့်နေတဲ့ တူရကီကော်ဖီက ကျနော့်အတွက်တော့ တခုတ်တရ မှာသောက်စရာပါ…၊


တူရကီကော်ဖီတင် ကောင်းတာမဟုတ်ပါဘူး၊ တူရကီဘီယာကလည်း ပေမှီဒေါက်မှီ အထဲကပါပဲ၊ မြေထဲပင်လယ် ရာသီဥတုနွေးနွေးနဲ့ လိုက်ဖက်တဲ့အထဲမှာ တူရကီဘီယာအေးအေးလည်း ပါတာပေါ့…၊


ဟိုတယ်မှာကျွေးတဲ့ ဘူဖေး အစားအသောက်တွေနဲ့ ပတ်သက်လို့တော့ ကျနော်တို့ ကံကောင်းတယ်လို့ ဆိုရမှာပါ၊ All inclusive ပုံစံတွေမှာက အစားအသောက်တွေကို အမယ်စုံသထက် စုံအောင် ပြင်ဆင်ပြီး ဘူဖေးကျွေးလေ့ ရှိပါတယ်၊ ဒါပေမယ့် တရက်ကို ၃ နပ်နဲ့ တပတ်လုံး စားရတဲ့အခါ နှစ်ရက်သုံးရက်လောက်မှာပဲ ဟင်းပွဲတွေကထပ်ပြီး အသစ်အဆန်းမရှိတော့တာမျိုး ဖြစ်တတ်ပါတယ်၊ ဒါပေမယ့် ကျနော်တို့တည်းခဲ့တဲ့ Melas Resort မှာတော့ ဟင်းပွဲတွေ တနေ့နဲ့တနေ့ မထပ်ရအောင် အားထုတ်ထားသလို တူရကီဟာ အာရှ၊ ဥရောပ ပေါင်းကူးဖြစ်တဲ့ အလျောက် ထမင်းရော၊ ပေါင်မုန့်ပါ ပုံစံအမျိုးမျိုးနဲ့ ပြင်ဆင်ထားတဲ့အတွက် အဆင်ပြေပါတယ်၊


ကျနော် သဘောကျမိတာ တခုက အချိုပွဲတွေပါ၊ အာရပ်နိုင်ငံတွေရဲ့ ထုံးစံအတိုင်း အုန်းနို့၊ သကြား၊ ခရင်မ် စတာတွေနဲ့ လုပ်တဲ့ မုန့်အချိုတွေဟာ အတော့်ကိုစုံလင်ပါတယ်၊ လူက အသက်ပဲ ကြီးလာလို့လား မသိဘူး၊ ခုတလော အချိုပွဲတွေ သိပ်ကြိုက်နေတယ်၊ ကိုလက်စထရောတွေ ဘာတွေကို အခုလိုခရီးမှာ မေ့ထားတယ်…၊


တူရကီမှာ ရိုးရာအနေနဲ့ ရာကီ (Raki) ကို သောက်ကြလေ့ ရှိပါတယ်၊ ရာကီက စမုန်စပါးကနေ ချက်ထားတဲ့ အရက်တမျိုးပါ၊ သူ့ကို aperitif နှုတ်မြိန်စာ စားတဲ့အချိန်မှာ သောက်ကြသလို ညစာတွေ၊ ဘာတွေ စားပြီးချိန်မှာလည်း ခံတွင်းရှင်းအရက် အနေနဲ့ သောက်ကြတယ်၊ ရာကီကို ကြိုက်တဲ့လူက ကြိုက်သလို မကြိုက်တဲ့လူဆိုရင်လည်း လုံးဝမကြိုက်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် စမုန်စပါးရဲ့ ရှတတ အရသာက ခံတွင်းကို ရှင်းစေတာတော့ အမှန်ပါပဲ…၊


ဒီခရီးကိုသွားဖို့ နီးလာတဲ့အချိန်မှာ တူရကီရဲ့ အိမ်နီးချင်း ဆီးရီးယားနဲ့ အီရတ်မှာ IS အစွန်းရောက်တွေက အတော်လေးကို လှုပ်ရှားလာချိန်နဲ့ တိုက်ဆိုင်နေတယ်၊ ဒီနေ့ထက်ထိ မပြီးသေးတဲ့ ကိုဘာနီမြို့ တိုက်ပွဲတွေ ဖြစ်နေသလို အမေရိကန်သတင်းထောက်၊ အင်္ဂလိပ်သတင်းထောက်၊ ပြင်သစ်ခရီးသွား စတာတွေကိုလည်း ပြန်ပေးဆွဲပြီး သတ်ဖြတ်မှုတွေက ရှိနေပြန်တယ်၊ ဒါ့အပြင် မသွားခင်ရက်ပိုင်းမှာ တူရကီမှာရှိတဲ့ ကာဒ့်မျိုးနွယ်စုတွေက ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး တူရကီအစိုးရအပေါ် ဆန္ဒပြတာတွေကလည်း ဖြစ်နေပြန်တယ်၊ ဆိုတော့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကြားမှာ ဒီခရီးကို သွားရမလား၊ ဖျက်ပဲ ဖျက်လိုက်ရမလား ဆိုပြီး ကျနော်တို့ ဝေခွဲမရ ဖြစ်လိုက်သေးတယ်၊ နောက်ဆုံးတော့လည်း အရေးအကြောင်းဆို အကူအညီရအောင် ဆွစ်ဇာလန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ ကျနော်တို့ ကိုယ်ရေးအချက်အလက်တွေ၊ သွားမယ့်မြို့၊ နိုင်ငံ စတာတွေဖြည့်ပြီး ထွက်လာခဲ့လိုက်တယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အခြား ခရီးသွားအေဂျင်စီတွေကတော့ ဆီးရီးယားနဲ့ နယ်နမိတ်ချင်း ကပ်နေတဲ့ တူရကီ အရှေ့ပိုင်းက မြို့တွေကို မသွားဖို့ သတိပေးထားတာကလွဲရင် တခြားနေရာတွေနဲ့ ပတ်သက်ပြီး အထွေအထူး ပြောမထားတာနဲ့ပဲ သွားဖို့ဆုံးဖြတ်ခဲ့တာပါ၊ တကယ်တမ်း ရောက်သွားတော့လည်း အားလုံးက အေးအေးဆေးဆေးပါပဲ၊ ကမ္ဘာ့သတင်းတွေမှာ ကြားနေမြင်နေရတာတွေနဲ့ ဆန့်ကျင်ဖက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့…၊ တကယ်တော့ အန္တရာယ်ရှိတဲ့ ဒေသတွေနဲ့ Side က ကီလိုမီတာ ရှစ်ရာကျော်၊ ကိုးရာနီးပါး ဝေးတာလည်း ပါ,ပါတယ်၊ Side ရဲ့ကမ်းခြေက ငပလီတို့၊ ငွေဆောင်တို့လောက်တောင် မလှပါဘူး၊ သဲတွေက ဖြူလွလွ သဲသောင်ပြင်မျိုး မဟုတ်ဘဲ ပုံမှန်ပါပဲ၊ ဘာပဲဖြစ်ဖြစ် တပတ်လုံးလုံး ဘာမှမလုပ်ဘဲ ပင်လယ်ကမ်းခြေမှာ စားလိုက်၊ အိပ်လိုက်၊ စာဖတ်လိုက်နဲ့ အနားယူခဲ့ရတော့ လူတွေပြောကြလေ့ ရှိတဲ့ Dolce far niente ဆိုတဲ့ အီတာလျံစကားလေး အတိုင်းပါပဲ၊ ချိုမြိန်သာယာစွာ ပျင်းရိခြင်း-တဲ့…။ ။


ညီလင်းသစ်
၃ နိုဝင်ဘာ၊ ၂၀၁၄