31 March 2008

နှစ်ကိုယ်ခွဲ



သူဟာ
မင်းသားဖြစ်ချင်လွန်းတဲ့
ဝမ်းတွင်းရူးတစ်ယောက်ဖြစ်တယ်၊

ခေတ်ပျက်ကြီးထဲ
အရှိန်အဝါ အားကိုးနဲ့
မင်းသား ဝင်လုပ်ချင်သူ...၊

ပါရမီ ချို့ငဲ့ရှာတော့
လူကြမ်းသာ ဖြစ်လာခဲ့တယ်၊

အဲဒီဖက်မတော့
အကျိုးပေးကောင်းပုံများ
ပရိတ်သတ် အော့နှလုံးနာလောက်အောင်
ထူးချွန်ရဲ့၊

ရက်စက်ကောက်ကျစ်မှုကအပြည့်
မိုက်ကန်းကန်း သရုပ်သကန်နဲ့
တဒိုင်းဒိုင်း ခြိမ်းခြောက်
ဗိုလ်အောင်ဒင်လောက်တော့
သူက ပျင်းတယ်၊
“ ဟေ့ ဒီမှာ...ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ... ... ”

ဒါပေမယ့်
လူကြမ်းဆိုတာ
မင်းသားကို နိုင်ရိုးထုံးစံမရှိ
အဆုံးသတ်မှာ
အရှုံးပေးရသကွဲ့၊

အချိန်တန်ရင်
သူ နေရာပေးရမယ့်မင်းသား
ဝေးဝေးမှာ ရှာစရာ
မလိုပါဘူး၊
သူ့စိတ်ကြိုက် သူဆင်
သူတင် သူရိုက်တဲ့ကား
သူပဲ မင်းသား
သူပဲ လူကြမ်း
ဇတ်လမ်းက ကွက်တိ
သူ့ဟာသူတော့ အဟုတ်ကြီးဟုတ်လို့ပေါ့၊

မင်းသမီးမပါ ဘာမပါနဲ့
အဲဒီကားမှာ
ကောင်းတာဆိုလို့
စိတ်ညစ်ဖို့ပဲ ရှိသတဲ့၊

ဇတ်သိမ်းကို ကြိုသိနေတဲ့
ပရိတ်သတ်ကတော့
ပိတ်ကားကို
ပြောင်းဖူးရိုးနဲ့ ပစ်ချင်စိတ်နဲ့
အံတွေ တင်းတင်းကြိတ်လို့...။ ။


ညီလင်းသစ်
၃၁ မတ်၊ ၂၀၀၈

28 March 2008

Soil study တခန်းရပ်


ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက စ,လုပ်လာခဲ့တဲ့ soil study ကဒီနေ့မှပဲ အဆုံးသတ်နိုင်တော့တယ်၊ ပထမ တော့ဒီအလုပ်ကို ဒီလောက်ကြာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့လည်း ဒီလိုလက်ဝင်လိမ့်မယ်လို့ ဘယ် သိပါ့မလဲ၊ လိုအပ်တဲ့ Organic matter data တွေရရင် ပြီးပြီလို့ ထင်ထားခဲ့တာ...၊ တကယ်တမ်းမှာတော့ အပို တွေအများကြီး ထပ်လုပ်လိုက်ရပါတယ်။

တကယ့်,တကယ်တမ်းပြောရရင် အခုလို soil study ဆိုတဲ့မြေလွှာအကြောင်း လေ့လာတဲ့ဘာသာရပ်က ကျနော်နဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ပါဘူး၊ ဒီလိုသုတေသနမျိုးက pedology ကလူတွေ လုပ်ရမယ့်ဟာ...။ ဒါပေမယ့် ဒီ soil analysis ကကျနော် စ,ခဲ့တဲ့ အလုပ်ရဲ့ တစိတ်တပိုင်းဖြစ်နေခဲ့တော့ အဆုံးထိ ဆက်လျှောက်ဖို့ ဖြစ်လာခဲ့တော့တာပေါ့။ မနှစ်က ကျနော်တို့ column experiment တစ်ခု စ,ခဲ့ကြတယ်၊ ၆၀ စင်တီမီတာ အမြင့်ရှိတဲ့ စတီးလ် ပိုက်ထဲကို သဲတွေထည့်၊ ဘေးမှာ sample ထုတ်ယူလို့ရအောင် အပေါက် ၄ ခုဖေါက်ထား၊ အဲဒီထဲကိုမှ အနီးမှာရှိတဲ့ ရေကန်ထဲကရေတွေ မပြတ်စီးနေအောင် လုပ်ထားတာပါ၊ ဒီတော့ ရေထဲမှာ သဘာဝအတိုင်း ရှိနေကြတဲ့ ဘက်တီးရီးယားတွေကသဲတွေ ထဲကို ရောက်လာပြီး နေထိုင်ကြရော...၊ ဒီတော့မှ အဲဒီသဲတွေထဲကို pharmaceutical compounds တွေပါတဲ့ ရေကို ဖြတ်သန်း စီးဆင်းခိုင်းတယ်၊ အဲဒီရေက ပေါင်းခံရေပါ၊ အဲဒီပေါင်းခံရေထဲကိုမှ Diclofenac, naproxen, ketoprofen, ibuprofen အစရှိတဲ့ ဆေးတွေကို ထည့်တယ်။ သူတို့ရဲ့ concentration ကိုသေသေချာချာ တိုင်း ယူထားရပါတယ်၊ ဒီ molecules တွေက သာမန် အိမ်သုံးဆေး၊ အကိုက်အခဲပျောက်ဆေး အစ,ရှိတဲ့ ဆေးတိုင်း လိုလိုမှာ ပါလေ့ရှိတယ်၊ လူတွေစွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေက တဆင့် ဒီဆေးတွေက သဘာဝမြစ်၊ ချောင်းတွေထဲမှာ တနေ့တခြား များများလာတဲ့ အတွက်သူတို့ကို ဖယ်ရှားဖို့ရည်ရွယ်ပြီး လုပ်တဲ့သုတေသန ဖြစ်ပါတယ်။

ဆိုတော့ ၆ လကြာတဲ့ ဒီ experiment အပြီးမှာ data တွေအများကြီး ရလိုက်တယ်၊ ကျနော်တို့ ထည့်လိုက်တဲ့ ဆေးတချို့က အဝင်နဲ့အထွက် concentration မတူကြဘူး။ အဓိပ္ပါယ်က ဒီပိုက်ထဲကို ဖြတ်စီးနေတုန်းမှာ သဲထဲ မှာ removal ဖြစ်တယ်ပေါ့၊ ဒါပေမယ့် တချို့ molecules တွေကျတော့ ဒီအတိုင်း ပြန်ထွက်လာတယ်၊ သဲထဲမှာ ဘယ်လို ပြောင်းလဲမှုမှ မဖြစ်ဘူး၊ ဘာ့ကြောင့်ဒီလို မတူညီတဲ့ adsorption တွေဖြစ်ရတာလဲ? ဒါနဲ့ သဲထဲမှာ ရှိတဲ့ organic matter အရေအတွက်၊ သဲပွင့်တွေရဲ့ size နဲ့ surface area ကိုတဖန် လေ့လာဖို့ ဖြစ်လာပြန်ပါတယ်။

Organic matter ကိုသိအောင် လုပ်ရတာက သိပ်မခက်ပါဘူး၊ လုပ်ရိုးလုပ်စဉ် method က Loss on Ignition method ဖြစ်ပါတယ်၊ ပထမ သဲပွင့်တွေကို ၁၀၅ ဒီဂရီ စင်တီဂရိတ်မှာ အခြောက်ခံ၊ mass ကိုချိန်တွယ်ထား၊ ပြီး တော့ ၅၅၀ ဒီဂရီစင်တီဂရိတ်မှာ ၁၆ နာရီကြာ အပူပေးပြီး mass ကို တခါပြန်ချိန်၊ ပြီးတော့မှ သူတို့ရဲ့ mass difference ကိုတွက်ယူတဲ့ နည်းဖြစ်ပါတယ်။

အဲဒီမှာ အဖြေထွက်လာတော့ organic matter သိပ်နည်းနေတာကို တွေ့ရတယ်၊ ၁% တောင်မရှိဘူး၊ ထင်ထား တဲ့အတိုင်းပါပဲ၊ ဒါနဲ့ တခါဆက်ပြီး သဲပွင့်တွေရဲ့ အရွယ်အစားနဲ့ သူတို့ရဲ့ မျက်နှာပြင်ဧရိယာကို analyze လုပ်ရ ပြန်ပါတယ်။ ဒီလို analysis တွေက ကျနော်ပြောခဲ့သလို pedologist တွေလုပ်လေ့ရှိတဲ့ သုတေသနပါ၊ ဒါပေ မယ့် ရလာမယ့်အဖြေက စိတ်ဝင်စားဖို့ ကောင်းနေတာကတကြောင်း၊ တခါမှ မလုပ်ဖူးတဲ့ analysis ဖြစ်နေတာမို့ လုပ်ကြည့်ချင်တာက တကြောင်းကြောင့် ကျနော်လုပ်ဖြစ်သွားပါတယ်၊ (အမှန်တော့ စိတ်မဝင်စားလည်း လုပ်ရ မှာပါပဲ၊ ကျနော့်ကို တာဝန်ပေးထားတာကိုး)။

သဲပွင့်တွေရဲ့ size ကိုတော့ particle size analyzer ဆိုတဲ့ စက်နဲ့တိုင်းတာပါတယ်၊ ဒီစက်က သဲပွင့် အရွယ် အစား ၄၀ နာနိုမီတာကနေ ၂ မီလီမီတာအထိ တိုင်းတာနိုင်တယ်၊ (1 m = 1 000 mm = 1 000 000 um = 1 000 000 000 nm)၊ ဒီ စက်ရဲ့ တိုင်းတာပုံက sample သဲပွင့်တွေပေါ်ကို polarized light beam၊ ဒါမှမဟုတ် laser light beam ထိုးပြီး ဖြာထွက်လာတဲ့ ပြန်လင်းတန်းတွေကို စုစည်းတွက်ယူတဲ့ နည်းဖြစ်ပါတယ်၊ ဒီလိုနည်း နဲ့ သူဟာ sample တစ်ခုထဲမှာပါတဲ့ ကွဲပြားတဲ့ အရွယ်အစားအားလုံးကို ပြောနိုင်တယ်။ analytical time က လည်း အတော် မြန်ပါတယ်။

မျက်နှာပြင်ဧရိယာကိုတော့ surface area analyzer ဆိုတဲ့ စက်နဲ့တိုင်းတာပါတယ်၊ အဲဒီစက်ပေါ့ ကျနော့်ရဲ့အ ချိန်တွေကို အများကြီးဖဲ့ယူသွားခဲ့တာ၊ ဒီစက်က တိုင်းတာရာမှာ တိကျပေမယ့် အင်မတန်ကြာတယ်၊ sample တွေထဲမှာ ခိုအောင်းနေနိုင်တဲ့ ရေ molecule တွေကို အခြောက်ခံဖို့အတွက် ၂ နာရီကြာ အပူပေးရတယ်၊ ပြီး တော့တခါ တိုင်းတာချိန်ကလည်း အနည်းဆုံး ၁ နာရီကြာတယ်၊ အဆိုးဆုံးကတော့ သူကတကြိမ်ကို sample ၄ ခုထက်ပိုပြီး မလုပ်နိုင်တာပါပဲ၊ ကျနော့်မှာက sample အခု ၃၀ တောင်ရှိတော့ ကြာပြီပေါ့ဗျာ။ ဒီစက်ရဲ့ concept ကတော့ နိုက်ထရိုဂျင် (nitrogen)ပါပဲ၊ သဲပွင့်တွေကို ဖန်ပြွန်ရှည်ထဲကိုထည့်၊ အဲဒီပြွန်ထဲကို နိုက်ထရိုဂျင်ဓါတ် ငွေ့လွှတ်ပြီး တိုင်းတာ,တာပါ၊ sample မပါတဲ့ဖန်ပြွန်ထဲကို နိုက်ထရိုဂျင် ဘယ်လောက် ထည့် လို့ရတယ် ဆိုတာ စက်ကသိပါတယ်၊ ဒီတော့ sample ထည့်ထားလို့ လျော့သွားတဲ့ နိုက်ထရိုဂျင်ပမာဏဟာ sample ရဲ့ပမာဏပါပဲ၊ ပြီးတော့ နိုက်ထရိုဂျင် molecule တစ်ခုဟာ 1.62 nm2 ရှိတဲ့ ဧရိယာကို ဖုံးအုပ်နိုင် တယ်၊ ဒီတော့ ပြွန်ထဲမှာ ရှိ တဲ့ molecule အရေအတွက်ကိုသိရင် သူ့ရဲ့ မျက်နှာပြင်ဧရိယာကို သိမယ်၊ အဲဒါ ဟာ sample ရဲ့ မျက်နှာပြင်ဧရိယာပါပဲ။

အခုတော့ လုပ်ရမယ့် measurement တွေအားလုံးလည်း ပြီးပြီ၊ အဖြေတွေကို စစ်ပြီးရင် graph တွေဆွဲရမယ်၊ ပြီးရင်တော့ ကျနော့်ရဲ့ အရာရှိနဲ့ ဆွေးနွေးရမှာပေါ့၊ ဒီကမှတဆင့် နောက်ထပ်လုပ်ရမယ့် experiment အသစ် တခုကို ဆက်သွားနိုင်မှာ ဖြစ်ပါတယ်၊ လောလောဆယ်တော့ လူကနဲနဲ ပင်ပန်းသွားလို့ ရှေ့တပတ်မှာ ခွင့်ယူ ထားလိုက်တယ်...အဟဲ၊ အဲဒီခွင့်ကလည်း ၂၀၀၇ ကကျန်တဲ့ နောက်ဆုံးလက်ကျန် ခွင့်တစ်ပတ်ပါပဲ၊ ဧပြီလ ကုန်အထိမှ မယူရင် အဲဒီခွင့်ဆုံးမှာမို့ ကိုယ့်ခွဲတမ်းတော့ အထိအခိုက်မခံဘဲ ယူလိုက်ရတယ်ပေါ့လေ၊ ဒီတစ်ပတ် မှာတော့ အထိုက်အလျောက် နားခွင့်ရမယ်လို့ မျှော်လင့်တာပါပဲ...။ ။


ညီလင်းသစ်
၂၈ မတ်၊ ၂၀၀၈

18 March 2008

နှင်းတောင်တွေပေါ်မှာ (၂)

သူ့ရှေ့မှမြေသားသည် မျက်စိတဆုံး ဖွေး ဖွေး ဖြူလျက်ရှိသည်။ တနွေလုံး စိမ်းလန်း ခဲ့ ကြ သော သစ်ပင်တို့သည် ယခုတော့ နှင်း ပွင့် တို့ ဖြင့် ဆွတ်ဆွတ်ဖြူလျက် မလှုပ် မ ယှက် အေး ခဲ စွာ ရပ်နေကြသည်။ ဘေး ဖက် ကိုကြည့် လိုက်တော့ မြင့်မား သော တောင် တန်း တွေကို မြင်ရသည်။ သူတို့ သည် လည်း အဖြူ...၊ မြင်နေကျ ကျောက် ဆောင် ကျောက် ခဲ မြေသားတို့၏ အရောင် မဟုတ် ဘဲ နှင်းတို့ဖြင့် ဖြူဖွေးနေ သော ကြောင့် တောင်တန်းများသည် ပင် မာ ကျော ခြင်း အဆင်းကင်းလျက် နူးညံ့နေ သ ယောင် ထင်ရသည်။ ကောင်းကင်ပြာ အောက်မှာ အဖြူရောင် ပိုးသားဝတ်စုံသစ်တို့ဖြင့် လတ် ဆတ်နေသော တောင်တန်းများ၊ ပတ်ဝန်းကျင်သည် ကြည့်လေရာရာမှာ ပကတိ အဖြူ...။

သူ ရှေ့ဆက်လှမ်းရန် ပြင်လိုက်စဉ် ခပ်လှမ်းလှမ်း၌ ငှက်ကလေးနှစ်ကောင် ပျံဝဲနေသည်ကို တွေ့လိုက်ရသဖြင့် ဆက်မသွားသေးဘဲ စောင့်ကြည့်နေမိသည်၊ သူ ရပ်နေရာ နေရာမှ အတော်လှမ်းသဖြင့် ဘာငှက်မှန်း သဲကွဲစွာ မမြင်ရပေ၊ နေစမ်းပါဦး...သေချာမြင်ရတော့ရော သူကဘယ်လောက်သိနိုင်လို့လဲ၊ သူ့အဖြစ်ကို သူပြုံးမိသွား သည်၊ ငှက်တွေအကြောင်း သူသိပ်မသိပါ၊ သို့သော် သူတို့အတွက် သူပူပန်စွာ တွေးနေမိပြန်သည်၊ နေရာ တိုင်း နှင်းဖုံးနေတဲ့ မြေပြင်ပေါ်မှာ ပိုးကောင်လေးတွေ သူတို့တွေ့နိုင်ပါ့မလား၊ အင်းလေ...တွင်းထဲမှာ အကြာကြီး မနေချင်တဲ့ ပိုးကောင် တစ်ကောင်တလေများ ထွက်လာရင် ထွက်လာမှာပေါ့၊ ဒီနေရာထက် အများကြီး ပိုအေး တဲ့ မြောက်ဝင်ရိုးစွန်းလို နေရာမှာတောင် ပိုလာဝက်ဝံတွေ ရအောင်အစာရှာနိုင်သေးတာပဲ၊ တွေးမိပြီးမှ သူ့ဟာ သူရယ်ချင်သွားပြန်သည်၊ ဘာဆိုင်လို့လဲ..၊ ဒီနေရာက မြောက်ဝင်ရိုးစွန်းလောက် မအေးပေမယ့် ဒီငှက်လေး တွေကတော့ ပိုလာဝက်ဝံတွေလောက် အဆာခံနိုင်မည် မထင်ပါ၊ သူတို့တွေ အစာမြန်မြန် တွေ့ပါစေလို့ သူဆု တောင်းမိသည်။

အဲ့လ်ပ်စ်(Alps) တောင်တန်းများ၏ တောင်ကြောတစ်ခုပေါ်တွင် သူရောက်နေခြင်းဖြစ်သည်။ သူလမ်းလျှောက် နေခဲ့သည်မှာ စ,ထွက်လာသည့် အချိန်မှတွက်လျှင် အနည်းဆုံး ၄၅ မိနစ်ခန့်တော့ ရှိပြီ။ ဒါပေမယ့် နှင်းတောထဲ မှာဆိုတော့ ခရီးက လျှောက်သလောက် မတွင်၊ ဖြူလွလွ နှင်းထုပေါ်မှာ လမ်းလျှောက်နိုင်ဖို့ နှင်းတောစီးဖိနပ် တမျိုးကို စီးထားရသည်။ ဖိနပ်ဆိုသော်လည်း တကယ်တော့ ပလပ်စ
တစ်ပြား ခပ်ကြီးကြီးတစ်ခု သာဖြစ်သည်။ ထိုပလပ်စတစ်ပြား ပေါ်မှာမှ လမ်းလျှောက်ဖိနပ်ကို ကလစ်ဖြင့် ညှပ်ကာစီးရခြင်း ဖြစ်သည်။ ထိုမှသာ ခြေလှမ်း လိုက်သောအခါ လူကနှင်းထုပေါ်မှာ ရှိနေလိမ့်မည်။ မဟုတ်လို့ကတော့ တခါလှမ်းလိုက်၊ နှင်းထုထဲ ကျွံဝင်သွား သောခြေထောက်ကို ဆွဲထုတ်လိုက်၊ နောက်တစ်လှမ်းလှမ်းလိုက်၊ တခါဆွဲထုတ်လိုက်နှင့် ဘယ်တော့မှ ရှေ့ရောက်တော့မည် မဟုတ်ချေ။


ခန္ဓာကိုယ်တခုလုံးကတော့ ထူထဲသော အနွေးထည်တို့အောက်မှာ ချွေးတစို့စို့ဖြင့်..၊ နှင်းထုထဲမှာပေမယ့် အတန် ငယ်အိုက်နေသည့် အဖြစ်ကို သူ အံ့သြနေမိသည်။ တကယ်တော့ ခွန်အားစိုက်ထုတ်ရသည့် အလုပ်ဘာတစ်ခုမှ သူ မလုပ်ခဲ့၊ နှင်းတောစီး ဖိနပ်ဖြင့် သူ အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့သည်။ သို့သော် သူကသာ သတိ မပြုမိပေမယ့် ခြေတစ်လှမ်းလှမ်းတိုင်း ခြေထောက်မှ ပလပ်စတစ်ဖိနပ်ကြီးက တရွတ်ဆွဲပါနေတော့ သာမန် မြေပြင်ပေါ်မှာထက် ပိုအားစိုက်ရတာတော့ အမှန်။ ပြီးတော့ နှင်းထူထပ် သည့်နေရာမှာဆိုလျှင် ပလပ်စတစ် ဖိနပ်ပြား စီးထားသည့်တိုင် ခြေထောက်တွေက နှင်းထဲသို့ ကျွံချင်ချင်...။

လမ်းလျှောက်နေရင်းမှ သူငယ်စဉ်က သင်ခဲ့ဖူးသော အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ထွတ်တစ်ခု အကြောင်း တွေးနေမိသည်။ သူငယ်စဉ်ကတည်းက နှစ်ပေါင်းတော်တော်ကြာကြာအထိ မည်သူမျှ မတက် ရောက်ဖူးသော Virgin Peak အဖြစ် ခမ်းနား ကြီးကျယ်သော တောင်၊ ခါကာဘိုရာဇီ တဲ့။ နာမည်လှသလောက် ဝေးလံခေါင်ဖျားသော အရပ်မှာ လျှို့ဝှက်သိပ်သည်းစွာ တည်ရှိနေသည့်တောင်။ တစ်နှစ်ပတ်လုံး နှင်းဖွေးဖွေးတို့ ဖြင့်အေးခဲ ကြမ်းတမ်းကာ တောင်တက်သမားများစွာတို့ လက်လျှော့ခဲ့ရသောတောင်။ ကလေးပီပီ ထိုနှင်းဖုံး တောင်တန်းကြီး အကြောင်းကို ကြိမ်ဖန်များစွာ သူ စိတ်ကူးယဉ်ကြည့်ဖူးသည်။ ၅၈၈၁ မီတာမြင့်သောထိုတောင် ခြေမှာ သူက မောင်နှမတွေနှင့်အတူ ပြေးလွှားဆော့ကစားလို့...၊ တစ်ယောက်နှင့် တစ်ယောက် နှင်းဆုပ်တွေ ဖြင့်ပစ်ပေါက်၊ မောသွားတော့ နှင်းတွေဖြင့် နှင်းအရုပ်တွေလုပ်၊ တောင်ကုန်းဆင်ခြေလျှောတွေမှာ ပျဉ်ချပ်တွေ ဖြင့် နှင်းလျှောစီး...။ သူ၏ကလေးဘဝ အိပ်မက်များသည် ခါကာဘိုရာဇီ၏ နှင်းမှုန်တို့ဖြင့် လိမ်းကျံစိုလူးကာ အေးမြဖွေးဖြူ နေခဲ့သည်။

တကယ်တော့ သူကသာ စိတ်ဝင်စားနေပေမယ့် ခါကာဘိုရာဇီကို ဓါတ်ပုံပင်မမြင်ဖူးချေ။ ကျောင်းသုံးစာအုပ်ထဲမှ ခါကာဘိုရာဇီကတော့ တည်နေရာ၊ အမြင့်စသော အချက်အလက်သက်သက်ဖြင့်သာ စက္ကူပေါ်မှာ ပြားချပ်ချပ်။ ပထဝီဝင်ဖတ်စာအုပ်ထဲမှ ပုံပင်မမြင်ဖူးသော အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ထွတ်အကြောင်း သူသိချင် နေမိခဲ့သည်။ ဘာ့ကြောင့်လူတွေ ဒီတောင်ပေါ်ကို မတက်နိုင်တာလဲ၊ ကမ္ဘာပေါ်က ဒီထက်မြင့်တဲ့ တောင်တွေ ပေါ်တောင် လူတွေရောက်နေကြတာပဲ၊ သူ့ရဲ့ထူးခြားချက်က ဘာလဲ၊ သို့နှင့် တနေ့မှာတော့ သူ့ကို ခါကာဘိုရာဇီ အကြောင်း အနည်းငယ်ပြောပြ နိုင်မည့်သူနှင့် ဆုံခဲ့ရသည်။ သူက အဖေ့မိတ်ဆွေ ရဝမ်လူမျိုး သင်းအုပ်ဆရာ ကြီး...။ ပူတာအိုမှ အတော်လှမ်းသော မထင်မရှား ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့သူ ရဝမ် သင်းအုပ်ဆရာကြီးက စကားခပ်ဝဲဝဲဖြင့် သူ့ကိုတတ်နိုင်သလောက် ရှင်းပြခဲ့သည်။ အင်မတန်ခက်ခဲ ကြမ်းတမ်းသော ခရီးလမ်းက ခါကာဘိုရာဇီကို ချဉ်းကပ်နိုင်ဖို့အတွက် တားဆီးထားလျှက်ရှိသည်။ သူတို့လို ရဝမ်ဒေသခံတွေပင် အလွယ် တကူ မရောက်ဖြစ်သော ခရီး၊ ပြီးတော့ ဆိုးရွားလွန်းလှသော ရာသီဥတု၊ ကြိုတင်ခန့်မှန်း၍ မရသော ဆီးနှင်း မုန်တိုင်းများ၊ အဆိုးဆုံးကတော့ ဘယ်လိုမှ ကြိုတင်တွက်ဆ၍ မရနိုင်သည့် ကူးရန်ခက်ခဲလှသော ရေခဲမြစ် ကြီးများ...။ ခါကာဘိုရာဇီသည် ဂုမ္ဘာန်တစ်ထောင်စောင့်သည့် နတ်ပန်းတစ်ပွင့် လေလား...။

ဒါပေမယ့် နောက်ဆုံးမှာတော့ ထိုနတ်ပန်းကို ရအောင်နမ်းရှိုက်နိုင်ခဲ့ ကြသည်။ သူ အမှတ်မမှားဘူးဆိုလျှင် ၁၉၉၆ ခုနှစ်ဝန်းကျင်က ဂျပန်လူမျိုးတောင်တက်သမားနှင့် ဒေသခံရဝမ်လူမျိုးတစ်ဦးတို့ အရှေ့တောင်အာရှ၏ အမြင့်ဆုံး ထိုတောင်ပေါ်သို့ ခြေချနိုင်ခဲ့ ကြသည်။ ဆိုးလွန်းလှသည့် ရာသီဥတုကို အံတုကာ အကြိမ်ပေါင်း များစွာ ဇွဲရှိရှိနှင့် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ ဒါတောင်မှ သူတို့နှစ်ယောက် တောင်ထိပ်မှာ ကြာရှည် မနေ နိုင်ခဲ့ကြ၊ နေ့လည် ၃ နာရီမှာ ရောက်သွားခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်၊ မှတ်တမ်းယူ၊ ဓါတ်ပုံရိုက်၊ နှစ် နိုင်ငံ အလံ များစိုက်၊ ပြီး သည်နှင့် တိုက်ခတ်လာသော နှင်းမုန်တိုင်းကိုလွတ်အောင် ၃ နာရီ ၂၀ မှာ အနီးဆုံး အခြေစိုက် စခန်းသို့ပြန် ဆင်းလာခဲ့ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ခါကာဘိုရာဇီ၏ နှင်းထုလွှာထဲမှာ လူသားခြေရာ တို့ ထင်ကျန် နေခဲ့ဖူးပြီ ဖြစ်သည်။

အခု သူရောက်နေသည့် အမြင့်ကတော့ ခါကာဘိုရာဇီ၏ လေးပုံတစ်ပုံသာသာပဲ ရှိပါသည်။ ဒါပေမယ့် သူက တော့အတော်လေး ဟောဟဲလိုက်နေခဲ့သည်။ ကိုယ်လက်လှုပ်ရှားမှု နည်းတာရော၊ ပင်လယ်ရေမျက်နှာပြင် အမြင့်မှာရောက်နေတာရော စုပေါင်းကာ သူ မောဟိုက်နွမ်းနယ် နေခဲ့သည်။ စ,ထွက်ကာစမှာ လန်းလန်းဆန်း ဆန်းနှင့်ရှိနေခဲ့သလောက် အခုတော့အတော်ပင် ပင်ပန်းလာသည်။ ဒါတောင်မှ ဟိုနားနဲနဲရပ်လိုက်၊ ဒီနားနဲနဲရပ် လိုက်လုပ်နေခဲ့သေးသည်။ လျှောက်ရသည့် မြေပြင်ကအပြန့်မို့လို့ တော်သေးသည်။ ပြီးတော့ ခါကာဘိုရာဇီနှင့် ယှဉ်လျှင် ဘာအန္တရာယ်မှ မရှိပါ။ သူရပ်နေသည့် နှင်းထုအောက်မှာ ရေခဲမြစ်တစ်စင်း ရှိမနေတာ ရာနှုန်းပြည့် သူ သေချာပါသည်။ နှင်းမုန်တိုင်းဆိုတာဝေးလို့ ပြာလဲ့သောကောင်းကင်နှင့် နေရောင်ခြည်ဖွေးဖွေးသာ ရှိသည်။


သူ့ကို အလွန်ဆုံးဒုက္ခပေးနိုင်တာဆိုလို့ မြေခွေးတစ်ကောင်တလေပဲ ရှိမည်။ ဒီနိုင်ငံမှာ မြေခွေးပေါတာတော့ သူ သိသည်။ မြေခွေးကို ကာတွန်းစာအုပ်ထဲမှာသာ နှုတ်သီးရှည်ရှည်နှင့် ကောက်ကျစ်သောသတ္တဝါအဖြစ် သိထား သောသူသည် အပြင်မှာပထမဦးဆုံးအကြိမ် မြင်လိုက်ရသောအခါ ပြေး၍ပွေ့ချီလိုက်ချင်စိတ် ပေါက်သွားခဲ့ သည်။ မြေခွေးသည် သူထင်ထားတာထက် အဆပေါင်းများစွာ သေးငယ်သည်။ ပြီးတော့ စာအုပ်တွေထဲကလို စုတ်ချွန်းချွန်းမဟုတ်...၊ အမွေးပွပွနှင့် အတော်ပင်ချစ်စရာ ကောင်းသည်။ သို့သော် သူကချစ်ချင်သလောက် သူ့ ပတ်ဝန်းကျင်ရှိလူများကမူ မြေခွေးကို ရောဂါပိုးမွှားများ သယ်ဆောင်သူ၊ ညဖက်တွင် အမှိုက်ပုံးများ လာ,လာဖွ သည့် ရွံ့စရာအကောင်တစ်ကောင် အဖြစ်သာ သဘောထားကြသည်။

ဒီကို သူရောက်ခါစက တညမှာ မြို့လယ်ခေါင်မီးပွိုင့်မှာ မီးနီရပ်နေတုန်း မြေခွေးတစ်ကောင် ကားရှေ့မှဖြတ်ပြေး သွားတာ ပထမဦးဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည်။ သူ့ဘေးမှ မိတ်ဆွေက ‘ဟိုမှာ မြေခွေးတစ်ကောင်’ ဟု လက်ညှိုးထိုးလျှက် ပြောသည်။ သူ အတော်အံ့သြသွားသည်။ မြို့ကြီးပြကြီး၏ မီးပွိုင့်မှ ခပ်တည်တည်ဖြင့် ကား လမ်းဖြတ်ကူးသွားသော ထိုသတ္တဝါသည် မြေခွေးတစ်ကောင် ဖြစ်လိမ့်မည်ဟု သူလုံးဝထင်မထားပါ။ မိတ်ဆွေ ကမြေခွေးတွေ ဒီလိုပဲ သောင်းကျန်းတတ်ကြကြောင်း၊ စည်ပင်သာယာက လာသိမ်းမည့်အမှိုက်ကို ညကတည်း ကကြိုထုတ်ထားမိလျှင် ၄င်းတို့အကြိုက် စိတ်ကြိုက်ဖွသွား တတ်ကြကြောင်း၊ ဒီနှစ်ပိုင်းတွေမှာ ပိုလို့ပင်များလာ သေးကြောင်း ပြောပြသည်။ မြေခွေးကို တော သတ္တဝါအဖြစ်သာ သိထားသောသူက တစ်ခွန်းမေးကြည့်မိသည်။

“ ခင်ဗျားတို့ ဒီမြေခွေးတွေကို ဖမ်းပြီးမစားကြဘူးလားဗျ”...။

မိတ်ဆွေက သူ့ဖက်လှည့်ကာ ‘မင်းနှယ်ကွာ...စားစရာ ရှားရန်ကော’ ဟူသည့်အကြည့်ဖြင့် ကြည့်လေသည်။ သူ လည်း အသာငြိမ်နေလိုက်ရသည်။ လူတွေက မြေခွေးကို မစားကြပေမယ့် မြေခွေးတွေကတော့ လူတွေထံမှ စား စရာကို လာရောက်ရှာဖွေ စားလေ့ ရှိသည်။ အင်း...ဒီကောင်တွေဟာ အမြဲလိုလို ဆာလောင်နေတဲ့ ကောင် တွေနဲ့တူပါရဲ့။

အင်း...အခုလည်း အဲဒီလို ဆာလောင်နေတဲ့ မြေခွေးတစ်ကောင်တလေများ ထွက်မလာဘူးလို့ မပြောနိုင်ဘူး။ သူတွေးမိသွားပြီး ဘေးဘီကို ကြည့်မိသည်။ သူဖြတ်နေသည့် နေရာက ထင်းရူးပင်တွေ ခပ်စိပ်စိပ်ပေါက်သည့် တောအုပ်လေးတခု ဖြစ်သည်။ ဒီလို တောအုပ်တွေထဲမှာ မြေခွေးတွေနေလေ့ရှိသည်ဟု သူကြားဖူးသည်။ အခု လို နှင်းထူထပ်ပုံမျိုးနဲ့ မြေခွေးတွေ အစာမှ ရှာလို့ရပါ့မလား၊ ရှာလို့မရရင်တော့ ဒီကောင်တွေ ဗိုက်ဆာနေမှာ ကျိန်း သေတယ်။ ထိုသို့တွေးမိသွားပြီး သူ့အနီးပတ်ဝန်းကျင်မှ မြေပြင်ကို ကြည့်မိသည်။ လတ်လတ်ဆတ်ဆတ် ကျထားသော နှင်းပြင်ပေါ်မှာ မြေခွေးခြေရာ သူမတွေ့မိပါ။ ထိုအခိုက် လေကသုတ်ကနဲ တိုက်လိုက်သည်။ ထင်းရူးတောကို ဖြတ်တိုက်လာသောလေက ချွေးစို့နေသော သူ့မျက်နှာပေါ်ကို အေးကနဲပက်ဖြန်းသွားသည်။ သူ နဲနဲတော့ အမောပြေသွားသည်။ ခြေလှမ်းကို ရပ်လျှက်နားစွင့်ကြည့်တော့ မြေခွေးခြေသံနှင့် ဆင်ဆင်တူတာ ဘာသံမှမကြားရ၊ လေတိုးသံ သဲ့သဲ့မှအပ ပတ်ဝန်းကျင်သည် ပကတိ သက်ငြိမ်...။

နောက်ပြန်လှည့်ကြည့်တော့ ဖြတ်သန်းလာခဲ့သည့် နှင်းပြင်ပေါ်မှာ သူ့ခြေရာများ၊ တော်တော်ဝေးဝေးအထိ မြင် နေရသည်။ နှင်းမှုန်ဖွေးဖွေးတို့က နံနက်ခင်း၏ နေရောင်ခြည်အောက်မှာ တဖိတ်ဖတ်တောက်ပလျှက်၊ သူ အ သက်ပြင်းပြင်း တချက်ရှုလျှက် ရှေ့ဆက်လျှောက်လာခဲ့သည်။ အင်း...အခုနေ ဆာလောင်နေတဲ့ မြေခွေးတစ် ကောင်နဲ့တွေ့ရင် ဘာလုပ်ရမလဲ ဟုစဉ်းစားကြည့်သည်။ သူမသိပါ။ ထွက်ပြေးရမလား၊ အင်း...မြေခွေးလိုက်လို့ ထွက်ပြေးရတဲ့ အဖြစ်ကတော့ လူကြားကောင်းမှာ မဟုတ်တာ သေချာသည်။ နေပါဦး၊ မြေခွေးတွေဟာ ဘယ် လောက်ပဲဆာဆာ လူကိုတော့ အမြဲရှောင်လေ့ရှိတယ်ဟု သူကြားဖူးသည်။ ဘယ်သူပြောသွားတာပါလိမ့်။ ပြော တဲ့လူဟာ သတ္တဗေဒ ပညာရှင်တစ်ယောက်လား၊ ဒါမှမဟုတ် မုဆိုးတစ်ယောက်လား၊ ဒါမှမဟုတ် သူ့လိုပဲ ထင်းရူးတောထဲ ဖြတ်လျှောက်ရင်း ကိုယ့်ကိုယ်ကို အားပေးစကားပြောဖူးတဲ့ သာမန်လူတစ်ယောက်လား။



ဘယ်လိုပဲဖြစ်ဖြစ် သူကြောက်မနေပါ။ အိမ်မွေးခွေးထက်ပင် သေးငယ်သော အမွေးစုတ်ဖွားနှင့် တိရိစ္ဆာန်တစ် ကောင်ကို သူမကြောက်ပါ၊ ပြီးတော့ မြေခွေးတွေဟာ များသောအားဖြင့် တစ်ကောင်တည်း အစာရှာထွက်လေ့ ရှိသည်။ ရင်ဆိုင်ခဲ့ရရင်တောင် အုပ်စုလိုက် ရှေ့နောက်ဝဲယာမှ ဝိုင်းဝန်းကိုက်ဆွဲတတ်သော ခွေးအ,များလောက် ကြောက်စရာမကောင်းတာ အမှန်ပင်ဖြစ်သည်။ ဒီနိုင်ငံမှာ ခွေးအ,တွေ မရှိသည့်အတွက် သူ အတော်လေး စိတ် သက်သာရာ ရသွားသည်။

တကယ်တမ်းမှာတော့ လောလောဆယ် အလွန်အမင်း ဆာလောင်နေသူမှာ သူဖြစ်သည်။ မနက်က စားလာခဲ့ သောပေါင်မုန့်မီးကင် နှစ်ချပ်နှင့် ကော်ဖီတစ်ခွက်က ဘယ်ဆီနေမှန်းပင် မသိတော့...၊ ကျောပိုးအိတ်ထဲမှာက ရေငတ်ပြေသောက်ရအောင် ထည့်လာသည့် ရေနွေးဓါတ်ဗူးတစ်ခုပဲ ပါသည်။ သူတကယ့်ကိုဆာနေသည်။ အခု နေသာ မြေခွေးတစ်ကောင်နှင့် တွေ့ရလျှင် ထွက်ပြေးရမည့်သူမှာ မြေခွေးပင် ဖြစ်သွားနိုင်သည်။ လူသည် ဆာ လောင်မွတ်သိပ်လာသောအခါ စားလို့ရတာ အကုန်စားမည့် သတ္တဝါဖြစ်သည်။ ၁၉၇၂၊ အောက်တိုဘာ ၁၃ ရက် က လေယာဉ်ပျက်ကျခဲ့သော အဖြစ်အပျက်သည် သူ့ခေါင်းထဲ ရောက်လာသည်။

ထိုရက်က ဥရုဂွေးနိုင်ငံမှ ချီလီနိုင်ငံ သို့ပျံသန်းလာသော လေယာဉ်တစ်စင်းသည် အင်းဒီးစ်တောင်တန်းများ ပေါ်မှာ ပျက်ကျသွားခဲ့သည်။ လေယာဉ်က စင်းလုံးငှားလေယာဉ်၊ လိုက်ပါလာသည့် ရပ်ဂ်ဘီကစားသမား ၄၅ ယောက် မှာ ၁၆ ယောက်က ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သည်။ ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးစားရှာ ဖွေသော်လည်း ဘယ်လိုမှ မတွေ့တော့သည့်အဆုံး လက်လျှော့လိုက်ကြသည်။ လေယာဉ်ပျက်ကျ ခဲ့သည့် နေရာက မီတာ ၄၀၀၀ အမြင့်၊ ညဖက် ဆိုလျှင်အပူချိန်က သုညအောက် ၃၀ ဒီဂရီစင်တီဂရိတ်၊ နှင်းမုန် တိုင်းတွေက မကြာခဏတိုက်ခတ် သည့်နေရာ..။ ဆိုးရွားလှသော ရာသီဥတုနှင့် ထူထပ်သိပ်သည်း လှသော နှင်းတောင်တန်းတွေကြားမှာ သူတို့တွေ ပိတ်မိနေကြသည်။ ဒီလိုနဲ့ ရက်တွေကြာလာတော့ စားစရာကမရှိတော့၊ ရပ်ဂ်ဘီကစားသမား ၁၆ ယောက်ခမျာ လေယာဉ် ပျက်ကျလို့မသေဘဲ အစာငတ်လို့ သေရမည့်ကိန်းဆိုက်လာ သည်။ အားလုံးကလည်း အားအင်တွေ ချိနဲ့ ဆုတ်ယုတ်ကုန်ပြီ။ နောက်ဆုံးမှာတော့ ဆက်လက် အသက်ရှင်ရပ် တည်ရေးအတွက် တခုတည်း သောနည်းလမ်းကို ရွေးလိုက်ကြရသည်။ သေဆုံးသွားကြသော ကစားဖော် တို့၏ အသားများကို စားသောက်ဖို့ပင် ဖြစ်သည်။ နှင်းတောင်ပေါ်မှာဆိုတော့ အလောင်းတွေက မပုပ်မသိုး ဒီအတိုင်း ရှိနေကြသည်။ ထိုအလောင်းမှ အသားတွေကို သူတို့စားသောက်ခဲ့ ကြရသည်။

ထိုသို့စားသောက်ရင်းမှ အားအင်အနည်းငယ် ပြည့်လာသည့်အခါ သူတို့ထဲမှ နှစ်ယောက်က ချီလီပိုင်နက်ထဲမှ အနီးဆုံးရွာကို ရောက်အောင်သွားကာ အကူအညီတောင်းခဲ့နိုင်သည်။ ထိုမှတဆင့် ၇၂ ရက်ကြာ ပိတ်မိနေသည့် သူတို့ ၁၆ ယောက်စလုံးကို ကယ်တင်နိုင်ခဲ့ကြသည်။ သတင်းစာ ရှင်းလင်းပွဲမှာ သူတို့လူသားစားခဲ့ ရသည့် အ ဖြစ်ကို ပြန်ပြောပြသည့်အခါ တကမ္ဘာလုံးက ထိတ်လန့် တုန်လှုပ်သွားကြသည်။ ထိုဖြစ်ရပ်အပေါ် အမြင်ဝိဝါဒ အ မျိုးမျိုးကွဲခဲ့ကြသည်။ စာနာ သူတွေရှိသလို စက်ဆုပ်ရွံရှာသူတွေလည်း ရှိခဲ့သည်။ မည်သို့ဆိုစေ အခြေအနေ တ ခု အောက်မှာစားခဲ့ရသည့်တိုင် သူတို့လွယ်လွယ်ကူကူ မျိုကျခဲ့သည် မဟုတ်မှန်းတော့ သူနားလည်နိုင်ပါ သည်။

လောလောဆယ် သူ့အခြေအနေက ထိုမျှမဆိုးသော်လည်း မြေခွေးတစ်ကောင်ကို သတ်စားချင်လောက်အောင် တော့ သူဆာလောင်နေပါသည်။ သို့သော် သူကြည့်ထားခဲ့သော မြေပုံအရ မကြာခင်မှာ စားသောက်ဆိုင်လေး တစ်ဆိုင်ကို ရောက်ရမည် ဖြစ်သည်။ အစီအစဉ်က ထိုဆိုင်မှာ နေ့လည်စာစား၊ ပြီးတော့ လာလမ်းအတိုင်း လမ်း လျှောက်ပြန်လာ..။ ဒါပေမယ့် အခုထိမရောက်နိုင်သေး...၊ ဘာဖြစ်သလဲ? လမ်းများလွဲသလား? မဖြစ်နိုင်ပါ၊ လမ်းလွဲရအောင် သွားစရာက ဒီတစ်လမ်းပဲရှိသည်။ နေ့လည်စာ စားချိန်လည်းကျော်ခဲ့ပြီမို့ လူလည်း မောပန်း နွမ်းဟိုက်နေခဲ့ပြီ။ သူ ဘာလုပ်ရမလဲ၊ ရှေ့ဆက်သွားရမလား၊ နောက်ပြန်လှည့်ရမလား၊ ဒီအထိ လျှောက်လာ ပြီးမှတော့ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်ပါ။ သို့နှင့် အားတင်းကာ သူဆက်လျှောက်လာခဲ့သည်။


နှင်းတောင်ကုန်းလေး တစ်ခုအလွန်မှာတော့ သူရှာနေသော စားသောက်ဆိုင်လေးကို တွေ့လိုက်ရတော့သည်။ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း...။ အမှန်တော့ သူလမ်းမမှားပါ၊ သူလမ်းလျှောက်ချိန်က တွက်ထားသလောက် မမြန်၍သာ သူခန့်မှန်းသည့်အချိန်တွင် ဆိုင်လေးကို မတွေ့ရခြင်း ဖြစ်သည်။ အခုတော့ လူက ပြန်အားတက် လာပြီး ခြေလှမ်းတွေပင် သွက်လာခဲ့သည်။ နှင်းတောင်တန်းတွေ၏ အလယ်မှာ ခေါင်မိုးပေါ် နှင်းတွေပုံနေသော စားသောက်ဆိုင်အိမ်ကလေးက အအေးဒဏ်ကို ကြံ့ကြံ့ခံရပ်လျက်..။ အေးမြသောနှင်း ပွင့်တို့၏ အလယ်မှာ ပေမယ့် နွေးထွေးပျူငှာစွာ ဖိတ်ခေါ် နေသယောင်၊ သူသိထားသလောက် ဒီဆိုင်ပိုင်ရှင်တွေက ဆောင်းတွင်းမှာပဲ ဆိုင်လာဖွင့်ကာ နွေရာသီမှာတော့ မြို့မှာနေကြသည်တဲ့။ သူတို့ စီးပွားဖြစ်မဖြစ် တော့မသိ၊ ဒီတောင်ကြော တဝိုက်မှာတော့ ဒါကတစ်ခုတည်းသော စားသောက်ဆိုင်လေးပဲ ဖြစ်သည်။

သူ အထဲဝင်လိုက်တော့ မီးလင်းဖို၏ အနွေးဓါတ်ဖြင့် ဆိုင်ကလေးက နွေးထွေးနေခဲ့သည်။ ဆိုင်ထဲမှာ လူများများ စားစား ရှိမနေပါ။ စားပွဲဝိုင်း နှစ်ဝိုင်းပဲ တွေ့ရသည်။ ကလေးတွေနှင့်ဆိုတော့ မိသားစုတွေနဲ့ တူပါရဲ့၊ အားလုံးက သူ့လိုပဲ လမ်းလျှောက်ကြသူများ...။ လွတ်နေ သည့် စားပွဲတစ်ခုမှာ ဝင်ထိုင်ကာ ခန္ဓာကိုယ်ပေါ် ဖိစီးလေးလံ နေသည့် အနွေးထည်တွေကို တထပ်ပြီးတထပ် ချွတ်ပစ်လိုက်သည်။ လူက လွတ်လပ်ပေါ့ပါးသွားကာ ဆိုင်က လေး၏ ဖော်ရွေသော အခင်းအကျင်းမှာ ချက်ချင်း ပင်နေသားတကျ ဖြစ်သွားခဲ့သည်။ ဆိုင်ရှင်၏ သမီးဖြစ်ဟန် တူသူ ကောင်မလေးက ဘာမှာမလဲဟု လာမေးသည်။ သူ့အနေနှင့် စားသောက်စာရင်း ကြည့်ရန်ပင် မလိုပါ၊ ဒီ ဆိုင်က ကြက်သားစွပ်ပြုတ် နာမည်ကြီးတာ သူသိသည်။ အပြန်လမ်းအတွက် ခွန်အားတွေကို ထိုကြက်သားစွပ် ပြုတ်ပူပူလေးဖြင့် ဖြည့်တင်းရမည်။ ပြီးတော့ စိတ်စောရတာတွေရော၊ မောပန်းတာတွေပါ စုပေါင်းကာ လူက တော်တော် ရေငတ်နေခဲ့သည်။ ဒါအတွက်လည်း သူစဉ်းစားထားပြီး ဖြစ်ပါသည်။ အစားအသောက်အော်ဒါ မှတ် ဖို့စောင့်နေသော ကောင်မလေးကို ပြုံးပြလိုက်ကာ သူပြောလိုက်သည်။

“ ကျနော့်ကို ကြက်သားစွပ်ပြုတ်တစ်ခွက်နဲ့ ဟန်နီကဲင်တစ်ပုလင်း ပေးပါခင်ဗျာ ”... ... ...။


ညီလင်းသစ်
၁၈ မတ်၊ ၂၀၀၈

12 March 2008

Carbamazepine


ကာဘာမာဇေပီးန် (carbamazepine) ဆိုတာ ဝက်ရူးပြန်ရောဂါနဲ့ စိတ်ငြိမ်ဆေးတွေအတွက် ထုတ်တဲ့ဆေး တွေမှာပါတဲ့ မော်လီကျူး (molecule)ရဲ့ နာမည်ပါ။ ဈေးကွက်ထဲမှာတော့ Tegretol, Biston, Epitol အစရှိတဲ့ နာမည်တွေနဲ့ တွေ့ရပါတယ်။ ဒီဆေးကို မကြာသေးခင်ကပဲ schizophrenia လို့ခေါ်တဲ့ စိတ်ကစင့်ကလျား ဖြစ်မှု အတွက်ထုတ်တဲ့ ဆေးတွေမှာ စတင်ထည့်သွင်း အသုံးပြုခဲ့သလို bipolar disorder အတွက်လည်း အသုံးပြု ကြပါတယ်၊ Bipolar disorder ဆိုတာ စိတ်အတက်အကျပုံမှန် မဟုတ်တဲ့ ရောဂါတမျိုးလို့ ဘာသာပြန်ရမယ် ထင်တယ်။ Carbamazepine ရဲ့ mood-stabilizing property တွေကြောင့် ဒီဆေးတွေမှာ အသုံးတည့်ပါ တယ်။ ဟိုတလောကမှ ကျနော်သိရတာက carbamazepine ကို အရက်ဖြတ်ရာမှာလည်း တခြားဆေးတွေနဲ့ အတူ ရောပြီးအသုံးပြုတတ်တယ်တဲ့။

ပြောရရင်တော့ ဒီ carbamazepine က neuro system အတွက်အတော်လေးကို အရေးပါတဲ့ molecule ပါပဲ။ ဒါပေမယ့် အဲဒီ carbamazepine ကပဲ သဘာဝပတ်ဝန်းကျင်အတွက် အနှောင့်အယှက်ပေးတယ်။ ဈေးကွက်မှာ ရှိတဲ့ ဆေးတမျိုးမျိုးကို သုံးလိုက်ပြီးတဲ့အခါ အဲဒီဆေးတွေမှာပါတဲ့ carbamazepine က လူကနေ စွန့်ထုတ်တဲ့ အညစ်အကြေးတွေကနေ တဆင့် ရေထဲကိုရောက်သွားတယ်။ ရေဆိုရာမှာ ရေဆိုးရေပုပ်၊ ချောင်းရေ၊ မြေ အောက်ရေ အားလုံးပါဝင်ပါတယ်။ ဒီလိုနဲ့ ရေထဲမှာ အဲဒီ molecule တွေဖြည်းဖြည်းနဲ့ များလာရော...။ ခက်တာ ကဒီ carbamazepine က biodegradable လို့ခေါ်တဲ့ သူ့အလိုလို ပျက်စီးပျောက်ကွယ်လေ့ မရှိတာပဲ။

ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ သုံးတဲ့ပစ္စည်းတွေဟာ စွန့်ပစ်လိုက်တဲ့အခါ အမျိုးအစားပေါ်မူတည်ပြီး သူ့အလို လိုပျက်စီးချိန်တွေ ကွာလေ့ရှိပါတယ်။ ဥပမာ-စက္ကူတစ်ရွက်ဆိုရင် လွှင့်ပစ်လိုက်တဲ့အခါ ဝါး၊ သစ်ခေါက် စ,တာ ကနေ လုပ်ထားတဲ့ အတွက် ၂ လကနေ ၅ လအတွင်း ပျောက်ကွယ်သွားလိမ့်မယ်။ Chewing-gum တစ်ခုဆို ရင် ၅ နှစ်ကြာမယ်၊ စီးကရက်အစီခံ တစ်ခုဆိုရင် ၅ နှစ်ကနေ ၁၂ နှစ်အထိ ကြာနိုင်တယ်၊ နေရာတကာမှာ သုံး ကြတဲ့ ပလပ်စတစ်အိတ် တစ်အိတ်ဆိုရင် နှစ် ၄၀၀ ကြာတယ်၊ ဓါတ်ခဲတစ်လုံးဆိုရင်တော့ နှစ်ပေါင်း ၇၈၀၀ ကျော်အထိကို ကြာပြီးမှ လုံးဝပျောက်ကွယ် လိမ့်မယ်။ ဒါကြောင့်လည်း တိုးတက်တဲ့ နိုင်ငံတွေမှာ အမှိုက်တွေကို မပစ်ခင် ခွဲခြားတဲ့ စနစ်ကို ကျင့်သုံးကြလေ့ ရှိတာပေါ့၊ ဒီလို biodegrade ဖြစ်တယ်ဆိုတာက ဘက်တီးရီးယားပိုး တွေက တတိတိနဲ့ လှိုက်စားလို့ ဖြစ်တာပါ။ ဒါပေမယ့် carbamazepine လို pharmaceutical molecule မျိုးကျ တော့ ဒီလို မပျက်စီးပါဘူး။

အကျိုးဆက်ကတော့ ရေထဲရောက်သွားတဲ့ molecule တွေဟာ ဒီအတိုင်းပဲ ရှိနေပြီးတော့ water cycle ထဲမှာ လည်နေမယ်။ ဒီရေကို နောက်တခါသုံးမိတဲ့အခါ လူ့ကိုယ်ခန္ဓာကိုယ်ထဲကို ရောက်လာမယ်။ အဲဒီလို ဖြစ်ရပ်တွေ များလာတဲ့ အခါ ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်တာပါပဲ။ အခုတောင် ဒီလို molecule တွေ အတွေ့ရများတဲ့ ရေထဲမှာရှိတဲ့ ငါးတချို့ဟာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနေတယ်။ ဒီလိုဖြစ်ရပ်တွေ ဟာလွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကျော်လောက်ကမှ စခဲ့တာမို့ လူ့အသိုင်းအဝိုင်းဟာ တားဆီးကာကွယ်ဖို့ အဆင်သင့် မဖြစ်သေးဘူး၊ ကမ္ဘာ့အတိုးတက်ဆုံး နိုင်ငံတွေမှာရှိတဲ့ ရေသန့်စင်တဲ့ စက်ရုံတွေမှာတောင် ခေတ်မှီ တဲ့ filtration system တွေကောင်းကောင်း မရှိပါဘူး။

ဒီဖက်ပိုင်း နှစ်တွေမှာတော့ ဒီအကြောင်းကို အသားပေးပြီး အထူးလေ့လာတဲ့ လူတွေတဖြည်းဖြည်းများလာပါပြီ၊ သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေကို စာတမ်းတွေနဲ့ တင်ပြကြတယ်၊ ဒီ carbamazepine ဟာလည်း ကျနော်လုပ် နေတဲ့ ပရော့ဂျက်တွေထဲက တစ်ခုပါ။ ဟိုတနေ့က ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ် peterborough မြို့မှာ ရှိတဲ့ Trent university၊ ရေအရင်းအမြစ်ဌာနမှာလုပ်တဲ့ သုတေသီနှစ်ယောက်က carbamazepine အကြောင်း ရေးထားတဲ့ စာတမ်းတစ်စောင် ဖတ်ရပါတယ်၊ အခုလောလောဆယ်အထိ ဖတ်ရသမျှထဲမှာတော့ သူတို့ရဲ့ တွေ့ ရှိချက်က အပြည့်စုံဆုံးပါပဲ။ ကျနော်လည်း တော်တော်ပျော်သွားတယ်၊ Degradation ဖြစ်လာနိုင်တဲ့ လမ်း ကြောင်းတွေကို ပြထားပြီးတော့ ဘယ်လို analyse လုပ်ရမလဲဆိုတာ အကိုးအကားများစွာနဲ့ အကျယ်တဝင့် ဆွေးနွေးထားတယ်၊ အနည်းဆုံးတော့ theory အရ လုပ်နိုင်တာတွေ တွေ့ထားပြီပေါ့လေ...။ မကြာခင်မှာတော့ လက်တွေ့ပိုင်းကို ကူးဖို့ရှိပါတယ်၊ တကယ်တော့ carbamazepine ဟာပတ်ဝန်းကျင်ကို ဒုက္ခပေးနိုင်တဲ့ ဆေးဝါး များစွာထဲက တစ်ခုပါ၊ သူ့လိုမျိုး molecule တွေအများကြီး ရှိပါသေးတယ်၊ တဖြည်းဖြည်းတော့ ဒီလိုပဲ ရှာဖွေ စမ်းသပ်လုပ်ကြည့် သွားရမှာပါပဲ၊ လောလောဆယ်တော့ carbamazepine analysis အတွက် ကျနော် စိတ် လှုပ်ရှား ပျော်ရွှင်နေမိပါတယ်။ ။


ညီလင်းသစ်
၁၂ မတ်၊ ၂၀၀၈

10 March 2008

ကုန်ပါတော့ဆောင်းရယ်...


ဒီနှစ်ဆောင်းကတော့ နဲနဲစံချိန်တင်ရမယ့် ဆောင်းထင်တယ်၊ ကုန်ပဲမကုန်နိုင်တော့ဘူး။ ပြီးခဲ့တဲ့ရက်အနည်းငယ် ကတော့ အပူချိန်တွေပြန်တက်လာ၊ နေရောင်ခြည်တွေဆက်တိုက်ပွင့်လာ ဆိုတော့ သာယာတဲ့ရက်တွေ နီးလာ ပြီလို့ထင်ခဲ့မိတာ...၊ သိပ်မကြာပါဘူး နေ့စဉ်ရက်ဆက်ပြန်အေးလာတာ အရင်အတိုင်းပါပဲ။

ကျနော်ဒီကို ရောက်ခါစ,က ဆောင်းတွင်းရောက်ရင် တော်တော်ပျော်တယ်။ အပူပိုင်းဒေသက လာတဲ့လူပီပီ တုန်ခိုက်နေအောင်အေးတဲ့ အအေးဓါတ်ကိုရော၊ တဖွဲဖွဲကျတဲ့ နှင်းတွေကိုရော၊ ခဲနေတတ်တဲ့ ရေတွေကိုရော၊ အားလုံးကအထူးအဆန်း ဖြစ်နေခဲ့တာကိုး...။ ဒေသခံတွေကတော့ စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားကြတယ်၊ ကျနော်ခေါင်းစဉ်တင်ထားတဲ့ စကားမျိုးကို သူတို့တွေဆီက ခဏခဏကြားရတော့ ကျနော်သိပ်နားမလည် နိုင်ခဲ့ ဘူး၊ အခု ဒီနှစ်မှာတော့ ရှည်ကြာလွန်းလှတဲ့ ဆောင်းတွင်းကို နဲနဲအပျော်လျော့လာပြီ လို့ပဲပြောရတော့မယ်။

ပိုဆိုးတာက ဒီနှစ်ဆောင်းမှာခေါင်းမာတဲ့ တုပ်ကွေးက ဒုက္ခပေးတာပါပဲ၊ တခါနှာစေး အအေးမိလိုက်ရင် တော်တော်နဲ့ မပျောက်တော့သလို ပျောက်ပြီးရင်လည်း အချိန်မရွေး အလွယ်တကူပြန်ဖြစ်တတ်တယ်။ မီဒီယာ တွေကတောင် တော်ရုံတန်ရုံနဲ့ မပျောက်တဲ့တုပ်ကွေးလို့ ပြောယူရတယ်၊ အဲဒီလို ပေတီးပေကတ်နဲ့ ဘယ်သူ့ကို မှကောင်းကျိုး မပေးတဲ့ တုပ်ကွေးဟာ ကျနော့်ကိုလည်း ချမ်းသာမပေးခဲ့ဘူး၊ တော်ရုံတန်ရုံ ဖျားလေ့မရှိတဲ့ ကျနော်ကဒီနှစ်မှာတော့ တုပ်ကွေးကို ကန်ထရိုက်ဆွဲထားသလား အောက်မေ့ရအောင် နှာတစိုစို၊ ချောင်းတ ဟွတ်ဟွတ်နဲ့... ...။ ပြီးတော့ ကျနော်တစ်ယောက်ထဲတင် မဟုတ်ပြန်ဘူး။ သားငယ်လေးက သူ့ကျောင်းက နေ အဖျားကူးလာ၊ ပြီးတော့ သူ့အဖျားကို ကျနော့်ကို လက်ဆင့်ကမ်း၊ သူ နေကောင်းသွားချိန်မှာ ကျနော်က ဖျား၊ တခါကျနော်က အဲဒီအဖျားကို မအိမ်သူကို လက်ဆင့်ကမ်း၊ ကျနော် နေကောင်းသွားချိန်မှာ မအိမ်သူ ကဖျား...။ အားလုံးနေကောင်း သွားချိန်မှာ သားငယ်လေးက သူ့ကျောင်းကနေ နောက်တခါ အဖျားထပ်ကူး လာ..၊ ဒီလိုနဲ့ပဲ ဂျာအေး မဟုတ်တဲ့ ကျနော်တို့တွေဟာ အမေမဟုတ်တဲ့ အဖျားရဲ့ ရိုက်ခြင်းကို ခံနေခဲ့ရ ပြန်ပါရော... ...။

အကျိုးဆက်က အလုပ်ထဲမှာလည်း အာရုံစိုက်လို့မရ၊ စာလည်းမဖတ်ချင်၊ ဘလော့ဂ်လည်း မရေးချင်နဲ့၊ ဒေသခံ တချို့ကဆောင်းတွင်းဆိုရင် ကာကွယ်ဆေးတွေဘာတွေ သောက်ကြ၊ ထိုးကြတာ အခုတော့နဲနဲ သဘောပေါက် လာခဲ့ပြီ။ ပြီးတော့ အသက်ကလည်း ကြီးလာခဲ့ပြီကိုး၊ ဇရာရဲ့ သဘောကို ရေးတေးတေးတော့ ပေါက်လာပြီလို့ ဆိုရမယ်။ ဒီနေ့လည်း အေးရတဲ့ကြားထဲ မိုးကပါ ရွာချင်ချင်၊ ပြင်သစ်စကားမှာ ပြောလေ့ရှိတယ်။ On ne voit pas encore le bout du tunnel. တဲ့၊ မဲမှောင်နေတဲ့ လှိုဏ်ခေါင်းထဲမှာပဲ ရှိတုန်း၊ ထွက်ပေါက်ကို မမြင်ရသေး ဘူး ဆိုတဲ့အဓိပ္ပါယ်။ ကျနော်လည်း ရှည်လျားလှတဲ့ ဆောင်းလှိုဏ်ခေါင်းကြီးထဲမှာ စမ်းတဝါးဝါးနဲ့ ချမ်းနေဆဲပါပဲ ဗျာ။ ။


ညီလင်းသစ်
၁၀ မတ်၊ ၂၀၀၈

08 February 2008

ကွတ်ကီးတစ်ထုပ်အကြောင်း


ကြီးမားကျယ်ပြန့်လှသော လေဆိပ်ခန်းမကြီးထဲမှာ ရပ်ဝေးရပ်နီးသွားကြမည့် ခရီးသွားတို့ဖြင့် လှုပ်ရှားဆူညံ လျက်ရှိသည်။ အချို့ကဝန်စည်စလယ်များ တနင့်တပိုးဖြင့် ဖိစီးလေးလံနေသလောက် အချို့ကတော့ လက်ဆွဲ အိတ်များဖြင့် ပေါ့ပေါ့ပါးပါး ရှိနေကြသည်။ ဝမ်းနည်းရိပ်စွက်သော မျက်နှာများဖြင့် လိုက်လံပို့ဆောင် နှုတ်ဆက် သူများ၊ ပြုံးပျော်ရွှင်မြူးသော မျက်နှာများဖြင့် လာကြိုသူများ၊ ခံစားမှုတစုံတရာ မရှိသော သာမန်မျက်နှာများဖြင့် လေဆိပ်ဝန်ထမ်းများ...၊ မြင်ကွင်းတခုလုံးက ပြဇတ်ဆန်ဆန်အသက်ဝင်လျက်ရှိသည်။

ခရီးသွားသေတ္တာကို လေကြောင်းလိုင်းကောင်တာမှာ အပ်နှံပြီးပြီမို့ သူမအနေဖြင့် ပေါ့ပါးလွတ်လပ်စွာ လူဝင်မှု ကြီးကြပ်ရေးကောင်တာသို့ လျှောက်လာခဲ့သည်။ ကောင်တာရှေ့မှာ တန်းစီနေသူ များများစားစားမရှိ၊ စုံတွဲဖြစ် ဟန်တူသူ နှစ်ယောက်ကိုသာ တွေ့ရသည်။ သူမလည်း နောက်မှဝင်ရပ်လိုက်ရင်း ခရီးဆောင်လက်ဆွဲအိတ်ထဲမှ နိုင်ငံကူးလက်မှတ်ကို အသင့်ထုတ်ကိုင် ထားလိုက်သည်။ သူမအလှည့်ရောက်သောအခါ ကောင်တာရှေ့မှာရပ် ရင်း ပတ်စ်ပို့စာအုပ်ကို ထိုးပေးလိုက်သည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိအမျိုးသမီးက သူမကိုတချက် မျက်လုံး လှန်ကြည့်ရင်း ပတ်စ်ပို့ကို ဟိုဟိုဒီဒီ လှန်လှောကြည့်သည်။ ပြီးတော့ အပြုံးမြမြဖြင့် ပြန်ပေးရင်း...

“ ကောင်းသောခရီးဖြစ်ပါစေရှင် ”...။
“ ကျေးဇူးတင်ပါတယ် ” ဟုအပြုံးတဝက်ဖြင့် ပြန်ပြောရင်း သူမ လှည့်ထွက်လာခဲ့သည်။

လေကြောင်းလိုင်းဆိုင်ရာ ကိစ္စတွေတော့ ပြီးသွားပြီ၊ လက်မှနာရီကို ကြည့်တော့ လေယာဉ်ပေါ်တက်ရဖို့ အချိန် အတော်လိုသေးသည်။ ပျင်းရိစွာဖြင့် အချိန်တွေဖြုန်းရဦးမည့် အရေးတွေးနေခိုက် ဗိုက်ထဲမှ ဆာသလိုလိုဖြစ်လာ သည်။ ‘ဟုတ်သားပဲ...လေဆိပ်ကို အချိန်မှီရောက်ဖို့ စိတ်စောနေတာနဲ့ မနက်ကဘာမှ မစားခဲ့ရဘူး’။ စား သောက်ခန်းမှာ သွားစားဖို့ကျပြန်တော့ တစ်ယောက်တည်းမို့ သိပ်စိတ်မပါ၊ ဘေးဘီကိုကြည့်လိုက်တော့ခပ်လှမ်း လှမ်းမှာ စူပါမားကက်အသေးလေးတစ်ခု...။ အဲဒီမှာပဲ တစ်ခုခုဝယ်စားဖို့တွေးရင်း လျှောက်လာခဲ့သည်။

ဆိုင်ထဲရောက်တော့ မုန့်တွေထားသော စင်ပေါ်မှာ ကွတ်ကီးမုန့်ထုပ်တွေ တွေ့ရသည်။ ကွတ်ကီးကြိုက်သော သူမအဖို့ ရှည်ရှည်ဝေး ဝေးလိုက်ရှာနေစရာ မလိုတော့၊ အရွယ်ခပ်လတ်လတ်တစ်ထုပ်ကိုသူမ ရွေးလိုက်သည်။ စူပါမားကက်မှ လေယာဉ်စီးခရီးသည်များ စောင့်ဆိုင်းရာခန်းမဖက် ပြန်လျှောက်လာရင်း ဆိုင်ခန်းများကို သူမ ငေးလာခဲ့သည်။ အကောက်ခွန်ကင်းလွတ်ခွင့် ပစ္စည်းများရောင်းချသော ဆိုင်ပေါင်းစုံဖြင့် လေဆိပ်ခန်းမ စင်္ကြန်သည် သူမလို စောင်းဆိုင်းရမည့် သူတွေအဖို့ အချိန်ဖြုန်းစရာ နေရာကောင်းတခုဖြစ်သည်။ အရက်ပုလင်း မျိုးစုံ ရောင်းသည့်ဆိုင်၊ ရေမွှေးများ ရောင်းသည့်ဆိုင်၊ အမှတ်တရပစ္စည်းများ ရောင်းသည့်ဆိုင်၊ အစုံပါပဲလေ..။ ထိုသို့လျှောက်လာရင်းမှ စာအုပ်ဆိုင်ခပ်သေးသေး တစ်ခုကို သူမသတိပြုမိသွားသည်။ ‘ဟုတ်ပြီ၊ ဒီလို လျှောက် သွားနေမယ့်အစား စာအုပ်တစ်အုပ်ဝယ်ပြီး တနေရာရာမှာ အေးအေးဆေးဆေး စာထိုင်ဖတ်နေတာ ပိုကောင်း မယ်’ဟုတွေးလိုက်ရင်း စာအုပ် ဆိုင်ဖက်ကို သူမခြေဦးလှည့်လိုက်သည်။

စာအုပ်ဆိုင်လေးသည် သေးငယ်သော်လည်း နောက်ဆုံးထုတ်မဂ္ဂဇင်းများ၊ ဝတ္ထုစာအုပ်များဖြင့် စုံလင်လှသည်။ ဖတ်နေကျ ကျန်းမာရေးမဂ္ဂဇင်းတစ်အုပ်ဝယ်လိုက်ရင်း ကောင်တာမှာငွေရှင်းတော့ အရောင်းတာဝန်ခံ ကောင်မ လေးက သူမ ကိုပြုံးပြရင်း ‘ကောင်းသောခရီးဖြစ်ပါစေ’ဟု နှုတ်ဆက်ပြန်သည်။ သူမကလည်း ပြန်ပြုံးပြလိုက်ရင်း ကျေနပ်စွာ လှည့်ထွက်လာခဲ့သည်။ သူမ၏ ထူးခြားချက်မှာ မြင်သူတိုင်းက သူမအား ခင်မင်လိုစိတ်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ သွယ်ပျောင်းသောကိုယ်ဟန်၊ ကျော့ရှင်းသောမျက်နှာထားတို့ဖြင့် သူမသည်နှစ်လိုဖွယ်ရာ ရှိသူတစ် ယောက်ပင်၊ သူမကလည်း အတတ်နိုင်ဆုံး မျက်နှာကိုကြည်စင်အောင်ထားခဲ့သည်။ စိတ်ညစ်စရာ၊ ဒေါသထွက် စရာပေါ်သည့်တိုင် အပြင်ပန်းတွင် မပေါ်လွင်စေရ..၊ လူတဖက်သားမသိအောင် မျိုသိပ်ထိန်းချုပ်နိုင်လေ့ရှိသည်။

**********

လေယာဉ်စီးခရီးသည်များ စောင့်ဆိုင်းရာခန်းမထဲရောက်တော့ ခန်းမက တဝက်နီးပါးခန့်ပြည့်နေခဲ့ပြီ။ အစွန်ဖက် ကျကျထိုင်ခုံ တစ်ခုမှာဝင်ထိုင်လိုက်ရင်း ပစ္စည်းများကို နေရာချသည်။ ကွတ်ကီးတစ်ကိုက် စာတစ်ပိုဒ်ဖြင့် အချိန်တွေကို နှစ်ခြိုက်စွာဖြတ်သန်းဖို့ပြင်သည်။ ဘေးကို ဘာရယ်မဟုတ် ကြည့်မိတော့ ကွတ်ကီးထုပ်တင်ထား သည့် ခုံဘေးမှာ သူမလိုပဲ စာဖတ်ဖို့ ပြင်နေသည့် လူရွယ်တစ်ဦးကို တွေ့ရသည်။ သူမက လတ်တလော ဝယ်လာသည့် ကျန်းမာရေးမဂ္ဂဇင်းကို ဖွင့်လိုက်ရင်း ဘေးထိုင်ခုံပေါ်မှာ ချထားသည့် ကွတ်ကီးထုပ်ကို လက်လှမ်းလိုက်သည်။ ထိုစဉ် သူမ၏စိတ်ထဲမှာ တစုံတယောက်ကကြည့်နေသည်ဟု ခံစားရသောကြောင့် ဘေးကိုကြည့်လိုက်ရာ စောစောကလူရွယ်နှင့် အကြည့်ချင်း ဆုံသွား သည်။ ထိုအခါ သူက သူမကို ပြုံးပြရင်း ကွတ်ကီးတစ်ချပ်ကို ယူစားလိုက်တာ တွေ့လိုက် ရသည်။ သူမလည်း မကောင်းတတ်၍ အူကြောင်ကြောင်ဖြင့် ပြန်ပြုံးပြရင်း စာဆက်ဖတ်ဖို့ ကြိုးစားလိုက်သည်။

သို့သော် စိတ်ထဲမှတွေးနေမိသည်။ ‘ဒီလူကလည်း...အနဲဆုံးတော့ ခွင့်လေးဘာလေး တောင်းဖို့ကောင်းတာပေါ့၊ အခုတော့ မပြောမဆိုနဲ့’...၊ ထို့နောက် စာထဲမှာ အာရုံနှစ်ထားလိုက်သည်။ ခဏအကြာ ဒုတိယကွတ်ကီးတစ်ချပ် ကိုသူမ ယူစားလိုက်သည်။ မရှေးမနှောင်းပင် ဘေးမှလူရွယ်ကလည်း တစ်ချပ်ယူစားလိုက် ပြန်သည်။ သူမ အတန်ငယ် အံ့သြသွားသည်။ ‘ဟင်..ဘယ်လိုလူပါလိမ့်၊ ပိုင်စိုးပိုင်နင်းနဲ့...’၊ သို့သော် တဆက်ထဲ သူမ တွေးမိ သွားပြန်သည်။ ‘အင်းလေ...သူလဲ ငါ့လိုဘာမှ မစားခဲ့ရလို့နဲ့တူတယ်၊ တော်တော် ဗိုက်ဆာနေရှာတယ်ထင်ပါ့’၊ ထို့နောက် ဖတ်လက်စ ဦးနှောက်အမြှေးပါးရောင် ရောဂါအကြောင်း ဆောင်းပါးကို ဆက်ဖတ်နေလိုက်သည်။

“... ဦးနှောက်အတွင်းမှ ပုံမှန်မဟုတ်သော ဆဲလ်ပွားနှုန်းများကြောင့် ဦးနှောက်၏ မူလအခြေခံလုပ်ငန်းရပ်... ” ဖတ်လက်စ စာကြောင်းမှ မျက်လုံးမခွာဘဲ နောက်ထပ်ကွတ်ကီးတစ်ချပ် သူမ ယူစားလိုက်သည်။ စက္ကန့်မဆိုင်း တဖက်မှလူကလည်း တစ်ချပ်ယူစားလိုက်တာ သူမ မျက်ဝန်းထောင့်မှ မြင်ဖြစ်အောင်မြင်လိုက်သည်။ ဒီတစ်ခါ တော့ သူမ အတော်လေး ဒေါသထွက်သွားသည်။ ‘ဘယ့်နှယ့်...စားတာတော့စားပေါ့၊ ဒါပေမယ့် ပိုင်ရှင်ကိုခွင့် လေးဘာလေး တောင်းဖို့ကောင်းတယ်၊ ဒါသက်သက် စော်ကားတာပဲ...’၊ မျက်ဝန်းထောင့်မှ မသိမသာငဲ့ကြည့် တော့ ကိုယ်တော်ချောက စာဖတ်မပျက်..၊ သူမ ဘာတွေဖြစ်နေလဲဆိုတာ သိပုံပင်မပေါ်၊ ‘ကြည့်စမ်း...လုပ်နေ တဲ့ပုံက...ကွတ်ကီးတစ်ထုပ်ကို နှစ်ယောက်အတူ မျှစားနေတဲ့ စုံတွဲပုံစံမျိုးနဲ့...၊ ဟွန်း..တော်တော်လူပါးဝတယ်’။

ထိုနောက်တော့ သူမ ဘယ်လိုမှ စာဆက်ဖတ်လို့မရတော့၊ သူမ ကွတ်ကီးတစ်ချပ်စားတိုင်း ထိုလူက တစ်ချပ်ယူ စားလိုက်၊ သူမက ဒေါသတွေ အကြီးအကျယ်ထွက်လိုက်၊ ဟိုလူ့ကို စိတ်ထဲမှ ကျိန်ဆဲလိုက်...၊ ထိုလူက ဘာမှ မဖြစ်သည့်အလား စာဆက်ဖတ်လိုက်...၊ မခံချိမခံသာ ဖြစ်သည့်စိတ်တို့ဖြင့် သူမစိတ်တိုလျက် ရှိသည်။ ဒါပေမယ့် သူမ၏ထုံးစံအတိုင်း ဒေါသအမျက် အပြင်မထွက်စေရ။ ဤ အခန်းထဲမှ လူတွေကတော့ သူမဘာတွေ ဖြစ်နေလဲဟု သိပုံမပေါ်၊ အခန်းထဲက လူတွေမပြောနှင့်, ဘေးနားမှ ထိုလူသည်ပင် မသိ၊ သူ့ဟာသူ အေးအေး လူလူ စာဆက်ဖတ်နေဆဲ...။

သူမကတော့ တစ်ယောက်တည်း ဒေါသတွေနှင့် အကြီးအကျယ် ပူပြင်းလောင်မြိုက် နေပြီဖြစ်သည်။ ‘ဒီမှာ..ရှင် ဒါဘာအချိုး ချိုးတာလဲ၊ ကျမကဘာမှမပြောတိုင်း ရှင်ရောင့်တက်မလာနဲ့နော်၊ အစောကြီးကတည်းက ဘာမှ မ ပြောချင်လို့ ကြည့်နေတာ, နားလည်လား’ ဟုပြောလိုက်မည် ကြံရွယ်လိုက်သည်။ သို့သော် ချက်ချင်းပဲ သူမ စဉ်း စားမိသွားသည်။ ‘နေဦး...ဒီလူက သူမနဲ့ရင်းနှီးဖို့ လမ်းစ ရှာနေတာများလား’၊ အင်း, ပြောလို့မရ..။ ဖြစ်ချင်ဖြစ်နိုင် သည်။ ဒီလိုနည်းနဲ့ စကားပြောခွင့်ရအောင် ရည်ရွယ်တယ်ပေါ့လေ...။ သူမ စိတ်ထဲမှ ပြုံးမိသွားသည်။ ‘ဒါဆိုရင် တော့ ရှင်အကြီးအကျယ် မှားသွားပြီ၊ ကျမကို စိတ်အနှောင့်အယှက် ပေးပြီးမှ ဒီလိုအခွင့်အရေးရမယ်လို့ ရှင်ထင် နေလား၊ စိတ်ချ...ဘယ်တော့မှ ရှင်မရစေ ရဘူး’။ သူမ၏မာနတို့ ရုန်းကြွလာခဲ့သည်။

ထို့နောက်..စိတ်အာရုံပြောင်းသည့် အနေဖြင့် မှန်နံရံ၏ အပြင်ဖက်မှ မြင်ကွင်းများကို သူမ ငေးနေလိုက်သည်။ အချက်အချာကျသည့် လေဆိပ်ဖြစ်သည့်အတိုင်း လေယာဉ်အတက်အဆင်းတို့ကို မိနစ်မခြား မြင်နေရသည်။ ကေအယ်လ်အမ် လေကြောင်းပိုင် ကြီးမားသော ဘိုးအင်းလေယာဉ်ကြီးတစ်စင်း အရှိန်ဖြင့် ပြေးလမ်းပေါ်သို့ ဆင်းချလာသည်။ ထိုလေယာဉ်ကြီးကို လိုက်ကြည့်နေခိုက် ဟိုလူကွတ်ကီးတစ်ချပ် ယူစားလိုက်တာ မျက်ဝန်း ထောင့်စွန်းမှ သူမ မြင်လိုက်ပြန်သည်။ ဒီတခါတော့ သူ့ဖက်ကို စိတ်မှတ်မဲ့ သူမ လှည့်ကြည့်လိုက်မိသည်။ ထိုလူ ကသူမ လှမ်းကြည့်သည်ကို သိဟန်မတူပါ၊ စာကိုသာ စူးစူးစိုက်စိုက် ဆက်ဖတ်နေသည်။ တလောကလုံးမှာ သူရယ်၊ စာအုပ်ရယ်၊ ကွတ်ကီးတစ်ထုပ်ရယ်သာ ရှိသည့်ပုံမျိုး...။

ရှေ့တူရှုကို ပြန်လှည့်လိုက်ရင်း သူမ စဉ်းစားနေမိသည်။ အကယ်၍သူသာ သူမနှင့် မိတ်ဖွဲ့ချင်ရိုး မှန်လျှင် သူမ သူ့ဖက်ကို လှည့်သည်နှင့် သူစကားပြောရမည်။ အခုတော့ ထိုသို့မဟုတ်..။ ထိုသူသည် သူမထက် ကွတ်ကီးကို သာ ပို၍စိတ်ဝင်စား သည့်ပုံ...။ ဒါဖြင့်လျှင်လည်း ကိစ္စမရှိ၊ ဗိုက်ဆာနေသူ တစ်ယောက်နှင့် ကွတ်ကီးဝေစားဖို့ တွန့်တိုရလောက်သည်အထိတော့ သူမ စိတ်မပုပ်ပါ။ သို့သော် သူမ စဉ်းစားမိသွားပြန်သည်။ ‘နေစမ်းပါဦး..အခု ကိစ္စက ကွတ်ကီးဝေစားဖို့ ဆန္ဒရှိလား မရှိဘူးလား သိဖို့မဟုတ်ဘူး၊ အခုကိစ္စက အသိအမှတ်ပြုမှု...၊ ဟုတ်တယ် အသိအမှတ်ပြုမှု၊ လေးစားမှု၊ ပိုင်ရှင်ရှိတဲ့ ပစ္စည်းတစ်ခုကို ခွင့်တောင်းပြီးမှ သုံးစွဲရတဲ့ ယဉ်ကျေးမှု...’။ ဒါတွေ မရှိ ရင်တော့ ပစ္စည်းပိုင်ရှင်ကို စော်ကားရာ ကျတာပဲ၊ ထို့ကြောင့်ပင် သူမ ဒေါသထွက်နေရ ခြင်းဖြစ်သည်။

အရေးထဲမှာ ဗိုက်က ဆာလာပြန်သည်။ သူမ ကြိုက်နှစ်သက်သည့် ကွတ်ကီးများ...၊ ထိုကွတ်ကီးများသည် လက်တကမ်းမှာသာ ရှိနေကြသည်။ သို့သော် တဖက်ကလည်း သူစိမ်းယောက်ျားလေးတစ်ယောက်နှင့် မုန့်ဝေ စားရမည့် အဖြစ်..၊ အို...ဘာဖြစ်လဲ၊ ငါ့ကွတ်ကီး ငါစားတဲ့ကိစ္စ ဘာဖြစ်လို့ လက်တွန့်နေရမှာလဲ၊ ထို့သို့ တွေးပြီး သူမ ကွတ်ကီးတစ်ချပ် ယူစားလိုက်သည်။ မရှေးမနှောင်းမှာပဲ ထိုလူကလည်း တစ်ချပ်ယူစားလိုက်ပြန်သည်။ အခုအချိန်မှာတော့ သူမ ဒေါသအကြီးအကျယ် ထွက်နေပြီဖြစ်သည်။ ‘တောက်...ဒါတော့တရားလွန် လွန်းနေပြီ၊ တခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်..၊ ဘယ်တော့ရပ်သွားမလဲ လို့စောင့်ကြည့်နေတာ၊ အခုတော့ သူက ရလေလိုလေ အိုတစ္ဆေပါလား၊ ပြောမှသိတဲ့ လူတော့လား... ...ကဲ,လာစမ်း’၊ ထိုသူကို တုန့်ပြန်ရန် သူမ စဉ်းစား ပြီးတဖက်သို့လှည့်ရန် ပြင်လိုက်သည်။ ထိုစဉ်မှာပဲ အတွေးတခုဝင်လာသည်။ ‘နေဦး..ခေါင်းအေးအေးထားစမ်း၊ အခုဖြစ်နေတာက ဘာမှကြီးကျယ်တာ မဟုတ်ဘူး၊ ကွတ်ကီးတစ်ထုပ်ကို အတူဝေစားတယ်၊ ဟုတ်တယ်..အဲဒါ ဘာဖြစ်လဲ၊ ပြီးရင် ကိုယ့်လမ်းကိုယ်ဆက်သွားကြမှာပဲ၊ ဒါလေးအတွက်နဲ့ ရန်တွေ့မလို့လား၊ ဘာမဟုတ်တဲ့ မုန့် တစ်ထုပ်အတွက်နဲ့ လူပုံအလယ်မှာ ခွန်းကြီးခွန်းငယ် စကားများရမှာ နင်မရှက်ဖူးလား’...၊ သူမတုန့်သွားသည်။ သူမသည် ရန်ဖြစ်ရမည့် ကိစ္စများကို ရှောင်လေ့ရှိသူ၊ ဒေါသကို မျိုသိပ်တတ်သူ၊ စိတ်ထားကို သိမ်မွေ့အောင် ကြိုးစားထားလေ့ရှိသူ...၊ ဟုတ်သည်၊ မုန့်တစ်ထုပ်အတွက်နှင့် သူမ ရန်မဖြစ်ချင်ပါ...။

ရှိစေတော့...၊ ‘ခွင့်မတောင်းဘဲ စားတာက သူ့အဆင့်အတန်းကို သူပြတာပဲ၊ ဒီလိုလူမျိုးနဲ့ ဖက်ပြီးရန်မဖြစ်တာပဲ ကောင်းပါတယ်’ဟု သူမ တွေးလိုက်သည်။ ထို့နောက် စာထဲမှာ အာရုံဝင်စားဖို့ ကြိုးစားကြည့်သည်။ မရ...။ သို့နှင့် သူမ က ကွတ်ကီးယူစားလိုက်၊ ထိုခရီးသွားလူစိမ်းက ကွတ်ကီးယူစားလိုက်နှင့် များစွာသော ခရီးသွားတို့ အလယ်တွင် သာမန်အတိုင်းပဲ ရှိနေကြသည်။ ထိုအခိုက် သူမ အကြည့်က ကွတ်ကီးထုပ်ပေါ်သို့ ရောက်သွား သည်။ ကွတ်ကီးထုပ်ထဲမှာက နောက်ဆုံးလက်ကျန် ကွတ်ကီးတစ်ချပ်...။ သူမ ဘာလုပ်ရမလဲ စဉ်းစားကြည့် သည်။ ဟိုလူ့ထက်ဦးအောင် ယူစားလိုက်ရမလား? သို့သော် ချက်ချင်းပဲ စိတ်ပြောင်းသွားသည်။ ဟိုလူဘာလုပ် မလဲ သိချင်လာသည်။ ‘ကဲ...ဒီလောက်တောင် ငတ်ကြီးကျတဲ့လူ၊ သူဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့’...။

သူမ မသိမသာ စောင့်ကြည့်နေခိုက် ထိုလူစိမ်းက စာအုပ်မှ မျက်နှာမခွာဘဲ ကွတ်ကီးထုပ်ဆီ လက်လှမ်း လိုက်သည်။ သူ့လက်က ကွတ်ကီးတစ်ခု လွယ်လွယ်ကူကူ ရှာမတွေ့သည့်အခါ အထုပ်ပေါ်သို့ အကြည့်ရောက် လာသည်။ သူမ ကသူဘာလုပ်မလဲ သိချင်လှစွာနှင့် စာဖတ်ချင်ယောင်ဆောင်လျက် စောင့်ကြည့်နေမိသည်။ ကိုလူစိမ်းက ထိုနောက်ဆုံးလက်ကျန် ကွတ်ကီးကို အေးဆေးစွာ ကောက်ယူလိုက်သည်။ ထို့နောက် ထက်ခြမ်း ခြမ်းလိုက်ပြီး တခြမ်းကို အထုပ်ထဲပြန်ထည့်လိုက်ကာ ကျန်တခြမ်းကို စားလိုက်လေသည်။ ထို့နောက် စာကိုသာ ဆက်ဖတ်နေသည်။

ထိုနောက်ဆုံး အပြုအမူကတော့ သူမ အတွက်မျက်နှာကို ဖြတ်ရိုက်တာထက်ပင် အခံရခက်သွားလေသည်။ ‘ဟား...ဒါကတော့ အပြောင်မြောက်ဆုံး စော်ကားမှုပဲ၊ တချိန်လုံး စိတ်ကြိုက်ယူစားနေပြီး အခုမှ မျှတသလိုလို ဘာလိုလို လာလုပ်မနေနဲ့၊ နင်သနားမှ ငါက စားရမယ့်သူ မဟုတ်ဘူး၊ ဒီလူဟာ မယုံနိုင်လောက်အောင် ရင့်သီးစော်ကားလှပါလား’...။ ဝမ်းနည်းခြင်း၊ ရှက်ရွံ့ခြင်း၊ အခံရခက်ခြင်း၊ စိတ်တိုခြင်း...စသည့် ခံစားမှု ပေါင်းစုံကို သူမ တပြိုင်နက်ခံစားလိုက်ရသည်။ သူမ၏ အတ္တနှင့်မာနကို တိုက်ရိုက်ထိပါး ခံလိုက်ရခြင်းဖြစ်သည်။ သူမ ဘယ်လိုမှ ဆက်ပြီးသည်းမခံနိုင်တော့။ ဒီလူရဲ့ ဘေးမှာ နောက်ထပ်တစ်စက္ကန့်တောင် ဆက်ပြီးမရှိ ချင်တော့ပါ။ တော်လောက်ပြီ၊ တခါမှ သိကျွမ်းခြင်းမရှိတဲ့ လူတစ်ယောက်ရဲ့ အစော်ကားကို ဒီလောက်ခံရရင် လုံလောက်ပြီ။ ခရီးဆောင်လက်ဆွဲအိတ်ကို ကောက်ယူလျက် ထွက်ခွာရမည့် ဂိတ်နားသို့သူမ ထွက်လာခဲ့ တော့သည်။ စိတ်လှုပ်ရှားမှုကြောင့် လူက နုံးချိတုန်ယင်လျက်။

**********

လေယာဉ်ထိုင်ခုံမှာ ထိုင်ပြီးသည်အထိ စိတ်လှုပ်ရှားမှုက မပြေချင်သေး၊ ဘေးက လေယာဉ်ပြတင်းမှတဆင့် အပြင်ဖက် မြင်ကွင်းများကို ငေးနေလိုက်သည်။ လူက တာဝေးခရီးတစ်ခုကို ပြေးလာခဲ့ရသူ တစ်ယောက်ပမာ မောဟိုက်နွမ်းလျလို့ နေသည်။အင်း...အခုအချိန်မှာတော့ မျက်နှာက အတော်ပျက်ယွင်း နေလိမ့်မည်ထင်သည်။ ထိုစဉ် ခရီးဆောင်အိတ်ထဲမှာ အမြဲပါလေ့ရှိသော မှန်ကလေးကို သူမ သတိရသွားသည်။ မှန်ကလေးကို ထုတ် ယူရန် လက်ဆွဲအိတ်ကို ဖွင့်လိုက်သည်။ အဲဒီမှာ သူမ အရမ်းအံ့သြသွားသည်။

အထဲမှာ ကွတ်ကီးမုန့်ထုပ်ကလေး... ... ...။

အသစ်ကျပ်ချွတ်..မတို့မထိရသေး။ ဟင်...ဘယ်လိုဖြစ်တာဘာလိမ့်၊ သူမချက်ချင်းပဲ သတိရသွားသည်။ စူပါ မားကက်မှ ထွက်လာတော့ မုန့်ထုပ်ကို လက်ဆွဲအိတ်ထဲ ချက်ချင်းထည့်လိုက်မိသည်။ ထိုစဉ်ကတည်းက ပြန်မ ထုတ်ဖြစ်ခဲ့...။ ဟာ... ဒါဆို ခုနက ငါစားနေခဲ့တဲ့ ကွတ်ကီးတွေက... ...၊ သွားပြီ...အကြီးအကျယ်တော့ မှားကုန် ပြီ။ ဘယ်လိုဖြစ်ပြီး အိတ်ထဲကပြန်ထုတ်ဖို့ မေ့သွားရတာလဲ၊ လေဆိပ်ခန်းမထဲမှာ ဘေးထိုင်ခုံမှ လူရွယ်၏ ကွတ်ကီးများကို သူမက ကိုယ့်ဟာအထင်နှင့် တလျှောက်လုံး စားနေခဲ့ခြင်း ဖြစ်သည်။ ရှက်ရွံ့စိတ် ကြောင့် သူမ တကိုယ်လုံး ချက်ချင်းပဲ ထူပူသွားသည်။ အမျိုးအမည် မသိသောခံစားမှုတခုက ရင်ထဲမှပျို့တက်လာပြီး လည်ချောင်းဝမှာ လာဆို့သည်။

ထိုစဉ်မှာပဲ စောစောကဖြစ်ခဲ့သော စိတ်ခံစားမှုတို့က အစီအရီ ပြန်ပေါ်လာကြသည်။ ထိုလူရွယ်အပေါ် ထားရှိခဲ့ သောအာဃာတများ...၊ စိတ်ထဲမှ ကျိန်ဆဲခဲ့မှုများ၊ ယဉ်ကျေးမှု မရှိသည့် အောက်တန်းကျသူ တစ်ယောက် အဖြစ် တွေးတောယိုးစွပ်ခဲ့မှုများ၊ လူမှုရေးနားမလည်, လေးစားသမှု မရှိသည့် ငတ်ကြီးကျတစ်ယောက်အဖြစ် တွေးထင်ခဲ့မှုများ...၊ အို... ... အခုတော့ ဒါတွေအားလုံးကို ကျူးလွန်ခဲ့သူက သူမ ကိုယ်တိုင်ပါပဲလား၊ သူမ က သာလျှင် သူတပါး၏ပစ္စည်းကို ခွင့်မတောင်းဘဲ သုံးစွဲခဲ့ပြီး ပိုင်ရှင်အပေါ်မှာပင် ပြန်ပြီးရန်လိုနေခဲ့မိပါလား။ လူရွယ်သည် သူ၏မုန့်ထုပ်အား အဆုံးထိတိုင် သူမနှင့် ဝေမျှစားသောက်ခဲ့သည်။ နောက်ဆုံးကွတ်ကီးတစ်ချပ် ကိုပင် ထက်ခြမ်း,ခြမ်းကာ စားသောက်ခဲ့သည်အထိ သူမအပေါ် ငြိုငြင်မှု မပြခဲ့ပေ၊ ထို့ပြင် သူမ အနေခက်မည် စိုး၍ သူမဖက်ကို အနည်းငယ်မျှပင် လှည့်မကြည့်ခဲ့။ ပုံမှန်အတိုင်းပင် အေးအေးလူလူ ကျော်ဖြတ်သွားခဲ့သည်။

ထိုလူရွယ်၏ စိတ်ထဲမှာ မည်ကဲ့သို့ ရှိခဲ့မည်လဲ ? သူမ တွေးပင်မတွေးရဲတော့၊ သူအခု ဘယ်ရောက်သွားပြီလဲ ? သူ့ကို ဘယ်လိုရှင်းပြရမှာလဲ ? ရှင်းပြလို့ကော အဓိပ္ပါယ်ရှိပါ့ ဦးမလား ? မေးခွန်းပေါင်းများစွာ ခံစားမှုပေါင်းများစွာဖြင့် မွန်းကျပ်လျက် သူမ မူးဝေနောက်ကျိ လာခဲ့သည်။ ဒီတခါ ဖြစ်ရသည့် စိတ်ခံစားမှုက စောစောကဟာနှင့်ယှဉ် လျှင်အဆပေါင်းများစွာ ပိုပါသည်။ သူမသည် လူရွယ်အပေါ် တဖက်သတ် စွပ်စွဲချက်များဖြင့် တလျှောက်လုံး ပူလောင်နေခဲ့ပြီး ထိုစွပ်စွဲချက်များ မိမိအပေါ်ပြန်ကျရောက် လာသောအခါ ထပ်မံ၍ပူလောင် ရပြန်သည်။ ဖြစ်ပြီး ခဲ့သမျှ အဖြစ်အပျက်တို့သည် သူမ အတွက်တော့ ရေမျက်နှာပြင်ပေါ် ရှပ်ပြီးပစ်လိုက်သော ကျောက်ခဲပြားတစ်ခု ပမာ မြန်ဆန်တုန်ခါလျက် ပြန်လည်ဆည်ယူရန်မှာမူ မဖြစ်နိုင် တော့ပြီ ဖြစ်သည်။ ။


ညီလင်းသစ်
၈ ဖေဖေါ်ဝါရီ၊ ၂၀၀၈
(ကျနော်ကြားဖူးထားတဲ့ ဇတ်လမ်းလေးကို ဆင့်ပွားခံစား ရေးဖွဲ့ပါတယ်...)

25 January 2008

ကသိကအောင့်ဖြစ်စရာ ဥပဒေသများ


ကျနော့်မှာ အီးမေးလ်ကနေ ဟာသတွေ၊ ပုံတွေ၊ တွေးတောစရာတွေ၊ ဗီဒီယိုအပိုင်းအစတွေ ပို့ပေးလေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်၊ သူက သူ့ဆီရောက်လာတဲ့ အဲဒီလို attachment မှန်သမျှကို ဆက်ပြီး လက် ဆင့်ကမ်း ဖြန့်ဝေလေ့ ရှိတယ်၊ အင်တာနက်ထဲမှာ တစ်ယောက်ဆီကနောက်တစ်ယောက်ဆီကို လှည့်ပတ် ပို့နေ ကြတဲ့ ဒီလိုဟာတွေကို ကျနော်တို့ မကြာခဏရလေ့ ရှိပါတယ်၊ အခုလည်း သူပို့လိုက်တဲ့ထဲက တစ်ခုကို စိတ်ကူး ရတာနဲ့ ဘာသာပြန်လိုက်တာပါ...။

ဒီလောကထဲက နေ့စဉ်ဘဝတွေမှာ ဖြစ်ပျက်လေ့ ရှိတာတွေပေါ့၊ စိတ်ပျက်စရာ, ကသိကအောင့်ဖြစ်စရာ အဖြစ် အပျက်တွေကို ကြောင်းကျိုးဆက်စပ်ပြီး ဥပဒေသပုံစံ သတ်မှတ်ပြောဆိုကြတဲ့ စကားစု၊ အတွေးစလေးတွေပါ၊ အကုန်လုံးတော့ မမှန်ပါဘူး၊ တချို့ဟာတွေက ပြုံးစရာကောင်းပြီး၊ တချို့ဟာလေးတွေကတော့ တွေးစရာ ကောင်းပါတယ်၊ မူရင်းစာအုပ်ကဘာလဲ ဆိုတာတော့ သူ့မေးလ်ထဲမှာ မပါပါဘူး။

(အိမ်မှာ Modem ကပျက်နေလို့ အင်တာနက်မဝင်နိုင်ဘဲ အသစ်မတင်နိုင်တာကြောင့် ကျနော့်ဘလော့ဂ်လေး ကို အသက်ဆက်ဖို့အရေး ဒီပို့စ်လေးကိုအလုပ်ကနေ အချိန်လုပြီး တင်လိုက်ပါတယ်...)

*******

မာဖီ ဥပဒေသ (Loi de Murphy)
ရေချိုးကန်ထဲဝင်စိမ်လိုက်သော ခန္ဓာကိုယ်တိုင်းသည် တယ်လီဖုန်းကို မြည်အောင်စွမ်းဆောင်နိုင်ကြသည်။

ရူဘီစည်းမျဉ်း (Principe de Ruby)
တစုံတစ်ယောက်နှင့် တွဲသွားတွဲလာလုပ်ရင်း အများမမြင်စေလိုသော အချိန်တွင်မှ အသိအကျွမ်းတစ်ယောက် မဟုတ်တစ်ယောက်နှင့်ဆုံရန် အခွင့်အလမ်း ပိုများလေ့ရှိသည်။

မာဖီကိန်းသေ (Constante de Murphy)
အရာဝတ္ထုများသည် တန်ဖိုးကြီးကြီးပေးရလေလေ ပျက်စီးမှုပိုမြန်လေလေ ဖြစ်သည်။

ဂမ်ပါဆန် ဥပဒေသ (Loi de Gumperson)
အဖြစ်အပျက်တခု ဖြစ်စေသော အခွင့်အလမ်းသည် ၄င်းအားဖြစ်စေလိုသော ဆန္ဒရှိမှုနှင့် ပြောင်းပြန်အချိုးကျ လေ့ရှိသည်။

ဘုပ် ဥပဒေသ (Loi de Boob)
ပျောက်နေသော မည်သည့်အရာဝတ္ထုမဆို မထင်ထား၍ နောက်ဆုံးမှရှာသော နေရာတွင် တွေ့ရစမြဲဖြစ်သည်။

မြေဆွဲအား၏ရွေးချယ်မှု ဥပဒေသ (Loi de la Gravité sélective)
ဤကမ္ဘာ၏မည်သည့်နေရာတွင်မဆို ပေါင်မုန့်ထောပတ်သုတ်တစ်ချပ်သည် ထောပတ်သုတ်ထားသော အခြမ်း ဖက်မှ ကျလေ့ရှိသည်။

ကားပါ့ကင်၏ ထုံးတမ်းစဉ်လာ (Postulat du Parking)
နေရာရှာမတွေ့၍ ၂ ကီလိုမီတာ အဝေးမှာကားရပ်ပြီးပြီဆိုလျှင် သင်သွားချင်သော အဆောက်အဦးရှေ့မှ ကား ၄ စီးသည် ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသည်ကို မြင်ရလိမ့်မည်။

ဖလပ်ဂ်နှင့်ပို့စ် စည်းမျဉ်း (Règle de Flugg & Post)
လူတန်းထဲမှာ တန်းစီနေသောအခါ သင်အလျင်စလိုဖြစ်လေလေ ကောင်တာမှဝန်ထမ်းသည် နှေးကွေးလေလေ ဖြစ်သည်။

မရွေ့နိုင်သောလူတန်းထဲမှာ စိတ်မရှည်စွာစောင့်လေလေ သင်၏ဘေးမှ လူတန်းသည် ပိုမြန်လေလေဖြစ်သည်။

ထိုလူတန်းသို့ ပြောင်းလဲတန်းစီလျှင် သင်ရှိနေခဲ့သောလူတန်းသည် လျှင်မြန်စွာ ရွေ့သည်ကိုတွေ့ရလိမ့်မည်။

ရောဂျာ ဥပဒေသ (Loi de Roger)
လေယာဉ်မယ်က ကော်ဖီဝေငှပြီးချိန်ကျမှ လေယာဉ်ကတုန်ခါလေ့ ရှိသည်။

မိုးဇက် ဥပဒေသ (Loi de Moses)
ဘောလုံးပွဲကြည့်သောအခါ သင်မျက်နှာလွှဲလိုက်သော အခိုက်အတန့်လေးတွင်မှ ဂိုးဝင်သွားလေ့ရှိသည်။

မာမီ ဥပဒေသ (Loi de Mamie)
အိပ်သောအခါ ဆူညံစွာဟောက်တတ်သူသည် အားလုံးထဲမှာ အရင်ဆုံးအိပ်ပျော်လေ့ ရှိသည်။


ညီလင်းသစ်
၂၅ ဇန်နဝါရီ၊ ၂၀၀၈