ခါးသာသာမြင့်သော မူလတန်းကြို ကျောင်းကလေး၏ ဝင်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်နှင့် မြက်ခင်းပေါ်မှာ ဆော့ကစားနေသော သားက ပြေးလာခဲ့သည်၊ ကျနော် လာနေတာကို အဝေးကြီးမှာကတည်းက သူကလှမ်းမြင်နေခဲ့ ပုံရသည်၊ အရှေ့ကို ရောက်တော့ သူ့အရပ်နှင့် ညီသွားအောင် ကျနော်က ဒူးထောက်ထိုင်ချ လိုက်သော်လည်း ခါတိုင်းလို ဘာစကားမှ မဆိုဘဲ ပါးစပ်ကိုစေ့ပိတ်ပြီး ပြုံးစေ့စေ့ လုပ်နေသည်၊ ကျနော်က 'သားသား..နေကောင်းလား' ဟုမေးသည်ကိုပင် ပြန်မဖြေ...၊ စက္ကန့်အနည်းငယ်ကြာမှ သူ့ပါးစပ်ကို အစွမ်းကုန်ဖွင့်လျက် သွားစေ့ပြသည်၊ ထိုအခါမှ ကျနော်သဘောပေါက်သွား ရတော့သည်၊ သွားဖြူဖြူတန်းကလေး နှစ်တန်းအနက် အရှေ့ဖက် အောက်သွားလေး တစ်နေရာမှာ ဟောင်းလောင်းပေါက်ကလေး...၊
"ဟာ...သားရဲ့ သွားကလေး ကျိုးသွားပြီ ဟုတ်လား..."
ဝမ်းသာအားရဖြင့် မျက်လုံးပြူးပြီး မေးမိတော့ သားက အားပါးတရနှင့် ခေါင်းညိတ်ပြသည်၊ သူ့ကို ကြည့်ရတာ ဂုဏ်ယူကျေနပ် နေသည့်ပုံ...၊ ကျနော်တို့ သားအဖ နှစ်ယောက်၏ သွားကျိုးမှု အစီရင်ခံစာ စစ်တမ်းကို သူ့သူငယ်ချင်းလေး များက မျက်လုံးဝိုင်းလေးများဖြင့် ဘေးမှ ကြည့်နေကြသည်၊ ခပ်လှမ်းလှမ်း နောက်ဖက်နားမှာ မူကြိုဆရာမလေး လျှောက်လာတာ မြင်တော့ ကျနော်က မတ်တပ်ပြန်ရပ်ရင်း နှုတ်ဆက်လိုက်ချိန်မှာ သားက အဝေးကို ပြန်ထွက်ပြေး သွားပြန်သည်၊
"ဒီနေ့နေ့လယ် မြက်ခင်းပေါ်မှာ ကစားနေကြရင်းနဲ့ ကျိုးသွားတာ...၊ ကျိုးကျိုးခြင်း သွားက မြေကြီးပေါ်ကို ပြုတ်ကျသွားသေးတယ်တဲ့၊ အဲဒါကို သူကောက်ပြီး လာပြမှပဲ ကျမတို့လည်း သိကြရတာ..."
ဆရာမလေးက ဖြစ်စဉ်ကို ပြန်ရှင်းပြသည်၊
"ဟုတ်တယ်ဗျ၊ အဲဒီသွားကလေးက နဲ့နေတာ သုံးလေးရက် မကတော့ဘူး၊ ဒီရက်ပိုင်းမှာ ကျိုးမှာပဲလို့ ကျနော်တို့လည်း တွက်ထားတာ၊ ဒါနဲ့ သွေးတွေဘာတွေကော ထွက်သေးလား?"
ဒီမနက် သားကို ကျောင်းလာပို့စဉ် မှာပဲ သွားက အတော့်ကို နဲ့နေခဲ့ပြီ ဖြစ်သည်၊ လက်ဖြင့် ခပ်သာသာလေး တွန်းလိုက်လျှင်ပင် ကျိုးသွားနိုင်လောက်သည်၊
"မထွက်ပါဘူးရှင်..၊ အားလုံး အေးအေးဆေးဆေးပါပဲ၊ ကလေးတချို့က ဒါမျိုး မတွေ့ဖူးလို့ အထူးအဆန်းလို ဝိုင်းအုံပြီးတောင် ကြည့်နေကြ သေးတယ်၊ သူ ငယ်သွားလဲတာ နည်းနည်းတောင် စောတယ်နော်၊ မူကြိုမှာ ဒါပထမဦးဆုံးပဲ..."
ဝိုင်းကြည့်နေကြသည့် မျက်လုံးဝိုင်းလေးများ အလယ်မှာ စောစောက သား၏ဂုဏ်ယူ ဝင့်ကြွားဟန်ကို ပြန်မြင်လိုက်သည်၊ အားလုံးထက်စောပြီး သွားတစ်ချောင်း ကျိုးသည့်အဖြစ်က သူ့အတွက် ဂုဏ်ယူကျေနပ်စရာ တစ်ခုဆိုတာ ကျနော် နားလည်နိုင် ပါသည်၊ ကြီးရင့်ခြင်း၏ လှေကားတစ်ထစ်ကို တက်လှမ်းလိုက်နိုင်သည့် သဘော...၊ သူ့ သွားကလေး နဲ့လာသည်ကို စပြီးသတိပြု မိတော့ ငယ်သွားလဲခြင်း ဆိုင်ရာများကို လှန်လှောဖတ်ရှုမိသည်၊ ကလေးအသက် လေးနှစ်ခန့်မှ စပြီး ခြောက်နှစ်၊ ခုနစ်နှစ်၊ ရှစ်နှစ်.. ငယ်သွားလဲသည့် အသက်အပိုင်းအခြားက ကလေးတစ်ယောက်နှင့်တစ်ယောက် မတူကြ၊ သားကတော့ အခု လေးနှစ်ခွဲမှာ ပထမဦးဆုံး သွားကလေး ကျိုးသွားခဲ့တာ ဖြစ်သည်၊ ဆရာမလေး တစ်ယောက်က စက္ကူတစ်ရွက်ဖြင့် ထုပ်ပေးလိုက်သည့် သူ့သွားကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အိမ်အပြန်လမ်းမှာ သားက ပျော်ရွှင်နေခဲ့သည်၊ ထိုပျော်ရွှင်မှုက သူ စာတွေ့သိခဲ့ရသော အကြောင်းအရာ တစ်ခုကို လက်တွေ့သိခွင့် ကြုံရတော့မည့် အတွက်ကြောင့်လည်း ဖြစ်သည်၊
"ပါပါး..ညကျရင် ကြွက်ကလေး တကယ်လာမှာလားဟင်..."
နှစ်ရက်တစ်ခါလောက် ကျနော်တို့ ဖတ်ပြနေရသည့် ပုံပြင်ထဲမှ ကြွက်ကလေးကို သားက သတိရနေခဲ့သည်၊ ပုံပြင်ထဲမှာ ဇာဇာ ဆိုသည့် ကောင်မလေးက ရှေ့သွားလေးတစ်ချောင်း ကျိုးသွားသည်၊ ထိုနေ့ည အိပ်သောအခါ ဇာဇာက သူ့သွားကလေးကို ခေါင်းအုံးအောက်ထဲမှာ ထားပြီး အိပ်သည်၊ ညလယ်မှာတော့ ကြွက်ကလေး ရောက်လာပြီး ဇာဇာရဲ့ သွားကလေးကိုယူကာ ပိုက်ဆံ အကြွေတစ်စေ့ကို သွားအစား ပြန်ထားခဲ့သည့် အကြောင်းဖြစ်သည်၊
အမှန်တော့ ထိုပုံပြင်သည် ဥရောပရှိ မိသားစုများအကြားမှာ ကျင့်သုံးလေ့ရှိသည့် ဓလေ့ထုံးတမ်းတစ်ခုကို အခြေခံလျက် ပြန်ရေးထားခြင်း ဖြစ်သည်၊ မိသားစုထဲမှ ကလေးတစ်ယောက် ပထမဦးဆုံး သွားကျိုးသည့်အခါ ၎င်းသွားကို ခေါင်းအုံးအောက်မှာ ထားအိပ်ရန်၊ ထိုအခါ ညဥ့်လယ်မှာ ကြွက်ကလေးတစ်ကောင် ရောက်လာပြီး အကြွေတစ်စေ့နှင့် သွားကို လဲလှယ်ယူသွားလိမ့်မည် ဆိုသည့်အကြောင်း မိဘများက ကလေးကို ပြောကြလေ့ ရှိသည်၊ တကယ်တမ်း ကလေးအိပ်ပျော်သွားသည့်အခါ အဖေ သို့မဟုတ် အမေ တစ်ယောက်ယောက်က ခေါင်းအုံးအောက်မှ သွားကလေးကိုယူပြီး သူ့နေရာမှာ အကြွေစေ့လေး ထားပေးကြသည်၊ ထိုသို့သောအားဖြင့် မိုးလင်းတော့ ကလေးတိုင်းက သူ့တို့ သွားကလေး အတွက် ရလိုက်သည့် ပိုက်ဆံအကြွေလေးကို ကြည့်ပြီး ဝမ်းသာပျော်မြူး သွားတတ်ကြပါသည်၊
ဤဓလေ့ထုံးစံက ၁၇ ရာစုတုန်းက အစဉ်အဆက် ပြောခဲ့ကြသည့် ပုံပြင်တစ်ပုဒ်မှ ဆင်းသက်လာခဲ့သည်ဟု ဆိုသည်၊ Baronne d'Aulnoy ဆိုသည့် စာရေးဆရာမ တဖြစ်လဲ ပြင်သစ်မြို့စားကတော် ရေးခဲ့သည့် 'သဘောကောင်းသော ကြွက်ကလေး' ဆိုသည့် ပုံပြင်ဖြစ်သည်၊ ပုံပြင်ထဲမှာ နတ်သမီးတစ်ပါးက ကြွက်ကလေးအဖြစ် အသွင်ပြောင်းပြီး ဆိုးညစ်လှသော ဘုရင်ကြီး၏ ခေါင်းအုံးအောက်ထဲ ဝင်ပုန်းရင်း သူ့သွားတွေကို ကျိုးစေခဲ့သည်၊ ၁၇ ရာစု ပုံပြင်ထဲမှ ကြွက်ကလေးက ဒီနေ့ခေတ်မှာတော့ ကျိုးသွားသည့် ငယ်သွားများကို ပိုက်ဆံဖြင့် လဲလှယ်ဆုချသည့် အကျိုးတော်ဆောင် ဖြစ်လို့နေသည်၊ ဒါဖြင့် သည်ဓလေ့ထဲမှာ ပိုက်ဆံအကြွေစေ့က ဘယ်လိုကြောင့် ပါလာခဲ့ရသလဲ၊ ကျိုးသွားခဲ့သော ပထမဦးဆုံး သွားကလေးအတွက် ဝမ်းနည်းထိတ်လန့်စွာဖြင့် အိပ်ရာဝင်သွားရသော ကလေးငယ်များကို နှစ်သိမ့်အားပေးချင်သည့် မိဘများ၏ စိတ်ကူးဥာဏ် ကွန့်မြူးမှုတစ်ခုများ ဖြစ်လေမည်လားဟု ကျနော် တွေးတောကြည့်မိ ပါသည်၊
"အေးပေါ့သားရာ...၊ အတိအကျတော့ မပြောတတ်ဘူးကွ၊ ဒါပေမယ့် ပုံမှန်အတိုင်းဆိုရင်တော့ လာရမှာပဲ..."
ကျနော်က သားကို မတင်မကျ ပြန်ဖြေရင်း တဆက်တည်း ပိုက်ဆံအိတ်ထဲမှာ အကြွေစေ့ ဘယ်လောက်များ ရှိနေနိုင်သလဲဟု တွက်ချက်စဉ်းစား နေမိသည်၊ သားကဆက်ပြီး 'သားသား သွားကျိုးတာကို အဲဒီကြွက်က ဘယ်လိုများ သိသွားတာလဲ' ဟု ကျနော့်ကို မေးသလိုလို၊ သူ့ဟာသူ တစ်ကိုယ်တည်း ပြောသလိုလို လုပ်နေပြန်သည်၊ သည်မေးခွန်းက အင်မတန် အန္တရာယ် များလှသည့်မေးခွန်း...၊ မဖြေတတ်လျှင် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်သည် ဆိုတော့ ကျနော်ကလည်း မကြားသလိုလို လုပ်နေလိုက်ရသည်၊ သားကို ဖတ်ပြရသော ပုံပြင်စာအုပ်မှာ ကျိုးသွားသော ငယ်သွားလေးထည့်ဖို့ စက္ကူဗူးလေး တစ်ခုလည်း ပါသည်၊ စက္ကူဗူးလေးကို စာအုပ်မျက်နှာဖုံးမှာ အပေါက်ဖောက်ပြီး ထည့်ထားခြင်း ဖြစ်သည်၊ ထိုစာအုပ်ကို သူ လေးနှစ်ပြည့်ပြီးသည့် အချိန်လောက်မှာ မအိမ်သူက ဝယ်လာခဲ့ခြင်း ဖြစ်သော်လည်း ရံဖန်ရံခါသာ ဖတ်ပြဖြစ် ခဲ့သည်၊ ယခု သူ့သွားကလေး နဲ့လာသည့် အချိန်မှစ၍ ရက်ခြားဆိုသလို ညအိပ်ရာဝင်တိုင်း ဖတ်ပြဖို့ သားက ပူဆာသည်၊ ဒါက မကြာခင်မှာ သူ မလွဲမသွေ ကြုံလာရမည့် ကြီးထွားခြင်းဖြစ်စဉ် တစ်ရပ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်းဖြစ်လို့ ကျနော်တို့ကလည်း သူ တောင်းဆိုတိုင်း ဖတ်ပြခဲ့ ပါသည်၊ ယခုမူ ပထမဦးဆုံး ငယ်သွားလေးက သူ့လက်ထဲမှာ...၊
ညအိပ်ရာဝင်ချိန် မှာတော့ ပုံပြင်ထဲမှ ဇတ်လိုက်ကျော် ကြွက်ကလေးအကြောင်း တွေးပြီး သားက စိတ်လှုပ်ရှားနေပုံ ရသည်၊ သွားကလေးကို စက္ကူဗူးလေးထဲထည့်၊ စက္ကူဗူးကို ခေါင်းအုံးအောက်မှာ ထားပြီး မေးခွန်းတွေ မေးနေခဲ့သည်၊ ဘယ်အချိန်လာမှာလဲ၊ သူ့သွားလေးကို တွေ့မှတွေ့ပါ့မလား၊ ပိုက်ဆံကော တကယ်ပေးမှာလား၊ တပြိုင်တည်းမှာပဲ အတွေ့အကြုံသစ် အတွက် သူ့မျက်နှာပေါ်မှာ ပျော်ရွှင်ခြင်းတွေကို တွေ့နေရသည်၊ မနက်မိုးလင်းတော့ သားက စက္ကူဗူးလေးကိုင်ပြီး ကျနော်တို့ဆီ ရောက်လာခဲ့သည်၊ မျက်နှာက ပြုံးစေ့စေ့နှင့်...၊
"ကြွက်ကလေး လာသွားလား သား..."
"လာသွားတယ်၊ ပိုက်ဆံတွေ အများကြီး ပေးသွားတယ်"
ပြောပြောဆိုဆိုနှင့် အကြွေစေ့တွေကို ဗူးကလေးထဲမှ ထုတ်ပြီး ရေတွက်ဖို့ ပြင်သည်၊
"Un, deux, trois, ..."
"သား မြန်မာလို ရေလေ..."
ကျနော်က သူပြင်သစ်လို ရေတွက်နေတာကို ဖြတ်ပြောလိုက်၍ တစ်နှစ်သုံးဟု ပြန်ရေသည်၊ ဗူးလေးထဲမှာက အကြွေစေ့လေး ငါးစေ့..၊
"ကြွက်ကလေးက ဘာဖြစ်လို့ ငါးခုတောင် ပေးသွားတာလဲ ပါပါး..."
ဝမ်းသာကျေနပ်ခြင်းနှင့် အတူ နားမလည်နိုင်သည့် အရိပ်အယောင်ကို သားမျက်နှာမှာ တွေ့ရသည်၊ အကြွေစေ့တွေ အများကြီး ရလိုက်တာက သူ့အတွက် ပဟေဠိ ဖြစ်စရာ...၊
"ကြွက်ကလေးက သဘောကောင်းလို့ ထင်တယ်ကွ၊ ဘာပဲဖြစ်ဖြစ် သား ပိုက်ဆံတွေ အများကြီးရတော့ ကောင်းတာပေါ့..."
မျှော်လင့်မထားသော မေးခွန်းမို့ အဆင်ပြေအောင် ကြည့်ဖြေလိုက်ရသည်၊ ညတုန်းက သားလည်းအိပ်၊ မအိမ်သူလည်း အိပ်ရာဝင် သွားချိန်မှာ ကျနော်တစ်ဦးတည်း ကြွက်ယောင်ဆောင်ခဲ့ခြင်း ဖြစ်သည်၊ သူ့ရဲ့ ဝက်ရုပ်စုဗူးလေးထဲမှာ ထည့်စရာ အကြွေတွေ များပါစေတော့ ဟူသည့်စေတနာဖြင့် တစ်ဖရန့်တန် အကြွေငါးစေ့ကို ဗူးကလေးထဲ ကျနော်ထည့်ထား ပေးခဲ့သည်၊ ယခုမူ ကျနော်၏ အကြွေစေ့တွေက ယုတ္တိဗေဒနှင့် ကင်းလွတ်သွားစေပြီလား၊ သား ဟိုဖက်လှည့်သွားချိန်မှာ မအိမ်သူက အနားကပ်ပြီး အသံတိုးတိုးဖြင့်...
"ဘာဖြစ်လို့ အများကြီး သွားထည့်ရတာလဲ၊ တစ်စေ့ဆို တော်ရောပေါ့၊ အခု သားက သူ့စာအုပ်ထဲကလို အကြွေတစ်စေ့ပဲ မဟုတ်လို့ ဇဝေဇဝါ ဖြစ်သွားတာ..."
ခဏနေတော့ သား၏ဇဝေဇဝါ ဖြစ်မှုက ပျောက်သွားပြီး အကြွေစေ့များနှင့်သာ ပျော်နေတော့သည်၊ အဲဒီနေ့ မနက်ခင်းမှာ သားက အကြွေစေ့ငါးစေ့ ရလိုက်သလို ကျနော်ကလည်း မျက်စောင်းတစ်ခု ရခဲ့သည်...၊
+++++++++++++++++++++++++++++++++++++++++++++++++++++++++
လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်တုန်းက သားရဲ့ ဒုတိယမြောက် ငယ်သွားလေး ကျိုးသွားခဲ့ပြန်သည်၊ ပထမတုန်းကလို အရှေ့ဖက် အောက်သွားလေးပဲ ဖြစ်သည်၊ ဒီတစ်ခေါက်မှာတော့ ညအိပ်ရာဝင်ချိန်မှာ သားက သန္နိဌာန်ချထားပုံဖြင့် ဆိုသည်၊
"ဒီည သားသား မအိပ်တော့ဘူး၊ ကြွက်ကလေး ဘယ်လိုလာသလဲဆိုတာ စောင့်ကြည့်မယ်..."
ပထမပိုင်းမှာ အတော်လေး အားတင်းထားပေမယ့် နောက်ဆုံးမှာတော့ တဖြေးဖြေးနှင့် မှေးစင်းလေးလံ လာသည့် မျက်လုံးများကို မဖွင့်နိုင်တော့ဘဲ သူ အိပ်ပျော်သွားခဲ့သည်၊ ထိုအခါကျမှ ဒုတိယမြောက် ငယ်သွားလေးကို ကြွက်ကလေးက လာယူသွားတော့သည်၊ သည်အခေါက်မှာတော့ ဗူးထဲမှာ ထားခဲ့သည့် အကြွေစေ့က တစ်စေ့တည်း...၊
သား၏ သွားကလေးများကို ကြည့်ရင်း ကျနော်ငယ်စဉ်ကကော ငယ်သွားလဲချိန်မှာ ဘာလုပ်ခဲ့သလဲဟု စဉ်းစားနေမိသည်၊ တစ်ခေါက်မှာတော့ အဖေက သွားကလေးကို အိမ်ခေါင်မိုးပေါ် ပစ်တင်ဖို့ ပြောသည်ထင်၏ ပထမဦးဆုံး ကျိုးသည့်ငယ်သွား အတွက်လား၊ ဒါမှမဟုတ် နောက်ပိုင်း သွားတွေလား၊ ကျနော်ကကော...၊ သွားကလေးကို ပစ်ခဲ့သလား၊ မသေချာပါ၊ 'ကြွက်သွားလေးတွေလို ညီညီညာညာ သွားဖြူဖြူလေးတွေ ပေါက်လာဖို့ ဆုတောင်းပြီးမှ လွှင့်ပစ်ရတယ်'ဟုလည်း အဒေါ်တစ်ယောက်ယောက်က ပြောဖူးသလိုလို...၊ ဒါလည်း မသေချာ...၊ လွန်ခဲ့သော ဆယ်စုနှစ် သုံးခုကျော်မှ သွားကလေးများအကြောင်း ပြန်တွေးရသည်မှာ မှုန်ဝါးဝေသီ လွန်းလှပါသည်၊
သား၏ ပထမဦးဆုံး သွားကလေး မကျိုးခင်က ကျနော်နှင့်မအိမ်သူတို့ တိုင်ပင်ဖြစ်ကြသည်၊ အဆိုပါ ငယ်သွားလေးနှင့် ပတ်သက်ပြီး သား၏ ဘဝထဲကို ကြွက်ကလေးတစ်ကောင် ဝင်လာစေမည်လား၊ ဒါမှမဟုတ် ဒီအတိုင်းပဲ ရိုးရိုးတန်းတန်း ဖြတ်ကျော်သွားမလား..၊ စင်စစ် ကြွက်ကလေး ဇတ်လမ်းသည် လုပ်ကြံဖန်တီးမှု သက်သက်သာ ဖြစ်သောကြောင့် သားအပေါ် လှည့်စားမိသလို ဖြစ်မည်လားဟု ကျနော် အနည်းငယ် စိုးရိမ်မိသေးသည်၊ သို့သော် သူ့ဘဝတစ်ခုလုံးနှင့် ယှဉ်လျှင် ဤအဖြစ်သည် အရေးမကြီးလှပါ၊ သား၏ ရုပ်ခန္ဓာ ပြောင်းလဲသည့် ဖြစ်စဉ်မှာ တွန်းအားပေးသည့် အနေနှင့် ကြွက်ကလေးက အသုံးဝင်နိုင်ပါသည်၊ ပြီးတော့ အခြားသော မိဘများလိုပင် ကျနော်တို့က လှည့်စားဖို့ ရည်ရွယ်သည်မဟုတ်..၊ သား၏ စိတ်ကူးဥာဏ် ကွန့်မြူးစေဖို့ ခဏတာ ဖန်တီးခြင်းသာ ဖြစ်ပါသည်၊ တစ်ချိန်မှာတော့ မလွဲမသွေကို သူသိသွားလိမ့်မည်၊ သူ့ဟာသူ မသိလျှင်လည်း ကျနော်တို့ကပဲ ပြောပြဖြစ်ပါလိမ့်မည်၊ ထိုအခါ သား၏ ခေါင်းအုံးအောက်ကို ကြွက်ကလေးတစ်ကောင် မည်သို့ရောက်လာသည် ဆိုသည့်အကြောင်း ပြန်ပြောင်းပြောရင်း ကျနော်တို့ ရယ်မော မိကြလိမ့်မည် ထင်သည်၊ လောလောဆယ်မှာတော့ သူ့သွားကလေး နှစ်ချောင်းကို သိမ်းထားသည့် ကြွက်ကလေးအကြောင်း သားကို မသိစေချင်ပါ၊ သူ့ပတ်ဝန်းကျင်မှ အခြားကလေးများနည်းတူ ဧည့်သည်ကြွက်ကလေးအကြောင်း လွတ်လပ်ဖြူစင်စွာဖြင့် စိတ်ကူးယဉ်ရင်း အံ့သြဝမ်းသာ နေစေချင်ပါသည်။ ။